Tuesday, February 2, 2016

(2.2.2016) ကြေးမုံဆောင်းပါး


The Mirror Daily's photo.
အညာမြေမှ မန်းရွှေစက်တော်
====================
ု ဂေါတမမြတ်စွာ စိန္တေယာ
ကျောင်းတော်ရာမှ ပြန်ကြွ၍အလာ
နမ္ပဒါမြစ်အနား ရောက်ရှိရာမှ
နမ္ပဒါနဂါးမင်း တောင်းပန်ဆင်၍
ခြေတော်ဝဲမြတ် ချပေးတော်မူရာ
သစ္စဗန်တောင်ထိပ် သစ္စန္တေရသေ့တဖန်
ပူဇော်သနား တောင်းပန်ရာမှ
ခြေတော်ဝဲဘက် ခတ်နှိပ်မြကျောက်ပေါ်မှာ
ရှေ့ယခင် မင်းဆက်အများ
တည်ထားပူဇော်ခဲ့ကြရှာ။
ု စိမ့်စမ်းတောမြောင် တောင်ညိုရစ်ဝိုင်း
သမင်၊ ချေ၊ ဒရယ်၊ ယုန်၊ ကြယ်လိပ်နှင့်စိုင်
မြို့မင်းဘူးရဲ့ အနောက်ဘက်ပိုင်းမှ
နမ္ပဒါမန်းချောင်းရေရစ်ဝိုင်းတဲ့
မြန်ပြည်အလယ်ပိုင်းက
မန်းရွှေစက်တော်ရာ ပူဇော်သည့် ဘုရားပွဲ
နှစ်စဉ် တပို့တွဲလမှာ အမြဲ
နွှဲစို့တူပျော် အရောက်လာလှည့်
ဖူးမြော် ကြည်ညိုကြစို့နော်။ ။
သူရထွန်း(ပွင့်ဖြူ)
မြန်မာပြည်၏ အလယ်ပိုင်း မကွေးတိုင်း ဒေသကြီးအတွင်းရှိ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲကို နှစ်စဉ်အမြဲ တပို့တွဲလဆန်း(၅)ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လာခဲ့ရာ ယခုနှစ်၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇ နာရီတွင် ကျင်းပ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။
ယခုနှစ်တွင် သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင်တော်မြတ်ဖွင့်ပွဲနှင့် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဖွင့်ပွဲ တို့ အတူဆင်နွှဲ ကျင်းပမည်ဖြစ်၍ ယခင်နှစ်များထက် ထူးခြားသည့်ဖွင့်ပွဲဟု ဆိုရမည်ဖြစ်သည်။
မန်းစက်တော်ရာဘုရားပွဲတော်ဖွင့်ပွဲတွင် အတွေ့ အကြုံ အထူးအဆန်းများ တွေ့ကြုံခံစားပြီး မြတ်စွာ ဘုရားရှင်၏ ပါဒခြေတော်ရာမြတ်တို့ကို အနီးကပ် ဖူးမြော်ကြည်ညိုနိုင်သည်။
မန်းရွှေစက်တော်ရာ ဘုရားသမိုင်းအကျဉ်းအား ဖော်ပြရလျှင် မြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ဝါတော်(၂ဝ)တွင် ပွင့်ဖြူမြို့ ကျောင်းတော်ရာကျေးရွာ (ယခင် သုနာပရန္တတိုင်း)ရှိ ဂန္ဓာရုံကျောင်းတော်ကို အလှူခံတော်မူ၍ ခုနစ်ရက် သီတင်းသုံးတော်မူပြီး သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ပြန်ကြွရာ နမ္ပဒါမြစ်နားသို့ရောက်ရှိလေသည်။ ထိုမြစ်တွင် နေထိုင်သော နမ္ပဒါနဂါးမင်းက ကိုးကွယ်ဆည်းကပ်မပြတ်ပူဇော်ရာ တစ်စုံတစ်ရာ ပေးသနားတော်မူရန် လျှောက်ထားတောင်းပန်သဖြင့် မြတ်စွာဘုရားသခင်က တစ်ရာ့ရှစ်ကွက်စက်လက္ခဏာတို့ နှင့် ပြည့်စုံတော်မူသော ဝဲဘက်ခြေတော်ရာကို ချတော် မူခဲ့သည်။(အောက်စက်တော်ရာ)
ထိုမှတစ်ဖန် နမ္ပဒါမြစ်သုံးကြိမ် ဦးခိုက်ပူဇော် ဟန်ရှိသော သစ္စဗန်တောင်ထိပ်သို့ရောက်၍ သစ္စန္တေရသေ့ မှ ဆည်းကပ်ကိုးကွယ်ရာတစ်စုံတစ်ရာ ပေးသနားတော် မူရန် လျှောက်ထားသဖြင့် မကုဋမည်ခေါ် သစ္စဗန္တတောင်တော် မြကျောက်ပေါ်တွင် ဝဲဘက်ခြေတော်ရာ ချတော်မူခဲ့သည်။(အထက်စက်တော်ရာ)
