Thursday, October 30, 2014

ချယ်ရီ ၁၊ ၂၊ ၃ သင်္ဘောများ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိ


 


 ရန်ကုန် အောက်တိုဘာ ၂၉

 ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များအဖြစ်အသုံးပြုရန်JICA မှ လှူဒါန်းသည့် ချယ်ရီ(၁)၊ (၂)၊ (၃)တို့သည် ယနေ့နံနက် ၄ နာရီခွဲက ဂျပန် နိုင်ငံမှMV.PAULA သင်္ဘောဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေက ''ပန်းဆိုးတန်းနဲ့ ဒလဆိပ်ကမ်းကို ခရီးသွားပြည်သူတွေ လျင်မြန် စွာနဲ့ အဆင့်အတန်းမီစွာ သွားလာနိုင်ဖို့အတွက် ဂျပန်နိုင်ငံမှ လှူဒါန်းတဲ့ သင်္ဘောတွေကို မနက်အလုပ်သွားချိန်၊ ညနေအလုပ်ပြန်ချိန်တွေမှာ ကူးတို့ ရေယာဉ်သုံးစင်းနဲ့ ပြေးဆွဲပေးမှာပါ။ ဒီနေ့ကတော့ သင်္ဘောကြီးပေါ်က မချနိုင် သေးဘူး။ သင်္ဘောမှာပါလာတဲ့ ပစ္စည်းတွေကို အကောက်ခွန်က သေချာစိစစ် ဆောင်ရွက်မှာကတစ်ကြောင်း၊ သင်္ဘောတွေကို ရေထဲချဖို့အတွက် ပြင်ဆင်မှု တွေအများကြီးလုပ်ရမှာဖြစ်တာကြောင့် မချဖြစ်တာပါ။ ဂျပန်မှာတော့ သင်္ဘော ကြီးပေါ်ကို တစ်ရက်တစ်စင်းတင်ပါတယ်။ တင်တဲ့အဖွဲ့က တစ်ခု၊ ချတဲ့အဖွဲ့က တစ်ခု၊ ဒီမှာတော့ ပုံစံမတူတဲ့အတွက် မြန်မလား၊ နှေးမလားတော့ မသိပါဘူး။ သင်္ဘောကြီးတွေက လူတွေထိုင်ဖို့ခုံတွေ တပ်ဆင်ဖို့ပဲ ကျန်ပါတယ်''ဟု ပြော သည်။

 အဆိုပါ သင်္ဘောကြီးများဖြင့် နံနက် ၆ နာရီမှ နံနက် ၉ နာရီအထိ ပြေးဆွဲ ပေးမည်ဖြစ်ပြီး ညနေပိုင်းတွင် ညနေ ၄ နာရီမှ ည ၇ နာရီအထိ ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း၊ အလျားပေ ၁၃ဝ၊ ဗြက် ၃၂ ပေရှိ နှစ်ထပ်ကူးတို့ ရေယာဉ်များဖြစ်သည်။ လက်ရှိ ပြေးဆွဲနေသော ရေယာဉ်များကို လိုအပ်ချက်ရှိမည့် ရေယာဉ်လိုင်းများ တွင် ထည့်သွင်းပြေးဆွဲပေးမည်ဖြစ်ပြီး ဖယ်ရီလိုင်းတစ်ခုကိုလည်း အသစ် တိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ နေ့စဉ်လူဦးရေ ၁၅ဝဝဝ၊ ၂ဝဝဝဝ ခန့် ရှိ၍ တစ်ခါတစ်ရံ ခရီးသွားပြည်သူ ၂၅ဝဝဝ၊ ၃ဝဝဝဝ ခန့်ရှိသည်ဟုJICA မှ တာဝန်ရှိသူများက နေ့စဉ် တစ်လတိတိ ရေတွက်၍ မှတ်တမ်း တင်ထားကြောင်း၊ နိုင်ငံသား တစ်ဦးလျှင် သင်္ဘောတစ်ခေါက်စီးခ ကျပ်တစ်ရာနှင့် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် နှစ်ဒေါ်လာ ဖြင့် လက်ရှိကောက်ခံသည့် နှုန်းထား အတိုင်းသာ ကောက်ခံသွားမည်ဖြစ် ကြောင်း ပြောကြားသည်။ 

