Wednesday, November 27, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉) သို့ တက်ရောက် ရေရှားပါးမှုပြဿနာ ရေရှည်လျော့ပါးစေရေးအတွက် ရေရှည်အစီအမံများ ဆောင်ရွက်ကြစေလို




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၆




အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်း အဝေး (၃/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဖွဲ့စည်းပြီးနောက် ရေနှင့်ဆက်နွှယ်သည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ်များ ထိရောက်စွာစီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေး တို့တွင် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးရန် ကော်မတီ၏ ရှေ့လုပ်ငန်း စဉ် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပလျက်ရှိရာ ယခုအကြိမ်သည် (၁၁)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း။
ညှိနှိုင်း အစည်းအဝေးများမှ တစ်ဆင့် ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှု နှင့် ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှု တို့တွင် ထိရောက်စွာ ညှိနှိုင်းဆောင် ရွက်နိုင်ခဲ့ကြပါကြောင်း။
ကြိုးပမ်းဆောင်ရွက်
၂၀၁၈ ခုနှစ်အတွင်း ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ ပါဝင်ခဲ့ကြပြီး ရေကြီးရေလျှံမှုလျော့ပါးရေးအတွက် ကော်မတီများဖွဲ့စည်းမှု၊ ရေတို၊ ရေလတ်နှင့် ရေရှည်အစီအမံ များ ရေးဆွဲဆောင်ရွက်မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်များကို တွေ့ရှိရပါကြောင်း၊ ယခုနှစ် မိုးရာသီ ကာလ၌ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုနှင့် မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မြေပြိုမှုများ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံသို့ နှစ်နိုင်ငံ ပူးတွဲ ညှိနှိုင်းကော်မတီမှတစ်ဆင့် ဆက် သွယ် အကူအညီတောင်းခံချက်အရ စက်တင်ဘာ လလယ်ခန့်တွင် နယ်သာလန်ပညာရှင်များပါဝင်သည့် Disaster Risk Reduction Team လာရောက်ခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော ဒေသများသို့ လေ့လာခဲ့ပါကြောင်း၊ လေ့လာမှု အစီရင်ခံစာကို အဆိုပါအဖွဲ့မှ ပေးပို့ တင်ပြမည်ဖြစ်ပြီး ပေးပို့လာပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ကြီး ဌာနအဖွဲ့အစည်းများသို့ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ပါကြောင်း။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်
ယခုအခါ မိုးတွင်းကာလကုန်ဆုံး ပြီဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှု ပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အလားအလာ များရှိရာ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ရေရှားပါးမှုပြဿနာ ရေရှည် လျော့ပါးစေရေးအတွက် လတ်တလော ရေတိုဖြေရှင်းမှုများ အတွက်သာမက ရေရှည်အစီအမံများ ကိုလည်း လျာထားတင်ပြဆောင်ရွက် ကြစေလိုပါကြောင်း၊ ရေလှောင်တမံ ကြီးများမှတစ်ဆင့် သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေရေး၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေး၊ ရေကြီးမှုနှင့် ရေရှားပါးမှု လျော့နည်းသက်သာစေ ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ထည့်သွင်း စဉ်းစား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
သဘာဝသယံဇာတများ တူးဖော် ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် ရေအရင်းအမြစ်များ ညစ်ညမ်းမှု လျှော့ချရေးအတွက် ထုတ်ပြန်ထား သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြော်ငြာစာများအား မြေပြင်တွင် လိုက်နာမှု ရှိ၊ မရှိကို သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား စစ်ဆေးကြပ်မတ်ပေးကြရမည် ဖြစ်ပါ ကြောင်း၊ ရတနာနယ်မြေများအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် မိုးရာသီကာလ သစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်းများကို နှစ်စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီနှင့် ရေဆိုင်ရာဝန်ကြီး ဌာန အဖွဲ့အစည်းများအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း နိုင်ငံများ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်း များ၊ လေ့လာမှုများသည်နိုင်ငံနှင့် နိုင်ငံသားအများစုအတွက် အမှန် တကယ် ထိရောက်အကျိုးရှိရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင် ရွက်မှုများနှင့် ပတ်သက်၍ သက်ဆိုင် ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများ အကြား လိုအပ်သလို ပူးပေါင်းညှိနှိုင်း ပံ့ပိုးပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ဘဏ္ဍာငွေများစွာကျခံ
နိုင်ငံတော်အနေဖြင့် ရေကဏ္ဍ အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် စေရန် နှစ်စဉ် ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်လျက်ရှိရာ နိုင်ငံ တော်၏ ဘဏ္ဍာငွေများသုံးစွဲကြရာတွင် ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ် တကျ ကြီးကြပ်ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း။
နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့် အမျိုးသားရေဥပဒေ ပြုစုရေးနှင့် ပတ်သက်၍ အချိန်မီပြီးစီး အောင် ဆက်လက်ဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် အဆိုပါရေဥပဒေ တွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့ အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြကြစေလိုပါကြောင်း။
ကော်မတီနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများရှိ ကော်မတီဝင်များနှင့် ကိုယ်စားလှယ် များအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ ဝန်ကြီးဌာန အဖွဲ့ အစည်းများအကြား ညှိနှိုင်းဆောင် ရွက်ရန်ကိစ္စရပ်များ၊ အကြံပြုချက် များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်း၊ နိုင်ငံ နှင့် ပြည်သူများအတွက် အကျိုးရှိ စေသည့် ရေအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး နှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ အနေဖြင့်လည်း ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမျိုးသားရေဥပဒေထွက်ပေါ်လာရေးနှင့် စပ်လျဉ်းသည့် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ နွေရာသီရေရှားပါးမှုအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြစ်ချောင်းထိန်းသိမ်းမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကော်မတီတွဲဖက် အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု ပြီးစီးမှုများနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချိုက ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ရေကဏ္ဍအပေါ် သက်ရောက်မှုများကို ဆွေးနွေးတင်ပြ သည်။
ယင်းနောက် အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်း က ရေကဏ္ဍတွင် ပါဝင်ကူညီဆောင် ရွက်နေကြသည့် ပြည်တွင်းကုမ္ပဏီ များအား အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီအနေဖြင့် လိုအပ် သလို စိစစ်ပံ့ပိုးပေးနိုင်ရန် အကြံပြု ဆွေးနွေးတင်ပြသည်။
ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
ထို့နောက် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်း၊ အဆင့် မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါ်သွေးသွေးချစ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းဆွေးနွေး အကြံ ပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို တောင်ကြီးမြို့တွင် ကျင်းပ