အဆိုပါ ပါဒခြေတော်ရာနှစ်ဆူတို့အား ရှေ့မင်းအဆက်ဆက်တို့က ရှာဖွေဖော်ထုတ် ပူဇော်ကြည်ညိုလာခဲ့ကြရာ ယခုအခါ မြန်မာပြည်အတွင်းရှိ ပြည်သူများသာမက နိုင်ငံတကာကပါ စိတ်ပါဝင်စား၍ လာရောက်လေ့လာ ဖူးမြော်လျက်ရှိသည်။
မန်းစက်တော်ရာဘုရားသို့ သွားရောက်ရာတွင်လည်း ပုသိမ်-မုံရွာကားလမ်းမကြီးနှင့် မကွေး-မင်းဘူးမှ တစ်ဆင့်လည်းကောင်း၊ ချောက်-ဆိပ်ဖြူ- ဆင်ဖြူကျွန်း- စလင်း- ပွင့်ဖြူမြို့မှတစ်ဆင့် လည်းကောင်း ရာသီမရွေး အလွယ်တကူ သွားရောက် ဖူးမြော်ကြည်ညိုနိုင်သည်။ ပုသိမ်-မုံရွာကားလမ်းမကြီးမှ မန်းရွှေစက်တော်ရာဘုရားသို့ ရှစ်မိုင်လမ်းနှင့် သုံးမိုင်လမ်းမှတစ်ဆင့် ဝင်ရောက်နိုင်ရာ သုံးမိုင်လမ်းအဝင်တွင် မန်းရွှေစက်တော်ရာ မုခ်ဦးကို ၂ဝ၁၅ ခုနှစ်တွင် ခံ့ညားထည်ဝါစွာ တည်ဆောက်လျက်ရှိပြီး အထက်စက်တော်ရာ အတက်လမ်းနှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားလမ်းဆုံတွင် သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင် တော်ကြီးကိုလည်း တည်ဆောက်ပြီးစီး ဖွင့်လှစ်ပေးနိုင် တော့မည်ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီး ကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ (ဖေဖော်ဝါရီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ) စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပသွားမည်ဖြစ်သည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် ငဖဲမြို့နှင့် နီးကပ်နေသဖြင့် ရိုးမတောင်ပေါ်မှ ချင်းတိုင်းရင်းသား တို့၏ ရိုးရာအစားအစာများဖြစ်သော မှိုခြောက်၊ မျှစ်ခြောက်၊ ပန်းခြောက်နှင့် ကောက်ညှင်းကျည်တောက်များ၊ ရှားပါးလှပြီး ဆေးဘက်ဝင်သော နွယ်ပင်၊သစ်မြစ်၊ဆေးဥ များ၊ ချင်းတိုင်းရင်းသားဝတ်စုံများ၊ မြန်မာ့ရိုးရာ ဖျင်ထည် များ၊ ဝါးဖြင့်ပြုလုပ်ထားသော ချစ်စရာ အရုပ်မျိုးစုံ၊ ဒေသထွက်ကုန်ပစ္စည်းမျိုးစုံတို့ကို လာရောက်ရောင်းချကြ သဖြင့် ဘုရားဖူးလာပြည်သူများ ဘုရားဖူးလက်ဆောင် များအဖြစ် အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားလျက်ရှိသည်။
မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဖွင့်ပွဲ နှင့် ရွှေစက်တော်အဝင်မုခ်ဦးဖွင့်ပွဲ၊ သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင်တော်ကြီးဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက် တပို့တွဲလဆန်း ၅ ရက် နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီအချိန်က မင်းဘူးမြို့ မဟာဝိသုတာ ရာမတိုက်သစ်ကျောင်းတွင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ မန်းရွှေစက်တော်ဘုရားကြီး၏ သြဝါဒစရိယ ဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဘုရားပွဲတော်ကျင်းပရေးဆပ်ကော်မတီအဖွဲ့ဝင်များ စုံညီစွာ တက်ရောက် ၍ မန်းရွှေစက်တော် ဘုရားပွဲတော်ဖွင့်ပွဲနှင့် ပွဲတော်ကာလ အတွင်း တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရေး လုပ်ငန်း ကဏ္ဍများအလိုက် သြဝါဒခံယူ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ဘုရားဖူးလာပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ကျန်းမာရေး၊ လုံခြုံရေးနှင့် ဈေးဆိုင်ခန်းများ နေရာချထားပေးမှုများပါ အသေးစိတ် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်း ပြည်ပမှ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်များ ဆောက်လုပ်ပေးထားလျက်ရှိပြီး ဘုရားဖူးယာဉ်များ ရပ်နားနိုင်ရန် ကားကြီးဝင်းများလည်း တိုးချဲ့ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ရပ်ဝေးမှ ဘုရားဖူး ကြွရောက်လာသော သံဃာတော်များ သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင်တော်ကြီးတွင် စိတ်အေးချမ်းစွာ တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား လျက်ရှိသည်။
ဘုရားဖူးလာ ပြည်သူအများ ကြည်လင်အေးမြသော မန်းချောင်းရေတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစား၊ ရေချိုးနိုင်ရန် သတိပေးဆိုင်းဘုတ်များနှင့် ဘေးကင်းလုံခြုံသောနေရာများ သတ်မှတ်ဆောင်ရွက် ပေးထားသည်။ မန်းရွှေစက်တော်ရာ ဘုရားဝင်း အဝင်တွင် ရှားပါးလှသော ရွှေသမင်ဥယျာဉ်ကိုလည်း ဝင်ရောက်လေ့လာနိုင်ရန် မင်းဘူးခရိုင် သစ်တောဦးစီး ဌာနက ဆောင်ရွက်ပေးထားသည်။
တစ်နှစ်မှ တစ်ကြိမ် ကျင်းပမြဲဖြစ်သော ထူးခြား ဆန်းပြားလှသည့် အညာမြေမှ မန်းရွှေစက်တော်ရာ ဘုရားမှအပြန် အညာမြေဒေသ တမာရနံ့သင်းပျံ့သော မင်းဘူး- စကု- လယ်ကိုင်း ကားလမ်းမကြီးမှတစ်ဆင့် ဂေါတမမြတ်စွာဘုရား ခုနစ်ရက်သီတင်းသုံးတော်မူရာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့လည်း ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်သည်။
မင်းဇံမုန့်လုံးရေပေါ်၊ လယ်ကိုင်းမရွေး၊ မုန့်သြဇာ နှင့် ဝက်မြေဥများထွက် ရှိရာ ကျောင်းတော်ရာစေတီ တော်နှင့် မုန်းချောင်းအနီးမှ သစ်တော်ရွာ (သုနာပရန္တတိုင်း)သို့ အလည်တစ်ခေါက် လာရောက်လိုပါက ရွှေစက်တော်မှ မင်းဘူး ၃၉ မိုင်၊ မင်းဘူးမှ စကု ၁ဝ မိုင်၊ စကုမှ လယ်ကိုင်း ခုနစ် မိုင်၊ လယ်ကိုင်းမှ ကျောင်းတော်ရာ ငါးမိုင်ခန့်သာ ကွာဝေးသဖြင့် အညာမြေမှ ကျောင်းတော်ရာစေတီ တော်မြတ်သို့ သွားရောက်ဖူးမြော် ကြည်ညိုစေချင်ပါကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပေသည်။
မှတ်ချက်။ ။ နမ္ပဒါမှ ယခုအချိန်တွင် နမ္မဒါ ဟု ပြောင်းလဲခေါ်ဆိုလျက်ရှိသည်။
တင်ထွန်းဦး (မင်းဘူး)

No comments:

Post a Comment