Thursday, May 31, 2018

လေပြင်းတိုက်ခတ်မှုကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိ စားသောက်ဆိုင်များ ပြိုလဲပျက်စီး

Image may contain: one or more people, sky, mountain, ocean, beach, outdoor and nature
ကွမ်းခြံကုန်း မေ ၃ဝ
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မေ ၂၉ ရက် နံနက်ပိုင်းက လေရော မိုးပါ ပြင်းထန်စွာ တိုက်ခတ်ရွာသွန်း ခဲ့ရာ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်း ကျေးရွာအုပ်စုအတွင်းရှိ ဆယ်အိမ် တန်းကမ်းခြေ၌ နေ့စဉ် လာရောက် အပန်းဖြေကြသော ပြည်သူများ အတွက် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အပန်းဖြေ အနားယူသည့်နေရာမှထီးများ ပြိုလဲ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆယ်အိမ်တန်းကမ်းခြေမှာ နေ့စဉ် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပုံမှန်ရေတက်လေ့ရှိပြီး ယင်းနေ့ နံနက်ပိုင်းကတည်းက လေပြင်းထန် စွာ တိုက်ခတ်၍ မိုးရွာသွန်းခဲ့ကြောင်း သိရသည်။ ညနေ ၃ နာရီခန့်တွင် ရေတက်လာပြီး လှိုင်းလုံးများ ပိုမိုကြီးမားလာကာ လေရောမိုးပါ ပြင်းထန်စွာ တိုက်ခတ်ရွာသွန်းမှု ကြောင့် ပြိုလဲပျက်စီးခဲ့သည့် စားသောက်ဆိုင်မှ ပစ္စည်းများကို ဆယ်အိမ်တန်း ကျေးရွာအတွင်း ပြောင်းရွှေခဲ့ရကြောင်း ရွှေဂျွန်းပျံ စားသောက်ဆိုင်မှ ကိုအေးနိုင်က ပြောသည်။
''နှစ်စဉ် မိုးဦးကျကာလရောက်ပြီ ဆိုရင် လေတိုက်၊ မိုးရွာတဲ့အတွက် ကြောင့် ဆိုင်တွေ ဖရိုဖရဲဖြစ်နေကျ ဆိုပေမယ့် ဒီနှစ်က လေပြင်း၊ မိုးရွာ အကြမ်းဆုံးဖြစ်တာပါ၊ လေတိုက်၊ မိုးရွာ စဖြစ်တာကတော့ မေ ၂၈ ရက် ကတည်းကပါ၊ ဒါပေမယ့် မနေ့က ဖြစ်စဉ်ကတော့ မိုးရောလေပါ တအား တိုက်ခတ်ရွာသွန်းလို့ ကမ်းခြေက စားသောက်ဆိုင် အလုံး ၄ဝ ပျက်စီး ခဲ့ပါတယ်၊ ညနေ ၄ နာရီမှာတော့ အပြင်းထန်ဆုံးပါ၊ ရေပြန်ကျချိန် ညနေ ၆ နာရီမှာ လေတိုက်တာ ငြိမ်သွားပြီး မိုးရွာတာပါ ရပ်သွား ပါတယ်၊ ရွာထဲက ဘုန်းကြီးကျောင်း ရှေ့က သစ်ကိုင်းတွေကတော့ နည်းနည်းပါးပါး ကျိုးကျတယ်၊ ကမ်းခြေက စားသောက်ဆိုင်တွေကို ရွာထဲ ပြောင်းရွှေ့နေကြပါတယ်၊ ဒီနေ့တော့ လေရောမိုးပါ လျော့နည်း သွားပါပြီ''ဟု ပြောသည်။
၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး လူသိပိုများလာသော ဆယ်အိမ် တန်းကမ်းခြေမှာ တစ်နှစ်ပတ်လည်လုံး နေ့စဉ် လာရောက်အပန်းဖြေကြ သော ပြည်သူများဖြင့် စည်ကားလျက် ရှိသောကြောင့် ပျက်စီးခဲ့သည့် စားသောက်ဆိုင်ခန်းများကို ရက်သတ္တ တစ်ပတ်အတွင်း ပြန်လည်ပြုပြင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဆယ်အိမ်တန်းကမ်းခြေသာယာရေး ကော်မတီမှ သိရသည်။
''ဆိုင်တွေပြန်ဆောက်ဖို့ တစ်ပတ် အတွင်း ပြင်ဆင်ဆောက်လုပ်မှာပါ၊ ဆိုင်တန်းတွေ ရှေ့က အနားယူတဲ့ ထီးတွေကတော့ မိုးဖို့မလွယ်တော့ ပါဘူး၊ မိုးရွာပြီဆိုတော့ လှိုင်း တောက်လျှောက် လာတော့မှာပါ၊ စားသောက်ဆိုင်တွေ ပြန်လည် ပြင်ဆင် ဆောက်လုပ်ပြီးစီးပြီဆိုရင် တော့ အပန်းဖြေလာကြမယ့် ဧည့်သည်တွေကို ပြန်မျှော်ရမှာပေါ့ ဗျာ''ဟု ကိုအေးနိုင်က ပြောသည်။
ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်း ကျေးရွာအုပ်စုအတွင်း ဆယ်အိမ် တန်း၊ အလယ်ရွာ၊ ချောင်းဝနှင့် အောက်ဆိပ်ရွာအုပ်စုများ ရှိပြီး ဆယ်အိမ်တန်း ကျေးရွာတွင် အိမ်ထောင်စု ၂၈ဝ ကျော်နှင့် လူဦးရေ ထောင်ကျော်ရှိကာ အသက်မွေးဝမ်း ကျောင်းအဖြစ် ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြု ကြကြောင်း သိရသည်။ ဆယ်အိမ် တန်းကျေးရွာကို ဖြတ်သန်းပြီး ကမ်းခြေတည်ရှိရာဖြစ်သော အဆိုပါ ဆယ်အိမ်တန်း ကမ်းခြေရှိ စားသောက်ဆိုင်တန်းများ၌ ဖွင့်လှစ် ရောင်းချသည့် နာမည်ကြီး ငါးသလောက်အိုးမှောက်နှင့် ကဏန်း၊ ပုစွန်အစားအစာများမှာ လာရောက် အပန်းဖြေ လည်ပတ်ကြသည့် ဧည့်သည်များအတွက် အကြိုက်ဖြစ် စေပြီး နှစ်ခြိုက်စွာ စားသုံးကြကြောင်း လည်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-ပွင့်သစ္စာ

