Wednesday, April 29, 2015

29.4.2015 ကြေးမုံ စာတည်းရှုထောင့်







အခြေခံကျောင်း အခြေခံကောင်း

''အတတ်လည်းသင် ပဲ့ပြင်ဆုံးမ''သည် ဆရာ့ကျင့်ဝတ်များထဲမှ အဓိက အချက်နှစ်ချက်ဖြစ်သည်။ တပည့်သားသမီးများအား တော်အောင် တတ်အောင်သင်၊ လိမ္မာရေးခြားရှိအောင်သွန်သင်ဆုံးမခြင်း (တစ်နည်း) လူတော် လူကောင်းလေးများဖြစ်လာအောင် ပြုစုပျိုးထောင်ခြင်းမှာ အခြေခံပညာ ကျောင်းများ၏ အခြေခံကောင်းနှစ်ရပ်ဖြစ်ပါသည်။ အဆင့်မြင့်ပညာနယ်ပယ်တွင်ကား ကိုယ်တိုင်ဆည်းပူးလေ့လာ၊ မိမိကိုယ်ကိုထိန်းကျောင်း၊ မိမိသာလျှင် မိမိဘဝ၏အရှင်သခင်ဆရာဖြစ်သွားရပြီ။ ထိုအချိန်တော်တည့်မှန်ကန်စွာ ဘဝလမ်းခရီးမှာ ရွေးချယ်လျှောက်လှမ်းနိုင်ဖို့၊ စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိဖို့၊ အမှားအမှန်ကိုတိုင်းတာသတ်မှတ်သည့်ကျင့်ဝတ်များကို အခြေခံပညာကျောင်းများမှ အစပြုသင်ကြားပေးကြရမြဲဖြစ်ပါသည်။

တပည့်များကျင့်ဝတ်တွင်လည်း ''ဆုံးမနာယူ''နှင့် ''သင်တွေးအံရွတ်'' ဤနှစ်ရပ်သည် အခြေခံပညာကျောင်းသားလေးများ၏ အခြေခံကျင့်ဝတ်ဖြစ်ကာ မချွတ်လိုက်နာကြရသည့် စည်းကမ်းများဖြစ်ကြသည်။ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များနှင့်ဝန်းရံထားသော အခြေခံပညာကျောင်းများမှ လူချွန်လူကောင်းများကို မွေးထုတ်ကြရာတွင် ''လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ''ဆိုစကားအတိုင်း မိဘများဘက်ကလည်း ဆရာများနှင့်လက်တွဲကာ ဟန်ချက်ညီစွာ ပူးပေါင်းပါဝင် အင်တိုက်အားတိုက်ရှိနေကြ ရပါမည်။

၂၁ ရာစုကို ပညာခေတ်ဟုတင်စားကာ မျက်မှောက်ကာလတွင် ပညာသင်ကြားခြင်းသည် အောင်လက်မှတ်အဆင့် သတ်မှတ်ချက်တစ်ခုနှင့် မလုံလောက်တော့ပါပြီ။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံရသည့် ပညာရေးတွင် စာသင်ရုံနှင့်မရနိုင်တော့ဘဲ အသက်မွေး အတတ်ပညာများကို တတ်မြောက်အောင်သင်ကြားနိုင်ကြရတော့မည်။ ထို့ကြောင့်လည်း အခြေခံပညာရေးနယ်ပယ်တွင် အခြေခံပညာအဆင့်နှင့် တက်ရောက်သင်ကြားနိုင်သည့် စက်မှုလက်မှုအထက်တန်းကျောင်းများ၊ စိုက်ပျိုးရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားမှုမှာ နိုင်ငံအနှံ့တွင် ရှိလာခဲ့ပါပြီ။

ထို့ပြင် နယ်စွန်နယ်ဖျားဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အခက်အခဲရှိနေသူ မျိုးဆက်သစ်များ၏အနာဂတ်ဘဝလှပပြီး မိမိဒေသဖွံ့ဖြိုးရေး ကိုအကျိုးပြုလာနိုင်စေရေးအတွက် စက်မှုလက်မှုသိပ္ပံကျောင်းများကို ထိုဒေသများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ခန္တီးအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထိုကျောင်းမှ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်ဆက်သွယ်ရေး အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုစွမ်းအားအင်ဂျင်နီယာများကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိနေပြီဖြစ်ရာ ဒေသဖွံ့ဖြိုးမှုကို ကြီးစွာအထောက်အကူ ဖြစ်စေမည်အမှန်ဖြစ်ပါသည်။

''မိမိတို့တိုင်းပြည်အနေဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်နိုင်ရန် စိုက်ပျိုးရေးကို အခြေခံရသော်လည်း စက်မှုလက်မှုနိုင်ငံ တည်ထောင်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ထူထောင်နိုင်ရန် အခြေခံပညာအဆင့်ထိ နည်းပညာများ တတ်မြောက်ရန်လိုအပ်ပြီး ဆရာဆရာမများက ကျောင်းသား ကျောင်းသူများအား စနစ်တကျလေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း'' ခန္တီးခရီးစဉ်တွင် နိုင်ငံတော်သမ္မတကြီး၏ မိန့်ကြားချက်သည် နည်းပညာကို အခြေခံပညာ အဆင့်မှာ သင်ကြားရန်လိုအပ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘကျင့်ဝတ်များနှင့် ဝန်းရံထားသော အခြေခံပညာရပ်ဝန်းတွင် သင်ကြားသင်ယူမှုဟူသမျှ ပေါက်မြောက် အောင်မြင်ရှိစေနိုင်ခြင်းသည် အခြေခံပညာကျောင်းများ၏ အခြေခံကောင်းများဟု ဆိုရပါမည်။ ပြုလွယ်ပြင်လွယ်ပျားဖယောင်းသဖွယ် ပုံသွန်းထုဆစ်ရ လွယ်သည့် ဤအရွယ်လေးများမှာ အပြစ်ဆိုဖွယ်ရာမရှိပါ။ ပုံသွန်းထုဆစ်သူ ပန်းပျိုးလက်ပိုင်ရှင်များ၏ ကျွမ်းကျင်လိမ္မာ၊ မေတ္တာ၊ စေတနာအနိမ့်အမြင့်က အဆုံးအဖြတ်ပြုသွားနိုင်ပါသည်။ ထို့ကြောင့်လည်း ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်ပါကြောင်းဖြင့် အောင်မြင်မှု၏ဗဟိုချက်အညှာကိုကိုင်ဟူ၍ နိုင်ငံတော်သမ္မတကြီးက မိန့်ကြားခဲ့ခြင်း ဖြစ်တန်ရာသည်။

အခြေခံပညာကျောင်းများ၏ အခြေခံကောင်းများကို စွမ်းဆောင်ပေးနိုင် ကြသူများမှာ အခြေခံပညာဆရာ ဆရာမကောင်းများသာဖြစ်ပါကြောင်း။ ။

No comments:

Post a Comment