Wednesday, March 4, 2015

မြန်မာအမျိုးသမီးအသင်း အိုလံပစ်ခြေစစ်ပွဲအတွက် ပြင်ဆင်





၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲကို ယှဉ်ပြိုင်ရန်အတွက် မြန်မာအမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲကို ဘရာဇီးနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အာရှဇုန်မှ နှစ်သင်းသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲများကို အဆင့်သုံးဆင့်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပထမအဆင့်တွင် အသင်း ၁ဝ သင်းယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး အုပ်စု(က) တွင် အိန္ဒိယ၊ သီရိလင်္ကာတို့နှင့်အတူ ပါဝင်နေသည်။ ခြေစစ်ပွဲအုပ်စု (ခ)တွင် ဥဇဘက်ကစ္စတန်၊ ဂျော်ဒန်၊ ဟောင်ကောင်၊ ပါလက်စတိုင်း၊ အုပ်စု (ဂ)တွင် တရုတ်(တိုင်ပေ)၊ အီရန်နှင့် လာအို တို့ပါဝင်ကာ အမှတ်အများဆုံးတစ်သင်းစီမှာ ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းပါဝင်နေသော အုပ်စု(က) ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မတ် ၁၁ ရက်မှ ၁၅ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ မတ် ၁၁ ရက်တွင် မြန်မာနှင့် သီရိလင်္ကာ၊ မတ် ၁၃ ရက်တွင် သီရိလင်္ကာနှင့်အိန္ဒိယ၊ မတ် ၁၅ ရက်တွင် မြန်မာနှင့်အိန္ဒိယတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အာဆီယံ ထိပ်သီးအသင်းများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်အသင်းတို့မှာ ဒုတိယအဆင့်မှစတင်ကစားရမည်ဖြစ်ပြီး ပထမအဆင့်မှ တက်လာသည့် သုံးသင်းနှင့်အတူ ငါးသင်းပတ်လည်ကစားရမည်ဖြစ်သည်။ ယင်း ဒုတိယအဆင့်တွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးတစ်သင်းသာ တတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဂျပန်၊ သြစတြေးလျ၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၉ ဦးဖြင့် ပြင်ဆင်လျက်ရှိ ပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ်ကစားသမား ၂၃ ဦးကို ရွေးချယ်သွားပြီဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ ဂျပန်လူမျိုးနည်းပြ ကူမာဒါနှင့် လမ်းခွဲပြီးနောက်ပိုင်း နိုင်ငံခြားနည်းပြခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် ယခုခြေစစ်ပွဲကို ဒေါ်သက်သက်ဝင်း ကသာ ကိုင်တွယ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် ဒီဇင်ဘာ ၂၇ ရက်တွင် ဗီယက်နမ်ကလပ် ဟာနန်းအသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းခဲ့ရာ ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်

No comments:

Post a Comment