Friday, January 30, 2015

မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီအစည်းအဝေး တက်ရောက်ရန် ဒုတိယသမ္မတဦးဉာဏ်ထွန်း ထိုင်းနိုင်ငံသို့ထွက်ခွာ



 
 
 
 
ရန်ကုန် ဇန်နဝါရီ ၂၉

ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းဧရိယာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တတိယအကြိမ် မြန်မာ-ထိုင်းပူးတွဲအဆင့်မြင့်ကော်မတီအစည်းအဝေး တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းဖြင့် ရန်ကုန် လေဆိပ်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာသွားသည်။

ဒုတိယသမ္မတနှင့်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။ (သတင်းစဉ်)

No comments:

Post a Comment