ပါရီမြို့ရှိ တူးမြောင်းနံဘေးခိုလှုံနေသော ဒုက္ခသည်များကို ရဲတပ်ဖွဲ့က နေရာရွှေ့ပြောင်း

Image may contain: 2 people, outdoor
ပါရီ မေ ၃ဝ
ပြင်သစ်နိုင်ငံ မြို့တော်ပါရီ၌ တူးမြောင်းတစ်ခုနံဘေးတွင် ရွက်ဖျင်တဲထိုးကာ ယာယီခိုလှုံလျက်ရှိကြသော ရွှေ့ပြောင်း အခြေစိုက်နေထိုင်သူ ဒုက္ခသည်ရာပေါင်းများစွာအား ရဲတပ်ဖွဲ့က ရှင်းလင်းသည့်စစ်ဆင်ရေးတစ်ရပ်ကို မေ ၃ဝ ရက်က ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ပါရီအရှေ့မြောက်ဘက်ရှိ တူးမြောင်းတစ်ခု၏နံဘေးတွင် ရွက်ဖျင်တဲများထိုးကာ စခန်းချနေထိုင်လျက်ရှိနေသူ များကို ရွှေ့ပြောင်းစေရန် ရဲတပ်ဖွဲ့ဝင်များက ညွှန်ကြားခဲ့သည်။
တူးမြောင်းဘေးတစ်လျှောက် နေထိုင်လျက်ရှိကြသော ဒုက္ခသည်များကို ပါရီဒေသတစ်ဝန်း၌ ဖွင့်လှစ်ထားရှိသော စခန်း ၂ဝ ကျော်သို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ယင်းဒုက္ခသည်များနှင့်ပတ်သက်၍ ကိုယ်ရေးအချက်အလက်များကို အာဏာပိုင်များက စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျရတ်ကိုလွမ်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
ပါရီအရှေ့မြောက်ဘက်ရှိ ပို့ဒီလာဗီးလတ်အမည်ရှိ စခန်းအနီး၌ မေ ၃ဝ ရက် အရုဏ်တက်ချိန်တွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များကိုဖြန့်ကြက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အချို့မှာ မော်တော်ဘုတ်များဖြင့် ရောက်ရှိလာခဲ့ ကြောင်း၊ ယင်းနောက်တွင် ဒုက္ခသည်များကို ဘတ်စ်ကားများပေါ်သို့ တင်ဆောင်ကာ သက်ဆိုင်ရာ စခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
ပို့ဒီလာဗီးလတ်စခန်း၌ ရွှေ့ပြောင်းအခြေစိုက်နေထိုင်သူ ဒုက္ခသည် ၁၅ဝဝ ခန့် နေထိုင်ခဲ့ပြီး မြို့တော်ရှိ ဒုက္ခသည် စခန်းများအနက် အကြီးဆုံးဖြစ်သည်။
ဒုက္ခသည်အများစုမှာ အာဖရိကတိုက်မှဖြစ်ကြပြီး ပို့ဒီလာဗီးလတ်စခန်း၌ ရက်သတ္တပတ်ပေါင်း အတန်ကြာမျှ နေထိုင်လာခဲ့ကြသူများ ဖြစ်ကြသည်။
အေအက်ဖ်ပီ

ကက်ရှ်မီးယားဒေသ တည်ငြိမ်အေးချမ်းရေး ပါကစ္စတန်နှင့် အိန္ဒိယတပ်မှူးကြီးများ သဘောတူညီ

Image may contain: 1 person, tree, sky and outdoor
နယူးဒေလီ မေ ၃ဝ
ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာ တပ်မှူးကြီးများသည် ၂ဝဝ၃ ခုနှစ်တွင် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြိုင်ဘက်နိုင်ငံများဖြစ်ကြသော ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ စစ်ဆင်ရေးလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များသည် ပိုင်နက် အငြင်းပွားနေသော ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေး မျဉ်းကြောင်းတစ်လျှောက် တင်းမာမှုလျှော့ချနိုင်ရန် ရည်ရွယ်လျက် သဘော တူညီချက်တစ်ရပ်ကို ရယူခဲ့ကြသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ထိန်းချုပ်ရေးမျဉ်းကြောင်းတစ်လျှောက် နယ်စပ် ဖြတ်ကျော်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားဒါဇင်ပေါင်းများစွာနှင့် စစ်သည်အချို့ သေဆုံးရသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။
နှစ်နိုင်ငံမှ စစ်ဆင်ရေးလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များသည် အရေးပေါ် တယ်လီဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ်ခဲ့ကြပြီး ကက်ရှ်မီးယားဒေသ ၌ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် သဘော တူညီခဲ့ကြသည်။ မိမိတို့ နှစ်နိုင်ငံအကြား ၂ဝဝ၃ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ ကြကြောင်း နှစ်နိုင်ငံတပ်မတော်တို့က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တစ်ရပ် တွင် ဖော်ပြသည်။
အေအက်ဖ်ပီ

ဂါဇာကမ်းမြောင်ကို အစ္စရေး၏ရေကြောင်းပိတ်ဆို့မှုပါလက်စတိုင်းတို့က လှေများစီးနင်း၍ ကန့်ကွက်ဆန္ဒပြ

Image may contain: ocean, sky, outdoor, water and nature
ဂါဇာစီးတီး(ပါလက်စတိုင်းနယ်မြေ) မေ ၃ဝ
ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးက ရေကြောင်းမှပိတ်ဆို့ထားမှုကို ပါလက်စတိုင်းများက လှေများစီးနင်း၍ ကန့်ကွက်ဆန္ဒပြမှုကို မေ ၂၉ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း၊ အစ္စရေးဆန့်ကျင်ရေး အုံကြွမှုများ ရက်သတ္တပတ်ပေါင်း များစွာ ဖြစ်ပွားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသဘက်မှ အစ္စရေးပိုင်နက်အတွင်းသို့ မေ ၂၉ ရက်အစောပိုင်းတွင် စိန်ပြောင်းများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းသို့ရေကြောင်းမှ ဆန့်ကျင်ဆန္ဒပြမှုဖြစ်ပေါ်လာကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
ဂါဇာစီးတီးရှိ ပင်လယ်ငါးဖမ်းသမားတို့၏ ရေဆိပ်မှလှေကြီးတစ်စင်းပေါ် တွင် ပါလက်စတိုင်းဆန္ဒပြသမား ၂ဝ ဝန်းကျင် လိုက်ပါခဲ့ပြီး ယင်းလှေကြီးကို လှေငယ်များခြံရံ၍ ထွက်ခွာသွားကြောင်း အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့သည်။
လှေစီးဆန့်ကျင်ဆန္ဒပြသူအချို့က ၎င်းတို့အား ခွင့်ပြုထားသည့် အကွာ အဝေးဖြစ်သော ကမ်းရိုးတန်းမှ ၁၆ ကီလိုမီတာ အကွာအဝေးထက် ကျော်လွန် ကာ ဆန္ဒပြခြင်းရှိ၊ မရှိ အတိအကျမသိရပေ။
၎င်းတို့သည် အစ္စရေး၏ရေကြောင်းမှ ပိတ်ဆို့မှုကို ချိုးဖောက်ခြင်း ရှိ၊ မရှိ အငြင်းပွားပြောဆိုမှုများရှိနေသည်။ ယင်းရေကြောင်းဆန္ဒပြမှုအပေါ် အစ္စရေးစစ်ဘက်က မည်သို့တုံ့ပြန်မည်ကို မှတ်ချက်ပြုပြောကြားခြင်း မရှိပေ။
အေအက်ဖ်ပီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အကြံပေး ကင်ယောင်ချို နယူးယောက်မြို့သို့ ထွက်ခွာ

Image may contain: 2 people, hat and closeup
ပြုံယမ်း မေ ၃ဝ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အနီးကပ် အကြံပေးဖြစ်သူ ကင်ယောင်ချိုသည် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်မှုများလုပ်ဆောင်ရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ယနေ့ထွက်ခွာခဲ့ကြောင်း သတင်းများ အရ သိရသည်။
ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုသည် မေ ၃ဝ ရက်တွင် တရုတ် နိုင်ငံ ပေကျင်းမြို့မှ နယူးယောက်မြို့သို့ ထွက်ခွာသွားခဲ့ သည်။
နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာယာဆန်းဒါးစ်က ဆိုသည်။
အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်း အဝေးကျင်းပနိုင်ရေးတွင် ကင်ယောင်ချိုသည် အဓိက စေ့စပ်ညှိနှိုင်းမည့်သူတစ်ဦး ဖြစ်နိုင်ဖွယ်ရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာယာဆန်းဒါးစ်က ပြောကြားခဲ့သည်။
ကင်ယောင်ချိုသည် မေ ၂၉ ရက်တွင် ပြုံယမ်းမှ ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပြီး မေ ၃ဝ ရက်တွင် ပေကျင်း မြို့မှ နယူးယောက်မြို့သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
နယူးယောက်မြို့ခရီးစဉ်အတွင်း သတင်းထောက် များ၏ မေးမြန်းချက်များကို ကင်ယောင်ချိုက မည်သည့် မှတ်ချက်ပြောစကားကိုမျှ ပြောကြားခဲ့ခြင်းမရှိပေ။
ကင်ယောင်ချိုသည် ၂ဝဝဝ ပြည့်နှစ်ကစပြီး အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးအလည်အပတ်ရောက်ရှိသည့် မြောက်ကိုရီးယားထိပ်တန်းအရာရှိတစ်ဦး ဖြစ်လိမ့်မည်။ သူသည် အမေရိကန်အစိုးရအဖွဲ့၏ စောင့်ကြည့်စာရင်းတွင် ပါရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ့အားအထူးခွင့်ပြု ချက်ဖြင့် ပြည်ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ပရေးရာဌာန ပြောရေးဆိုခွင့်ရှိသူ ဟီတာနေယုထ်က ပြောကြားခဲ့ သည်။
အင်န်အိတ်ခ်ျကေ

