Sunday, August 30, 2015

29.8.2015...ကြေးမုံ စာတည်းရှုထောင့်




အာကာသနည်းပညာတက်လှမ်း


တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံသည်လည်း လိုက်ပါတိုးတက်ပြောင်းလဲလာသည်ကို တွေ့ရသည်။ အထူးသဖြင့် အိုင်စီတီနည်းပညာများတိုးတက်လာပြီး လူမှုကွန်ရက်နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးလာသည်မှာ ငြင်းမရသည့်အချက်ဖြစ်သည်။

သို့ရာတွင် အိုင်စီတီနည်းပညာတိုးတက်လာမှုနှင့်အတူ ဆက်သွယ်ရေးကွန်ရက် အားကောင်းမောင်းသန်ဖွံ့ဖြိုးတိုးတက်မှသာ လုပ်ငန်းတွင်ကျယ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။ ဆက်သွယ်ရေး ကွန်ရက်နှင့် နည်းပညာတိုးတက်မှုသည် တိုက်ရိုက်အချိုးကျ ဆက်စပ်နေသည့် သဘောဖြစ်သည်။

အိုင်စီတီနည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးဆိုင်ရာ ရေအောက်ကေဘယ်၊ မြေအောက်ကေဘယ်နှင့် မြေပေါ်ဆက်သွယ် ရေးတာဝါတိုင်များအား အစိုးရ၊ ပုဂ္ဂလိကဖက်စပ်လုပ်ကိုင်မှုများ တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက်နေသည်ကို မြင်တွေ့နေရသည်။ ထိုလုပ်ငန်းများ အားကောင်းလျှင် ကောင်းသလို ဆက်သွယ်ရေးကွန်ရက်များ ဖွံ့ဖြိုးနေသည်။
သို့သော် မြေပေါ်၊ မြေအောက် ဆက်သွယ်ရေးကွန်ရက်ဆိုသည်မှာ အသုံးပြုသူအနည်းအများနှင့် ပတ်ဝန်းကျင်သဘာဝ အခြေအနေများအရ ဆက်သွယ်ရေးအခက်အခဲနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နိုင်ပါသည်။ အထူးသဖြင့် အသုံးပြုသူများဘက်တွင် Connection မကောင်းပါဟု ညည်းတွား မြည်တွန်သံများ မကြာခဏကြားနေရသည်။ ယင်းသို့ ဖြစ်ရသည်မှာ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို ရုပ်ဝတ္ထုများဖြင့်တည်ဆောက် ထားသောကြောင့်ဖြစ်သည်။

ထိုအခါ အာကာသနည်းပညာ(ဂြိုဟ်တုနည်းပညာ)များ မဖြစ်မနေလိုအပ် လာသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်ပိုင်းတွင် ကမ္ဘာပေါ်၌ ဂြိုဟ်တုနည်းပညာများကို အပြိုင်အဆိုင်တီထွင်ဖန်တီးလုပ်ကိုင်လာကြရာ အမေရိကန် နှင့်ဆိုဗီယက်ကဲ့သို့ အင်အားကြီးနိုင်ငံကြီးများမှာ နည်းပညာဘက်တွင် ရှေ့တန်းသို့ရောက်ရှိလာခဲ့သည်။
ဆက်သွယ်ရေးဂြိုဟ်တုကိုအာကာသအတွင်းသို့ ပထမဆုံး အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးနှင့် အာကာသစူးစမ်းရှာဖွေရေးသုတေသနလုပ်ငန်းများအား ဇောက်ချလုပ်ကိုင်လာကြသည်ကို တွေ့ရသည်။ အမေရိကန် နိုင်ငံရှိ အမျိုးသားလေကြောင်းနှင့် အာကာသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နာဆာ (NASA)သည် ကမ္ဘာပေါ်တွင် ယနေ့ထက်တိုင် အောင်မြင်ကျော်ကြားပြီး ထင်ရှားသည့် အဖွဲ့ကြီးတစ်ဖွဲ့အဖြစ် ရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ရေး နည်းပညာပိုင်းတွင် ခေတ်နောက်ကျကျန်ခဲ့သော်လည်း မျက်မှောက်ခေတ် ပြုပြင်ပြောင်းလဲရေးကာလတွင်မူ ဆက်သွယ်ရေးနည်းပညာကို မိမိတတ်နိုင်သည့် အခြေခံအင်အားဖြင့် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအကြားတွင် ရင်ပေါင်တန်းလိုက်ပါနိုင်သည်မှာ အံ့သြဖွယ်ဖြစ်သည်။ ရှိသည့်အင်အားဖြင့် နည်းပညာတိုးတက်လာသည်မှာ မြန်မာတို့၏ ဥာဏ် ပညာထက်မြက်မှုဟု ဆိုရမည်ဖြစ်သည်။

နိုင်ငံတော်အပိုင်းကလည်း အာကာသနည်းပညာ အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေး ဂြိုဟ်တုနည်းပညာ ပိုင်ဆိုင်ရေးအတွက် အာကာသဆိုင်ရာ မူဝါဒ၊ရည်မှန်းချက်များနှင့် ရေတို၊ ရေရှည်စီမံကိန်းများချမှတ်ဆောင်ရွက် သွားမည်ဟုသိရသဖြင့် မြန်မာနိုင်ငံ ခေတ်မီဆက်သွယ်ရေးလုပ်ငန်းများအတွက် အားတက်မိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံမှလူငယ်၊ လူရွယ်များ သင်္ချာ၊ သိပ္ပံနှင့် အာကာသဆိုင်ရာ နည်းပညာများအား တိုးတက်ရှာဖွေနိုင်သည့် အခွင့်အလမ်းများကို မျှဝေပေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းချင်ပါသည်။ ။

No comments:

Post a Comment