Tuesday, June 30, 2015

Space-X အာကာသဒုံးပျံယာဉ်ပစ်လွှတ်ပြီး နှစ်မိနစ်အကြာတွင် ပေါက်ကွဲ


 
ကိပ်ကနေဗာရယ် (ဖလော်ရီဒါ) ဇွန် ၂၉
လူလိုက်ပါခြင်းမရှိသည့် Space-X အာကာသဒုံးပျံ ယာဉ်သည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မှ ဇွန် ၂၈ရက်တွင် ပစ်လွှတ်ခဲ့ပြီး နှစ်မိနစ်ခန့်အကြာတွင် ပေါက်ကွဲသွားရာ နိုင်ငံတကာ အာကာသစခန်းယာဉ် အတွက် ကုန်ပစ္စည်းများတင်ပို့ရန် အသုံးပြုသော ယင်းဒုံးပျံယာဉ်ပျက်စီးခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက သတင်းထုတ်ပြန်သည်။
၂ဝ၈ ပေ အရှည်ရှိ ဖယ်လ်ကွန်-၉ အမျိုးအစားဒုံးပျံ ယာဉ်သည် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း အာကာသခရီးစဉ် ၁၈ ကြိမ်ပျံသန်းခဲ့ပြီး ခရီးစဉ်များအားလုံးမှာ အောင်မြင် ခဲ့သည်။
အာကာသစူးစမ်းလေ့လာရေးနည်းပညာ ကော်ပို ရေးရှင်း (Space-X) သည် အာကာသ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်လုပ်ငန်းကို လုပ်ကိုင်နေပြီး အမေ ရိကန် အာကာသအေဂျင်စီ(နာဆာ)နှင့် ရရှိထားသော ကန်ထရိုက်စာချုပ်အရ နိုင်ငံတကာအာကာသစခန်း ယာဉ်သို့ ကုန်ပစ္စည်းများတင်ပို့ပေးရန် ခရီးစဉ်ခြောက်ကြိမ် ပျံသန်းခဲ့ပြီးဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကိပ်ကနေဗာရယ် လေတပ်စခန်းမှ စတင်ပျံတက်ခဲ့ပြီး နောက်နှစ်မိနစ်ခန့်အကြာတွင် ပေါက်ကွဲခဲ့သည်။ နိုင်ငံတကာအာကာသစခန်းယာဉ်အတွက် ထောက်ပံ့ရေး ပစ္စည်းပေးပို့နိုင်ရန် စေလွှတ်သည့်ခရီးစဉ်နှစ်ကြိမ်ဆက်တိုက် ပျက်ပြားခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ ပရိုဂရက်စ် ကုန်တင်အာကာသယာဉ်တစ်စင်းသည် ဧပြီလက ဆိုယုဇ် ဒုံးပျံယာဉ်မတော်တဆမှုကြောင့် ခရီးစဉ်ပျက်ပြားခဲ့ရ ကြောင်း နာဆာအဖွဲ့တွဲဖက် အုပ်ချုပ်ရေးမှူး ဆီလ်ဂါ စတန်မိုင်ယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
ဇွန် ၂၈ရက်က ဒုံးပျံယာဉ်မတော်တဆမှုဖြစ်စေသော အကြောင်းတရားကို အတိအကျမသိရသေးကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ရိုက်တာ။

No comments:

Post a Comment