Friday, March 31, 2017

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ





Image may contain: one or more people
ကိုမိုးသက်
ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးစီမံချက်ကို ပြည်ထောင်စုအစိုးရအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲနေရာ ယခုအခါ မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းတွင်တည်ရှိပြီး ကမ်းရိုးတန်းဒေသ ပြည်နယ်တစ်ခုလည်းဖြစ်သည်။
ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂ဝဝ ဒသမ ဝ၈ မိုင် ကျယ်ဝန်းပြီး အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်၌ ဧရာဝတီတိုင်းဒေသကြီး၊ မြောက်ဘက်၌ ချင်းပြည်နယ်၊ အနောက်ဘက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသော ပြည်နယ်တစ်ခု ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ခုနစ်မျိုးအပါအဝင် အခြားတိုင်းရင်းသားများလည်း မှီတင်းနေထိုင်လျက်ရှိသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ''ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့်အကြီးအကဲတွေ ဦးဆောင်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် နိုင်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင် အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဗဟိုကော်မတီအောက်မှာ လုပ်ငန်း ကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်''ဟု ပြောသည်။
ပညာရှင်များနှင့် နှစ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များပါဝင်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ပညာရှင်များနှင့် နှစ်ဖက်လူမှုအဖွဲ့ အစည်းမှ ကိုယ်စားလှယ်များပါဝင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း လေ့လာမှုများ သုံးကြိမ်ဆောင်ရွက်ကာ ပြည်သူကိုချပြ သင့်သည်များကို ရှင်းလင်းပြောကြားမှုများ ဆောင်ရွက်နိုင်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်ပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ မောင်တောခရိုင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ကို ဖွဲ့စည်းပြီး မောင်တောခရိုင် ဒေသအတွင်း လုံခြုံရေးနှင့်ဆက်စပ်လျက်ရှိသော ကိစ္စရပ်အားလုံး ပေါင်းစပ်ညှိနှိုင်း တာဝန်ခံလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ရခိုင်ပြည်နယ် လက်တွေ့အကောင် အထည်ဖော်ဆောင်မှု ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
ကမ်းရိုးတန်းပို့ကုန်မတ်ထရစ်တန် ၄၄၆ဝဝ ကျော်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရခိုင်ပြည်နယ်ရှိ (စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲ) ဆိပ်ကမ်းများအနေဖြင့် အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း ကမ်းရိုးတန်းပို့ကုန် ၄၄၆၁၆ မတ်ထရစ်တန် ကိုင်တွယ်ဆောင်ရွက် နိုင်ခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးဖြင့် ပြည်ပပို့ကုန် (အထွေထွေကုန်) ၉ဝ၅၃ မက်ထရစ်တန် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကာ ကမ်းရိုးတန်း သွင်းကုန်အနေဖြင့် ၃၆၆၉၈၉ မတ်ထရစ်တန် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ပသွင်းကုန် သာမန်ကုန်သွယ်ရေးဖြင့် ဒီဇယ်ဆီ ၉ဝဝ မက်ထရစ်တန် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သည်။
