Tuesday, December 29, 2015

မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့နှစ်ဦးအတွက် ဥပဒေဘောင်အတွင်းမှ အယူခံဝင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအားထောက်ရှု၍ ပြစ်ဒဏ်လျှော့ပေါ့ရေး ညှိနှိုင်းဆောင်ရွက်သွားမည်


The Mirror Daily's photo.
ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း အပန်းဖြေစခန်းတစ်ခုတွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့နှစ်ဦးအား ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးအမှုစွဲတင်စစ်ဆေးပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ကော့စမွီတရားရုံးက စွဲချက်ခုနစ်ခုဖြင့် စီရင်ချက်ချမှတ်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံသားများအကျိုးကာကွယ်စောင့်ရှောက်ရေးအဖွဲ့များမှ အစွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦးအတွက် ကူညီကာကွယ်ဆောင်ရွက်ပေးခဲ့မှုများနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းအစိုးရက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးအနေနဲ့ အစွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦးအတွက် ကူညီကာကွယ်ပေးခဲ့တဲ့ အခြေအနေတွေကို ရှင်းပြပေးပါ။
ဖြေ။ ။ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း အပန်းဖြေစခန်းတစ်ခုမှာ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့နှစ်ဦး ဖမ်းဆီးခံရပြီးနောက် မြန်မာသံရုံးမှ မြန်မာနိုင်ငံသားတွေ မတရားစွပ်စွဲခံရမှု မရှိစေဖို့အတွက် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၅ ရက်ကစပြီး မြန်မာ သံအမတ်ကြီးရဲ့ အနီးကပ်ဦးဆောင်မှုနဲ့ မြန်မာသံရုံးက ဒုတိယအတွင်းဝန်၊ လက်ထောက်စစ်သံမှူး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအကျိုး ကာကွယ်စောင့်ရှောက်နေတဲ့ Myanmar Association in Thailand (MAT) အဖွဲ့မှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ပညာရေး ဖောင်ဒေးရှင်းမှ ဦးမင်းဦး၊ ဦးအောင်ခန့်နဲ့ ရှေ့နေ Ms. Supunsa Marem တို့က တရားခံများချုပ်နှောင်ထားတဲ့ ကော့စမွီထောင်ကိုသွားပြီး ထိန်းသိမ်းခံရသူ တွေနဲ့တွေ့ဆုံခြင်း၊ အခင်းဖြစ်ပွားရာနေရာတွေကို မြေပြင်အခြေအနေတွေ သွားရောက်စုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။
မေး။ ။ထိုင်းအစိုးရက အစွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦးကို အမှုစစ်ဆေးတဲ့အခါ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများပြည်သူယုံကြည်မှုရှိစေဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ ထိုင်းနိုင်ငံ၊ ဗြိတိန်နိုင်ငံတို့နဲ့ သံတမန် နည်းလမ်းအရ ပူးပေါင်းဆောင်ရွက်တာမျိုးရှိပါလား။
ဖြေ။ ။၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ဝ ရက်မှာ မြန်မာသံရုံးက သံရုံးယာယီတာဝန်ခံသံမှူးက ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲ Mr.Paul Bute နဲ့တွေ့ဆုံပြီး အမှုစစ်ဆေးရာမှာ တရားမျှတမှု၊ ပွင့်လင်း မြင်သာမှုနဲ့ အများပြည်သူယုံကြည်မှုရှိစေရေး ဆောင်ရွက်ပေးဖို့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းသွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှာ ထိုင်းနိုင်ငံက မြန်မာသံအမတ်ကြီးနဲ့ ဗြိတိန် သံအမတ်ကြီးတို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်ရေး အတွက် ညှိနှိုင်းခဲ့ကြပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအကြီးအကဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်း မြင်သာမှုရှိရေး၊ အချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
မေး။ ။အမှုစစ်ဆေးတဲ့အခါမှာ စွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦးကို နှိပ်စက်ညှဉ်းပန်းမှုတွေရှိခဲ့တယ်လို့ မီဒီယာတွေကတစ်ဆင့် ကြားသိရပါတယ်။ ဒီကိစ္စ အပေါ် မြန်မာသံရုံးအနေနဲ့ ဘယ်လို အကာအကွယ်ပေး ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ပါသလဲ။
ဖြေ။ ။တရားလိုပြသက်သေအဖြစ် မြန်မာနိုင်ငံသား သုံးဦးကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှာ ကော့စမွီတရားရုံးမှာ အမှုစတင်စစ်ဆေးခဲ့ပြီး ထိုင်းရှေ့နေများကောင်စီက ရှေ့နေနှစ်ဦး၊ MAT က ဦးကျော်သောင်း၊ ဥပဒေအကျိုးဆောင် ဦးအောင်မျိုးသန့်၊ Foundation of Education Development (FED) အဖွဲ့က ဦးမင်းဦးနဲ့ ဦးမိုးဝေတို့ ခြောက်ဦးကို လေ့လာစုံစမ်းရေးအဖွဲ့အဖြစ် အဲဒီနေ့မတိုင်မီ စေလွှတ်ခဲ့ပါတယ်။ အဲဒီနေ့ အမှု စစ်ဆေးပြီး အဲဒီသက်သေ သုံးဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါ တယ်။
ထိုင်းရှေ့နေများကောင်စီအဖွဲ့နဲ့ မြန်မာသံရုံးတို့ ပူးပေါင်းပြီး ဥပဒေ ဘောင်အတွင်းက အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် မြန်မာသံအမတ်ကြီးက ထိုင်းရှေ့နေတွေ ကောင်စီအဖွဲ့ နာယကနဲ့ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ သွားရောက်တွေ့ဆုံပြောကြားခဲ့ပြီး ရှေ့နေအဖွဲ့ဝင် ၁၂ ဦးနဲ့ အကြံပေးအဖွဲ့ဝင် ရှစ်ဦး စုစုပေါင်း ၂ဝ ဦးတို့နဲ့ ဖွဲ့စည်းပြီး ထိုင်းရှေ့နေများ ကောင်စီအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ မြန်မာသံအမတ်ကြီးက ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ သွားရောက် တွေ့ဆုံပြီး စွပ်စွဲခံ မြန်မာနိုင်ငံသား နှစ်ဦးကို နှိပ်စက်ညှဉ်းပန်းမှုမရှိစေဖို့ ညှိနှိုင်း ဆွေးနွေးခဲ့ပြီး အမှုကိုအသေးစိတ်စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂ဝ ရက်က ကော့စမွီတရားရုံးမှာ ထိုင်းအစိုးရရှေ့နေတွေနဲ့ စွပ်စွဲခံရသူ မြန်မာလူငယ် နှစ်ဦးဘက်က အကျိုးဆောင် ရှေ့နေတွေက နှစ်ဖက်လျှောက်လဲခဲ့ကြပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ကြားနာစစ်ဆေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ဝ နဲ့ ၁၁ ရက်တွေမှာ အပြီးသတ်အမှုစစ်ဆေးခဲ့ကြပြီး အဲဒီအမှုစစ်ဆေးမှုအပေါ်အခြေခံပြီး ကော့စမွီ တရားရုံးက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ အခုလို စီရင်ချက်ချခဲ့ခြင်း ဖြစ်ပါ တယ်။
မေး။ ။ဒီအမှုနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ သန့်ရှင်းမျှတစွာ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အဆင့်အနေနဲ့ရော ဘယ်လိုတိုက်တွန်း တောင်းဆို မှုမျိုးတွေ ရှိခဲ့ပါသလဲ။
ဖြေ။ ။နိုင်ငံတော်သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အနေနဲ့ ထိုင်းဝန်ကြီးချုပ် အပါအဝင် ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်း အဲဒီအမှုနဲ့ပတ်သက်ပြီး တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ်တို့ကိုလည်း မြန်မာနိုင်ငံ သားနှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေအရ စီရင်ဆောင်ရွက်မှုကို လေးစား ကြောင်း၊ သို့သော်လည်း သက်သေအထောက်အထားခိုင်လုံမှုရှိ/မရှိ ပြန်လည် သုံးသပ်ပေးစေလိုကြောင်း၊ တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုး မဖြစ်စေဖို့ အရေးကြီးကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှုပြီး တရားဥပဒေအရ ညီညွတ်မျှတစွာ အလေးထားဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ထိုင်းလွှတ်တော်ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ ဗန်ကောက်မြို့ကို ချစ်ကြည်ရေး ခရီးရောက်ရှိချိန် မြန်မာနိုင်ငံသား နှစ်ဦး စွပ်စွဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေဆီကို အမှုမှန်ပေါ်ပေါက် စေဖို့ ဥပဒေဘောင်အတွင်းက ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံ ဥက္ကဋ္ဌကို ဒီကိစ္စနဲ့ပတ်သက်ပြီး သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ချိန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသား နှစ်ဦးနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု တွေကို သန့်ရှင်းမျှတစွာ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မေး။ ။ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အပေါ် မြန်မာသံရုံးအနေနဲ့ ထိုင်းအစိုးရကို ဘယ်လိုတုံ့ပြန်မှုတွေ ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E. Mr. Panadda Disakul နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးမှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး သံအမတ်ကြီးက မြန်မာ - ထိုင်းနှစ်နိုင်ငံရဲ့ ချစ်ကြည်ရေးကို ထောက်ထားပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်အနေနဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု နဲ့ စွဲချက်တင် သေဒဏ်ချမှတ်ခံရတဲ့ မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့နှစ်ဦးကိစ္စကို ပြန်လည်သုံးသပ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာသံအမတ်ကြီးက ထိုင်းနိုင်ငံ ပြည်တွင်းမီဒီယာတွေကို