Tuesday, September 1, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
ကျောင်းပြင်ပ ပညာရေး

အသက်ငါးနှစ်ပြည့်သော ကလေးတိုင်းကို မိဘများက မိမိ တို့ သားသမီးများ မူလတန်းပညာရေးစတင်သင်ကြားခွင့်ရရှိရန် ကျောင်းသို့ ပို့လေ့ရှိကြသည်။ သို့သော် ဘဝအခြေအနေအကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့ရသော ကလေးများ၊ ကျောင်း ထွက်ခဲ့ရသော ကလေးများ ရှိပါသည်။ ထိုကလေးများကို အလှူရှင် များ၏ အကူအညီကို ရယူကာ ကျောင်းပြင်ပပညာရေးဖြင့် ဒုတိယ အကြိမ် ပညာသင်ယူနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းပြင်ပ မူလတန်းပညာရေးဟူသည် အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသေးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာရေးမပြီးဆုံးမီ ကျောင်းစော၍ထွက်ခဲ့ရသူ အသက် ၁ဝ နှစ်မှ ၁၄ နှစ်အတွင်းရှိ သက်ငယ်အုပ်စု ကလေးများကို ဒုတိယအကြိမ် ပညာရေးအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးခြင်း ပင်ဖြစ်ပါသည်။ ထိုမှ ဆက်လက်၍ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်တို့ကို သင်ယူခွင့်ရရှိရန် ရည်ရွယ်ချက်များစွာ ဖြင့် ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုကြီးကြပ်မှုကော်မတီ က ဆောင်ရွက်လျက်ရှိပါသည်။
ဤသို့  ကျောင်းပြင်ပပညာရေးကို  ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်လုပ်ဆောင်နေသော်လည်း မူလတန်းပညာရေး မပြီးဆုံးသည့် ကလေးငယ်ထောင်သောင်းမက ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် မြို့ပြများ၌  လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ စား သောက်ဆိုင်အစရှိသော မြို့ပြလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်နေကြ သည်ကို တွေ့မြင်နေရဆဲဖြစ်ပါသည်။ ကျောင်းပြင်ပပညာရေး  တွင် ပညာသင်ကြားလိုသူကလေးများ၏ ပညာသင်ကြားလိုသော စိတ်ဆန္ဒပြင်းပြမှုနှင့် ကျောင်းသားမိဘများ၏  ကျောင်းဆက်တက် စေလိုသောဆန္ဒသည်လည်း အရေးအကြီးဆုံးဖြစ်ပါသည်။ အချို့ သော ကလေးများသည် ကျောင်းတက်လိုသော်လည်း မိဘများက ဆင်းရဲမှုကိုအကြောင်းပြု၍  ကလေးများကို အရွယ်မရောက်မီ အလုပ်စေခိုင်းနေကြသည်။ အချို့သော  ကလေးများမှာလည်း ပညာရေး အခြေခံမကောင်းခဲ့သည့်အတွက် ကျောင်းတက်ရမည်ကို  စိုးရိမ်ကြောက်လန့်ပြီး ကျောင်းတက်လိုစိတ်မရှိဖြစ်ကာ  ရခြင်းဖြစ်ပါသည်။
ယခု ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလ တန်းပညာရေးကို မြို့နယ်ပေါင်း ၉၄ မြို့နယ်၌ အခြေစိုက်စခန်း ပေါင်း ၅၇၁ ခု ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ရာ ကလေး ၁ဝ၄၂၂ ဦးကို တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ပညာရေးကြီးကြပ်သူ များ၏ ဆောင်ရွက်မှုဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရ သည်။ ဤသို့ ကျောင်းပြင်ပပညာရေးကို ဆောင်ရွက်ရာတွင် အလှူ ရှင်များ၏အားကို အဓိကအားပြု၍ ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့်လည်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ၄၂ မြို့နယ်၊ အလှူရှင်များက မြို့နယ် ၃ဝ နှင့် ပညာရေးဝန်ကြီးဌာန က ၂၂ မြို့နယ်တို့တွင် ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု  ပင်မဌာနက ၈၁ မြို့နယ်နှင့် အခြားသော အဖွဲ့အစည်းများကလည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
သို့ဖြစ်၍ ပညာမသင်ကြားနိုင်၍ စိတ်အားငယ်စရာမရှိပါ။ ပညာသင်ကြားလိုစိတ်ရှိဖို့သာ လိုပါသည်။ ကျောင်းပြင်ပပညာရေး သည် ကလေးများအတွက် ပညာတတ်ဖြစ်ရန် အခွင့်အလမ်းကောင်း တစ်ခုပင်ဖြစ်ပါကြောင်း။  ။

No comments:

Post a Comment