 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရေကြောင်းဌာနမှူးချုပ် ဦးဝင်းသိန်းက ''မိလ္လာစနစ်က လှောင်ကန်လည်းပါ သလို၊ တိုက်ရိုက်စွန့်ပစ်တဲ့စနစ်လည်းပါပါတယ်။ ခုတော့ ဒီမှာတိုက်ရိုက် စွန်ပစ်တဲ့စနစ်ကို သုံးမှာပါ။ လှောင် ကန်ဆိုရင်တော့ သတ်မှတ်နေရာမှာ စွန့်ပစ်တာတို့၊ စုပ်ထုတ်တာတို့ လုပ်ရ ပါမယ်။ 

 ကျွန်တော်တို့ဌာနရဲ့ဝင်ငွေနဲ့ ဝန်ထမ်းလစာပေးနေရတာဆိုတော့ စုပ်ထုတ်တဲ့စနစ်ကို မသုံးနိုင်သေးပါ ဘူး။ အဲဒီလို မလုပ်ရဘူးလို့ ဥပဒေ ထွက်လာရင်တော့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး နည်းလမ်းရှာရမယ့် အနေ အထားပါ''ဟု ပြောသည်။

 ဒလဘက်ကမ်းတွင် ခံ့ထည် လှပသော ခရီးသည်နားနေဆောင်၊ အများသုံးသန့်စင်ခန်း၊ သင်္ဘောဆိုက် ကပ်ရာဗောတံတားသို့ အတက်၊ အဆင်း တံတားနှစ်ခု၊ သင်္ဘောကပ်မည့် ဗော်ယာသံထည်ကိုလည်း ကွန်ကရစ် များခံရုံသာမက လက်ရန်းများပါ ထည့်သွင်းထားသည်။ ယင်းနားနေ ဆောင်သည် ခရီးသည်များ ထိုင်ခုံ မရှိသေးသည်မှအပ အားလုံးနီးပါး ပြီးစီးနေသော်လည်း ပန်းဆိုးတန်း ဘက်ကမ်းတွင် သင်္ဘောကပ်မည့် ဗော်ယာတစ်ခုတွင် အတက်ရော အဆင်းပါ အသုံးပြုနေသည့် တံတား တစ်စင်းသာ ရှိနေသေးသည်ကို မေးမြန်းရာတွင် ပုဂ္ဂလိကကုမ္ပဏီ တစ်ခု ကန့်ကွက်ထားသဖြင့် ကြန့်ကြာ နေခြင်းသာဖြစ်ကြောင်း၊ ဒလဘက် ကဲ့သို့ ပြုလုပ်ဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း၊ ညှိနှိုင်း ဆောင်ရွက်နေပါသဖြင့် မကြာခင် အကောင်အထည်ပေါ်လာမည်ဖြစ် ကြောင်း၊ ကူးတို့သင်္ဘောတစ်စင်းလျှင် ခရီးသည် ၁၂ဝဝ ဆံ့ပြီး ကူးတို့ ရေယာဉ်များသည် မြန်နှုန်းကောင်း သဖြင့် အချိန်တိုအတွင်း မိမိလိုရာခရီး ကို အရောက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 ချယ်ရီ(၂) ကူးတို့သင်္ဘော မောင်းနှင် မည့် ရေယာဉ်မှူး ဦးညွန့်ဝင်းက ''ကျွန်တော်တို့ ဂျပန်နိုင်ငံကို ဇူလိုင် ၇ ရက်က သွားတယ်။ ဇူလိုင် ၁၉ ရက်မှာ ပြန်လာရတယ်။ ၁၂ ရက်ကြာ သင်တန်း ပေးတယ်။ ဒီသင်္ဘောကြီးတွေကို ဂျပန်နိုင်ငံက ပညာရှင်တွေက လက်တွေ့သင်ကြား မောင်းနှင်ပြပါ တယ်။

သင်္ဘောဖွဲ့စည်းပုံတွေက တူပါ တယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက တည်ဆောက်တဲ့ ဒီသင်္ဘောတွေက ပိုမြင့်ပါတယ်။ ဒီမှာရှိနေတဲ့ သင်္ဘော တွေမှာတော့ အမြင့်ဆုံးသင်္ဘောတွေ ပေါ့ဗျာ။ ရေဒါ၊ ဂျီပီအက်စ်၊ စကား ပြောစက် စတဲ့ စက်တွေအကုန်ပါ ပါတယ်။ ရေဒါကတော့ ခုလည်း ဒီလက်ရှိပြေးနေတဲ့ ကူးတို့လိုင်းမှာ သုံးပါတယ်။ 