ရာခိုင်နှုန်းပြည့်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၊ စစ်တွေဆိပ်ခံတံတားနှင့် ပလက်ဝ ဆိပ်ခံတံတားများကို တည်ဆောက်လျက်ရှိသည်။ အဆိုပါဆိပ်ခံတံတားများမှာ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။ ၎င်းဆိပ်ခံတံတားများကို အသုံးပြုခြင်းဖြင့် ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူ ပြုမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေ ကျပ်သန်း ၃၆၅ဝ ကျော်ဖြင့် ရခိုင်ပြည်နယ်အတွင်း လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခြင်း၊ အသစ်ဖောက်လုပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများကို ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ မြေသားလမ်းများဖောက်လုပ်ခြင်း၊ မြေသားလမ်းများပေါ်တွင် Box Culvert များ တည်ဆောက်ခြင်းများ၊ ကျောက်ချောလမ်းခင်းခြင်းနှင့် ကွန်ကရစ်တံတားများတည်ဆောက်ပေးခြင်းတို့ကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိထိရောက်ရောက်
''မောင်တောဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အစိုးရက ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိပါတယ်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် က နယ်ခြားစောင့်ရဲစခန်း သုံးခုကို အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များနောက်ပိုင်းမှာ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပူးတွဲဆောင်ရွက်လျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့က ဆောင်ရွက်လျက်ရှိပါတယ်။
အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၁၄၄)အရ ည ၇ နာရီကနေ နံနက် ၆ နာရီအထိ ညမထွက်ရ၊ လူစုလူဝေးနဲ့ သွားလာခြင်းမပြုရ ထုတ်ပြန်ထားပါတယ်။ ဒါကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှာ ည ၉ နာရီကနေ နံနက် ၅ နာရီအထိ လျှော့ချထုတ်ပြန်ခဲ့ပါတယ်''ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ပိတ်ပင်ကန့်သတ်မှုမရှိ
မောင်တောဒေသအတွင်း ခရီးသွားများ ပိုမိုအဆင်ပြေစေရေးအတွက် မော်တော်ယာဉ် အသင်းများနှင့်ပေါင်းစပ်ကာ မော်တော်ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများအား လမ်းခရီးများကို ပိတ်ပင်ကန့်သတ်မှုမရှိကြောင်းနှင့် လုံခြုံရေးလိုအပ်ချက်အရ စစ်ဆေးရေးပြုလုပ် ခြင်းမှအပ သွားလာမှုပိတ်ပင်ထားခြင်းမရှိဘဲ၊ လူမျိုးဘာသာခွဲခြားမှုမရှိ တစ်ပြေးညီဆောင် ရွက်ပေးထားသည်။
