Wednesday, December 31, 2014

အဲအေရှလေယာဉ်မှ အပျက်အစီးများ အင်ဒိုနီးရှားကမ်းလွန်တွင် ရှာတွေ့ပြီ

Photo: အဲအေရှလေယာဉ်မှ အပျက်အစီးများ 
အင်ဒိုနီးရှားကမ်းလွန်တွင် ရှာတွေ့ပြီ

ပန်ကာလန်ဘန်      ဒီဇင်ဘာ      ၃ဝ 

လေယာဉ်ပျောက်ဆုံးပြီး   တတိယမြောက်နေ့ ဒီဇင်ဘာ ၃ဝ ရက်တွင် အဲအေရှခရီးသည်တင်လေယာဉ်ရှာဖွေရေး အဖွဲ့များ၏ အင်ဒိုနီးရှားကမ်းလွန်၌ လေယာဉ်အပျက်အစီးအပိုင်းအစများနှင့် ရုပ်အလောင်းဒါဇင် ပေါင်းများစွာကို   ရှာဖွေတွေ့ရှိခဲ့ပြီဟူသောသတင်းက လေယာဉ်ပေါ်လိုက်ပါသွားသည့် လူ ၁၆၂ ဦး၏  ဆွေမျိုးမိတ်သင်္ဂဟများအတွက် ငိုရှိုက်သံကို ပိုမိုပြင်းထန်စေခဲ့ပြီဖြစ်သည်။ 

အဲအေရှ လေကြောင်းလိုင်းပိုင် အဲဘတ်စ် အေ ၃၂ဝ- ၂ဝဝ လေယာဉ်သည် အင်ဒိုနီးရှား နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာရာမြို့မှ စင်ကာပူနိုင်ငံ သို့ တနင်္ဂနွေနေ့ အစောပိုင်းက ပျံသန်းသွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ် သည်။ ယခု လောလောဆယ် လေယာဉ်အပိုင်း အစများနှင့် ရုပ်အလောင်းများတွေ့ရှိရသည့် ဘော်နီယိုကျွန်း၏  အနောက်တောင်ဘက်   ဂျာဗားပင်လယ်ပြင်တွင်  လေယာဉ်ပျက်ကျ သွားခဲ့ခြင်းဖြစ်မည်ဟု ယူဆနေကြသည်။ 

လေတပ်စစ်လေယာဉ်  တစ်စင်းက ပျောက်ဆုံးနေသည့်QZ8501  လေယာဉ်၏ အပျက်အစီးဟု ယူဆရသည့်လက္ခဏာ တစ်ခုကို   စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား  အမျိုးသားကယ်ဆယ်ရေးနှင့် ရှာဖွေရေးအေဂျင်စီဥက္ကဋ္ဌ ဘမ်ဘန်းဆူလစ္စတို က ဂျကာတာမြို့တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်ပွဲတွင် ပြောကြားသည်။
 
အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာနတစ်ခုက ရေပြင်ပေါ်တွင်   ပေါလောမျောနေသည့် ရုပ်အလောင်းတစ်ခုကို  ရှာဖွေရေးအဖွဲ့၏ လေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့သည်။ အင်ဒိုနီးရှားစစ်လေယာဉ်တစ်စင်းသည် ရုပ်အလောင်း ၄ဝ ကျော် ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာဦး မည်ဖြစ်ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူ မာနာဟန် ဆီမိုရန်ကာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။  
အစောပိုင်းက ရှာဖွေရေးအဖွဲ့များသည် ရေပြင်ပေါ်တွင် မျောပါနေသော အပျက်အစီး အစိတ်အပိုင်းများကို တွေ့ရှိခဲ့သော်လည်းQZ8501  လေယာဉ်မှ ဟုတ်မဟုတ် အတည် ပြုနိုင်ခဲ့ခြင်းမရှိပေ။  သို့သော် ဒီဇင်ဘာ ၃ဝ တွင် တွေ့ရှိခဲ့သည့်  အပျက်အစီးများသည် အဲအေရှလေယာဉ်မှ    အပိုင်းအစများဟု အင်ဒိုနီးရှား  ပြည်သူ့လေကြောင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဂျိုကို မွာဂျတ်မော့ဂျိုက ပြောကြားခဲ့သည်။

ယခုအခါ အပျက်အစီးအပိုင်းအစများ သည်  အဲအေရှ လေယာဉ်မှဖြစ်ကြောင်းကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေး နှင့်  ရှာဖွေရေးအဖွဲ့ဝင်များထံမှ  မျက်မြင် သုံးသပ်ချက်အစီရင်ခံမှုများအရ လေယာဉ်၏ ခရီးသည် အဆင်းအတက်တံခါး၊ ကုန်လှောင် ခန်းတံခါးများကို တွေ့ရှိထားပြီဖြစ်ကြောင်းနှင့် ပန်ကာလန်ဘန်မြို့မှ အနောက်တောင်ဘက် ကီလိုမီတာ ၁၆ဝ အကွာ ပင်လယ်ထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ယခုအခါ အင်ဒိုနီးရှားနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများက ပင်လယ်ပြင်ရှာဖွေရေးလုပ်ငန်းများတွင် အကူအညီပေးရန် ကမ်းလှမ်းခဲ့ကြ သည်။  စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ နိုင်ငံတို့က ရေတပ်စောင့်ကြည့်လေ့လာရေး လေယာဉ်များနှင့် စစ်သင်္ဘောများပေးပို့ကာ အင်ဒိုနီးရှားနိုင်ငံ၏ လေယာဉ်ရှာဖွေရေးအဖွဲ့ နှင့် ပူးပေါင်းရှာဖွေလျက်ရှိသည်။

ချန်နယ်နယူးစ်အေရှ။

No comments:

Post a Comment