Monday, December 1, 2014

ကြေးမုံ စာတည်းရှုထောင့်



ကမ္ဘာ့အလယ်တွင်ဝင့်ထည်

ကျွန်ုပ်တို့မြန်မာလူမျိုးများ ယခုအခါ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ပြီဖြစ်သည်။ တစ်နည်းဆိုရလျှင် ကမ္ဘာတွင် မြန်မာကို ပိုမိုသိရှိလက်ခံလာကြပြီဟု ဆိုချင်ပါသည်။

တစ်ချိန်သောအခါက သာမန်ကမ္ဘာ့ပြည်သူများအား မြန်မာဟု ပြောဆိုခဲ့လျှင် မည်သည့်ဒေသ မည်သည့်အရပ်က မည်သူနည်းဟု မေးတတ်ကြသည်။ ထိုအခါ အိန္ဒိယနှင့် တရုတ်နိုင်ငံကြီးကြားက နိုင်ငံတစ်နိုင်ငံ၏လူမျိုးပါဟု ပြောပြ၊ ရှင်းပြကြရသည်။

ယခုထိုသို့မဟုတ်တော့ပြီ မြန်မာဟုဆိုလျှင် နိုင်ငံတိုင်းကသိနေကြသည်၊ လူမျိုးတိုင်းက နားလည်ကြသည်။ ထိုသို့သိရှိနားလည်လာကြရာတွင် ၂ဝ၁၄ ခုနှစ်သည် ပိုမိုထူးကဲသည်ဟုဆိုချင်ပါသည်။ အစောပိုင်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်များကြောင့် ကမ္ဘာက မျက်စိဖွင့်၊ နားစွင့်ရှိလာခဲ့သည်ဟု ဆိုနိုင်သည်။

တိုတောင်းလွန်းသော အချိန်ကာလအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အခြားဒီမိုကရေစီအသွင်ကူးပြောင်းသော နိုင်ငံများနှင့်မတူ တစ်မူထူးကဲ၍ သိသာထင်ရှားသော အရွေ့များဖြင့် ပြောင်းလဲဖော်ဆောင်လာသည်။ ထိုမှ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင်မူ ကမ္ဘာတွင် မြန်မာဟေ့ဟု ကြွေကြော်လောက်သည့် ဂုဏ်အင်များ ရှိလာခဲ့သည်။

ယင်းမှာ ''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်''ဟူသည့် ဆောင်ပုဒ်ကို အပြောမဟုတ် အလုပ်ဖြင့် လက်တွေ့သက်သေပြနိုင်ခဲ့သောကြောင့်ဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှအစပြု၍ နိုင်ငံအဆင့်ဖိတ်ခေါ်ပြိုင်ပွဲများနှင့် ကမ္ဘာ့ဖလား ဝင်ခွင့်တို့တွင် မြန်မာ့အားကစားသည် အောင်လံတလူလူ လွှင့်ထူနိုင်ခဲ့သလို ပရိသတ်နှင့် အားကစားသမားများ၏ စွမ်းဆောင်ရည်များမှာလည်း ဂုဏ်တင် အသိအမှတ်ပြုစရာများ ဖြစ်လာခဲ့သည်။

နောက်တစ်မျိုးမှာမူ ကမ္ဘာက အာရုံစိုက်စေမည့် ခေတ်အဆက်ဆက် ရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးထားဖော်ထုတ်၊ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသော ပညာရှင်များ၊ ပြည်သူများ၏ အကျိုးကျေးဇူးကြောင့် တန်ဖိုးမဖြတ်နိုင်သော မြန်မာ့မြို့ဟောင်းကြီးများ၊ အဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများ မပျောက်မပျက်ဘဲ မျက်ဝါးထင်ထင်တွေ့လာသောကြောင့်ဖြစ်သည်။ ထို့အပြင် ရှေးအကျဆုံး မြို့ဟောင်းများကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ သွင်းနိုင်ခဲ့ခြင်းလည်း ပါဝင်သည်။

နောက်ထူးကဲမှုတစ်မျိုးမှာ ၂ဝ၁၄ ခုနှစ် တစ်နှစ်တာလုံး မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ရယူခဲ့ပြီး အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်အတူ လက်တွဲကာ အရေးကြီးအစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ဦးစီးဦးဆောင်ပြု ဆောင်ရွက်နိုင်မှုများကို အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ ပြည်ပနိုင်ငံများက ချီးကျူးထောက်ခံအားပေးခဲ့ ကြသည်ကို တွေ့ရသည်။

ယင်းသို့ ဂုဏ်တင့်ဖွယ်ရာများကို မြန်မာနိုင်ငံက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ အဖွဲ့အစည်းတစ်ခုကောင်း၊ အစိုးရတစ်ခုကောင်းဖြင့် ဆောင်ကြဉ်းခဲ့ခြင်းမဟုတ်ဘဲ မြန်မာတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု၊ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှု၊ မြန်မာဟူသော နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိမှုများကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ပို၍ထင်ရှားလာသည်မှာ ထိုထိုသော အခင်းအကျင်းများကို ပြည်တွင်း၊ ပြည်ပမီဒီယာများမှတစ်ဆင့် အကောင်းမြင် အပြုသဘော ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဝေပေးနိုင်ခြင်းလည်းပါဝင်သည်။

ဤကဲ့သို့ အစိုးရနှင့်ပြည်သူ လက်တွဲညီညီ ပေါင်းစည်းဆောင်ရွက်နိုင်မှုကြောင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် မြှင့်တင်နိုင်ပြီဖြစ်၍ မြန်မာကို ကမ္ဘာကအသိအမှတ်ပြု လာခဲ့ပြီ၊ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်ပြီ။ ထိုဂုဏ်ဒြပ်များနှင့် အောင်မြင်မှုရလဒ်များအား နောင်လာနောက်သားတိုင်းအတွက် အတုယူဖွယ်ရာ စံနမူနာကောင်းတစ်ခုအဖြစ် နောင်နှစ်ပေါင်းများစွာတိုင်အောင် ရှင်သန်ဖြစ်ထွန်းစေရန် ဆက်လက်ကြိုးပမ်းအားထုတ်ကြဖို့ ဆန္ဒပြုပါသည်။ ။

No comments:

Post a Comment