Thursday, February 27, 2020

မိမိကိုယ်မိမိစောင့်ရှောက်ခြင်းဖြင့် ရောဂါဘေးဘယာများကို ခုခံကာကွယ်





အယ်ဒီတာ့အာဘော်
================

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွားလျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက် နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတို့ ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။

COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုသည် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားသည့်နေ့မှစ၍ ကူးစက်ခံရမှုနှင့် သေဆုံးမှုနှုန်း တစ်နေ့ထက် တစ်နေ့ တိုးတက်လာခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်ရက်အတွင်း ၇၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူ ၂၆၆၃ ဦး၊ ကူးစက်ခံရသူ ၇၇၆၅၈ ဦး ရှိခဲ့ပြီဖြစ် သည်။ အိမ်နီးချင်းတရုတ်နိုင်ငံတွင် သေဆုံးမှု၊ ကူးစက်မှု မြင့်တက်နေပြီးကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့်နိုင်ငံများတွင်ပါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် သတိဝီရိယ ကို ပိုသည်ဟူ၍သဘောမထားဘဲ ယခုထက်ပိုမိုအထူးဂရုစိုက်၍ ခုခံ ကာကွယ်တားဆီးသွားကြရမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌ COVID-19 ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နှင့်ပတ်သက်၍ အတည်ပြုရောဂါလူနာမတွေ့သေးသော်လည်း ထိုကူးစက် ရောဂါသည် အချိန်မရွေး၊ နေရာမရွေး လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပထမဦးစားပေးအရေးပေါ်ကိစ္စရပ်အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ်ဆောင်ရွက်နေမှုများကိုအသိအမှတ်ပြုရမည်ဖြစ်သည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးများ ပြုလုပ်ခြင်းအား ရှောင်ကြဉ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း အသိပေးနှိုးဆော် ချက်များထုတ်ပြန်ထားသည်။ အကယ်၍ မဖြစ်မနေပြုလုပ်ရမည်ဆိုပါလျှင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပေး နှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ အထူးသဖြင့် ထိုရောဂါသည် ပြည်တွင်း၌ကူးစက်ဖြစ်ပွားခြင်းမရှိသဖြင့် ပြည်ပမှဝင်ရောက်လာသော လူများမှတစ်ဆင့်သာ ကူးစက်နိုင်သော ကြောင့် နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ရောက်လာသောဧည့်သည်များအား သေချာစွာစောင့်ကြည့် ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်သည်။ အဆိုပါရောဂါ မည်သို့ဖြစ်ပွားသည်၊ ပျံ့နှံ့သည်ဖြစ်စေ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် လက်ရှိကောင်းမွန် နေသောအနေအထားထက် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် မိမိ ကိုယ်ကို ကျန်းမာအောင် နေထိုင်ပြုမူလုပ်ကိုင်သွားရမည်ဖြစ်သည်။

ပြင်ပကျန်းမာရေးနှင့်ပတ်သက်၍ နံနက်စောစောနေရောင်ခြည်ကဲ့သို့ သင့်တင့်သောနေရောင်ခြည်နှင့်ထိတွေ့ခြင်း၊ သင့်လျော်သော ပတ်ဝန်းကျင်/ကိုယ်ခန္ဓာ အပူချိန်ရှိခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ရောဂါကူးစက် နိုင်သော နေရာများတွင် ကလိုရင်းပိုးသတ်ဆေးပက်ဖျန်းခြင်း၊ လက်ကို သန့်ရှင်းအောင် အစဉ်အမြဲဆေးကြောသန့်စင်ခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် ကိုယ်ခံအားကောင်းခြင်းတို့သည် ဗိုင်းရပ်စ်ပိုးအား ကြိုတင်ကာကွယ် ခုခံတားဆီးနိုင်သော အကောင်းဆုံးနည်းလမ်းများဖြစ်သည်။