မောင်တောမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာများရှိ ကျေးလက်နေပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများဝယ်ယူရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရေးအတွက် ကြိမ်ချောင်းနယ်မြေ၊ ငါးခူရနယ်မြေ၊ ခမောင်းဆိပ်နယ်မြေ၊ တမန်းသားနယ်မြေ၊ တောင်ပြိုလက်ဝဲနယ်မြေ စသည်ဖြင့် နယ်မြေငါးခုသတ်မှတ်၍ နယ်မြေ တစ်ခုလျှင် ဈေးကားနှစ်စီးဖြင့် နေ့အလိုက် သတ်မှတ်ပြေးဆွဲလျက်ရှိသည်။
မောင်တောမြို့နယ်တွင် ရပ်ကွက် ငါးရပ်ကွက်ပါဝင်သော ခမောင်းဆိပ်မြို့နှင့် ရပ်ကွက် ရှစ်ရပ်ကွက်ပါဝင်သော မြင်းလွတ်မြို့ တို့အား ပြည်ထဲရေးဝန်ကြီးဌာန၏၂-၂-၂ဝ၁၆ ရက်စွဲပါ အမိန့်ကြေညာစာ အမှတ်၊ (၂၉၉/ ၂ဝ၁၆)ဖြင့် မြို့ နှစ်မြို့အား တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။
''တစ်နှစ်တာကာလအတွင်းမှာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ၊ နိုင်ငံတကာသံအမတ်ကြီးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်''ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တစ်နှစ်တာကာလအတွင်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံ တကာမှ သံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ၉၄ ကြိမ် တွေ့ဆုံဆွေးနွေး မှုများပြုလုပ်ကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အဆင့်တိုးမြှင့်
ရခိုင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများ အသစ်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အစိုးရသစ် တစ်နှစ်တာကာလအတွင်း အမက (ခွဲ) ၂၉ ကျောင်း အသစ်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၉၅ ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့သည်။ အစိုးရသစ်လက်ထက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကျောင်းပေါင်း ၁၄ဝ ကို ပြည်ထောင်စုငွေလုံးငွေရင်းမှ ငွေကျပ် သန်းပေါင်း ၅၇ဝဝ ကျော်ဖြင့် ဆောက်လုပ်ဆောင် ရွက်ပြီးစီးခဲ့သည်။
ဆရာ ဆရာမများကိုလည်း တိုးချဲ့ခန့်ထားခြင်းကို ဆောင်ရွက်ခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆရာ ဆရာမပေါင်း ယခင် ၂၂၈၁၁ ဦးရှိပြီး ဆရာ ဆရာမ ၈၁၁ ဦး အသစ်ထပ်မံခန့်ထားပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂၃၆၂၂ ဦးကို ခန့်ထားပြီးဖြစ်သည်။
စတင်တည်ဆောက်
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနအနေဖြင့်လည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း ကျေးလက်ကျန်းမာရေးဌာန နှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ဝ ခု တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်နိုင်ခဲ့ပြီး ရသေ့တောင်မြို့နယ် ၌ (၁၆) ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ မြောက်ဦးမြို့ နယ်၌ (၁၆) ခုတင်ဆံ့ ဆေးရုံတစ်ရုံ တိုးချဲ့ ဖွဲ့စည်းခွင့်ရရှိသဖြင့် စတင်တည်ဆောက် လျက်ရှိသည်။
စစ်တွေမြို့ ခုတင် (၂ဝဝ) ဆံ့ဆေးရုံကို ခုတင် (၅ဝဝ)ဆံ့ဆေးရုံ အဆင့်တိုးမြှင့်ဖွဲ့စည်း ဖွင့်လှစ်ခွင့်ရရှိခဲ့သည့်အတွက် ခုတင်(၂ဝဝ) ဆံ့ဆေးရုံကို အဆင့်မြှင့်တင်တည်ဆောက် လျက်ရှိသည်။
ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းအနေဖြင့် မြို့နယ်အသီးသီး၌ လုပ်ငန်းပေါင်း ၈၆ ခု ရှိသည်။ ကျေးလက်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားခဲ့သည်။ ယင်းအနက် ဆရာဝန်ပေါင်း ၂၂၈ ဦး၊ သူနာပြု ၂၁၈ ဦး၊ သားဖွားဆရာမ ၁၂၈ ဦး၊ ကျန်းမာရေးကြီးကြပ်-၂ ဝန်ထမ်း ၉၃၆ ဦး ရှိသည့်အနက် ၅၃၈ ဦးမှာ ခန့်ထားပြီး ၂ဝဝ မှာ ခန့်အပ်ရန်ရွေးချယ်ထားပြီးဖြစ်သည်။
ကာကွယ်ဆေး(သီးသန့်) ထိုးနှံခြင်း
ရခိုင်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ်အတွင်း၌ ပြည်နယ်တွင်း ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး(သီးသန့်) ထိုးနှံခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုကာကွယ်ဆေးမှာ ပြင်းထန်ဦးနှောက်အမြှေးပါးရောင် ကာကွယ်ဆေး (Maingococcal Vaccine) အမျိုးအစားဖြစ်ပြီး ရောဂါကူးစက်မှုများဖြစ်ပွား လာပါက ကျန်းမာရေးဝန်ထမ်းများက ရောဂါဖြစ်ပွားရာ နယ်မြေများသို့ ကွင်းဆင်းဆောင်ရွက်ရမည်ဖြစ်သောကြောင့် ထိုးနှံပေးခြင်းလည်း ဖြစ်သည်။
ကာကွယ်ဆေးများကို ပြည်သူ့ကျန်းမာရေးရုံးမှ ဝန်ထမ်း ၇ဝ၊ မြောက်ဦးမြို့မှ ကျန်းမာရေးဝန်ထမ်း ၄၃၇ ဦး၊ စစ်တွေမြို့မှ ၂၆၇ ဦး၊ မင်းပြားမြို့မှ ၂၁၇ ဦးနှင့် ကျောက်တော်မြို့မှ ၄၃၅ ဦး စုစုပေါင်း ၁၄၂၆ ဦးတို့ကို ထိုးနှံပေးသွားမည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍတွင် သံတွဲခရိုင် ဂွမြို့နယ်အတွင်း ထရန်စဖော်မာများ တည်ဆောက်ခြင်း၊ သုည ဒသမ ၄ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းနှင့် ၁၁ ကေဗွီဓာတ်အားလိုင်းများတည်ဆောက် ခြင်းတို့ကို လုပ်ငန်းတန်ဖိုးငွေပမာဏ ကျပ် သန်း ၁ဝ၅ဝ ကျော်ဖြင့် ဆောင်ရွက်ခဲ့သည်။
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်အတွင်း၌ ပြည်နယ်ရန်ပုံငွေဖြင့် ၁၆ဝ ကေဗွီ အေ ရှစ်လုံးတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ အမ်းမြို့နယ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် အမ်းတပ်တောင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၈ ဒသမ ၂၅ မိုင် တည် ဆောက်ခြင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်း စုစုပေါင်း ၁၉ ဒသမ ၅ မိုင်နှင့် ၁၆ဝ ကေဗွီ အေ လေးလုံးတည်ဆောက်ခြင်း၊ ၁ဝဝ ကေဗွီအေ လေးလုံး ဆောင်ရွက်ခဲ့သည်။
ဖြန့်ဖြူးပေးလျက်ရှိ
မာန်အောင်မြို့နယ်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄ ဒသမ ၈၆ မိုင်ကို ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလားတူ ၁ဝဝ ကေဗွီအေ ကိုးလုံးတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်၌ ရခိုင် ပြည်နယ်တွင် ပြည်နယ်၏ လျှပ်စစ်ဓာတ်အား ကို မဟာဓာတ်အားလိုင်းမှ ၁၃ မြို့နယ်အထိ ဖြန့်ဖြူးပေးလျက်ရှိပြီး ကျေးရွာများအထိ လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အခါတွင် ကျေးရွာ ၁၄၇ ရွာ မီးရရှိလျက်ရှိပြီး လျှပ်စစ်ဓာတ်အား သွယ်တန်းဆဲရွာမှာ ၆၅ ရွာ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် မြေပုံမြို့နယ်၌ ဝဘော်ကြီး၊ အလယ်ကျွန်း၊ ပြင်င/ခူချောင်းကျေးရွာနှင့် တောင်ကုတ်မြို့နယ် ဖောင်းခါး၊ ကုလားရောင်၊ ဂျီပြင်ကျေးရွာများတွင် (Cyclone Sheltter) ခြောက်လုံးကို တစ်လုံးလျှင် ငွေကျပ်သန်း ၁ဝဝ နှုန်းဖြင့် ငွေကျပ်သန်း ၆ဝဝ အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။
မာန်အောင်မြို့နယ် ဇီးတောနှင့် ကုန်းတန်းရွာ တောင်ပိုင်းတို့တွင်လည်း တစ်လုံးလျှင် ငွေကျပ် ၁၂၉ ဒသမ ၅၈ သန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၅၉ ဒသမ ၁၆ သန်း အကုန်အကျခံကာ Cyclone Sheltter နှစ်လုံးတည်ဆောက်ပေးခဲ့သဖြင့် ပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးခဲ့မှုများပင်ဖြစ်သည်။
နှစ်တို/နှစ်ရှည် မြေငှားဂရန်
ရခိုင်ပြည်နယ်အတွင်း ပြည်နယ်/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် ဌာနဆိုင်ရာများသို့ နှစ်တို/ နှစ်ရှည် မြေငှားဂရန်နှင့် စီးပွားရေးစက်မှု လုပ်ငန်းများအတွက် စက်မှု/စီးပွားမြေငှား ဂရန်(Lease) ခွင့်ပြုပေးနိုင်ရေး လျှောက်ထားလာမှုအပေါ် မြေငှားဂရန်(မြေငှားစာချုပ်) စုစုပေါင်း ၅၈၅ ခုကို ခွင့်ပြုခဲ့သည်။
မြေသိမ်း၊ မြေလွှဲခွင့်ပြုပေးနိုင်ရေး ဆောင် ရွက်ခဲ့ရာ မြေသိမ်း တစ်မှု၊ မြေလွှဲ ၁၁ မှု စုစုပေါင်း မြေသိမ်းမြေလွှဲ ၁၂ မှုကို ခွင့်ပြု နိုင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများထံသို့ ပထမအကြိမ်ကျေးရွာမြေငှား ဂရန် ထုတ်ပေးသည့်အနေဖြင့် မြေငှားဂရန် (မြေငှားစာချုပ်) စုစုပေါင်း ၄၄၂ ခုကို ထုတ်ပေးခဲ့ပြီး ဒုတိယအကြိမ်တွင် မြေငှားဂရန် စုစုပေါင်း ၈၆၅ ခုကို ထုတ်ပေးခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရခိုင်ပြည်နယ်တွင် Sim Card ပေါင်း ၅၅ဝဝဝ ကို ရောင်းချထားပြီး တာဝါတိုင်အရေအတွက် ၉၆ ခုကို တိုးချဲ့စိုက်ထူထားရှိသည်။ ထို့အပြင် အော်တိုအိတ်ချိန်း ငါးခုကို တိုးချဲ့တပ်ဆင် လျက်ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံး ဆက်သွယ်ရေးဧရိယာလွှမ်းခြုံလျက် ရှိသည်ကို တွေ့ရှိရသည်။
မိုးများတဲ့ ဒေသ
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ''ရခိုင်ပြည်နယ်ဟာ မိုးများတဲ့ဒေသဖြစ်လို့ ပြည်နယ်အတွင်း ကမ်းပြိုခြင်း၊ သောင်ထွန်းခြင်းတွေ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ရခိုင် ပြည်နယ် ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကိုးခုနဲ့ မြေထိန်းနံရံ ပြန်လည်မွမ်းမံခြင်း တစ်ခု၊ မြေထိန်းနံရံ တည် ဆောက်ခြင်းလုပ်ငန်း သုံးခုနဲ့ သောင်တူးဖော် ခြင်းလုပ်ငန်းတစ်ခုတို့ကို ဆောင်ရွက်လျက်ရှိပါတယ်''ဟု ပြောသည်။
ပြည်နယ်အစိုးရ၏ မူလရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေ၊ ပိုလျှံရန်ပုံငွေများဖြင့် ရေငန်တားတာများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ရေတံခါးများတည်ဆောက်ခြင်း၊ လျှိုပိတ်ဆည်များ တည်ဆောက်ခြင်း၊ လယ်သမားတာ (ကာရီ)များ ပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် ခြင်း၊ ကျေးလက် ဆည်/ကန်များ ပြုပြင်ခြင်း၊ ဆက်စပ်မြောင်းတူးဖော်ခြင်း၊ ချောင်းပိတ်လုပ်ငန်း၊ ရေလှောင်တမံနှင့် ဆက်နွှယ်အဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများအတွက် ငွေကျပ် ၇၂၆ဝ၈၃၅ သန်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုရန်ပုံငွေ (ငွေလုံးငွေရင်း)၊ (သာမန်) ငွေကျပ်သန်း ၂၁၃ဝ ကျော်ဖြင့် စစ်တွေမြို့ သောက်သုံးရေပြည့်ဝစွာရရှိရေးအတွက် ကန်တော်ကြီးအား တိုးချဲ့ပြုပြင်ခြင်း၊ အဆောက်အအုံ အထွေထွေပြုပြင်ခြင်း၊ ရေငန်တားတာပြုပြင်ခြင်းနှင့် နွေစပါးရေချို ချောင်းပိတ် မြောင်းပိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
စပါးအထွက်နှုန်း
ရခိုင်ပြည်နယ်တွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နွေစပါးစိုက်ဧက ၁၁ဝ၃၇၆၂ ဧကရှိပြီး အထွက်နှုန်းအားဖြင့် တစ်ဧက ၆၅ ဒသမ ၂၇ တင်းထွက်ရှိကာ စိုက်ပျိုးဧရိယာတစ်ခုလုံး ၇၂ဝ၄၂၅၄၆ တင်း ထွက်ရှိခဲ့သည်။
နွေစပါးလျာထားဧက ၃ဝ၂ဝဝ ဧက လျာထားသော်လည်း ၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီ ၂၈ ရက်အထိ ၇၂၅၅ ဧက စိုက်ပျိုး လျက်ရှိသည်။ ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် တောင်သူ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်စေရန် ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ၂ဝ၁၆ ခုနှစ် မတ် ၃ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၂၅ဝ ကို သင်ကြားပို့ချလျက် ရှိသည်။
ပြန်လည်ဆင့်ပွားပေးနိုင်မည်
ကျောင်းသား ကျောင်းသူများသည် သက်ဆိုင်ရာပညာရပ်များကို ဆည်းပူးပြီး သင်ကြားခဲ့သည့် အသိပညာအတွေ့အကြုံ များဖြင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို တောင်သူများသို့ ပြန်လည်ဆင့်ပွားပေး နိုင်မည်ဖြစ်သည်။
၂ဝ၁၇ ခုနှစ် မတ် ၂ ရက်တွင် ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ရခိုင်ပြည်နယ် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်ဖန်တီးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပြည်နယ်တွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြပြီး ပြည်တွင်းပြည်ပ ပညာ ရှင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ် ရေးခက်ခဲသောဒေသပြည်နယ်တစ်ခု ဖြစ်သော်လည်း ယခုအချိန်တွင် လမ်းပန်းဆက် သွယ်ရေးအဆင်ပြေချောမွေ့လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရန် လမ်း တံတားများ တည်ဆောက်ခြင်း၊ ဖောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းများကို သက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ရှစ်လမ်း၊ လမ်းမိုင် အရှည် ၅၁၄ မိုင် ၆ ဖာလုံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ၄၃ လမ်း၊ လမ်းမိုင် အရှည် ၇၁ မိုင် ၄ ဖာလုံ ၇ဝ ပေ စုစုပေါင်း ၅၁ လမ်း၊ လမ်းမိုင်အရှည် ၁၂၂၆ မိုင် ၂ ဖာလုံ ၇ဝ ပေကို တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အစိုးရသစ် လက်ထက်တွင် လမ်းလုပ်ငန်းအနေဖြင့် ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း ၁၄ မိုင် ၃ ဖာလုံ ၅၉၄ ပေ ရန်ပုံငွေကျပ် ၆၆၇၆ ဒသမ ၅၆၆ သန်း၊ ၂၃ ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းခင်းခြင်း ၁ မိုင် ၇ ဖာလုံ ၂၈ဝ ပေ ရန်ပုံငွေကျပ် ၇၅၆ ဒသမ ၇၄ဝ သန်း၊ ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း ၂ဝ မိုင် ၃၃ဝ ပေ၊ ရန်ပုံငွေကျပ် ၃၅၉၃ ဒသမ ၃ဝဝ သန်း၊ ၁၈ ပေအကျယ် ကတ္တရာလမ်း တိုးချဲ့တည်ဆောက်ခြင်း ၁၇ မိုင် ၂ ဖာလုံ ၄၆၂ ပေ၊ ရန်ပုံငွေကျပ် ၃၁၆၈ ဒသမ ဝ၆ဝ သန်း၊ ကျောက်ချောလမ်းခင်းခြင်း ၃၄ မိုင် ၄ ဖာလုံ၊ ရန်ပုံငွေကျပ် ၁၈၄၉ ဒသမ ၁၄၁ သန်းနှင့် မြေကြီးတာပေါင်တင်/ချဲ့ခြင်း ၃၉ မိုင် ၄ ဖာလုံ၊ ရန်ပုံငွေကျပ် ၂ဝ၇၅ ဒသမ ၆ဝ၈ သန်း၊ စုစုပေါင်းရန်ပုံငွေကျပ် ၁၈၁၁၉ ဒသမ ၄၁၅ သန်းဖြင့် ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တံတား ၂ဝဝ နီးပါး
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တံတား လုပ်ငန်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပေ ၁၈ဝ အောက် တံတား ၁၈၈ စင်း ရန်ပုံငွေ ကျပ် ၄၂၂ဝ ဒသမ ၉၉၂ သန်းနှင့် ပေ ၁၈ဝ နှင့်အထက် တံတား ၁ဝ စင်း၊ ရန်ပုံငွေကျပ် ၉၂၇၄ ဒသမ ၅ဝဝ သန်း စုစုပေါင်း ရန်ပုံငွေကျပ် ၁၃၄၉၅ ဒသမ ၄၉၂ သန်းဖြင့် တံတား ၁၉၈ စင်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ပေ ၁၈ဝ နှင့် အထက်တံတား ၁ဝ စင်းအနက် တောဖျားချောင်းတံတား ပေ ၁၂ဝဝ (ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း)၊ ထွန်းရဝေ တံတား ပေ ၄၅ဝ (ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်း)၊ ပန်ဇင်းချောင်းတံတား ပေ ၉၆ဝ (ရသေ့တောင်-ဘူးသီးတောင်လမ်း)၊ အောင်သာချောင်းတံတား ပေ ၁၈ဝ (ရသေ့တောင်- ဘူးသီးတောင်လမ်း)နှင့် အုန်းချောင်းတံတား ပေ ၂၁ဝ မာန်အောင်ကျွန်းပတ်လမ်း စုစုပေါင်း တံတားငါးစင်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ကုန်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ရာ ကျန်ရှိသော တည်ဆောက်ဆဲတံတား ငါးစင်း အနက် ဒါးလက်ချောင်းတံတား ပေ ၉၆ဝ၊ မင်းဘူး-အမ်း-စစ်တွေလမ်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၁ဝဝ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ရန်လျာထားပြီး ကြပ်စင်မြစ်ကူး တံတား ပေ ၁၉၂ဝ (မြေပုံ-မင်းပြားလမ်း)၊ ရသေ့တောင်ချောင်း ပေ ၈၈ဝ (ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း)၊ စိုင်းဒင် ချောင်းတံတား ပေ ၆ဝဝ (ရသေ့တောင်-ဘူးသီးတောင်လမ်း)နှင့် ဆတ်ရိုးကျတံတား ပေ ၁၃၄ဝ (စစ်တွေမြို့နယ်) စုစုပေါင်း တံတားလေးစင်းကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေလျာထားချက်အရ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့အနေဖြင့် ကတ္တရာလမ်း ၄ မိုင် ၅ ဒသမ ၂၇ ဖာလုံ) ကျောက်လမ်း ၂ မိုင်၅ ဒသမ ၇၄ ဖာလုံ) ကွန်ကရစ်လမ်း ၁ မိုင် ၄ ဒသမ ၅၈ ဖာလုံနှင့် အခြားလုပ်ငန်း ၄၅ မျိုး စုစုပေါင်း ၈ မိုင် ၇ ဒသမ ၅၉ ဖာလုံကို ခွင့်ပြု ငွေကျပ် သန်း ၁၃၇၅ ဒသမ ၂၄၄ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
ရေပေးရေးလုပ်ငန်း
