Friday, May 1, 2015

ရန်ကုန်မြို့မှ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ကြယ်ငါးပွင့်အဆင့်ဟိုတယ် စပိန်စီမံခန့်ခွဲမည်


 
ရန်ကုန် ဧပြီ ၃ဝ
ရန်ကုန်မြို့ရှိ ယခင် စက်မှု (၁) ရုံးဟောင်း နေရာတွင် တည်ဆောက်အကောင်အထည်ဖော် လျက်ရှိသော ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည့်HAGL( Hoang Anh Gia Lai) စီမံကိန်းတွင်ပါဝင်မည့် ကြယ်ငါးပွင့်အဆင့် ဟိုတယ်စီမံခန့်ခွဲမှုအား စပိန်နိုင်ငံအခြေစိုက်Melia’ Hotels International က ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဧပြီ ၃ဝ ရက် နံနက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် HAGL Group နှင့် Melia’ Hotels International တို့ သဘောတူညီ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။
HAGLစီမံကိန်း၏ ပထမအဆင့် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ပထမအဆင့် လုပ်ငန်းတွင်ပါဝင်မည့် ကြယ်ငါးပွင့်အဆင့် ဟိုတယ် စီမံခန့်ခွဲမှုလုပ်ငန်းများအား စပိန် အခြေစိုက် Melia’ Hotels International မှဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် သဘောတူညီ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ကျင်းပခဲ့ ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတကာအတွေ့အကြုံရှိ ဟိုတယ် လုပ်ငန်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမှုနှင့် မြန်မာ့ခရီးသွား ကဏ္ဍ တိုးတက်လာမှုအပေါ် ထည့် သွင်းပြောကြားခဲ့သည်။
ကြယ်ငါးပွင့်အဆင့်ရှိ အဆိုပါ ဟိုတယ်တွင် အခန်းပေါင်း ၄၂၉ ခန်း ပါဝင်မည်ဖြစ်ပြီး ကြယ်ငါးပွင့်အဆင့် နှင့်လျော်ညီသည့် ဝန်ဆောင်မှုများ၊ အသုံးအဆောင်များ၊ ဥရောပ၊ အာရှ နှင့် ဒေသတွင်း စားသောက်ဆိုင်များ၊ ဖျော်ဖြေရေးများနှင့် အားကစားခန်းမ များလည်း ပါဝင်မည်ဖြစ်သည်။ အခြေခံ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးနေပြီဖြစ်၍ အတွင်းပိုင်းအလှ ဆင်လုပ်ငန်းများဆောက်ရွက်နေပြီ ဖြစ်ရာ ယခုနှစ်မကုန်မီတွင် ဟိုတယ် လုပ်ငန်းစတင်ဆောင်ရွက်နိုင်မည်ဟု သိရသည်။
''ဒီစီမံကိန်းကြောင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ များစွာရရှိနိုင်မှာဖြစ်ပါတယ်။ ဒီစီမံ ကိန်းရဲ့ ပထမအဆင့် ပြီးစီးမှုမှာပဲ ဒေသခံတွေအတွက် အလုပ်အကိုင် ထောင်ပေါင်းများစွာ ပေးအပ်နိုင်မှာ ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွေကိုလည်း ရရှိစေနိုင်မှာဖြစ်ပါ တယ်။ နှစ်နိုင်ငံအစိုးရတွေနဲ့ ဒေသခံ အာဏာပိုင်တွေအနေနဲ့ ဒီစီမံကိန်း အပေါ် အကောင်းဆုံးကူညီပံ့ပိုးပေးပါ တယ်။ ကျွန်တော်တို့အနေနဲ့ ပထမ အဆင့်ပြီးစီးတဲ့ အခြေအနေမှာပဲ ဒုတိယအဆင့် စီမံကိန်းတွေကို အရည်အသွေး အမြင့်မားဆုံးနဲ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟုHAGL Group CEO Mr. Vo Truong Son က ပြောကြား သည်။
HAGL နှင့် ပူးပေါင်းဆောင် ရွက်ခဲ့သောMelia’ Hotels Interna-tional သည် ကမ္ဘာတစ်ဝန်းဟိုတယ် ပေါင်းများစွာကို စီမံခန့်ခွဲမှုဆောင် ရွက်နေသည့် စပိန်နိုင်ငံအခြေစိုက် အတွေ့အကြုံရင့် ဟိုတယ်လုပ်ငန်း စုဖြစ်ပြီး နိုင်ငံတကာရှိ ဟိုတယ်ပေါင်း ၃၇ဝ ကျော်ကို ဆောင်ရွက်နေကြောင်း သိရသည်။ ခရီးသွားကဏ္ဍ တစ်ဟုန် ထိုး ဖွံ့ဖြိုးတိုးတက်လာသည့် အာရှ-ပစိဖိတ်ဒေသတွင် ဟိုတယ်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက် မြင့်မားလာပြီး အထူးသဖြင့် ခရီးသွား ကဏ္ဍ အလားအလာကောင်းများစွာ ရှိသည့် မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှဒေသ၏ အဓိက အချက် အချာကျသော နေရာဖြစ်သဖြင့် နိုင်ငံတကာမှ လာရောက်ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက် လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အကောင် အထည်ဖော် ဆောင်ရွက်နေသောHAGL Myanmar Centre သည် ဗီယက်နမ်နိုင်ငံHAGL Group ၏ အိမ်ခြံမြေကဏ္ဍ အကြီးဆုံးရင်းနှီးမြှုပ်နှံ မှုစီမံကိန်းတစ်ခုတွင်ပါဝင်ပြီး အမေ ရိကန် ဒေါ်လာ သန်း ၄၄ဝ ကျော် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေကြောင်း သိရသည်။ စီမံကိန်းတစ်ခုလုံး ပြီးစီးမည့် အချိန်ကာလကို ၂ဝ၁၆ ခုနှစ်ဟု မျှော်မှန်းထားပြီးHAGL Group အနေဖြင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(ဝဝ၁)

No comments:

Post a Comment