 ဂျီပီအက်စ်ကတော့ လမ်းကြောင်းပြတယ်။ အဲဒီတော့ မောင်းရတာ အန္တရာယ်ကင်းပါတယ်။ ဂျပန်မှာ ကျွန်တော်တို့ မောင်းခဲ့တာ ရေလည်းမစီးဘူး၊ လေလည်းမတိုက်ဘူး၊ ဒိုက်လည်းမရှိဘူး၊ ရာသီဥတုပဲကောင်း နေလို့လား မသိဘူး၊ လက်ရှိလည်း မောင်းနေတာဆိုတော့ ဘာအခက် အခဲမှမရှိပါဘူး။ သင်္ဘောကြီးပေါ်က ချယ်ရီ(၂)ကို နောက်ဆုံးမှ ရေချမယ် လို့သိရပါတယ်''ဟု ပြောသည်။

 ချယ်ရီ(၂) ကူးတို့ရေယာဉ်တွင် စက်ခန်းအုပ်(၂) ရာထူးဖြင့် လုပ်ကိုင် မည့် ဦးစံမြင့်ကလည်း တိုးတက်သော နိုင်ငံကြီးဖြစ်သည့်အတွက် စည်းစနစ် ကျကြောင်း၊ သင်္ဘောကျင်းတွင် အလုပ် ဆင်းမည့်သူသည် သတ်မှတ်ထားသည့် ဝတ်စုံကိုသာ ဝတ်ဆင်ရပြီး ဝတ်ဆင်ရ မည့်ဝတ်စုံတွင် လိုအပ်ချက်ရှိပါက လုံးဝ ဝင်ခွင့်မပြုကြောင်း၊ စက်ခန်း တာဝန်ကျအင်ဂျင်နီယာများကိုလည်း ကျွမ်းကျင်ပညာရှင်များက သေချာစွာ ဂရုတစိုက်သင်ပေးကြောင်း၊ သင်္ဘော တွင် ဆိုလာစနစ်ပါဝင်ခြင်းသည် သင်္ဘောမောင်းရန်အတွက်မဟုတ်ဘဲ သင်္ဘောပျက်ပါက အလိုအလျောက် ဖွင့်ပေးသည့်စနစ်သာဖြစ်ကြောင်း၊ ယခုကဲ့သို့ သင်္ဘောသစ်ကြီးကိုစီးမည့် ခရီးသည်များကလည်း တစ်ဦးချင်းစီ စည်းကမ်းရှိစွာစီးနင်းရန်လည်း လိုအပ် ပါကြောင်း၊ စက်ခန်းအုပ်တစ်ဦး၊ လ/ထတစ်ဦးနှင့် ဆီလောင်း သုံးဦး စုစုပေါင်း ငါးဦးသာဖွဲ့စည်းပုံအပြည့် ခန့်အပ်ထားကြောင်း ပြောသည်။

ဒလဘက်ကမ်းတွင် ကုန်တင်ယာဉ် ရပ်နားစခန်းကို တည်ဆောက်မည် ဖြစ်ကြောင်း၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ ကားကူးဇက်ဆိပ်ကိုလည်း နေရာ ပြောင်းရွှေ့မည်ဖြစ်ပြီး သန့်ရှင်းသန့်ရပ် မှုမရှိသော ဈေးဆိုင်ခန်းများကိုလည်း နေရာသစ်ပေးပြီး အဆောက်အအုံ သစ်များ ဆောက်လုပ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကာ မကြာမီအကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း၊ ကူးတို့သင်္ဘော သုံးစင်းလွှဲပြောင်းပေးအပ်ပွဲနှင့် ဒလ ဘက်တွင် ဆောက်လုပ်ပြီးစီးနေသော အဆောက်အအုံများ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ပေး မည်ဖြစ်ကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဖေက ပြောကြားသည်။ အဆိုပါသင်္ဘော သုံးစင်းပါ သင်္ဘောကြီးသည် အောက် တိုဘာ ၁၉ ရက်က ဂျပန်နိုင်ငံမှ ထွက်ခွာလာပြီး အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။


 သတင်း - အောင်မင်း(ကြေးမုံ)
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment