ဖွံ့ဖြိုးလာသောမီဒီယာလောက
နိုင်ငံတကာစာနယ်ဇင်းအဖွဲ့အစည်း၏ (၆၅)ကြိမ်မြောက် ကမ္ဘာ့ ညီလာခံကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ သုံးရက်တိုင်တိုင်ကျင်းပခဲ့ သည်။ ထိုအခမ်းအနားသို့ နိုင်ငံတကာမီဒီယာအဖွဲ့အစည်းအသီးသီးမှ ရှေ့ဆောင်မီဒီယာများ၊ အမှုဆောင်အယ်ဒီတာနှင့် သတင်းအယ်ဒီတာများ၊ ထုတ်ဝေသူများ၊ သတင်းစာဆရာများ၊ မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ကြသူများ စုံစုံလင်လင်တက်ရောက်ခဲ့ကြရာ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့ခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ကမ္ဘာ့မီဒီယာညီလာခံ ကြီးတွင် ပြည်တွင်းမီဒီယာအချို့၏ ဆန္ဒဖော်ထုတ်ပြခဲ့ခြင်းသည် နိုင်ငံတကာမီဒီယာရှေ့မှောက်တွင် မြန်မာမီဒီယာလောက၏ လွတ်လပ် ပွင့်လင်းလာမှုကို သက်သေပြနိုင်ခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မီဒီယာလောက တိုးတက်ပြောင်းလဲနေသောကာလ၌ နိုင်ငံတကာမီဒီယာ များနှင့်တွေ့ဆုံကာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့၍ မီဒီယာလောက တိုးတက်မှု၊ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုကိစ္စများအတွက် အကြံÓဏ်ကောင်း များရရှိလိမ့်မည်ဟု ယုံကြည်ပါသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှု သက်တမ်းနုနယ်သေးသည့်ကာလတွင် မီဒီယာလောက၌ အသက်မွေးဝမ်းကျောင်းပြုနေသည့် ကျွန်ုပ်တို့အနေဖြင့် အတတ်ပညာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာအားနည်းမှု၊ မူလကတည်းက ရှိထား သည့်အစွဲရှိမှုတို့သည် ယနေ့မီဒီယာလောကတွင် အားနည်းချက်နှင့် စိန်ခေါ် မှုများဖြစ်သည်ဟု ကျွန်ုပ်တို့ ဝန်ခံရမည်ဖြစ်ပါသည်။ ယခုကျင်းပခဲ့သော မီဒီယာ ညီလာခံမှ ရရှိလာသော အသိအမြင်များဖြင့် ပိုမိုကောင်းမွန်သော မီဒီယာကဏ္ဍသစ်ကို ဖန်တီးဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ဤနေရာတွင် အမေရိကန်နိုင်ငံ မစ်ဇော်ရီတက္ကသိုလ်ရှိ သတင်းစာ သင်တန်းကျောင်းကို စတင်တည်ထောင်ကြီးမှူးခဲ့သော ကွယ်လွန်သူ မစ္စတာ ဝေါလတာဝီလျံ၏အာဘော်ကို ထုတ်နုတ်တင်ပြလိုပါသည်။
''အကောင်းဆုံးသာလျှင် အောင်မြင်ထိုက်သည့်အားလျော်စွာ လူလည်း ကြိုက်စေ၊ နတ်လည်းကြိုက်စေ၊ လွတ်လည်းလွတ်လပ်စေ၊ အတ္ထနောမတိ အစွဲမာနလည်းကင်းစေ၊ အာဏာဂုဏ်လည်း မတက်စေ၊ အပြုစိတ်လည်းရှိစေ၊ မိမိစိတ်ကိုလည်း ချုပ်တည်းနိုင်မှုရှိစေ၊ စိတ်လည်းရှည်စေ၊ စာဖတ်ပရိသတ် ကိုလည်း ဘယာနှင့်မယှဉ်သော အလေးဂရုကိုပြုစေ၊ မတရားမှုကို ငုံ့ခံသော စိတ်လည်း ကင်းစေ၊ အခွင့်အရေးရသူတို့၏ အသနားခံချက်ကြောင့်လည်းကောင်း၊ လူစုလူဝေးနှင့် ဟစ်အော်တောင်းဆိုချက်ကြောင့်လည်းကောင်း ယိမ်းယိုင်လှုပ်ရှား ခြင်းမှလည်း ကင်းစေ၊ လူတိုင်းကိုလည်း အခွင့်အလမ်းပေးစေ၊ တရားဥပဒေအရ သော်လည်းကောင်း၊ တော်သင့်သော လုပ်ခအရသော်လည်းကောင်း၊ လူကို လူချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံပေါင်းသင်းသည့်အချက်ကို အသိအမှတ် ပြု၍ သော်လည်းကောင်း ညီမျှသောအခွင့်အလမ်းပေးနိုင်စေ၊ ကမ္ဘာသူ ကမ္ဘာသားချင်း ရင်းနှီးမှုကိုမြဲမြံစေ၍ နိုင်ငံအချင်းချင်း ချစ်ကြည်မှုကို စေတနာရင်းနှင့် ဆောင်ကြဉ်းစေလျက် မိမိနိုင်ငံကိုလည်း ချစ်မြတ်နိုးသော စိတ်ရှိစေ၊ ယနေ့တည်နေသော ကမ္ဘာနှင့် ကမ္ဘာလောက တစ်ဝန်းလုံး၏ သတင်းစာလည်းဖြစ်စေ ဤဂုဏ်အင်္ဂါအရပ်ရပ်နှင့် ပြည့်စုံသောသတင်းစာ သည် ကောင်းစွာအောင်မြင်ရမည်ဟူသည်ကို ကျွန်ုပ်ယုံကြည်သည်။''
ထင်ရှားသည့် နိုင်ငံတကာသတင်းစာဆရာကြီး၏ သတင်းစာဆရာ လက်သုံးဝါဒမှာ ယနေ့ကာလထိတိုင် ဆီလျော်ကိုက်ညီသောဝါဒ ဖြစ်ပါ သည်။ လိုရင်းအချက်မှာ ချစ်ကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့ ကျင့်ကြံအားထုတ်သွားကြမည်ဆိုပါက ကောင်းမွန်သော မီဒီယာ၊ အောင်မြင်သော စာနယ်ဇင်းတစ်ရပ် ဖြစ်လာလိမ့်မည်ဟု ယုံကြည် ပါသည်။
ဤသို့ယုံကြည်သည့်အတိုင်းလည်း ကျွန်ုပ်တို့အနေဖြင့် ကျင့်ဝတ်ပိုင်း ဆိုင်ရာအားနည်းချက်နှင့် လွဲမှားခဲ့သော အစွဲများကို ပြန်လည်ပြုပြင်ခြင်း၊ ဝေဖန်ထောက်ပြ အသိပေးမှုများကို လက်ခံခြင်း၊ ဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ အမှန်ကိုပြန်လည်တင်ပြခြင်းတို့ဖြင့် ကောင်းမွန်သော မီဒီယာဝန်းကျင်သစ်ကို ဖော်ဆောင်ကြမည်ဟု သန္နိဋ္ဌာန်ပြုပါသည်။ ။
No comments:
Post a Comment