Thursday, July 30, 2015

30.7.2015...ကြေးမုံ စာတည်းရှုထောင့်





စာရိတ္တခိုင်ကျည်မှ လူမှုဘဝမြင့်မား




မြန်မာနိုင်ငံသည် ယဉ်ကျေးသော နိုင်ငံဖြစ်သည်။ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများနှင့် ဘာသာတရားအခြေခံကျင့်ဝတ်များကို နားလည်လက်ခံထားသည်။ ယင်းတို့ကိုအခြေခံ၍ စာရိတ္တမြင့်မားခိုင်ကျည်အောင် တည်ဆောက်ကာ မိမိတို့ တစ်ဦးချင်းဘဝနှင့် ယဉ်ကျေးသော အသိုက်အမြုံကို ဖန်တီးထားသည်။ မိဘဆရာသမားများ၏ အဆုံးအမကို နာခံသည့် အစဉ်အလာသည် လူမှုဘဝကို ထိန်းကျောင်းပေးထားသည်။

သို့သော် လက်ရှိအခြေအနေတွင် ယင်းအခြေအနေများ ပါးလျားလာ ခြင်းနှင့်အတူ ဆန့်ကျင်ဘက်သဘောများ ပိုမိုအားကောင်းလာသည်ကို တွေ့ရသည်။ အဓိကထိုးနှက်လာသောအရာမှာ မူးယစ်စေသောအကြောင်း တရားဖြစ်သည်။ လူတို့၏ ကျန်းမာရေး၊ စာရိတ္တနှင့် ကိုယ်ကျင့်တရားများကို ဖျက်ဆီးနိုင်သည့် အရက်သေစာသောက်စားခြင်းကို ကျင့်ဝတ်နီတိများနှင့် အဆုံးအမတို့ဖြင့် ရှောင်ကြဉ်ထားသည်။ ထိုမကောင်းသောအမှုပြုခြင်းကို တစ်ချိန်သောအခါက အကန့်အသတ်ဖြင့် ပိုင်းခြားထားသော်လည်း ယခုအခါ ထမင်းစား၊ ရေသောက်သကဲ့သို့ တွင်ကျယ်ခေတ်စားကာ အစဉ်အလာကဲ့သို့ ဖြစ်လာသည်။
၎င်းနှင့်အလားတူ အခြားတစ်မျိုးမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား သုံးစွဲခြင်းဖြစ်သည်။ အဆိုပါကိစ္စမှာ အရက်သေစာထက် ပိုမိုဆိုးရွားသဖြင့် ပြင်းထန်သောပြစ်ဒဏ်များနှင့် ထိရောက်သောရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ထားရာ လုပ်ရဲကိုင်ရဲသူနည်းပါးခဲ့သည်။ ယခုအခါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများမှာ ခပ်စိပ်စိပ်တွင်ကျယ်လာသဖြင့် သုံးစွဲသူ များပြားလာသည်ဟု ဆိုနိုင်သည်။

မကြာသေးမီရက်ပိုင်းက ရန်ကုန်မြို့ကဲ့သို့သော မြို့တော်ကြီး၏ မင်္ဂလာဒုံ အောင်မင်္ဂလာအဝေးပြေးကားဝင်းအနီး လမ်းမပေါ်တွင်ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ ကျပ်ဘီလီယံ တစ်ရာကျော်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၆၆ သိန်းကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်ကြားသိခဲ့ရာ လွန်စွာအံ့သြတုန်လှုပ်မိပါသည်။ ဤမျှများပြားသော မူးယစ်ဆေးပြားများအား မြို့တော် ကြီးအနီးသို့ မည်သူက မည်သို့မည်ပုံသယ်ဆောင်ခဲ့ပါသနည်းဟု တွေးတောမိသည်။

ယခုအခါ အရက်သေစာရောင်းချခြင်းလုပ်ငန်းများကို မြို့တကာ၊ နယ်တကာအနှံ့ မဆန်းတော့သည့်သဘော မြင်တွေ့နေခဲ့ရာမှ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများကိုလည်း ခပ်စိပ်စိပ် မြင်တွေ့ကြားသိလာရသည်။ အရက်သေစာကို လိုင်စင်ဖြင့်တရားဝင်ရောင်းဝယ်ကြသလို တရားမဝင်ရောင်း ဝယ်ဖောက်ကားမှုများမှာ နိုင်ငံအနှံ့ရှိသည်။ မူးယစ်ဆေးဝါးကို ပြင်းထန်စွာ တိုက်ဖျက်အရေးယူလျက်ရှိသဖြင့် ခိုးကြောင်ခိုးဝှက်လုပ်ကြသည်။ တိကျသည့် မူးယစ်ဥပဒေ ရှိသော်ငြားလည်း အတင့်ရဲစွာ ဆက်လက်လုပ်ကိုင်နေကြ သဖြင့် ထိထိရောက်ရောက် ခပ်စိပ်စိပ် ဆက်လက်တိုက်ဖျက်ကြရမည်။

အရက်ကို လူမှုဘဝစာမျက်နှာများတွင် ''အရက်သေစာ'' သို့မဟုတ် ''သေရည်သေရက်''ဟု သုံးနှုန်းကြသည်။ ထိုသို့သုံးနှုန်းသည့်အတိုင်းပင် 'အရက်' သည် 'သေစာ'ဖြစ်သည်။ အရက်ကို မဆင်မခြင်သောက်သုံးလျှင် 'သေရည်'ဖြစ်စေပြီး တစ်နေ့တွင် 'သေရက်'ကိုရောက်ရှိမည်မှာ အမှန်ဖြစ် သည်။ ထိုကြောင့် အရက်သေစာ သေရည်သေရက်ဟု သုံးနှုန်းခဲ့ခြင်း ဖြစ်တန်ရာသည်။

အရက်သောက်သုံးခြင်းကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ သုံးသန်းကျော် သေဆုံးနေပြီး ဘဝပျက်ခဲ့ကြသူများလည်း အမြောက်အမြား ရှိသည်ဟု မှတ်တမ်းများတွင်ဆိုထားသည်။ အရည်အသွေးမမှန်၊ စနစ်မကျ သော အရက်သောက်သုံးခြင်းကြောင့် အေ့စ်ရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ တီဘီရောဂါစသည့် ရောဂါများသာမက စာရိတ္တ ပျက်ယွင်းစေသည့် အကြမ်းဖက်မှုများဖြစ်ပေါ်နေသည်။

အလားတူ မူးယစ်ဆေးဝါးသည် အရက်ထက်ပိုမိုဆိုးရွားစွာဖြစ်ပေါ်စေပါသည်။ လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေသည့် အရာများတွင် မူးယစ်ဆေးဝါးသာမက အရက်လည်းပါဝင်ပါသည်။ မျက်မှောက်ကာလ နိုင်ငံတော်သစ်ကိုတည်ဆောက်နေသောအချိန်ကာလတွင် စွမ်းရည်ရှိသော လူသားအရင်းအမြစ်များ၊ လူကောင်းလူတော်များ အမြောက်အမြားလိုအပ် နေပါသည်။ ထိုအချိန်ကာလတွင် မူးယစ်ဆေးဝါးနှင့် အရက်ကြောင့် လူသားအရင်းအမြစ်များ မဆုံးရှုံးစေရေးမှာ အားလုံးတွင်တာဝန်ရှိနေပါသည်။ ။

No comments:

Post a Comment