Sunday, August 30, 2015

30.8.2015...ကြေးမုံ စာတည်းရှုထောင့်




 


ရွေးကောက်ပွဲဖြင့် ဆုံးဖြတ်မည့် ဒီမိုကရေစီစံနှုန်း 


 


မြန်မာနိုင်ငံတွင် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။ နိုင်ငံရေးအခင်းအကျင်းသစ်၏ ဒုတိယအကြိမ်ရွေးကောက်ပွဲလည်းဖြစ်၊ အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ဖွယ်ရှိသည့် လာမည့်ရွေးကောက်ပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့ထက် ပြည်တွင်းရော ပြည်ပနိုင်ငံများကပါ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့်အဖွဲ့အစည်းများ၏ အဆိုအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၈ဝ ရာခိုင်နှုန်းခန့် မဲပေးမည်ဟု သိရှိရသည့်အတွက် ပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံရေးစိတ်ဝင်စားမှုအပေါ်လည်း လေးစားဂုဏ်ယူမိသည်။

ရွေးကောက်ပွဲကျင်းပမည်ဆိုသည်နှင့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးလှုပ်ရှားမှုများသည်လည်း မကြာမီ စတင်ကြတော့မည်ဖြစ်သည်။ လူကိုမကြည့်ဘဲ ပါတီကိုကြည့်မဲထည့်ပါဟူသော မဲဆွယ်မှုနှင့် ပတ်သက်၍လည်း ထောက်ခံသူရှိသလို ကန့်ကွက်သူများလည်းရှိပြီး ဝေဖန်သံများ ဆူဆူညံညံထွက် ပေါ်လာခဲ့သည်။ ယင်းကဲ့သို့ အကြောင်းအရာတစ်ခုကို ထောက်ခံသူ၊ ကန့်ကွက်သူများဖြင့် အမြင်အမျိုးမျိုးကွဲပြားပြီး မိမိအယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် စသည့် အခွင့်အရေးများရရှိနေသည်ကိုက ဒီမိုကရေစီစနစ်၏ အနှစ်သာရတစ်ခုပင် မဟုတ်ပါလား။ မည်သို့ပင် သဘောထားကွဲလွဲနေသည်ဖြစ်စေ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ တူညီသော ဆန္ဒ၊ တူညီသော သဘောထားမှာ နိုင်ငံ၏အနာဂတ် တိုးတက်ကောင်းမွန်ရေးပင်ဖြစ်သည်။ ယင်းမှာ နိုင်ငံသားအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပရန်ရှိသည့် မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းခါစ နိုင်ငံတစ်နိုင်ငံသည် ရွေးကောက်ပွဲ မကျင်းပမီနှင့် ရွေးကောက်ပွဲကျင်းပပြီးနောက် ပိုင်းတွင်လည်း တည်ငြိမ်အေးချမ်းမှုရှိနေရန်လိုအပ်သည်။ နိုင်ငံရေးအကျပ်အတည်း၊ နိုင်ငံရေးအခက်အခဲကို ဖြေရှင်းပေးနိုင်စွမ်းရှိသည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်တွင် အဓိကအရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ထုဆစ်ပုံဖော်ပေးနိုင်မည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အလွန်အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံသားတို့၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီအလေ့အကျင့်ကို အစမ်းသပ်ခံမည့် ရွေးကောက်ပွဲလည်းဖြစ်ပေသည်။ အချို့သောနိုင်ငံရေးအကဲခတ်လေ့လာသူများက ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကာလကို ပိုမိုစိတ်ဝင်စားသူများလည်းရှိသည်။

ယှဉ်ပြိုင်အရွေးခံသူများကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများက ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ရွေးကောက်ပွဲများသည် ခေတ်သစ်ဒီမိုကရေစီစနစ်၏ အဓိကအစိတ်အပိုင်း တစ်ခုအဖြစ် ၁၇ ရာစုကတည်းက ဖော်ဆောင်ကျင့်သုံးနေခဲ့ခြင်းဖြစ် သကဲ့သို့ ရွေးကောက်ပွဲများတွင် မည်မျှလွတ်လပ်၍ မည်မျှတရားမျှတမှုရှိရှိ ကျင်းပနိုင်ခဲ့သည်ကို လေ့လာကာ ဒီမိုကရေစီစံနှုန်းကို တိုင်းတာသတ်မှတ်သည့် ပေတံတစ်ခုလည်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စံနှုန်းကိုလည်း ရွေးကောက်ပွဲပေတံဖြင့် တိုင်းတာသတ်မှတ် ဆုံးဖြတ်သွားလိမ့်မည်ဟု ယုံကြည်ထားပါသည်။ ။

No comments:

Post a Comment