Tuesday, December 29, 2015

ခရီးသွားလုပ်ငန်းမြင့်မားရေး








မြန်မာနိုင်ငံ၏   ယခုနှစ်ခရီးသွားရာသီတွင်   ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်နိုင်မှုကို လေးသန်းခွဲရှိမည်ဟု ခန့်မှန်းထားပြီး ယခုလက်ရှိတွင် ခရီးသွားဦးရေ လေးသန်းကျော်ရောက်ရှိခဲ့ပြီးဖြစ်၍ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာနိုင်ဖွယ်ရှိပါသည်။

ခရီးသွားများ စိတ်ဝင်စားမှုအများဆုံးတည်ရှိရာနေရာဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်  ယခုနှစ်မကုန်မီအထိ  ကမ္ဘာလှည့် ခရီးသည် နှစ်သိန်းကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပြီး ဆက်လက်၍လည်း တိုးတက် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားပါသည်။ ယခင်နှစ်ဝင်ရောက်ခဲ့မှုအနေ အထားများအရ ခရီးသည် နှစ်သိန်းသုံးသောင်းကျော်ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင်မူ    နှစ်ကုန်ရက်ရောက်သည့်အချိန်တွင်  ထို့ထက်မကများပြား လိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အမှန်တကယ်တွင် ကမ္ဘာလှည့်ခရီးသည်များမှာ မြန်မာနိုင်ငံသို့ ယခင်အစောပိုင်းနှစ်များထက် တစ်နှစ်ထက်တစ်နှစ် ပိုမိုလာရောက်ခဲ့သည်ကို တွေ့ရသောကြောင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း အောင်မြင်တိုးတက် မှုများကို မျက်ဝါးထင်ထင်မြင်တွေ့နေရသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းစာလျှင် အဆအားဖြင့် ကွာခြားချက်ရှိနေသည့်အချက်ကို ပြုပြင်လုပ်ဆောင် သွားမည်ဆိုပါက  မျှော်မှန်းထားသည်ထက်  ပိုမိုလာရောက်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့လာရောက်ကြရာတွင် နိုင်ငံနှင့် လုပ်ငန်းများအတွက် အကျိုးအမြတ်ဖြစ်ထွန်းမှုကို ရှေးရှုဆောင်ရွက်နိုင်မှသာ ထိရောက်သည့်အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အဓိကအားဖြင့် ပီပြင်သည့်ကမ္ဘာလှည့်ခရီးသည်များ   မြန်မာနိုင်ငံသို့   လေကြောင်းခရီးဖြင့် လာရောက်ကြသူ အရေအတွက်များမှသာလျှင်  ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိထိရောက်နိုင်မည်ဖြစ်သည်။

အကယ်၍  နယ်စပ်ဒေသများမှဝင်ရောက်လာကြပြီး  တည်းခိုနေထိုင်၊ ဝယ်ယူသုံးစွဲမှုမရှိသလောက်ဖြင့်  အလည်သက်သက်  ရောက်ပြန်စနစ်ဖြင့် လာရောက်သူများနေပါကလည်း အရေအတွက်အရသာ များနေမည်ဖြစ်ပြီး အလုပ်မဖြစ်သည့် သဘောသက်ရောက်နေမည်ဖြစ်သည်။ ယခုအခါ အရှေ့တောင် အာရှမှ ဒေသတွင်းလေးနိုင်ငံနှင့် ခရီးသွားလုပ်ငန်း ချိတ်ဆက်ဆောင်ရွက်မှုကို စီစဉ်ဆောင်ရွက်နေပြီဖြစ်၍        အလုပ်ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ်  ရှိပေသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နိုင်ငံ၏ပကတိအနေအထားအတိုင်း အသင့်ဝင်လာရုံလောက်သာ မျှော်မှန်းဆောင်ရွက်နေပါက  အလုပ်ဖြစ်လောက် မည်မဟုတ်ဟု ထင်မြင်ယူဆမိပါသည်။ အမှန်တကယ်တွင်  နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်မှုရှိရာ လက်ရှိနေရာဌာနများကို ယခု ထက်ပိုမိုနှစ်သက်လက်ခံကျေနပ်လာအောင် ပြုပြင်မွမ်းမံစီမံဖန်တီးထားသင့် သည်ဟု အကြံပြုပါသည်။ ထို့အပြင် ခရီးသွားဧည့်သည်များအတွက် လွယ်ကူစွာသွားလာနိုင်ပြီး   အမြင်တင့်ဖွယ်ရာဖြစ်အောင်လည်း   စီစဉ် ဆောင်ရွက်ထားသင့်သည်။

ဥပမာအားဖြင့်  တည်းခိုနေထိုင်ရာဌာနများအတွက်  နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှုများရှိသလို ထိုက်သင့်သည့် တည်းခိုနေထိုင်စရိတ်လည်း ရှိနေသင့်သည်။  မိမိတို့၏တည်းခိုမှုအဆင့်အတန်းနှင့် တည်းခိုစရိတ်ကွာဟ ချက်ရှိလျှင်    ခရီးသွားများအားစိတ်ပျက်စေမည်ဖြစ်သည်။      ထို့အပြင် ကြယ်ပွင့်ပြဟိုတယ်နှုန်းထားများမှာ အခြားနိုင်ငံနှုန်းထားများထက် မြင့်မား နေပြန်လျှင်လည်း အလုပ်ဖြစ်မှုနည်းပါးပေလိမ့်မည်။ ယခုအခါ ခရီးသွားများ လည်ပတ်ရာနေရာများအနက် ရှေးဟောင်းဘုရားများတွင် ကလေးသူငယ်များ နှင့်  ဈေးရောင်းသူများ၏ပုံရိပ်များကလည်း   ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုရှိလာနိုင်သည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်း အမှန်တကယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များကို တာဝန်သိ၊  တာဝန်ရှိ၊  တာဝန်ယူတတ်သည့် ခရီးသွားလုပ်ငန်း အသိုက်အဝန်းတစ်ခုအဖြစ် ပြောင်းလဲလာအောင် ဦးစွာဆောင်ရွက်ပေး ခြင်းဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း  အောင်မြင်ရေးအတွက် တာဝန်ယူသူများ နှင့်တကွ ဒေသခံများကပါ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သူ့အကျိုး၊ ကိုယ့်အကျိုး မျှတစွာဆောင်ရွက်ပေးသင့်သည်ဟု ရှုမြင်ပါသည်။ ။

No comments:

Post a Comment