Tuesday, October 28, 2014

သွားလမ်းသာ လာလမ်းဖြောင့်



၂၈-၁ဝ-၂ဝ၁၄၊ အင်္ဂါနေ့


ကိုယ့်နေရာ သူ့နေရာ မခွဲခြားတတ်မှု၊ မသိတတ်မှုတို့ကြောင့် မဖြစ် သင့်သောပြဿနာများ ဖြစ်ကြရသည်။ အချို့သိပါလျက်နှင့် အသိ ခေါက်ခက် အဝင်နက်ပြီး လစ်လျှင်လစ်သလို ဖောက်ဖျက်မှုများကြောင့် လူ့အသက်တို့ဆုံးရှုံးခြင်း၊ ဒုက္ခိတဘဝရောက်ခြင်းတို့ဖြစ်ကြပုံမှာ ယနေ့ သွားလာမောင်းနှင်နေကြသောယာဉ်များအနက် စည်းကမ်းမလိုက်နာသော ယာဉ်များကြောင့်ဟု ဆိုချင်ပါသည်။

ထိုဖြစ်စဉ်များမှာ ရန်ကုန်မြို့ပြတွင် မကြာခဏဖြစ်တတ်ကြသလို နယ်ခရီးဝေးလမ်းများတွင်လည်း ဖြစ်တတ်ပါသည်။ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ အငှားယာဉ်ငယ်များသည် သတ်မှတ်ထားသော လမ်းကြောင်း၊ သတ်မှတ်စည်းကမ်းများရှိပါလျက် လိုက်နာမှုအားနည်းကာ မောင်းလိုရာ မောင်းနေကြသည်ကို နေ့စဉ်မြင်တွေ့နေရပါသည်။

ထိုသို့မောင်းနှင်သောကြောင့် ဖြစ်လာပြန်လျှင်လည်း မဆင်မခြင် မောင်းနှင်သူသာမက ယာဉ်ပေါ်တွင်လိုက်ပါလာသော အခြားသူများပါ အထိနာကြရသည်။ ဒုက္ခရောက်ကြရသည်။ စည်းကမ်းမလိုက်နာသော ယာဉ်မောင်းတစ်ဦး၏ မဆင်မခြင်မောင်းနှင်မှုကြောင့် အခြားအပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာ ဘဝဆုံးကြရသည်ကို ထိန်းသိမ်းအရေးယူမှုများ ရှိသော်လည်း ထို့ထက်မက အလေးထားဆောင်ရွက်ကြဖို့လိုပြီဟု ဆိုချင် ပါသည်။

ရန်ကုန်မြို့ပြလမ်းများပေါ်တွင် ယခုအခါ များပြားလာသော ယာဉ်များကြောင့် ကားလမ်းများပိတ်ဆို့နေသည်ကို မြင်တွေ့နေရပါသည်။ ထိုပိတ်ဆို့နေ သော လမ်းများပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ် အသွယ်သွယ်တို့သည် သူ့လမ်း ကြောင်း၊ ကိုယ့်လမ်းကြောင်း မခွဲခြားဘဲ သွားချင်သလို သွားလာနေကြသည်။ ကုန်တင်ယာဉ်များအတွက် သီးသန့်ဖောက်လုပ်ထားသောလမ်းတွင် အခြား ယာဉ်များနှင့် ရောထွေးယှက်တင်ကာ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်နေသည်။

ယခုရက်ပိုင်းတွင် မြို့ပြလမ်းများပေါ်တွင် အရေးပေါ်မျဉ်းဝါကြောင်းများကို ထင်ထင်ရှားရှား မြင်သာအောင် မြို့တော်စည်ပင်မှ လိုက်လံဆောင်ရွက်နေ သည်ကို တွေ့ရသည်။ ခရီးသည်တင်ယာဉ်အားလုံးကို လက်ယာကပ်မောင်းစနစ် လိုက်နာကျင့်သုံးတတ်အောင် အစပြုနေပြီဖြစ်သည်။ ခရီးသည်တင်ယာဉ်များ လက်ယာဘက်ယာဉ်ကြောမှမောင်းနှင်နိုင်အောင် မြို့တော်စည်ပင်မှ ဆောင်ရွက် ပေးသလို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီကလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုလမ်းကြောင်းပေါ်တွင် အခြားယာဉ်ငယ် များ ရပ်နားခြင်းမရှိစေရန်အတွက်လည်း ကြပ်မတ်စစ်ဆေးအရေးယူသွား မည်ဟုသိရသည်။

ရန်ကုန်မြို့၏ ယာဉ်မတော်တဆမှုများတွင် ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားရသည်ကိုတွေ့ရသည်။ ယခုကိုယ့်လမ်းကြောင်းနှင့်ကိုယ် မောင်းနှင်မှုစနစ်ကို အကောင်အထည် ဖော်ပြီး အမြဲမပြတ်လိုက်နာကျင့်သုံးကြမည်ဆိုလျှင် ယာဉ်မတော်တဆ ဖြစ်မှုများ ဧကန်လျော့နည်းကျဆင်းသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

တာဝန်ရှိသူများကလည်း အမြဲမပြတ်ကြပ်မတ်စစ်ဆေး၊ ယာဉ်မောင်း သူများဘက်ကလည်း စည်းကမ်းလိုက်နာ၊ ထိုသို့မဟုတ်ဘဲ တာဝန်ရှိသူ မရှိလျှင် လစ်လျှင်လစ်သလို၊ ချောင်လျှင်ချောင်သလို စည်းကမ်းပြန်လည် ဖောက်ဖျက်မည်ဆိုပါက ယာဉ်တိုက်မှုများမလျော့ကျဘဲ ဆက်လက်ဖြစ်ပွား နေမြဲသာဖြစ်မည်။ ထို့အပြင် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကိုလည်း ထိုကဲ့သို့ပင် အမြဲမပြတ်ဆောင်ရွက်ပေးမည်ဆိုလျှင် ယာဉ်ကြောပိတ်ဆို့မှုလည်း ကျဆင်း သက်သာစေမည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ မည်သည့်စနစ်ကို ဆောင်ရွက်သည်ဖြစ်စေ စည်းကမ်း ချထားသူဘက်က အမြဲမပြတ်ကြပ်မတ်စစ်ဆေးရန် လိုအပ်သကဲ့သို့ လိုက်နာရမည့်သူများဘက်ကလည်း လစ်လျှင်လစ်သလို အခွင့်အရေးရလျှင် ရသလို ချိုးဖောက်ခြင်းမပြုဘဲ သတ်မှတ်ထားသောစည်းကမ်းများကို နိုင်ငံ ကြီးသားပီသစွာဖြင့် တိတိကျကျ လိုက်နာကြမည်ဆိုပါက သွားလမ်းသာ၍ လာလမ်းအစဉ်ဖြောင့်နေမည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment