Wednesday, July 1, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



အရည်အသွေးမှန်ကန်ရေးအလေးထား

 

မည်သည့်ပစ္စည်းမဆို မျှတသော ဈေးနှုန်းကို လူတိုင်း နှစ်သက်သည်။ တန်ဖိုးဈေးကြီးကြီးပေးပြီး တန်ဖိုးနှင့်ညီမျှသော အရည်အသွေးနှင့်ပမာဏကို ပြည့်မီစွာ မရလျှင် မည်သူမျှ ထိုကုန်ပစ္စည်းအပေါ် ကျေနပ်နှစ်သက်ကြလိမ့်မည်မဟုတ်ချေ။ ဒီမိုကရေစီ စီးပွားရေးစနစ်သည် ပွင့်လင်းမြင်သာမှုရှိသည့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။ ကုန်ပစ္စည်းများကို အရည် အသွေးပြည့်မီစွာ ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကျယ်ပြန့်လာ အောင် ဆောင်ရွက်ခြင်းသည် ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံ ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့် အညီ ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်ဖော်ဆောင်နေပြီ ဖြစ်ပါသည်။
စက်သုံးဆီအရောင်းဆိုင်များကို ၂ဝ၁ဝ ပြည့်နှစ် ဇွန်လအတွင်းစတင်ဖွင့်လှစ်ရောင်းချခွင့်ပြုသည့် အချိန်မှစ၍ စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်ကဏ္ဍအတွက်သာ စက်သုံးဆီများ တာဝန်ယူဖြန့်ဖြူးပြီး အခြားပုဂ္ဂလိကကဏ္ဍများကို ပုဂ္ဂလိက စက်သုံးဆီဆိုင်များက ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ သို့သော် အချို့သောစက်သုံးဆီအရောင်းဆိုင်များသည် သတ်မှတ်ထားသော စံသတ်မှတ်ချက်အရည်အသွေးပြည့်မီမှုမရှိခြင်း၊ အခြင်အတွယ် မှန်ကန်မှုမရှိခြင်း၊ တရားဝင်ရောင်းချခွင့်နှင့် တရားဝင် စက်သုံး ဆီသိုလှောင်ခွင့်ဆိုင်ရာ အချက်အလက်အထောက်အထားများ မရှိခြင်းတို့ကို တွေ့ရှိနေရသည်။ ဤသို့ လုပ်ဆောင်မှုများသည် ဈေးကွက်စီးပွားရေးစနစ်နှင့် ဆန့်ကျင်လျက်ရှိပါသည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းက ကြီးကြပ်၍ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်များအား အရည်အသွေးပြည့်မီရေးနှင့် အခြင်အတွယ် မှန်ကန် ရေးတို့အတွက် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ခြင်ခွက်များ၊Mobile Fuel Lab ကားများဖြင့် လှည့်လည် စစ်ဆေးအရေးယူမှုများ ပြုလုပ်လျက်ရှိပါသည်။ အရေးယူမှုအပိုင်း အနေဖြင့် ဦးစွာ ပထမသတိပေးခြင်း၊ ဆက်လက်၍ စည်ကမ်းချိုး ဖောက်ပါက တစ်လပိတ်သိမ်းခြင်း၊ သုံးလပိတ်သိမ်းခြင်း၊ ခြောက်လပိတ်သိမ်းခြင်းနှင့် နောက်ဆုံးလိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
စက်သုံးဆီသိုလှောင်ခွင့်လိုင်စင်များကို သတ္တုတွင်း ဝန်ကြီး ဌာနက ခွင့်ပြုပြီး စက်သုံးဆီရောင်းချခွင့် လိုင်စင်များကို စွမ်းအင် ဝန်ကြီးဌာနက စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး၌ ပုဂ္ဂလိကထံ လွှဲပြောင်းပေးခဲ့ သည့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်အပါအဝင် ပုဂ္ဂလိကစက်သုံးဆီဆိုင်ပေါင်း ၁၄ဝ၂ ဆိုင် ခွင့်ပြုထားပြီး နိုင်ငံပိုင် ၁၂ ဆိုင်သာရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများတွင် ဖော်ပြသည်။
ဤသို့ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် အများအပြား ဖြစ်လာသော်လည်း ဈေးနှုန်းမှာ တစ်နိုင်ငံလုံး တစ်ပြေးညီ မဖြစ်သေးပေ။ အချို့ဆိုင်များမှာ ဈေးပိုရောင်းနေကြသည်။ အချို့ သောဆိုင်များက ဈေးပို မရောင်းသော်လည်း အရည်အသွေးနှင့် အခြင်အတွယ်ပေါ်တွင် လျှော့ချနေကြသည်။ စက်သုံးဆီ အရောင်းဆိုင်တိုင်းသည် အရည်အသွေးမှန်ကန်ရမည်၊ အခြင် အတွယ်ပြည့်ဝရမည်၊ ဈေးနှုန်းမျှတရမည်ဖြစ်ပါသည်။ သို့မှသာ ဈေးကွက်စီးပွားရေးစနစ်နှင့် ကိုက်ညီမှုရှိမည်ဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ်အလွန်အာဆီယံစီးပွားရေးအသိုက်အဝန်းထူထောင်ချိန်တွင် အာဆီယံဒေသတွင်းနိုင်ငံများက အပြိုင်အဆိုင် ဈေးကွက် ယှဉ် ပြိုင်မှုဖြင့် ဝင်ရောက်လာတော့မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ယခုကတည်းက မည်သည့်ကုန်ပစ္စည်းကိုမဆို အရည်အသွေး ပြည့်မီစွာ၊ မျှတမှန်ကန်စွာ ရောင်းချရေးအတွက် အလေးထား ဆောင်ရွက်သင့်ပါကြောင်း။ ။

No comments:

Post a Comment