Sunday, April 30, 2017

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်


Image may contain: cloud, sky and outdoor
ဆိုးလ် ဧပြီ ၂၉
မြောက်ကိုရီးယားနိုင်ငံက ဧပြီ ၂၉ ရက်တွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သော်လည်း အောင်မြင်မှုမရှိကြောင်း၊ ယင်းဒုံးကျည်မှာ ပစ်လွှတ်လိုက်ပြီးတစ်ခဏတာအတွင်း ပေါက်ကွဲသွားကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ ပိုင်ရိုဂန်ပြည်နယ် ဘတ်ခ်ချန်မြို့အနီးရှိ အခြေစိုက်စခန်းမှ အရှေ့မြောက်ဘက်သို့ဦးတည်ကာ ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် အဆိုပါဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်းနှင့် ပစ်လွှတ်ပြီးအချိန်တိုအတွင်း ထိုဒုံးကျည်မှာ ပေါက်ကွဲသွားကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအဖွဲ့ရုံး၏ ပြောကြားချက်ကို ကောက်နုတ်၍ ယွန်ဟပ်သတင်းတွင် ဖော်ပြသည်။
ယခုပစ်လွှတ်ခဲ့သော ဒုံးကျည်အမျိုးအစားနှင့် ပစ်လွှတ်နိုင်သောအကွာအဝေး စသည့် သတင်းအချက်များရရှိရေးအတွက် စူးစမ်းလေ့လာမှုများပြုလုပ်နေကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားသည်။
ဆင်ဟွာ။

ရက် ၁ဝဝ အတွင်း လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အားရဝမ်းသာမှုရှိကြောင်း သမ္မတ ထရန့်ပြောကြား



Image may contain: 1 person, standing, suit and text
ဝါရှင်တန် ဧပြီ ၂၉
ဧပြီ ၃ဝ ရက်သည် သမ္မတရာထူးတာဝန်များ စတင် ထမ်းရွက်သည့် ရက် ၁ဝဝ ပြည့်သည့်နေ့ဖြစ်ကြောင်းနှင့် သုံးလကျော်ကာလအတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များကို အားရဝမ်းသာမှုရှိပါကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့်က မီဒီယာများကို ယနေ့ပြောကြားခဲ့သည်။
ရက် ၁ဝဝ အတွင်း ၎င်းဦးဆောင်သည့် အစိုးရအဖွဲ့၏ လုပ်နိုင်စွမ်းပကားများကို မည်သည့်အစိုးရလက်ထက်တွင်မျှ လုပ်ဆောင်ခဲ့သည်ကိုမတွေရှိသေးကြောင်း သမ္မတထရန့်က ၎င်း၏ထင်မြင်ချက်ကို မီဒီယာများကို ပြောကြားခဲ့သည်။
သို့သော် သမ္မတထရန့်သည် ¤င်းမဲဆွယ်စည်းရုံးရေး ကာလအတွင်းက ကတိပြုခဲ့သည့် ကိစ္စရပ်များအနက် တစ်ခုကိုသာ အောင်မြင်စွာလုပ်ဆောင်နိုင်သေးသည်။ ပစိဖိတ်ဖြတ်ကျော်မဟာမိတ် လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်မှ အမေရိကန်နိုင်ငံကို ပြန်လည်ဆွဲထုတ်နိုင်ခဲ့သည်။
သို့သော် အကြမ်းဖက်မှုနှိမ်နင်းရေးအစီအစဉ်တစ်ရပ်အဖြစ် အမေရိကန်နိုင်ငံအတွင်းသို့ အရှေ့အလယ်ပိုင်းနှင့် အခြားသောနိုင်ငံများမှ စစ်ဘေးရှောင်ပြည်သူများဝင်ရောက်လာမှုကို ပိတ်ပင်ရန် သူ၏ကြိုးပမ်းချက်ကို တရားရုံးများက ပိတ်ပင်တားဆီးခဲ့သည်။
မက္ကဆီကိုနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသတစ်လျှောက် အုတ်တံတိုင်းကာရံရေး သမ္မတထရန့်၏အစီအစဉ်သည် ငွေကြေးစိုက်ထုတ်မှုပြသနာများကြောင့် ကြန့်ကြာလျက်ရှိသည်။
ထို့ပြင် အိုဘားမားကျန်းမာရေးစောင့်ရှောက်မှု စင်တာကို ဖျက်သိမ်းရန် သမ္မတထရန့်၏ကြိုးပမ်းမှုသည် အရာမရောက်ခဲ့ပေ။ ယခုအချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကြမ်းတစ်ရပ်ကိုပြဋ္ဌာန်းရန် ကွန်ဂရက်တွင် ဆွေးနွေးလျက်ရှိသည်။
နိုင်ငံတကာသံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီး သမ္မတထရန့်၏ အစိုးရအဖွဲ့သည် မြောက်ကိုရီးယား၏ ရန်စမှုများကိုတုံ့ပြန်ရန် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းကာ ကြိုးပမ်းလျက်ရှိသည်။
မကြာသေးမီက ဆီးရီးယားနိုင်ငံ၏ လေတပ်အခြေစိုက် စခန်းတစ်ခုသည် ဓာတုလက်နက်များ အသုံးပြုသည်ဆိုသည့်သံသယဖြင့် ယင်းအခြေစိုက်စခန်းကို သမ္မတထရန့် ဦးဆောင်အစိုးရအဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ရွေးကောက်ပွဲတွင် ရရှိခဲ့သော ဆန္ဒမဲရလဒ်များတွင် သမ္မတထရန့်အား ဆန္ဒမဲပေးသူဦးရေသည် ၄၂ ရာခိုင်နှုန်းသာရှိပြီး ယင်းအရေအတွက်သည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်သမ္မတများ၏ ဆန္ဒမဲအရေအတွက် ရရှိမှုများအနက် အရေအတွက်အနည်းဆုံးဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူများ အင်းလေးအပန်းဖြေစခန်းသို့ ရောက်ရှိ



Image may contain: 4 people, people standing, crowd and outdoor
ညောင်ရွှေ ဧပြီ ၂၉
အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန်လူငယ်အပန်းဖြေ စခန်းတွင် ဒေသန္တရလေ့လာရေးနှင့် အပန်းဖြေအနားယူရန် နဝမတန်းဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူ ၁၇၆ ဦးသည် ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်အောင် ကြီးကြပ်လျက် ဆရာ ဆရာမ ၁၈ ဦးနှင့်အတူ ယနေ့ ညနေ ၄ နာရီတွင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးခေါင်တိုင်အပန်းဖြေစခန်းသို့ ရောက်ရှိကြောင်း သိရသည်။
ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ပြီး မန္တလေးမှ ထွက်ခွာလာရာ ညနေ ၄ နာရီတွင် တည်းခိုမည့် အင်းလေးဟူပင်ဟိုတယ်သို့ ရောက်ရှိကြသည်။
ဘက်စုံပညာထူးချွန်လူငယ် ကျောင်းသား ကျောင်းသူများကို ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် ဌာနဆိုင်ရာများ၊ ဘင်ခရာအဖွဲ့ များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက ပန်းစည်း၊ ပန်းကုံးများကမ်း၍ လမ်းဘေးဝဲ၊ ယာတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြောင်း သိရသည်။
သတင်း-ဟိန်းထက်ဇော်(မြန်မာ့အလင်း) 
ဓာတ်ပုံ-ဇော်ဘီ(mmal)

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် ဧပြီ ၂၉
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်အစီး ၁၁၂ဝ၊ သွင်းကုန်အစီး ၆၁ဝ၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၃၅ စီး၊ သွင်းကုန် ၈၆ စီးဖြင့် ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့ သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဧပြီ ၂၈ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်းက တားဆီးမှုလေးမှု(ခန့်မှန်းတန်ဖိုးကျပ် ၈ ဒသမ ၅၉၆ သန်းခန့်)ရှိပြီး ထူးခြားဖမ်းဆီးမှုအနေဖြင့် ဧပြီ ၂၇ ရက်တွင် မြဝတီမှရန်ကုန်သို့သွားရောက်မည့် ခရီးသည်တင် မှန်လုံယာဉ်အား မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် PSI Full Receiver (100)U စလောင်းဗန်း(60)Uနှင့် စလောင်းဒေါက်တိုင် (200)U စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် ၂ ဒသမ ၂၈ သန်းခန့်အား တွေ့ရှိ၍ သိမ်း ဆည်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူများ ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်းသို့ ရောက်ရှိ



