Friday, November 28, 2014

ပြည်ပဝယ်လိုအားရှိ ''ဝ''ဥများ ချင်းပြည်နယ်၌ စိုက်ပျိုးဖြစ်ထွန်းနိုင်

Photo: ပြည်ပဝယ်လိုအားရှိ ''ဝ''ဥများ ချင်းပြည်နယ်၌ စိုက်ပျိုးဖြစ်ထွန်းနိုင်

မင်းတပ်   နိုဝင်ဘာ  ၂၇

ပြည်တွင်းစားသုံးမှုနှင့် အသုံးပြုမှုမရှိသော်လည်း   ပြည်ပဝယ်လိုအားရှိသော   'ဝ'ဥများ  ချင်းပြည်နယ်ဒေသအများစု၌       စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်းသိရသည်။

ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့မှဝယ်လက်များရှိသော  'ဝ'ဥအခြောက်မှုန့်ကို  ချင်းပြည်နယ်     မင်းတပ်မြို့နယ်အတွင်း   ကျေးရွာများမှ  ကုန်ကြမ်းဝယ်ယူ၍ အမှုန့်ပြုလုပ်တင်ပို့ကြောင်း သိရသည်။ 'ဝ'ဥက အဖြူ၊ အနီ၊ အဝါမျိုးတွေရှိတယ်။ အနီက  အကောင်းဆုံးလို့ဆိုပါတယ်။  သုံးနှစ်သားမှာဥတဲ့ အနီရောင်ဥက    အကောင်းဆုံးလို့ပြောပါတယ်။  ''ဝ''ဥပင်က  မြေပွကိုကြိုက်ပါတယ်။  တောင်စောင်းမြေတွေက ဆင်ခြေလျှောဆိုတော့ ဖိအားနည်းပါတယ်။  အပင်ကိုသုံးပေတန်ခြား၊နှစ်ပေပင်ခြားစိုက်ရင် တစ်ဧကအပင်   ၅၆ဝဝ   ဝင်ပါတယ်။ စိုက်ချိန်တစ်နှစ်ကျော်ရင် မျိုးဥတွေရနိုင်ပြီး သုံးနှစ်မှာ တစ်ပိဿာကနေ သုံးပိဿာထိရှိတဲ့ ''ဝ''ဥတွေနဲ့  မျိုးစေ့တွေထွက်လာပါမယ်''ဟု   မင်းတပ် မြို့နယ် ပန်းအော့ရွာမှ ဦးမောင်ကီးက ပြောပြသည်။

''ကိုယ်ပိုင်တောင်ယာ   ဧက ၅ဝကျော်ရှိပါတယ်။ အလှည့်ကျစိုက်ပါတယ်။ တောင်ယာထပ်မံချဲ့ထွင်ခြင်းမရှိပါဘူး။ ''ဝ''ဥ ၁၅ ဧကစိုက်ထားပါတယ်။ အစိုတစ်ပိဿာ ၁ဝဝဝ ကျပ်၊ အခြောက်မှုန့်တစ်ပိဿာ ၅ဝဝဝ ကျပ်ဈေးရှိပါတယ်။ ''ဝ''ဥအစိုကို ပါးပါးလှီးပြီး သုံးရက်(သုံးည)အခြောက်ခံပြီးရင် အမှုန့်ကြိတ်လို့ရပါတယ်။ မျိုးစေ့နဲ့လုပ်အားခ ၁ဝ သိန်းလောက်နုတ်ပြီး သိန်း၅ဝ နဲ့ ၆ဝ ကြား ငွေပြန်ပေါ်လာမှာဖြစ်လို့   စိုက်ပျိုးပင်တွေထဲမှာ ဝင်ငွေအမြင့်ဆုံးရနိုင်မယ့် စိုက်ပျိုးရေးထုတ်ကုန်ဖြစ်ပြီး အခြောက်ခံစက်၊ အမှုန့်ကြိတ်စက်များနဲ့ကုန်ကြမ်းကနေကုန်ချောအထိ    ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်''ဟု  ဦးဖေလိန်း အောင်ကပြောကြားသည်။

ဂျပန်၊ တရုတ်အစရှိသည့် ဝယ်လက်များရောက်လာသကဲ့သို့ ပြည်တွင်းစိုက်ပျိုးရေးကုမ္ပဏီများကလည်း ''ဝ'' ဥ စိုက်ပျိုးရေးရက်တိုသင်တန်းများ ပို့ချလျက်ရှိကြောင်း သိရသည်။

(ကိုကိုနေ)
 
No comments:

Post a Comment