Image may contain: 18 people, people standing, wedding and indoor
နေပြည်တော် နိုဝင်ဘာ ၂၆



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ တို့ ပူးပေါင်း၍ Deutsche Gesellschaftfur International Zusammenarbeit (GIZ)၏ ပါဝင် ကူညီမှုဖြင့် ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ် နှံမှု ဖိုရမ်ကို ယနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ကျင်းပသည်။
ပြခန်းများ ခင်းကျင်းပြသ
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံအမတ်ကြီး Mr. Thomas Neisinger ၊ ရှမ်းပြည် နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြန်မာနိုင်ငံအခြေ စိုက် ပြည်ပသံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်နိုင်ငံ၊ ဂျာမနီ နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ရုရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ၉၂ ဦး တက်ရောက် ခဲ့ကြသည်။ ထို့ပြင် ဖိုရမ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများ လည်း ခင်းကျင်းပြသခဲ့သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဖိုရမ်ဖွင့်ပွဲကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်း ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mr. Thomas Neisinger တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာ စကားပြောကြားကြသည်။
စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက အမှာစကား ပြောကြားရာတွင် “မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် စိုက်ပျိုးရေးကဏ္ဍသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အရေးကြီးပါကြောင်း၊ စားနပ် ရိက္ခာဖူလုံစေရန်နှင့် အားလုံးပါဝင် သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သည် လွန်စွာအရေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု တွင် ပါဝင်နိုင်ရန်အတွက် စိုက်ပျိုး ရေးဆိုင်ရာထုတ်ကုန်များ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဤဖိုရမ်မှ ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာရေး ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် ရှမ်း ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပသည်။
မွန်းလွဲပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဆက်လက် ကျင်းပသည်။
ရင်းနှီးမြှုပ်နှံမှုအလားအလာရှိ
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့ တက်ရောက်နေသူများသည် အေးသာယာစက်မှုဇုန် အပါအဝင် ရင်းနှီးမြှုပ်နှံမှု အလားအလာရှိသော နေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအတွက် ကျား/မ ရေးရာတန်းတူညီမျှမှု လမ်းညွှန်၊ ကြီးပွားတိုးတက်ရေးအတွက် အမြန်ဆုံးနည်းလမ်း” စာအုပ်အထူးမိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်



Image may contain: one or more people and indoor
နေပြည်တော် နိုဝင်ဘာ ၂၆



မြန်မာနိုင်ငံရေးသင်တန်းကျောင်း Myanmar School of Politics (MySoP)က ကျင်းပသည့် “မြန်မာနိုင်ငံရှိနိုင်ငံရေးပါတီများအတွက် ကျား/မ ရေးရာ တန်းတူညီမျှမှုလမ်းညွှန်၊ ကြီးပွားတိုးတက်ရေးအတွက် အမြန်ဆုံးနည်းလမ်း” စာအုပ် အထူးမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နယ်သာလန်သံရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အလေးထားကူညီ
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှ သိန်းက ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်သည် ဆိုသည့် အခြေခံမူကို အလေးထား ကြပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းနှင့် ဆန္ဒမဲပေးခြင်းတို့သည် လူသား အားလုံး ကျား/မတန်းတူညီမျှပါဝင် ခွင့်ရှိသော လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသမီး များ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း နှင့် စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်း ၃၀၆၉ ဦးအနက် အမျိုးသမီးဦးရေ ၁၂၇ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်တွင် (၄ ဒသမ ၁) ရာခိုင်နှုန်း ရွေးချယ် ခဲ့ပါကြောင်း၊ ၂၀၁၅ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၆၀၃၈ ဦးအနက် အမျိုးသမီး ဦးရေ ၈၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်တွင် အမျိုးသမီး ရွေးချယ် ခံရမှု (၁၃) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် အတွက် နိုင်ငံရေးပါတီများအနေဖြင့် အလေးထားကူညီ ဆောင်ရွက်ပေး စေလိုပါကြောင်း။
အထောက်အကူပြု
မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်The Convention on the Elimination of all Forms of Discrimination Against Women (CEDAW) ပါ အချက်အလက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် (CEDAW) တွင် ပါဝင်သည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရွေးကောက် တင်မြှောက်ခြင်းနှင့် ရွေးကောက်ခံပိုင်ခွင့်စသည့်ကဏ္ဍများတွင် ကျား/မတန်းတူညီမျှရေး၊ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးကိစ္စရပ်များကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျား/မရေးရာ တန်းတူညီမျှရေး လုပ်ငန်းတာဝန်များအရ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တွင် အမျိုးသမီး အဖွဲ့ဝင်ပါဝင်မှု မြှင့်တင်ရေးဆောင် ရွက်ခဲ့ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများတွင် ၂၆ ရာခိုင် နှုန်း၊ ခရိုင်အဆင့်တွင် ၁၆ ရာခိုင်နှုန်း နှင့် မြို့နယ် အဆင့်တွင် ၁၅ ရာခိုင် နှုန်းထိ တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ အမျိုးသမီး ဝန်ထမ်းများကိုလည်း တိုးမြှင့်ခန့်ထားနိုင်ခဲ့ပြီး လက်ရှိအချိန် တွင် ကော်မရှင်ရုံးနှင့်ကော်မရှင်အဖွဲ့ခွဲ ရုံးအဆင့်ဆင့်တွင် အမျိုးသမီး ဝန်ထမ်း ၅၈ ရာခိုင်နှုန်းထိ ခန့်အပ် ပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းရာ တွင် အမျိုးသမီးများပါဝင်မှုကို ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ ယခု ထုတ်ဝေမည့်စာအုပ်သည် နိုင်ငံရေး ပါတီများအတွက် ကျား/မ တန်းတူ ညီမျှရေးကို မြှင့်တင်ဆောင်ရွက်ရာ တွင် များစွာ အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးမှ ကိုယ်စားလှယ် Ms. Linda van der Horst နှင့် အင်ဒို နီးရှား လွှတ်တော်အမတ်ဟောင်း Ms. Eva K Sundari တို့က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ထားဝယ်မြို့ရှိ ဒေသခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား လက်ခံတွေ့ဆုံ