Image may contain: 3 people, people standing and outdoor
ငွေဆောင် ဧပြီ ၂၉
ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း (ငွေဆောင်)သို့ သွားရောက်ရန် ရန်ကုန်မြို့၌ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘက်စုံပညာထူးချွန်လူငယ်များသည် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့် အတူ ယနေ့နံနက် ၆ နာရီတွင် စုရပ် ဖြစ်သော ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ အထက(၁)လမ်းမတော်မှ ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ခရီးဆက်လက် ထွက်ခွာရာ မွန်းတည့် ၁၂ နာရီတွင် ပုသိမ်မြို့သို့ရောက်ရှိပြီး ပုသိမ်ဟိုတယ်၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အခမ်းအနားဖြင့် ကြိုဆိုကြသည်။
အခမ်းအနားတွင် ထူးချွန်လူငယ် များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံပြီး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ်ဦးညွန့်စိုးက ဘက်စုံပညာ ထူးချွန်အပန်းဖြေစခန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဘက်စုံပညာ ထူးချွန်လူငယ်များက အုပ်စုလိုက် မိတ်ဆက်ကြသည်။
ထို့နောက် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့်အတူ ဘက်စုံပညာ ထူးချွန်လူငယ်များသည် ခရီးဆက်လက် ထွက်ခွာရာ ညနေ ၃ နာရီခန့်တွင် ငွေဆောင်အပန်းဖြေစခန်းသို့ ရောက်ရှိကြပြီး ဒေသခံကျောင်းသား ကျောင်းသူများက ဒေသထွက်ခရုလည်ဆွဲများဖြင့် ကြိုဆိုကြသည်။
ဧပြီ ၂၉ ရက်မှ မေ ၄ ရက်အထိ ဖွင့်လှစ်မည့် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်)တွင် ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများအား ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်နှင့် ယုဇနဟိုတယ်များ၌ တည်းခိုနေထိုင်ရန် စီစဉ်ပေးထားပြီး ဘက်စုံပညာ ထူးချွန်ကျောင်းသား ကျောင်းသူများအား အပန်းဖြေနေထိုင်စဉ်အတွင်း လေ့လာရေးခရီးစဉ်နှင့် ဟောပြောပွဲများလည်း စီစဉ်ထားကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-နေလင်း

ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအား လူတန်းစားအားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့်ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်



Image may contain: 10 people, people sitting and indoor
နေပြည်တော် ဧပြီ ၂၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ Pan American Health Organization (PAHO)၌ကျင်းပသော ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအား လူတန်းစားအားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော စီမံချက်များနှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ Ministerial Dialouge ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၌ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေကောင်းရေသန့်ရရှိရေး၊ ယင်လုံ အိမ်သာစနစ် ကောင်းမွန်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်ရေးစသည့် အလုံးစုံပါဝင်သော ပြီးပြည့်စုံသည့် အမျိုးသားကျန်းမာရေး ရက်သတ္တပတ် (Comprehensive National Sanitaion Week) ကျင်းပနိုင်ရေးအတွက် ဆွေးနွေးသည်။
ယင်းနောက် ဝါရှင်တန်မြို့ Chemonics Headquarter တွင် Procurement and Supply Management(PSM) မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် PSM ဆိုင်ရာကိစ္စရပ်များ စနစ်တကျဖြစ်စေရေး၊ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး၊ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
ဧပြီ ၂ဝ ရက်တွင် ဝါရှင်တန်မြို့ PAHO ၌ကျင်းပသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့် ရရှိရေးအား လူတန်းစားအားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့တက်ရောက်ကာ အခြားနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဘဏ္ဍာရေးဝန်ကြီးများနှင့်အတူ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအတွက် ရန်ပုံငွေများ ဖြည့်တင်းရရှိနိုင်ရေး၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။
နေ့လယ်ပိုင်းတွင် ဝါရှင်တန်မြို့ May Flower Hotel ၌ USAID မှ တာဝန်ရှိသူများအား တွေ့ဆုံကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ဘဏ်ရုံးခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရန်ပုံငွေများကို အကျိုးရှိဆုံးဖြစ်အောင် အသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် အာဟာရမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့်နည်းပညာ ပံ့ပိုးကူညီပေးနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် ဆွေးနွေးသည်။
ဧပြီ ၂၁ ရက်တွင် ကမ္ဘာ့ဘဏ်မှ ဦးဆောင်ကျင်းပသော လူတိုင်းလက် လှမ်းမီနိုင်သည့် သာတူညီမျှကျန်းမာ ရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ရရှိနိုင်ရေးအတွက် ရန်ပုံငွေခွဲဝေချထားခြင်း ဆိုင်ရာဖိုရမ် (Second Annual UHC Financing Forum, Greater Efficiency for Better Health and Financial Protection) သို့ တက် ရောက်သည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဝင်ရောက်အရွေးခံမည့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူ David Nabarro နှင့်တွေ့ဆုံ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။
ဧပြီ ၂၄ ရက်တွင် ကမ္ဘာ့ဘဏ်မှ ဦးဆောင်ကျင်းပသည့် Global Financing Facility Investors Group Meeting သို့ တက်ရောက်ကာ ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေများအကျိုးရှိ ထိရောက်မှုအရှိဆုံးဖြစ်အောင် သုံးစွဲနိုင်ရေးကိစ္စရပ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးရှိနိုင်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ချမှတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

လောက်ကိုင်တိုက်ပွဲရှောင် အမျိုးသား အမျိုးသမီးများအားသီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှ ကြိုဆိုနေရာချထားပေး

Image may contain: 9 people, outdoor
လားရှိုး ဧပြီ ၂၉
ရှမ်းပြည်နယ် အရှေ့မြောက် လောက်ကိုင်ဒေသ၌ တိုက်ပွဲ များဖြစ်ပွားခဲ့စဉ်က တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံရှိ အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည့် မြန်မာနိုင်ငံ သား တိုက်ပွဲရှောင်အမျိုးသား ၁၁ဝ နှင့် အမျိုးသမီး ၅၁ ဦးတို့သည် ဧပြီ ၂၈ ရက် ည ၁၁ နာရီက လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြသည်။
အဆိုပါလက်ကျန် လောက်ကိုင်တိုက်ပွဲရှောင် အမျိုး သား အမျိုးသမီးများအား သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပုညနန္ဒကကြိုဆိုနေရာချထားပေးပြီး အစားအသောက်များ ကျွေးမွေးခဲ့သည်။ ဆက်လက်၍ လက်ကျန်လောက်ကိုင် တိုက်ပွဲရှောင်များအား မန်ဆူရှမ်းကျောင်းဆရာတော် ဦးဆောင်လျက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန(လားရှိုး)နှင့် လားရှိုးမြို့မှလူမှုကူညီရေးအဖွဲ့ များ၊ စေတနာရှင်များက ထမင်းထုပ်များ၊ စားသောက်ဖွယ် ရာများ၊ ရေသန့်ဘူးများ၊ အဝတ်အထည်များနှင့် ထောက် ပံ့ငွေများကို ပေးအပ်ကူညီပြီး ယင်းတို့၏နေရပ်ဒေသများသို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဧပြီ ၂၉ ရက် နံနက် ၈ နာရီတွင် မော်တော်ယာဉ်ကြီးသုံးစီးဖြင့် ပြန်လည်ထွက်ခွာသွားကြ ကြောင်း သိရသည်။
(သီပေါကိုလတ်)