ရေစကြိုမြို့နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့်ကားလမ်းနှင့် ကျေးရွာလမ်းများ ရေကျော်

Image may contain: one or more people and outdoor
ရေစကြို မေ ၃ဝ
မေ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုများမရှိသော်လည်း အဆိုပါ နံနက်ပိုင်းမှစတင်၍ ညပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းကာ ကျေးရွာချင်းဆက်ကားလမ်းများ ရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့ သည်။ ထို့ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးညီညီအောင်နှင့် တပ်ဖွဲ့ဝင်များက ပြည်သူများသွားလာရေး အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
စန်းယုမော်(ပြန်/ဆက်)

ပင်လယ်တွင် လှေမှောက်၍ မျောပါလာသူ ရခိုင်လူမျိုး ခုနစ်ဦးအား ကယ်ဆယ်ကူညီ

Image may contain: 7 people, people standing, tree, outdoor and nature
လပွတ္တာ မေ ၃ဝ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ပေါ်သို့ စက်လှေမှောက်ပြီး ပင်လယ်ရေ နှင့် မျောပါလာသူ ရခိုင်လူမျိုးခုနစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မေ ၃ဝ ရက် နံနက် ၈ နာရီတွင် အသက်ကယ်တင် ကူညီပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက်တွင် စက်လှေ ပိုင်ရှင်ပါ ရေလုပ်သားခုနစ်ဦးတို့သည် ရခိုင် ပြည်နယ် သံတွဲမြို့နယ်မှ ပင်လယ်ပြင်သို့ မျှောပိုက်ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ထွက်ခွာလာခဲ့သည်။ မေ ၂၆ ရက်တွင် ပင်လယ် ပြင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရေနံစင် အထက် ကမ်းခြေနှင့် မိုင် ၆ဝ ခန့်အကွာတွင် စက်လှေတိမ်းမှောက်ခဲ့ရာ လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ဘက်သို့ ပင်လယ်ရေနှင့်အတူ မျော ပါလာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က မျောပါလာသူ ရေလုပ်သားခုနစ်ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ခြင်း၊ အဝတ်အထည်၊ အစားအသောက်များ ပေအပ်ခြင်းအပြင် ကျန်းမာရေးစောင့်ရှောက် ခြင်းတို့ကိုလည်း ကူညီပေးခဲ့ကြောင်း သိရ သည်။
ငါးဖမ်းစက်လှေပိုင်ရှင်မှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် နေထိုင်သည့် ဦးသန်းမြင့် အသက်(၄၃)နှစ်ဟု သိရပြီး ကျေးရွာအုပ်ချုပ် ရေးမှူးက နယ်မြေခံရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ သတင်း ပေးပို့ထားကြောင်း သိရသည်။
မောင်ချစ်ဦး(ပန်းတနော်)