Monday, March 30, 2015

ယနေ့ မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



ငွေစုဆောင်းခြင်းအကျိုး
''စုပါများတောင်ပို့ဖြစ်''၊ ''ချွေတာစုဆောင်း သူဌေး လောင်း''ဟူသောစကားများသည် လူတိုင်းလူတိုင်း ငွေကို စုဆောင်းကြရန် တိုက်တွန်းထားခြင်းဖြစ်ပါသည်။ ငွေကို လစဉ် မိမိတို့တတ်နိုင်သမျှ စုဆောင်းသွားခြင်းဖြင့် နှစ်ကာလကြာလာ သည့်အခါ ငွေလုံးငွေရင်းပမာဏကို ပိုင်ဆိုင်လာပြီး အရင်းအနှီး တစ်ခုခုကို ရရှိလာမည်ဖြစ်၍ ဘဝတွင်ကြီးပွားတိုးတက်ခြင်းသို့ ရောက်ရှိလာနိုင်ပါသည်။
နိုင်ငံတော်က နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အထောက်အပံ့ဖြစ်စေရန်သော်လည်းကောင်း၊ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးရန် အတွက်လည်းကောင်း၊ လာမည့် ဧပြီလမှစ၍ လစာများ တိုးမြှင့် သတ်မှတ်ပေးထားပြီးဖြစ်ပါသည်။ ထိုတိုးမြှင့်လိုက်သော လစာ များအနက်မှ မိမိတို့တစ်ပိုင်တစ်နိုင် စုဆောင်းသွားကြခြင်းဖြင့် နှစ်ကာလကြာမြင့်လာသောအခါ အရင်းအနှီးတစ်ခုခု လုပ်ကိုင်ရန် ငွေကြေးကို ရရှိလာမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ရေးအပါအဝင် မြို့ပြဝန်ထမ်း ဦးရေသည် တစ်သန်းနှင့် လေးသိန်းခန့်ရှိကြောင်း သိရပါသည်။ ထိုဝန်ထမ်းအားလုံးသည် တိုးမြှင့်လစာကို ခံစားကြရမည်ဖြစ်ပါသည်။ ရရှိလာမည့်ငွေကြေးများကို အားလုံးသုံးစွဲခြင်း မပြုဘဲ လစဉ် မိမိတို့လစာများထဲမှ တတ်နိုင်သရွေ့ စုဆောင်းသွားကြခြင်းဖြင့် ငွေစုဆောင်းခြင်း၏အကျိုးကို ခံစားနိုင်ကြမည်ဖြစ်ပါသည်။ ငွေစုဆောင်းခြင်းဖြင့် စုဆောင်းငွေမှ အတိုးအပွား ရရှိနိုင်ခြင်း၊ အရေးပေါ်ငွေလိုသည့်အခါ အလွယ်တကူရရှိနိုင်ခြင်း၊ စုဆောင်း ငွေဖြင့် အရင်းအနှီးတစ်ခုခု ပြုလုပ်နိုင်ခြင်း၊ များပြားသောငွေ ကြေးပိုင်ဆိုင်မှုကြောင့် စိတ်ကိုချမ်းသာစေခြင်းစသော အကျိုး ကျေးဇူးများကို ခံစားနိုင်ကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတစ်ဝန်း ဘဏ်ခွဲပေါင်း ၃ဝဝ ကျော် ဖွင့်လှစ်ထားပါသည်။ ငွေစုဘဏ် အပ်ငွေစနစ်ဖြင့် အပ်နှံခြင်း၊ ငွေစုလက်မှတ်ဖြင့် အပ်နှံခြင်း၊ စာရင်းသေအပ်နှံခြင်း၊ ငွေတိုက်စာချုပ်ဖြင့် အပ်နှံခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် အပ်နှံနိုင်မည်ဖြစ်ပါသည်။ အနည်းဆုံး တစ်နှစ် အတိုးသည် ရှစ်ရာခိုင်နှုန်းဖြစ်ပါသည်။ အကောင်းဆုံးမှာ စာရင်း သေအပ်နှံခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ အချိန်ကာလ ကြာမြင့်စွာ အပ်နှံရခြင်းမရှိဘဲ အတိုးငွေ ရှစ်ရာခိုင်နှုန်းအထက် ရရှိနိုင်မည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
သို့ပါ၍ ''ချွေတာစုဆောင်း သူဌေးလောင်း'' ဆိုသည့် ဆောင်ပုဒ်အတိုင်း ငွေစုဆောင်းခြင်းအလေ့အထကို လူတိုင်း ပြုလုပ်အပ်ပေသည်။ ငွေကို တဖြည်းဖြည်း စုဆောင်းသွားကြ ခြင်းဖြင့် ထိုစုဆောင်းခြင်းအကျိုးကို ခံစားနိုင်ကြမည်ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment