Saturday, December 29, 2018

ပညာသည် နိုင်ငံ့အကျိုးကို ဖန်တီးဖော်ဆောင်နိုင်


Image may contain: text
မြန်မာနိုင်ငံသမိုင်းတွင် ပညာသည် နိုင်ငံလွတ်လပ်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ခဲ့သည်။ ပညာသည် အရာရာကိုအောင်မြင်အောင် ဖန်တီး ဖော်ဆောင်နိုင်သည့် အရင်းအမြစ်ဖြစ်သည်။ ပညာသည် စာအမျိုးမျိုးတို့မှ ရရှိသော အသိအမြင်ဗဟုသုတများဖြစ်သည်။ ကျောင်းသင်ခန်းစာမှ ရရှိသော ပညာသာမက စာပေလောကအမျိုးမျိုးတို့မှ ရရှိသောပညာများကို ဆိုလိုသည်။
အသိပညာဗဟုသုတနှင့်ပတ်သက်၍ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က ကျင်းပခဲ့သည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် စာအုပ်ဖတ်ခြင်းသည် တန်ဖိုးမည်မျှရှိသည်၊ မရှိသည်ကို ပြော၍မရကြောင်း၊ မိမိအတွက်တော့ တန်ဖိုးရှိသည်ဟု ပြောချင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးမှာကျယ်သွားကြောင်း၊ အခြားတစ်ခုမှာ ကိုယ်ရဲ့ အတွင်းအင်အားကို ခိုင်မာလာအောင်၊ တိုးတက်လာအောင် စာဖတ်ခြင်းသည် များစွာအထောက်အကူဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်အလွန်စွဲသွားသူများမှာ စာအုပ်ဖတ်ချင်သည်။ စာအုပ်မရှိသည့်အခါ စာအုပ်ကိုတမ်းတသည်။ ယင်းသည် စာအုပ် မြတ်နိုးသူများအနေဖြင့် စာအုပ်မရှိသည့်အခါတွင် ယခင်ဖတ်ခဲ့သည့် စာအုပ်များအကြောင်း ပြန်စဉ်းစားပြီးအားယူ၍ရကြောင်း၊ ငယ်စဉ် ကတည်းက စာအုပ်များကို ချစ်မြတ်နိုးသည့်စိတ်များ သန္ဓေတည်သွားလျှင် တစ်သက်လုံးစာဖတ်ခြင်းသည် မိမိအတွက် အကျိုးပြုနိုင်သလိုမိမိ ပတ်ဝန်းကျင်အတွက်လည်း သုံးတတ်သွားကြမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကလေးငယ်များငယ်စဉ်အရွယ်မှစ၍ မိဘများကအားပေးကြရန်၊ ထို့နောက် ဖတ်သည့်စာများကိုဆွေးနွေးသည့် အလေ့အကျင့်လုပ်ပေးရန်၊ ဖတ်ထား သည့် စာကိုသုံးသပ်နိုင်ရေး၊ ဆွေးနွေးတတ်ရေး၊ တစ်ဦးနှင့်တစ်ဦး အမြင် မတူသည်ကို ယဉ်ယဉ်ကျေးကျေးနှင့် ဆွေးနွေးနိုင်အောင် လမ်းညွှန်ပေးခဲ့ သည်။
စာဖတ်ခြင်းသည် အကျိုးကျေးဇူးများလှသည်။ စာအုပ်စာပေတို့ကို ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲ ဖတ်ရှုခြင်းကြောင့် မိမိအတွက်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက်ပါ အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သည်ကို လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မျိုးချစ်လူငယ်များစာအုပ်စာပေတို့ကို သဲသဲမဲမဲ ဖတ်ရှုခြင်းမှ ရရှိလာသော အကျိုးရလဒ်သည် အမျိုးသား လွတ်မြောက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် တွန်းအားများ ဖြစ်စေ ခဲ့သည်။
မြန်မာလူငယ်များသည် မိမိနိုင်ငံနှင့် သင့်လျော်မည့် ဝါဒလမ်းစဉ်ကို စာအုပ်ထဲတွင် အပတ်တကုတ်ရှာဖွေကြသည်။ ရရာနိုင်ငံရေးစာအုပ်များ ကိုဖတ်ကြသည်။ ထိုခေတ်ကစာအုပ်များမှာ ရှားပါးလှသဖြင့် ခက်ခက်ခဲခဲ ရှာဖွေရသည်။ တစ်အုပ်ကောင်းရလျှင် တစ်လက်မှတစ်လက် ပြောင်း၍ ဖတ်ရှုရသည်။ စာအုပ်ဆိုလျှင် ဆာလောင်မွတ်သိပ်စွာဖတ်ရှုကြသည်။ စာအုပ်ကောင်းတစ်အုပ်ရှိသည်ကြားလျှင် မရမကလိုက်လံရှာဖွေငှားရမ်း ကြသည်။ ထမင်းအငတ်ခံကာစာဖတ်ကြသည်ဟု ဒို့ဗမာအစည်းအရုံးဝင် သခင်ကျော်စိန်၏ ပြောကြားချက်ကိုမှတ်သားဖူးသည်။
သို့ဖြစ်ရာ စာအုပ်စာပေ၏တန်ဖိုးမှာ ကြီးမားသည်။ နိုင်ငံလွတ်လပ်ရေး အတွက် မိမိတို့၏အသိအမြင် ကြွယ်ဝရေး၊ အကြားအမြင် ဗဟုသုတ များရေး၊ စာအုပ်မှရရှိသောအသိအမြင်များဖြင့် ပိုမိုတိုးတက်သောအတွေး အမြင်များရရှိရေးစွမ်းဆောင်ပေးနိုင်ခဲ့သည်။ မျက်မှောက်ကာလတွင်လည်း လူငယ်လူရွယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အသိအမြင်ဗဟုသုတများ တိုးပွားကာ မိမိအကျိုး၊ နိုင်ငံ့အကျိုးကို တိုးတက်ဆောင်ရွက်နိုင်ပါစေ ကြောင်း ဆန္ဒပြုပါသည်။ ။

Friday, December 28, 2018

ပြည်ပမှ ရုပ်ရှင်နှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရိုက်ကူးနိုင်ရေးအတွက် ရိုက်ကွင်းကြေးနှင့် ဝန်ဆောင်ခများဖြေလျှော့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Image may contain: 7 people, people sitting and indoor
နေပြည်တော်   ဒီဇင်ဘာ   ၂၇
ပြည်ပမှ ရုပ်ရှင်နှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရိုက်ကူးနိုင်ရေးအတွက်  ရိုက်ကွင်းကြေးနှင့် ဝန်ဆောင်ခများ ဖြေလျှော့နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေး
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြည်ပမှ ရုပ်ရှင်နှင့်မှတ်တမ်းရုပ်ရှင်  (Documentary)  ရိုက်ကူးရေးအဖွဲ့များ မြန်မာနိုင်ငံ၏  ရေမြေတောတောင်သဘာဝရှုခင်းနှင့် ဓလေ့ထုံးစံများကို ပိုမိုလာရောက် ရိုက်ကူးနိုင်ရေး၊ နိုင်ငံတကာမှ အဆိုပါရုပ်ရှင်နှင့် မှတ်တမ်းရုပ်ရှင်များကို   ကြည့်ရှုပြီး  မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းကို ပိုမိုသိရှိလာနိုင်မည့်အခြေအနေ၊  နိုင်ငံ၏ ယဉ်ကျေးမှု၊ ရေမြေသဘာဝ၊ အလေ့အထများနှင့် ရင်းနှီးလာခြင်းဖြင့် ခရီးသွားလုပ်ငန်းအတွက် လည်း  ပိုမိုအကျိုးဖြစ်ထွန်းနိုင်မှု၊  အိမ်နီးချင်းနိုင်ငံတချို့တွင်  ရိုက်ကူးကြေးများနှင့်  လုပ်ငန်းစဉ်များ ဖြေလျှော့ပေးမှုကြောင့် ရိုက်ကူးရေးအဖွဲ့များ ပိုမိုဝင်ရောက်မှုရှိသည့် အခြေအနေ၊  ငွေကြေးကောက်ခံမှုနှင့် ခွင့်ပြုချက်လုပ်ငန်းစဉ်များ  လျှော့ချနိုင်ရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက  ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယòန်ကြားရေး မှူးချုပ် ဒေါ်သီတာတင်က နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ရုပ်ရှင်၊ ဗီဒီယို၊ မှတ်တမ်းတင်   ရုပ်မြင်သံကြားလာရောက်ရိုက်ကူးခြင်း  အစီအစဉ်များ  ဆောင်ရွက်လျက်ရှိသည့်  အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး  ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ  တာဝန်ရှိသူများက ရုပ်ရှင် ရိုက်ကွင်းကြေး၊    ဝန်ဆောင်ခများ   ဖြေလျှော့ပေးနိုင်မှုနှင့် ဝန်ကြီးဌာနအလိုက်  ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ  အလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။    

              သတင်းစဉ်

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Image may contain: 2 people, people sitting and indoor


နေပြည်တော် ဒီဇင်ဘာ ၂၇
လယ်မြေကိုအခြားနည်းအသုံးပြုခြင်းကို ခွင့်ပြုသည့်လုပ်ငန်း ဆောင်ရွက်သည့်ကိစ္စအတွက် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအထောက်အကူဖြစ်စေသော အခြေခံအဆောက်အအုံများ တိုးပွားလာစေရေးနှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် လယ်ယာမြေများ မလျော့ပါးရေးဟူသော အချက်နှစ်ချက်တို့ ညီညွတ်မျှတစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
အပြီးအပြတ်ဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးက လယ်ယာမြေအငြင်းပွားမှုအပေါ် တာဝန်ယူဖြေရှင်းပေးလျက်ရှိသည့် ခရိုင်၊ မြို့နယ်၊ ရပ်-ကျေး အဆင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာသတ်မှတ်ရက်အတွင်း အပြီးအပြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ သက်ဆိုင် သူများအနေဖြင့် စိုက်ရေးပျိုးရေးလုပ်ငန်းများကို အချိန်မီ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။
ယခုအခါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ (၂ဝ၁၈) နှင့်အညီ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို နိုင်ငံသား များအတွက် ဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက်နိုင်ရေးကို ဌာနအားလုံးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် နည်းတူ ယခင်ခွင့်ပြုပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လယ်မြေ အဖြစ် သတ်မှတ်ပေးရန် တင်ပြလာခြင်းဆိုင်ရာ ကိစ္စရပ် များကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား သည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စရပ်များ၊ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တင်ပြလာသည့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရခွင့်ပြုမိန့်အား ပယ်ဖျက်ပေးပါရန်ကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်ထောက်ခံတင်ပြပေးပို့ လာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲ ၁၁ဝ တွဲနှင့် ယခင် ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေဥပဒေပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲ နှစ်တွဲနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်
ထို့နောက် တက်ရောက်လာကြသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက နစ်နာကြေး၊ လျော်ကြေးပေးချေရန် နှင့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများ နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။
လယ်ယာမြေကို စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းစား ကြခြင်းကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာ ခြင်းမရှိစေရန် ဥပဒေ၏ အာဏာသက်ရောက်မှုရှိစေရေး အတွက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်လိုအပ်လျက်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုနေမှုများကို ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကို ဝန်ကြီးဌာနမှ ခန့်အပ် တာဝန်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၃ဝ ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ

Image may contain: 5 people, people smiling, people sitting

ရန်ကုန် ဒီဇင်ဘာ ၂၇
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၃ဝ ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ရှိ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ ပြုလုပ်သည်။
နှစ်ပတ်လည်ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာ ဘိဝံသ အမှူးပြုသော သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူကာ ရေစက် သွန်းလောင်း အမျှပေးဝေသည်။
မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာ ဆုတောင်းမေတ္တာ များ ပို့သကြသည်။
ဘာသာပေါင်းစုံ ဆုတောင်းခြင်း အခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာနှင့် ဘဟာအီဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များက မေတ္တာ စကားပြောကြားခြင်းနှင့် ဆုတောင်း မေတ္တာပို့သခြင်းများကို ပြုလုပ်ခဲ့ကြ သည်။
သတင်းစဉ်

ခွဲခြားဆက်ဆံခြင်းကင်းသော လူမှုအဖွဲ့အစည်း

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ခရစ်ယာန်ဓမ္မတေးများ ဟိုနား သည်နားမှာ ကြားရသည့် အချိန်အခါတွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ထူးခြားချက်တစ်ခုကို သတိပြုမိပါသည်။ ယင်းမှာ လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း နည်းပါးသည့် ဓလေ့ဖြစ်သည် ဟု ဆိုချင်သည်။ လူချင်းဆက်ဆံရေးတွင် အားနည်းချက်အဖြစ် စတတ် နောက်တတ်၊ ရံဖန်ရံခါ အစအနောက်လွန်တတ်သည့် သဘာဝရှိသော် လည်း  မိန်းမယောက်ျား  ဆက်ဆံမှု၊  လူမျိုးအသားအရောင် ခွဲခြား ဆက်ဆံမှု၊ ကိုးကွယ်ယုံကြည်ရာ မတူသူတို့ကြား ဆက်ဆံမှုတို့မှာ မျှတစွာ ချစ်ကြည်စွာ ဆက်ဆံတတ်သည်ဟု ထင်သည်။
မြန်မာနိုင်ငံရှိ မြို့ကြီး၊ မြို့ငယ်၊ နယ်၊ ရပ်ကွက်၊ ရွာအတော်များများ တွင် ယုံကြည်ကိုးကွယ်ရာ မတူညီသူတို့ အတူတွဲလျက် နေထိုင်နေကြတတ် သည်ကို သတိပြုမိပါသည်။ ထိုသို့သော သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှု အလိုက် စေတီပုထိုး ဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားကျောင်းများ၊   ဟိန္ဒူဘုရားကျောင်းများ၊  ဗလီများ၊  တရုတ် ဘုံကျောင်းများ အစရှိသည့် ယုံကြည်ကိုးကွယ်ရာ ဘာသာရေးနှင့် ဆိုင် သည့် အဆောက်အအုံများ အတူတွဲလျက်တည်ရှိခြင်းက သက်သေပြ နေသည်ဟု မြင်ပါသည်။
ကျောင်းများ၊  ရပ်ကွက်များတွင်းတွင်   ဆက်ဆံပေါင်းသင်း  ဆော့ ကစားကြသည့်  ကလေးများအကြားတွင်  အသားအရောင်  မတူသော ကြောင့်၊  အယူဝါဒဘာသာကွဲပြားမှုကြောင့်  အခင်အမင်  ပျက်သည် ဟူသည့် အဖြစ်အပျက်မျိုး မကြားဖူးအောင်  နှစ်ရှည်ကြာနေခဲ့သည့် နိုင်ငံတော်  ဖြစ်ပါသည်။  ထိုသို့သော  ငယ်စဉ်ကလေးဘဝကတည်းက ခင်မင်ချစ်ကြည်စွာ  ပေါင်းသင်းဆက်ဆံခဲ့ကြသည့်  သူငယ်ချင်းများ အကြားတွင်   ခရစ္စမတ်အခါတွင်   အတူလိုက်ပါ   ပျော်ရွှင်နိုင်သလို သီတင်းကျွတ်ကထိန် အလှူပွဲလမ်းများတွင်လည်း လူမျိုးတိုင်းဘာသာ တိုင်း လိုက်ပါပျော်ရွှင်ကြသည်တို့ကို သတိပြုမိပါသည်။ မတူညီသည့် ဓလေ့ထုံးတမ်းများအကြားတွင်   မိမိနှင့်ကိုက်ညီသည့်အခါ  လိုက်ပါ ပျော်ရွှင်၍   မိမိနှင့်  မကိုက်ညီသည့်အခါ  ဘာသာနေတတ်ကြသည့် အလေ့အထ ဖြစ်ပါသည်။
ကျောင်းများ၊  ရပ်ကွက်များတွင်  အတူရှင်သန်ကြီးထွားလာကြ သူများဖြစ်သည့်အတိုင်း အရွယ်ရောက်လာသည့်အခါတွင် မိမိ ပတ်ဝန်း ကျင် လူမှုဆက်ဆံရေးနယ်ပယ်တွင် ကိုယ်ယုံကြည်ရာကို ယုံကြည်ခွင့်ရှိ သလို မယုံကြည်ရာကို မယုံကြည်ခွင့်ရှိခဲ့ကြသည်။ သူတစ်ပါး၏ ယုံကြည်မှု ကို ထိပါးစော်ကားခြင်းမရှိ။
လူမည်းများ မဝင်ရသည့်နေရာများ၊  လူမည်းများ မတက်ရသည့်  တက္ကသိုလ်ကျောင်းများ၊    မဲပေးခွင့်မရှိသည့်     အမျိုးသမီးများ၊ တက္ကသိုလ်ဝင်ခွင့်မရသည့်  အမျိုးသမီးများ  စသည်တို့မှာ အမေရိကန် နိုင်ငံလို၊ အင်္ဂလန်နိုင်ငံလို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အထူးအလေး ထားသည်ဆိုသော နိုင်ငံကြီးများတွင်ပင်လျှင် မနေ့တစ်နေ့ကအထိ ရှိခဲ့ သည် မဟုတ်ပါလား။ ဤသည်မျိုး မြန်မာနိုင်ငံတွင် မရှိ။
လူမည်းခေါင်းဆောင်  မာတင်လူသာကင်း၏  က္ဘာကျော်သွား ခဲ့သည့် 'ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်၊ တစ်နေ့ကျရင် လူလူချင်း ကျွန်ပြုထားခြင်းခံရတဲ့ ကျွန်တွေဆိုသူများရဲ့ သားသမီးတွေဟာ ကျွန်ပိုင် ရှင်တွေဆိုတဲ့  လူဖြူသားသမီးငယ်များနဲ့  ညီအစ်ကို ရင်းချာများလို စားပွဲဝိုင်းတစ်ခုတည်းမှာ ထိုင်ကြမယ်၊ တစ်နေ့ကျရင် တရားစီရင်ရေး နယ်ပယ်ထဲမှာ  လွှမ်းမိုးနေတဲ့  ဖြူလို့မည်းလို့ဆိုတဲ့  အသားအရောင် ခွဲခြားမှုတွေ ပပျောက်သွားမယ်' ဆိုသော အဓိပ္ပာယ်များပါဝင်သည့် မိန့်ခွန်းစကားဟာ ၁၉၆၃ ခုနှစ်မှာ ပြောခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၃ ထိ လူဖြူ လူမည်း ခွဲခြားမှုက အဆိုပါ နိုင်ငံကြီးများတွင် အားကောင်းနေဆဲ။
လွတ်လပ်ရေးမရမီ ဗြိတိသျှကျွန်ပြုထားခြင်းခံရသော မြန်မာ နိုင်ငံထဲမှာ မြန်မာလူမျိုးမဝင်ရသည့် နေရာများ၊ လူဖြူများသာဆိုသော ကလပ်များကို အမှတ်ရမိပါသည်။
မြန်မာတို့၏ လိင်ခွဲခြားမှုမရှိခြင်း၊ အသားအရောင်၊ လူမျိုး ဘာသာ ခွဲခြားဆက်ဆံမှု  နည်းပါးခြင်းတို့ကို   မြန်မာနိုင်ငံ၏   လွတ်လပ်ရေး ကြိုးပမ်းမှုကာလက အမျိုးသမီးခေါင်းဆောင်များကို ကြည့်လျှင် သော် လည်းကောင်း၊   ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊  အာဇာနည် ခေါင်းဆောင်များ၊  လွတ်လပ်ရေးခေတ်ဝန်ကြီးများ၊   တပ်မတော် ခေါင်းဆောင်များ စာရင်းတွင် မြင်ရသည့် ဘာသာခြား လူမျိုးမတူသူ များကို ကြည့်လျှင်သော်လည်းကောင်း၊ မြန်မာ့စာပေနယ်က မြန်မာ စာပေပြန့်ပွားရေး၊ မြန်မာ့သမိုင်းဆိုင်ရာကိစ္စများ၊ ရှေးဟောင်း မြန်မာ ကျောက်စာများကို ဖော်ထုတ်ရေးသားခဲ့သူများ စာရင်းကို ကြည့်လျှင် သော်လည်းကောင်း တွေ့ရပါမည်။
ယောက်ျား မိန်းမ၊ ဟိုလူမျိုး သည်လူမျိုး၊ အသားမည်းသည်၊ အသား ဖြူသည်၊ အသားဝါသည်၊ ဟိုဘာသာ သည်ဘာသာ ဟူ၍ခွဲခြား ဆက်ဆံမှု မပြုဘဲ နိုင်ငံသားအချင်းချင်း ချစ်ကြည်ဆက်ဆံခြင်း ဓလေ့၊ နှစ်ပေါင်း များစွာ ရှိခဲ့ကြရခြင်းက မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ တစ်ခုဟုပင် မှတ်ယူမိပါ၏။ နိုင်ငံသားအချင်းချင်းကြား ချစ်ကြည်ရင်းနှီးစွာ မခွဲမခြား တန်းတူညီမျှ ဆက်ဆံကြရင်း ယင်းဂုဏ်ယူစရာ အစဉ်အလာဓလေ့ကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေသတည်း။        ။


Thursday, December 27, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြား





Image may contain: 1 person, standing, tree, sky, grass, outdoor and nature
 နေပြည်တော် ဒီဇင်ဘာ ၂၆



ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြု ခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲကို စစ်ဆေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲက အနှေး လျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းမှ အကောင်း ဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ခင်မိုးမြင့်အား ဆုပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် လက်ရှိက္ဘာပေါ်၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံ ရေးနှင့် အစိုးရဝန်ထမ်းထိပ်ပိုင်းနေရာများတွင် တာဝန်ထမ်းဆောင်နေကြသူများနှင့် ထူးချွန်ထက်မြက်သည့် အမျိုးသမီးပညာရှင်များ ရှိနေကြပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့်ပတ်သက်သည့်
ဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ဆွေးနွေးမှု များရှိနေပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များ တွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ အခန်း ကဏ္ဍသည်လည်း များစွာတိုးတက်လာခဲ့ ပြီး အဆင့်မြင့်တာဝန်များကို ထမ်းဆောင် လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်း များ၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ရန် အတွက် ဘွဲ့ရအမျိုးသမီးအရာရှိများကို ပြန်လည်မွေးထုတ်တာဝန်ပေးအပ်လျက် ရှိရာ ယခုအခါအမျိုးသမီးအရာရှိများထဲမှ ခြောက်ဦးကို တပ်မတော် (လေ)အတွက် ပထမဆုံးအမျိုးသမီး လေသူရဲအရာရှိ များ အဖြစ် သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပြီး ဖြစ်သဖြင့် အမျိုးသားများနှင့်တန်းတူ ပျံသန်းရေးတာဝန်များကို စတင်ထမ်း ဆောင်နေပြီဖြစ်ကြောင်း၊ အလားတူ အာဆီယံတပ်မတော်များ သေနတ်ပစ် ပြိုင်ပွဲများတွင်လည်း နှစ်စဉ်ဆက်တိုက် ရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့သည်အထိ အမျိုးသမီးစစ်မှုထမ်းများက စွမ်းဆောင် နိုင်လျက်ရှိကြောင်း။
နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြရာ တွင် မိမိတို့၏ တာဝန်ဝတ္တရားများကို ထူးချွန်ပြောင်မြောက်သည့် ရဲစွမ်းသတ္တိ ဖြင့် ဇွဲလုံ့လစိုက်ထုတ်ပြီး စွန့်လွှတ်စွန့်စား စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် လိုအပ် ကြောင်း။
မိမိတို့ မြန်မာနိုင်ငံအတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ဒေသများ၌ တိုင်းရင်းသားလူမျိုးစုတစ်ခု တည်းသာ နေထိုင်ကြသည် မဟုတ်ဘဲ အားလုံးပေါင်းစည်းနေထိုင်ကြခြင်းဖြစ် ကြောင်း၊ တိုင်းရင်းသားလူမျိုးစုတစ်ခု တည်းကိုသာ အခွင့်အရေးပေးထားသည့် နေရာများမရှိသည့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံးကို အခြေခံဥပဒေ တွင် တန်းတူအခွင့်အရေးပေးထားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ် နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါတွင် ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့အထိ တပ်မတော်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးထား ပြီးဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ဒီမိုကရေစီကိုလိုလား လက်ခံသည်၊ တိုင်းပြည်စည်းလုံး ညီညွတ် စွာဖြင့် ဖွံ့ဖြိုးတိုးတက်သည်ကို လိုလား သည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ပြီး တပ်မတော်အနေဖြင့်လည်း လိုအပ် သည်များ ကူညီဖြေရှင်းညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်း ရေးကို ကြိုးပမ်းဖော်ဆောင်နေသည့် ယနေ့အချိန်အခါတွင် မိမိတို့အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းသွားကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့၏အပြုအမူ၊ အပြောအဆိုကြောင့် နိုင်ငံတော်၏ ရည်မှန်း ချက်နှင့်တပ်မတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းပျက်ပြားမှုမရှိစေရေး အထူး မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေး ပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွား သည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ခင်မိုးမြင့်၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း နော်အေးမြတ်သွယ်နှင့်¤င်းတို့၏မိဘများ အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပ ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများနှင့် မိဘဆွေမျိုးများ တက် ရောက်ကြကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ သတင်းစဉ်

''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော်ကျင်းပရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းသို့ Inner Monogolia Kincaid Industrial Group မှ အလှူငွေပေးအပ်





 နေပြည်တော် ဒီဇင်ဘာ ၂၆


 

''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော် ကျင်းပရေးအတွက် မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်းသို့ အလှူငွေ ငွေကျပ်သိန်းနှစ်ထောင် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ တိုင်း ရင်းသားလုပ်ငန်းရှင်များအသင်း ဂုဏ်ထူး ဆောင်နာယက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော် ဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်နှင့်အဖွဲ့ဝင်များ၊ အလှူရှင် Inner Monogolia Kincaid Industrial Group rS Mr.Zhang rui နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ယခုကျင်းပမည့် ''သွေး ချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော်ကို မြန်မာ နိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး ဝိုင်းဝန်းပံ့ပိုးကူညီ ပေးသောကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဒေါက်တာ အောင်ရဲ ဇော်က ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော် ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးInner Monogolia Kincaid Industrial Group မှ Mr.Zhang rui က ပွဲတော်ကျင်းပရေး အတွက် အလှူငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Mr.Zhang rui နှင့် Mr.Aimin တို့က အလှူငွေ ငွေကျပ် သိန်းနှစ်ထောင်ကို ပေးအပ်လှူဒါန်းရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က လက်ခံရယူပြီး (ဝဲပုံ) ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးမင်းဗညားစန်းက ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် Inner Monogolia Kincaid Industrial Group တို့က ပြသထားသည့် ပြခန်းများ အား လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်