Image may contain: one or more people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၆



တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီ တိုးချဲ့ရပ်ကွက် ဇလပ်ဖြူလမ်းနှင့် ယင်းမာလမ်းကြား အကွက်အမှတ် ၂၄ တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိကာ ရုံးအဆောက် အအုံတည်ဆောက်နိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
စံချိန်စံနှုန်း အရည်အသွေးထိန်းသိမ်း
ပြည်ထောင်စုဝန်ကြီးက ရုံး အဆောက်အအုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေရရှိပြီး ဖြစ်၍ ရုံးအဆောက်အအုံ ဆောက်လုပ် ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အပ်နှံ ထားပြီးဖြစ်ပါကြောင်း၊ တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါ ခေါ်ယူရွေးချယ်နိုင်ရေး၊ တည်ဆောက် ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ ကြီးကြပ်၍ စံချိန်စံနှုန်းနှင့် အရည် အသွေးထိန်းသိမ်းပြီး ဘဏ္ဍာနှစ် အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ ဒေသ နှင့်ကိုက်ညီသော အခင်းအကျင်းများ၊ ပတ်ဝန်းကျင် မြေပြင်အခြေအနေနှင့် အညီဆောင်ရွက်သွားရန် တာဝန်ရှိ သူများအား မှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ဦးစီး ဌာန ညွှန်ကြားရေးမှူးရုံး အဆောက် အအုံ တည်ဆောက်မှုတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ မြေပြုပြင် ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ရာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌ တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အအုံ ပေ (၆၀ x ၈၀) သံကူကွန်ကရစ် နှစ်ထပ် တည်ဆောက်ခြင်းအပါအဝင် ခြံစည်းရိုးကာရံခြင်း၊ ဂိတ်တံခါး၊ အဝင်လမ်းခင်းခြင်း၊ ပြင်ပရေသွယ် တန်းခြင်း၊ ပြင်ပလျှပ်စစ်မီးသွယ်တန်း ခြင်း၊ ကားရပ်နားရန်နေရာနှင့် ချဉ်းကပ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
တိုင်းရင်းသားအခွင့်အရေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာခန်းမ၌ ထားဝယ်မြို့ရှိ ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအသင်းအဖွဲ့များအား တွေ့ဆုံပြီး (အပေါ်ပုံ) တိုင်းရင်းသားများက တိုင်းရင်းသားအခွင့်အရေးကိစ္စ၊ စာပေ ယဉ်ကျေးမှုကိစ္စတွင် နစ်နာဆုံးရှုံးမှု များရှိပါက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ရုံးများတွင် သွားရောက်တင်ပြနိုင်ပါ ကြောင်း၊ ရှေးယခင်က ကမ္ဘာပေါ်တွင် လူမျိုး ပေါင်း ၇၀၀၀ ကျော်ရှိပြီး ယနေ့ စစ်တမ်းအရ လူမျိုးပေါင်း ၃၀၀၀ ကျော်သာ ကျန်ရှိသည်ဟု သိရပါကြောင်း၊ တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များ အနေဖြင့် တိုင်းရင်းသားတို့၏ လူမျိုးစကား စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အဓိက ထိန်းသိမ်းစောင့်ရှောက်သွား ရန်လိုပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးနေ သည့် ကမ္ဘာ့ရေစီးကြောင်း၌ တိုင်းရင်း သားများက ရင်ပေါင်တန်းနိုင်ရေး အတွက် စာပေဗဟုသုတနှင့် ဉာဏ်ပညာထက်မြက်ရန် ကြိုးစားကြ ရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုး များကို ဦးဆောင်သည့် ခေါင်းဆောင် များက စည်းလုံးညီညွတ်ကြရန် လိုပါ ကြောင်း၊ ထာဝရငြိမ်းချမ်းသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင် ရေး တိုင်းရင်းသားများအားလုံး ပူးပေါင်းကြရန် ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသ ကြီး ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးစောလုကာက နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ပြန်လည်ရှင်းလင်း
ယင်းနောက် ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များက စာပေယဉ်ကျေးမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြပြီး ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ တို့က ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများဖလှယ်နိုင်ရေးစကားဝိုင်းနှင့် အဂတိလိုက်စားမှုအပေါ် ထင်မြင်ယူဆချက်ညွှန်းကိန်း(CPI) ဆွေးနွေးပွဲ ကျင်းပ




Image may contain: 18 people, people smiling
နေပြည်တော် နိုဝင်ဘာ ၂၆



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှု (ချက်သမ္မတနိုင်ငံ) မစ်ရှင်အဖွဲ့ (Transparency International – Czech Republic) ၏ ညွှန်ကြားရေးမှူး Mr. David Ondracka နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက် ရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်သောအလေ့အထများနှင့် အတွေ့အကြုံများ၊ အဂတိလိုက်စားမှုကျူးလွန်ရာမှရရှိသည့် ပိုင်ဆိုင်ပစ္စည်း များကို ပြန်လည်ရယူနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကော်မရှင် အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥပဒေအခြေခံအဆောက် အဦခိုင်မာရေး၊ အသိပညာပေးရေး၊ တားဆီး ကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာများ၊ စိန်ခေါ်မှုများနှင့် နှစ်ဖက်အဖွဲ့ အစည်းအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ အကူအညီပေးရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
ဆက်လက်၍ Corruption Perception Index-CPI တွက်ချက်သတ်မှတ်မှုနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ TI မှ ကျွမ်းကျင် ပညာရှင် Mr. OndrejCakl က CPI တွက်ချက်သတ်မှတ်သည့် အခြေခံ အချက်များအပေါ် ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြ သူများက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး၊ အဖွဲ့ဝင် များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများ၊ ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မွန်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်




Image may contain: one or more people, tree, sky, outdoor and nature
နေပြည်တော် နိုဝင်ဘာ ၂၆



နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့်အတူ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးသွားရန်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အင်္ဂဘို-ကဒိုင် ဒွတ်-မိုးဘောလမ်း (၂၂/၀)မိုင်အနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့သော ကျောက်ခင်းလမ်း (၅/၄) မိုင်နှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်လျက် ရှိသည့် ကျောက်ခင်းလမ်း (၃/၅)မိုင် ဖောက်လုပ်နေမှုလုပ်ငန်းခွင်နှင့် ဘီးလင်း မြို့နယ် မရမ်းကုန်း-ရွှေကြည်လမ်း (၄/၆)မိုင်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်လမ်း (၃/၀) မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်သွားမည့်ကျောက်လမ်း (၁/၆) မိုင်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့်လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ပြီး တာဝန် ရှိသူများက လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသောလုပ်ငန်းများသည် ဒေသအတွင်းရှိ ကျေးရွာ ၁၆ ရွာမှ အိမ်ထောင်စု ၂၀၇၅ စုတို့အတွက် အကျိုးပြုမည့်လုပ်ငန်းဖြစ်သဖြင့် တာဝန်ခံ ကုမ္ပဏီများအနေဖြင့် နိုင်ငံ‌တော်ခွင့်ပြုရန်ပုံငွေနှင့် ထိုက်တန်စွာ စံချိန်စံညွှန်း ပြည့်မီစေရေး၊ ရေရှည်တည်တံ့စေရေး စေတနာထားဆောင်ရွက်သွားကြရန်နှင့် ကြပ်မတ်စစ်ဆေးသူများကလည်း စနစ်တကျ စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး သွားရန် မှာကြားသည်။
ယင်းနောက် လမ်းလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးကျောက်၊ ဖြုန်း၊ သံချောင်းများနှင့် လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများ စစ်ဆေးကြပ်မတ်မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများကလည်း တည်ဆောက်ပြီးခဲ့သော လမ်းအပိုင်း လိုက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်သည်များ ညှိနှိုင်းဖြည့် ဆည်းပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လမ်းကြောင်း အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်‌ရေးရုံးသို့ရောက်ရှိပြီး မွန်ပြည်နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အုပ်ချုပ်မှုဆိုင်ရာအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်းလမ်း(၇/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းခွင်သို့ ဆက်လက် ထွက်ခွာခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သော ကျောက်လမ်း (၃/၀) မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက်မည့် ကျောက်လမ်း (၄/၄)မိုင် လုပ်ငန်းပြင်ဆင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများဖြစ်သော လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၅ ဒသမ ၀၅၂ ဘီလီယံဖြင့် အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲကျင်းပ