လူတိုင်းလူတိုင်း တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်၍ အိပ်ရေးဝ အောင် အိပ်စက်ခြင်း၊ နံနက်စာကိုပုံမှန်စားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ် သောအစားအသောက်များကို ပုံမှန်စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း၊ စိတ်ရွှင်လန်းတက်ကြွပြီး စိတ်ချမ်းသာအောင်နေထိုင်ခြင်းနှင့် အရာရာတွင် အကောင်းမြင်တတ်ခြင်းတို့သည် COVID-19 ဗိုင်းရပ်စ်ပိုး သာမက အခြားမည်သည့်ရောဂါ၊ ဗိုင်းရပ်စ်ပိုးမျှ အလွယ်တကူမဝင်ရောက် နိုင်အောင် ကြိုတင်ကာကွယ်တားဆီးနိုင်သည်။


သို့ဖြစ်ရာ ရောဂါဘေးဘယာများအမျိုးမျိုးထူပြောနေသော ယနေ့ ကာလတွင် မိမိကိုယ်တိုင်အထူးဂရုပြု၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ရာ ကိုယ်စီကိုယ်စီကိုယ်ခံအားကောင်းမွန်ကြလျှင် ဝင်ရောက် လာနိုင်သော ရောဂါဘေးအန္တရာယ်များကို ခုခံကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်း။ ။

Wednesday, February 26, 2020

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့လှူဒါန်း




Image may contain: one or more people, airplane and sky
နေပြည်တော် ဖေဖော်ဝါရီ ၂၅



တရုတ်နိုင်ငံဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019 (COVID-19) ရောဂါအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် အောင်မြင်စေရန် နှင့် တရုတ်ပြည်သူများအတွက် မြန်မာ့တပ်မတော်ကဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်၍ တပ်မတော်လေယာဉ်ဖြင့် ယနေ့တွင် သွားရောက်ပေးပို့လှူဒါန်းသည်။
ရှေးဦးစွာနေပြည်တော်လေဆိပ် ဧည့်ခန်းမဆောင်၌ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်၊ စစ်သံမှူး Sr. Col. Xiong Shawaiနှင့် တာဝန်ရှိသူတို့အား တွေ့ဆုံ၍ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ့တပ်မတော်မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၃ သိန်း ကျော် တန်ဖိုးရှိ Surgical Masks (2 Ply) ၉၀၀၀၀ ၊ Type- N 95 (SM Particulate Respirator Masks) ၉၀၀၀၀ ၊ Safety Goggles ၉၀၀၀၀ စသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ထည့်ထားသည့် ဆေးပုံးများအား တပ်မတော်လေယာဉ်ပေါ်သို့ တင်ဆောင်၍ (ယာပုံ) နံနက် ၈ နာရီတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ တရုတ်နိုင်ငံသံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁ နာရီ ၅ မိနစ်တွင် ရောက်ရှိကြရာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Joint Logistic Support Force ၊ Guilin Center ၏ နိုင်ငံရေးမှူးဖြစ်သူ Major General Zhang Pingjunနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဆေးဘက်ဆိုင်ရာပစ္စည်းများလှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ Major General Zhang Pingjun က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဆေးဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း စာလွှာ နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်သည့် အဖွဲ့သည် မြန်မာ့တပ်မတော်လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။ သတင်းစဉ်

Coronavirus Disease 2019(COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး(ပဉ္စမအကြိမ်) ကျင်းပ




Image may contain: 9 people, people sitting, table, food and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅



Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီ(ပဉ္စမအကြိမ်) ညှိနှိုင်း အစည်းအဝေးကို နံနက် ၁၁ နာရီက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်း အစည်းအဝေးတွင် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက COVID-19 လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အထူးသဖြင့် ဝူဟန်မြို့တွင် အဓိကကူးစက်ပျံ့နှံ့ခဲ့ သော်လည်း ယခုအခါ အခြားနိုင်ငံများ အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့် နိုင်ငံများအပါအဝင် ကူးစက် ပျံ့နှံ့မှု များပြားလာလျက်ရှိကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၌ ရောဂါ ကူးစက်ပြန့်ပွားမှုသည် ပြည်သူလူထု အတွင်း၌ စတင်ဖြစ်ပွားခဲ့ကာ ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေသည့် ကာလ Ascending phase ဖြစ်နေသည့် အတွက် ယခုကာလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးသည်များ အား သေချာစွာကြပ်မတ်ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံအတွင်း ၌ Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အတည်ပြု ရောဂါ လူနာမတွေ့ရှိသေးသော် လည်း ကူးစက်ရောဂါဖြစ်ပွားမှုများ သည် အချိန်၊ နေရာမရွေး၊ လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ် ဆောင်ရွက် လျက်ရှိပါကြောင်း။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက် ပေါက်များအနေဖြင့် လည်းကောင်း၊ ဆေးရုံအခြေပြုနှင့် ပြည်သူလူထု အခြေပြုအနေဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ လူထုအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများသည်လည်း အရေးကြီးသော အနေအထားတွင် ပါဝင်ပြီး သက်ဆိုင်ရာ နှီးနွှယ်ဌာန များမှ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စေရန်အတွက် COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့) သတင်းပေးပို့တိုင်ကြားရမည့် ရောဂါ အဖြစ် သတ်မှတ်နိုင်ရေးစီစဉ်လျက်ရှိ ပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးများ ပြုလုပ်ခြင်းအား ရှောင်ကြဉ်ခြင်းအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှလည်း တိုက်တွန်း ထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့်လည်း နှိုးဆော် ချက်များ ထုတ်ပြန်ပြီးဖြစ်ကာ အကယ်၍ မဖြစ်သာသဖြင့် လူအများ စုဝေးသော ပွဲလမ်းသဘင်များ ဆောင်ရွက်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကျန်းမာရေးအသိပညာ ပေးချက်များအား လိုက်နာဆောင်ရွက် ရန်ဖြစ်ပါကြောင်း။
နေပြည်တော်တွင် ကျင်းပမည့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ် ကပ်လှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် နှီးနွှယ်ဌာနများဖြင့် အစည်းအဝေးကျင်းပခဲ့ပြီး သေချာစွာ စိစစ်လုပ်ဆောင်ရန် ပြင်ဆင်ထားရှိပါ ကြောင်း၊ Visa ကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်းများ ဆောင်ရွက်ခြင်း သည် အရေးကြီးပြီး လူဝင်မှုကြီးကြပ် ရေးနှင့် နိုင်ငံခြားရေးဌာနများဖြင့် အဓိက ပူးပေါင်းလုပ်ဆောင်သွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မကြာမီကျင်းပရန်ရှိသည့် အာဆီယံ အဆင့် Health Cluster Meeting အား ရက်ရွှေ့ဆိုင်းခဲ့ပါကြောင်း၊ ရောဂါ ဖြစ်ပွားမှုများသော နိုင်ငံများတွင် သွားရောက် တက်ရောက်နေသည့် ဝန်ကြီးဌာနအသီးသီးမှ ပညာသင် ကျောင်းသားများအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည့် အနေအထားများကို လည်း ကြိုတင်ပြင်ဆင်နိုင်ရန်ဖြစ် ကြောင်း။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များ နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် လုပ်ငန်း လမ်းညွှန်များကိုလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထား သော လုပ်ငန်းလမ်းညွှန်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှုဖြင့် သေချာစွာ ဆောင်ရွက်လာနိုင်သည့် အခြေအနေ သို့ ရောက်ရှိနေသည်ကို တွေ့ရှိရပါ ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း မှလည်း ပြည်သူများ၏ လူမှုစီးပွားရေးတည်ငြိမ်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးစသည့် ကဏ္ဍတို့တွင် ထိခိုက်မှုနည်းပါးစေရန် တိုက်တွန်းလျက် ရှိပါကြောင်း၊ အသစ်ဖြစ်ပွားလာသော ရောဂါများ နှင့် ပြန်လည်ဖြစ်ပွားလာသော ရောဂါ များ ဖြစ်ပွားမှုများတွင် SARS-CoV, MERS-CoV နှင့် Avian Influenza စသည့်ရောဂါများသည် ယခု ဆယ်စု နှစ်များအတွင်း ပုံမှန်ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရှိရသဖြင့် လူအများ၏ ကျန်းမာရေးအပြင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် လူမှုစီးပွားရေးများပါ ထိခိုက်နိုင်သည့် အတွက် ထိခိုက်နစ်နာမှုများ နည်းနိုင် သမျှ နည်းပါးစေရန်အတွက် သက်ဆိုင်ရာ နှီးနွှယ်တာဝန်ရှိသူများ အားလုံး အတူတကွလက်တွဲဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် ယခု ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီအစည်းအဝေးကို တစ်ပတ် လျှင် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါ ကြောင်းနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ယခု အစည်းအဝေးဆုံးဖြတ်ချက် များကို စုစည်း၍ ဗဟိုကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာ အသီးသီးမှ မိမိတို့ ဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ဆက်လက်လုပ်ဆောင်ရမည့် အရာ များနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် အချက်များအား ဗဟိုကော်မတီသို့ တင်ပြနိုင်ရေးအတွက် အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

(၁၅) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု တိုင်ကြားမှုယန္တရားကို စတင်လည်ပတ်ဆောင်ရွက်နေပြီဖြစ်ပြီး အဓမ္မခိုင်းစေမှုနှင့်စပ်လျဉ်း၍ မည်သူမဆို တိုင်ကြားနိုင်




Image may contain: one or more people, people sitting, living room and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်း၍ (၁၅) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
လုပ်ငန်းခွင်အေးချမ်းသာယာရေး အထောက်အကူဖြစ်စေ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုကျင်းပသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပ ခြင်းဖြင့် အလုပ်သမားရေးရာကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားများ/အလုပ်သမားအဖွဲ့အစည်းများအကြား နှစ်ဦး နှစ်ဖက် အပြန်အလှန်အသိအမှတ်ပြု လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုရရှိပြီး လုပ်ငန်းခွင် အေးချမ်းသာယာရေးကို အထောက်အကူဖြစ်စေသည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားအားလုံး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပါကြောင်း။
ယနေ့ (၁၅) ကြိမ်မြောက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အဓမ္မခိုင်းစေမှုများတိုင်ကြားနိုင်သည့် National Complaints Mechanism NCM အကောင် အထည်ဖော်ဆောင်ရွက်မှု၊ TWG-LLR တွင် ဆွေးနွေးနေသည့်အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းဥပဒေ (အဆိုပြုမူကြမ်း) တိုးတက်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု သိရှိရပါကြောင်း။
အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းရန်
၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာတိုင်ကြားမှုယန္တရား အကောင်အထည်ဖော်မှု၊ အမျိုးသားကော်မတီ ဖွဲ့စည်းမှုတို့ကို ဆွေးနွေးခဲ့ရာတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ် များနှင့် ILO တို့၏ အကြံပြုချက်အရ အမျိုးသားကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း။
ယခုအခါတွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုတိုင်ကြားမှုယန္တရားကို စ တင်လည်ပတ်ဆောင်ရွက်နေပြီဖြစ်ပြီး အဓမ္မခိုင်းစေမှုနှင့်စပ်လျဉ်း၍ မည်သူမဆို တိုင်ကြားနိုင်ကြောင်းကိုလည်း မီဒီယာများမှတစ်ဆင့် အများ ပြည်သူသို့ အသိပေးထုတ်လွှင့်လျက်ရှိပါကြောင်း။
ထိရောက်မှုရှိပြီး ပြည်သူကယုံကြည်ရသည့် ယန္တရားဖြစ်ရန်