ပြစ်ဒဏ် ချမှတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ဝမ်းနည်းစိတ်မကောင်း ဖြစ်လျက်ရှိကြောင်းနဲ့ အခုချမှတ်ခဲ့တဲ့ပြစ်ဒဏ်အပေါ် အယူခံ ဝင်သွားမှာဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ဒုတိယဝန်ကြီး ဦးသန့်ကျော်ထံကို ဗန်ကောက်မြို့ကို ခေတ္တပြန်လည်ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Pisanu Suvanajata က ဖုန်းနဲ့ဆက်သွယ်ပြီး ရန်ကုန်မြို့က ထိုင်းသံရုံးရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အကူအညီတောင်းခံခဲ့ရာမှာ ဒုတိယဝန်ကြီးက မြန်မာ နိုင်ငံသားတွေအနေနဲ့ တရားရုံးကချမှတ်တဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံနိုင်ဖို့ များစွာ အခက်အခဲဖြစ်စေခဲ့ကြောင်းနဲ့ ချစ်ကြည်သည့် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမယ့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လိပ်ကျွန်းအမှု တရားစီရင်ချက်နဲ့ပတ်သက်ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ထုတ် ဗန်ကောက်ပို့စ်သတင်းစာမှာ မြန်မာသံအမတ်ကြီးက တရားစီရင် ချက်ကို လက်ခံသည်ဆိုတဲ့ ရေးသားချက်ပါရှိလာပါတယ်။ အမှန်တကယ်မှာ မြန်မာသံအမတ်ကြီးအနေနဲ့ ထိုင်းတရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်လိုမှု မရှိကြောင်းနဲ့ လေးစားပါကြောင်းသာ ပြောကြားခဲ့ခြင်းဖြစ်တဲ့အတွက် ဗန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာချုပ်နဲ့ ထိုင်းအစိုးရဒုတိယအကြီးတန်း ပြောရေး ဆိုခွင့်ရှိသူတို့ကို စာပေးပို့ကန့်ကွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ဗန်ကောက်ပို့စ်သတင်းစာမှာ ပြန်လည်ပြင်ဆင်ချက်ထုတ်ပြန် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
မေး။ ။သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအတွက် ပြစ်ဒဏ် လျှော့ပေါ့ရေးနဲ့ ပြစ်ဒဏ် သက်သာခွင့်ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမယ့် အစီအစဉ်တွေကို သိချင်ပါတယ်။
ဖြေ။ ။ရှေ့နေလိုက်ပေးတဲ့ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ဒီအမှုအတွက် ရှေ့နေ ၂၁ ဦးပါ ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာမှာ အဲဒီကော်မတီက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်မှာ အစည်းအဝေးဆောင်ရွက်မှာဖြစ်ပါတယ်။
ကြားကာလမှာ ရှေ့နေများကောင်စီ၊ မြန်မာနိုင်ငံသံရုံး၊ ထိုင်းနိုင်ငံ ရောက် မြန်မာ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ ယခုစီရင်ချက်အတွက် အယူခံဝင်ပြီး ပြစ်ဒဏ် လျှော့ပေါ့ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ထိုင်းနိုင်ငံရဲ့ တရားလွှတ်တော်ကို ပြစ်ဒဏ်လျှော့ပေါ့ ပေးရေးအတွက် အယူခံ ဝင်သွားမည် ဖြစ်ကြောင်း၊ လိုအပ်ပါက ထိုင်းဘုရင့်ကောင်စီသို့ တင်ပြပြီး ပြစ်ဒဏ် သက်သာခွင့်ရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
အချုပ်ဆိုရရင် သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်း နဲ့ မောင်ဇော်လင်းတို့နှစ်ဦးအတွက် ဥပဒေဘောင်အတွင်းက အယူခံဝင်သွား မှာဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထောက်ရှုပြီး ပြစ်ဒဏ်လျှော့ပေါ့ရေး ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ တရားဥပဒေဘောင် အတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာသံရုံး၊ ဗန်ကောက်မြို့တို့က သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းအဆင့်ဆင့်ကို အနီးကပ် ပါဝင် ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။
သတင်းစဉ်သတင်းအဖွဲ့
လိပ်ကျွန်းအမှု တရားစီရင်ချက်နဲ့ပတ်သက်ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ထုတ် ဗန်ကောက်ပို့စ်သတင်းစာမှာ မြန်မာသံအမတ်ကြီးက တရားစီရင်ချက်ကို လက်ခံသည်ဆိုတဲ့ရေးသားချက်ပါရှိလာပါတယ်။ အမှန်တကယ်မှာ မြန်မာသံအမတ်ကြီးအနေနဲ့ ထိုင်းတရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်လိုမှု မရှိကြောင်းနဲ့ လေးစားပါကြောင်းသာ ပြောကြားခဲ့ခြင်းဖြစ်တဲ့အတွက် ဗန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာချုပ်နဲ့ ထိုင်းအစိုးရဒုတိယအကြီးတန်း ပြောရေးဆိုခွင့်ရှိသူတို့ကို စာပေးပို့ကန့်ကွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ဗန်ကောက်ပို့စ်သတင်းစာမှာ ပြန်လည်ပြင်ဆင်ချက်ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

No comments:

Post a Comment