Image may contain: one or more people and people standing
နေပြည်တော် နိုဝင်ဘာ ၂၆




၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ အတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ သင်တန်းသား၊ သင်တန်းသူများ၊ International Institute for Dem-ocracy and Electoral Assistance (International IDEA) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
စွမ်းဆောင်ရည်များ
မြင့်မားနေရန် လိုအပ်
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ဖွင့်လှစ်သည့် စွမ်းရည်မြှင့်သင်တန်းသည် တတိယ အကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါ ကြောင်း၊ ပထမအကြိမ် သင်တန်းကို သင်တန်းသား ၁၀၄ ဦး၊ ဒုတိယအကြိမ် သင်တန်းကို သင်တန်းသား ၉၃ ဦး ဖြင့် အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) ကိုရေးဆွဲ၍ လုပ်ငန်းစဉ်များ အလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ယူဆောင်ရွက် နေရသည့်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင် ရန်အတွက် အရည်အသွေးနှင့် စွမ်းဆောင်ရည်များ မြင့်မားနေရန် လိုအပ်ပါကြောင်း။
မျှဝေခြင်းများ ပြုလုပ်ရန်လိုအပ်
သင်တန်းတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် အဓိကကျ သောသင်ခန်းစာများကို ခေါင်းစဉ် ၁၀ ခုဖြင့် ပို့ချပေးသွားမည်ဖြစ်ပါ ကြောင်း၊ လက်ရှိအချိန်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြုစုပြီးဖြစ်ပါ ကြောင်း၊ ရရှိထားပြီးဖြစ်သည့် မဲစာရင်းများကို လုပ်ငန်းစီမံချက် အတိုင်း Up to Date ဖြစ်စေရန် စိစစ် ပြင်ဆင်ဆောင်ရွက်သွားမှသာ ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိ မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် (၁) နှစ်ခန့်သာ လိုတော့သည့်အတွက် လုပ်ငန်းများစဉ် ဆက်မပြတ်ရှိနေမည် ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ် အလိုက် လုပ်ဆောင်ရမည့်ကိစ္စရပ် များကို အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်နေမှသာ လုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိ၍ ရွေးကောက် ပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင် မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း သည် ဆရာဖြစ်သင်တန်းဖြစ်သည့် အတွက် သင်တန်းသားများအနေဖြင့် သင်တန်းက ပို့ချသည်များကို စနစ် တကျ လေ့လာသင်ယူကြရန်နှင့် မိမိတို့ကိုယ်တိုင် လက်တွေ့ဆောင် ရွက်ရသည့်အတွေ့အကြုံများ ဖလှယ် ခြင်း၊ ဗဟုသုတများ မျှဝေခြင်းများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ ဒေသများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံအဖွဲ့ဝင် များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် အခက်အခဲမရှိ ပို့ချနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် International IDEA အဖွဲ့မှ Programme Mana-ger, Mr. Manfred Bernhard က အမှာစကားပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး သင်တန်းပထမနေ့ အစီ အစဉ်များကို ဆက်လက် ကျင်းပခဲ့ သည်။ အဆိုပါ သင်တန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် International IDEA အဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ယနေ့သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှသင်တန်းသား၊ သင်တန်း သူ ၉၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်