Thursday, January 1, 2015

၂၀၁၅ နှစ်သစ်မင်္ဂလာ



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

ခရစ်သက္ကရာဇ် ၂ဝ၁၄ ခုနှစ် အချိန်သည်ကား ကုန်လွန်ခဲ့လေပြီ။ ၂ဝ၁၅ ခုနှစ်တည်းဟူသော ကာလအပိုင်းအခြားကို မကြာမီကျွန်ုပ်တို့အားလုံး ဖြတ်သန်းကြရပေဦးမည်။ လူတိုင်းလူတိုင်း အသက်တစ်နှစ်ကြီးမြင့်ခြင်းအဖြစ်သို့ ရောက်ရှိကြမည် ဖြစ်သကဲ့သို့ တစ်နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အမျိုးမျိုးအပေါ် ဆင်ခြင်သုံးသပ်ကြလေ့ရှိသည်။ အတိတ်ကာလသည် ပစ္စုပ္ပန်ကိုကောင်းအောင်ဆောင်ရွက်ပြီး အနာဂတ်ကိုလှပအောင် ဖန်တီးရာ၌ အခြေခံအကျဆုံးဖြစ်သည်။

ဤသို့ဆိုလျှင် ၂ဝ၁၄ ခုနှစ်သည်ကား ကျွန်ုပ်တို့နိုင်ငံအတွင်း မည်သည့်အရာများ အဓိကအားဖြင့် ပြောင်းလဲတိုးတက်ခဲ့ပါသနည်း။ ဆင်ခြင်သုံးသပ်ဖွယ်ရာပင်ဖြစ်၏။ ဤ ၂ဝ၁၄ ခုနှစ်သည်ကား ကျွန်ုပ်တို့မြန်မာနိုင်ငံအတွက် ထူးခြားသောနှစ်တစ်နှစ်ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဟူမူ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပခဲ့ပြီးနောက်ဒေသတွင်း အလှည့်ကျ အာဆီယံဥက္ကဋ္ဌတာဝန်ကို တစ်နှစ်တာကာလ၌ အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်ပါသည်။ ထိုအကျိုးဆက်များကြောင့် နိုင်ငံအတွင်း အားကစားသမားကောင်းများ ပေါ်ထွက်လာသည်။ နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့်အာဆီယံ၊ ဥရောပ စသောနိုင်ငံအသီးသီးနှင့်ဆက်ဆံရေးတိုးတက်ကောင်းမွန်ကာ မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေးအတွက် အဘက်ဘက်မှ ကူညီအားပေးလာကြသည်။

ထို့အပြင် ပြည်တွင်းအခြေအနေမှာလည်း နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးတို့မှာ တည်ငြိမ်စွာ တိုးတက်ပြောင်းလဲနိုင်ခဲ့သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုမှာ အပြီးတိုင်လက်မှတ်ရေးထိုးနိုင်လုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။ အစိုးရနှင့် နိုင်ငံရေးပါတီများအကြား စည်းလုံးညီညွတ်မှုအားကောင်းလာသည်။ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့သည်။ လွှတ်တော်သုံးရပ်အတွင်း ပြည်သူတို့အကျိုးကိုရှေးရှုလျက် ဥပဒေများစွာ ပြဋ္ဌာန်းနိုင်ခဲ့သည်။ ဆွေးနွေးနိုင်ခဲ့သည်။

စီးပွားရေးကဏ္ဍတွင်လည်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာအောင်ကြိုးပမ်းနိုင်ခဲ့သည်။ မီးခိုးမထွက်သော စီးပွားရေးဟုခေါ်သည့် ခရီးသွားလုပ်ငန်းမှာ သိသိသာသာပြောင်း လဲတိုးတက်ခဲ့သည်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ တိုးတက်အောင်ဖော်ဆောင်လျက်ရှိသည်။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာအောင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။ ကျေးလက်ဒေသများ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိသည်။ တစ်မျိုးသားလုံးအား အန္တရာယ် ပြုခြိမ်းခြောက်နေသော မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းကို တိုးမြှင့်ဆောင်ရွက်လာသည်။ လျှပ်စစ်ဓာတ်အား မရရှိသေးသော ဒေသအချို့၌ ဓာတ်အားများရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ကျန်းမာရေးကဏ္ဍ၌ အခမဲ့ဆေးကုသခွင့်များ ရရှိလာသည်။ ပညာရေးဘက်တွင်လည်း မူလတန်းနှင့်အလယ်တန်းကို အခမဲ့ပညာရေးစနစ် ဆောင်ရွက်နိုင်သည့်အပြင် နိုင်ငံတစ်ဝန်းကျောင်းများအဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။ ဤကား ၂ဝ၁၄ ခုနှစ် အတွင်း တိုးတက်ပြောင်းလဲမှု၏ပြယုဂ်များပင်ဖြစ်၏။

ဤတိုးတက်ပြောင်းလဲမှုများကို ၂ဝ၁၅ ခုနှစ်ဆီသို့ တည်ငြိမ်စွာ ဆက်လက်သယ်ဆောင်သွားရန်ကား ကျွန်ုပ်တို့နိုင်ငံသားအားလုံး၏တာဝန်ပင်ဖြစ်သည်။ သို့သော် စိန်ခေါ်မှုများနှင့်အားနည်းချက်များရှိနေဆဲဖြစ်သည်။ အားနည်းချက်ကို ပြုပြင်ဖြည့်ဆည်းပြီး ၂ဝ၁၅ ခုနှစ်ကို တိုးတက်သောနှစ်၊ မင်္ဂလာရှိသောနှစ်အဖြစ် ဆက်လက်ကြိုးပမ်းအားထုတ်ကြဦးမည် ဖြစ်ပါကြောင်း။

No comments:

Post a Comment