Friday, July 31, 2015

ပျောက်ဆုံးမလေးရှားလေယာဉ်၏ အပိုင်းအစများဟု ယူဆရသည်များ ရီယူနီယံကျွန်း၌ တွေ့ရှိ


 
ကွာလာလမ်ပူ ဇူလိုင် ၃ဝ
အိန္ဒိယသမုဒ္ဒရာတွင်းရှိ ရီယူနီယံကျွန်းပေါ်သို့ ရေမျော ကမ်းတင်ရောက်ရှိလာသော လေယာဉ်ပျက် အပိုင်းအစ သည် မလေးရှားလေကြောင်းဌာနမှ လွန်ခဲ့သည့်နှစ် မတ်လက ပျက်ကျသွားခဲ့သော ခရီးသည်တင်လေယာဉ်၏ အပျက်အစီးအကျိုးအပဲ့ဖြစ်သည်ဟု ယူဆရကြောင်း၊ အတည်ပြုစစ်ဆေးနိုင်ရန်အတွက် ယင်းလေယာဉ်ပျက် အပိုင်းအစကို ပြင်သစ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ဇူလိုင် ၃ဝ ရက်တွင် ပြောကြားသည်။
လွန်ခဲ့သည့်နှစ် မတ်လက မလေးရှား လေကြောင်း ဌာနမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၃၇ဝ ပျံသန်းသည့် ဘိုးအင်း-၇၇၇ အမျိုးအစား ခရီးသည်တင် လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းမြို့သို့ မောင်းနှင်နေချိန်အတွင်း ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့သည်။ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၂၃၉ ဦး လိုက်ပါသွားခဲ့သော ယင်း လေယာဉ်ပျောက်ဆုံးမှုသည် မြို့ပြလေကြောင်းသမိုင်း တွင် ပဟေဠိအဆန်ဆုံး ဖြစ်ရပ်ဖြစ်သည်။
သြစတြေးလျနိုင်ငံက ဦးဆောင်လျက် လေယာဉ်ပျက် ရှာဖွေရေးလုပ်ငန်းကို အားကြိုးမာန်တက်ဆောင်ရွက် ခဲ့ကြသည်။ သြစတြေးလျနိုင်ငံ ကမ်းလွန် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း၏ ကျယ်ပြောလှသည့် ပင်လယ်ပြင် တစ်ခွင်၌ ရှာဖွေခဲ့ကြသည်။
မာဒါဂါးစကားနိုင်ငံ အရှေ့ဘက် ရီယူနီယံ ကျွန်းပေါ်သို့ ဇူလိုင် ၂၉ ရက်က လှိုင်းပုတ်၍ ရေမျော ကမ်းတင် ရောက်ရှိလာသော အပျက်အစီး အပိုင်းအစကို အတည်ပြုနိုင်ရန် ပြင်သစ်နိုင်ငံ တူးလောက်စ်မြို့ရှိ အာဏာပိုင်များထံ ပေးပို့မည်ဖြစ်သည်။ ရီယူနီယံ ကျွန်းသည် ပြင်သစ်၏ ပင်လယ်ရပ်ခြား နယ်မြေတစ်ခု ဖြစ်ပြီး လူဦးရေ ရှစ်သိန်းကျော်နေထိုင်သည်။
ရိုက်တာ။

No comments:

Post a Comment