သို့ဖြစ်ပါ၍ အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက် သည့်နေရာတွင် ထိရောက်မှုရှိပြီး ပြည်သူကယုံကြည်ရသည့် ယန္တရားဖြစ်ရန် နှင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ILO နှင့် ပူးပေါင်း၍အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီဝင်များ အတွက် Orientation Section ကိုဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်ကျင်းပရန် ရှိပြီး NCM ကိုတိုင်ကြားလာသည့် အဓမ္မခိုင်းစေမှုများကို လက်ခံဆောင်ရွက် မည့် သက်ဆိုင်ရာဌာနများက အရာထမ်း၊ အမှုထမ်းများကိုလည်း ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်များတွင် ILO မှ သင်တန်းများ ပို့ချပေးခဲ့ပါကြောင်း။
အဓမ္မခိုင်းစေမှု တိုင်ကြားမှုယန္တရား လည်ပတ်ဆောင်ရွက်ရာတွင် စနစ် တကျနှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် Moblie phone application နှင့် Data base ထူထောင်နိုင်ရန်အတွက်လည်း ILO က အမြန်ဆုံးကူညီ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ပကတိအခြေအနေနှင့် လျော်ညီအောင် ရေးဆွဲနိုင်ရန်
၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြန်လည်ရေးဆွဲရာတွင် အလုပ်သမားများ၏ တောင်းဆိုချက်၊ အလုပ်ရှင်များ၏ လိုလားချက်များကို နိုင်ငံတော်၏ ပကတိအခြေအနေနှင့် လျော်ညီအောင် ရေးဆွဲနိုင်ရန် လိုအပ်ပြီး နိုင်ငံတကာစံနှုန်းများနှင့် အတတ်နိုင်ဆုံး ကိုက်ညီစေရန် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီရန် လိုအပ်မည်ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် 10th TWG-LLR နှင့် 11th TWG-LLR တို့တွင် အချို့အချက်များကို သုံးပွင့်ဆိုင် အပြုသဘောဆွေးနွေးသဘောတူညီချက်ရရှိခဲ့သည်ကို သိရှိရ၍ ဝမ်းသာပါကြောင်း၊ နောက်တစ်ကြိမ် ကျင်းပမည့် 12th TWG-LLR တွင်လည်း သုံးပွင့်ဆိုင် အပြုသဘောဆောင်သည့် သဘောတူညီချက်များ ရယူနိုင်မည်ဟု ယုံကြည်ပါကြောင်း။
အလုပ်သမားများအားလုံး အားထားရသည့် စံနမူနာပြအဖြစ် ရပ်တည်
အလုပ်သမားအဖွဲ့ချုပ်များသည် မြန်မာတစ်နိုင်ငံလုံး ရှိ အလုပ်သမားများကို ကိုယ်စားပြုပြီး အလုပ်သမားများ၏ကိုယ်စား ဦးဆောင်ဦးရွက်ပြု ဆောင်ရွက် ရခြင်းကြောင့် အဖွဲ့အစည်းများအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် အလုပ်သမားများ အားလုံးက လေးစားအားထားရသည့် စံနမူနာပြအဖြစ် ရပ်တည်ပြီး အလုပ်သမားများ၏အကျိုးကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ် သမားကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာ သည့် ကိုယ်စားလှယ်များက အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး"Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲသို့ တက်ရောက်အားပေး




Image may contain: one or more people and people on stage
နေပြည်တော် ဖေဖော်ဝါရီ ၂၅



ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆိုတီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သော ဂျပန်အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်သည့် "Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန -၂ ၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်အားပေးသည်။
အဆိုပါ ဂန္ထဝင်ဂီတဆည်းဆာ ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီးနှင့် နိုင်ငံတကာသံတမန် များ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် တေးဂီတချစ်မြတ်နိုးသူများ တက် ရောက်ကြသည်။
ဖျော်ဖြေပွဲကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သီချင်း သံစဉ်တေးသွားနှင့် ဂျပန်နိုင်ငံ နိုင်ငံတော်သီချင်း သံစဉ်တေးသွား တို့ကို တီးခတ်ပြီး စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆိုတီးဝိုင်း ခေါင်းဆောင် Mr. Yunosuke Yam-amoto (Conductor & Composer) ဦးဆောင်သည့် ဂျပန်အနုပညာရှင်များ ပူးပေါင်း၍ Emperor ၊ From the New World၊ Trumpeter’s Lullaby ၊ Fiddle – Faddle ၊ Pomp and Cir-cumstance၊ Home Sweet Home စသည့် အနောက်တိုင်း တေးသွား များနှင့် ဂန္ထဝင်သံစဉ် တေးသွားများကို လည်းကောင်း၊ လူချွန်လူကောင်း၊ ဘယ်ပန်းချီရေးလို့မမှီ၊ မန်းတောင် ရိပ်ခိုစသည့် မြန်မာသံစဉ်တေးသွား များကို လည်းကောင်း တီးမှုတ် ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုပန်းစည်း ပေးအပ်
ဖျော်ဖြေတင်ဆက်မှုအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto ကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
ဆက်လက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင်၏ ဇနီး စန္ဒရားပညာရှင် Mrs. Kyoko Yamamoto ကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ဂျပန်ဂီတပညာရှင် များအဖွဲ့ကို လည်းကောင်း၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့ကို လည်းကောင်း ဂုဏ်ပြု ပန်းစည်းနှင့် ပန်းခြင်းများ ပေးအပ် သည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များသည် ဖျော်ဖြေတင်ဆက် သွားကြသည့် ဂီတပညာရှင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
"Myanmar National Sym- phony Orchestra Concert 2020" ဖျော်ဖြေပွဲကိုဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ Novotel ဟိုတယ်၌ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ယခု ဖျော်ဖြေမှုသည် ဒုတိယကြိမ် ပူးပေါင်း ဖျော်ဖြေတင်ဆက်မှုဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အားလက်ခံတွေ့ဆုံ



Image may contain: 3 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅



ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦးသည် International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Stephan Saka- lian အား ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ် များ ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ ဥပဒေအရာရှိများ အတွက် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် စပ်လျဉ်းသည့် အရည်အသွေးမြှင့်တင် ခြင်းဆိုင်ရာကိစ္စ၊ ICRC နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၂၀) ကျင်းပ




Image may contain: 1 person, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅



မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myan-mar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော် အသီးသီးအနေဖြင့် ယခုသက်တမ်းအတွင်း ဆောင်ရွက် သင့်၊ ဆောင်ရွက်ထိုက်သည့် လုပ်ငန်း များကို အားလုံးပြီးစီးအောင် ဆောင်ရွက်နေကြသည်ဟု ယုံကြည် ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကို အတည်ပြုပြဋ္ဌာန်း နိုင်ခဲ့ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များအကြား တွင်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ တစ်ခုနှင့် တစ်ခုအကြားတွင် လည်းကောင်း ဆက်သွယ် ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာပြီး Institution တစ်ခုကဲ့သို့ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ (MPU) ကို လွှတ်တော် များ ပိုမိုအားကောင်းလာရန်နှင့် လွှတ်တော်ဆိုင်ရာ အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းနိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ စနစ် ပြုပြင်ပြောင်းလဲမှုတိုးတက်‌ရေး တွင် လွှတ်တော်များ ခိုင်မာ အားကောင်းရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က အစည်း အဝေး (၁/၂၀၁၉) ဆုံးဖြတ်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လွှတ်တော် ရေးရာကိစ္စရပ်များနှင့် လွှတ်တော် အလိုက် ကြုံတွေ့ရသည့် အခြေအနေ များကိုလည်းကောင်း၊ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ရုံးအဖွဲ့မှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြား ရေးမှူးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ရုံးများနှင့် စပ်လျဉ်းပြီး ရုံးလုပ်ငန်းနှင့် ဝန်ထမ်း ရေးရာကိစ္စတို့ကို ရှင်းလင်းတင်ပြ ပြီးနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်