ထို့အပြင် ကွန်ကရစ်တံတား ၃၁ စင်း၊ ရေပြွန် ၂၇ စင်း အခြားပြုပြင်ရေးလုပ်ငန်း ၁၂ ခု တို့အတွက် ကျပ်သန်း ၁၇၈ ဒသမ ၈၆ဝ ကို လည်းကောင်း၊ မြို့ပြရေပေးရေးလုပ်ငန်းများ အတွက် မြေသားရေကန် ငါးကန်နှင့် အခြား ရေပေးရေးလုပ်ငန်း ၃၉ ခုအတွက် ကျပ်သန်း ၃၃၁ ဒသမ ၄၂၂ လုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ကျေးလက်လမ်းများတည်ဆောက်မှုကို ပြည်နယ်ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ကွန်ကရစ်လမ်း၊ မြေသားလမ်း၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်း စုစုပေါင်း လမ်း ၂ဝ မိုင်ပေါင်း ၅၁ မိုင် ၇ ဒသမ ၃၃ဖာလုံအတွက် ကျပ်သန်း ၃၄၆ ဒသမ ၃ဝဝ ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်ရန်ပုံငွေဖြင့် ကျေးလက်လမ်း တည်ဆောက်မွမ်းမံခြင်း ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်းနှင့် အခြားလမ်းများ တည်ဆောက်မွမ်းမံခြင်း လမ်း ၂၉ လမ်း၊ ၁၃ မိုင် ၃ ဒသမ ၁၇၅ ဖာလုံကို ခွင့်ပြုငွေကျပ် ၅၅၈ ဒသမ ၈၉၄ သန်း အသုံး ပြုကာ ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော် ထောက်ပံ့ငွေဖြင့်လည်း လမ်း၊ တံတားများကို ဆောင်ရွက်လျက်ရှိသည်။
ထောက်ပံ့ငွေကျပ် ၇၈ ဒသမ ဝ၉၂၅ သန်းဖြင့် ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်းနှင့် အခြားကျေးလက်လမ်း ခြောက်လမ်း၊ ၇ ဒသမ ၉၇ ဖာလုံကို ဆောင် ရွက်ခဲ့ပြီး ကွန်ကရစ်တံတားအစင်း ၃ဝ (၅၃၄ ပေ)၊ Box Culvert ၈၂ စင်း (၄၁၅ ပေ) စုစုပေါင်း တံတား ၁၁၂ စင်းအတွက် ငွေကျပ် သန်း ၆၉၃ ဒသမ ၈ဝဝ အသုံးပြုကာ ဆောင် ရွက်နိုင်ခဲ့သည်။
ကျေးလက်တံတားများ မွမ်းမံတည် ဆောက်ရန် ခွင့်ပြုငွေကျပ် ၈၉၉ ဒသမ ၅ဝဝ သန်း အသုံးပြုကာ တံတား ၇၄ စင်း ပေ ပေါင်း ၁၂၅၂ ပေ ကို ပြုပြင်မွမ်းမံခဲ့ပြီး နိုင်ငံတော်ထောက်ပံ့ငွေကျပ်သန်း ၁၉ဝ ဒသမ ဝဝ၂၅ သန်းဖြင့် တံတား ၁ဝ စင်း (၃၂၆ ပေ)အရှည်ကိုလည်း တည်ဆောက်ခဲ့သည်။
ပြုပြင်မွမ်းမံ
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ကျပ်သန်း ၁၈၆ဝ ခန့်ဖြင့် လက်တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်းရေသွယ်တန်းခြင်း စုစုပေါင်းရေတွင်းရေကန် ပိုက်သွယ်တန်းမှု ၂၅ ခုကိုလည်းကောင်း၊ ကျေးလက်ရေပေးရေး လုပ်ငန်းများအား ပြုပြင်မွမ်းမံနိုင်ရန်အတွက် ခွင့်ပြုငွေ ၉၄ ဒသမ ၃ဝ ကျပ်သန်းကို အသုံး ပြုကာ မြေသားရေကန် စိမ့်စမ်းရေသွယ်တန်းခြင်း လက်တူးတွင်းအုတ်ရေကန်၊ ရေတားတမံနှင့် အခြားပြုပြင်မွမ်းမံရေးလုပ်ငန်းပေါင်း ၄၂ ခုကို ဆောင်ရွက်ခဲ့သည်။
ကျေးလက် ရေပေးရေးလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ငွေ ၄၅ ဒသမ ၃၅၂ ကျပ်သန်းဖြင့် လက်တူးတွင်း၊ တွင်းတိမ်၊ အုတ်စီရေတွင်း၊ မြေသားရေကန်နှင့် အခြားလုပ်ငန်းပေါင်း ၁ဝ ခုကိုလည်း ဆောင်ရွက်ခဲ့သည်။
ကျေးလက်အိမ်ရာများကိုလည်း ဖော်ဆောင်လျက်ရှိရာ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် ခွင့်ပြုငွေကျပ် ၃၅ဝ ဒသမ ဝဝ သန်းဖြင့် အိမ်အလုံး ၁ဝဝ ကိုလည်း တည်ဆောက်ပေး ခဲ့ပြီး ကျေးလက်အိမ်သာများကို မြို့နယ် ကိုးမြို့နယ်အတွက် ခွင့်ပြုငွေကျပ် ၃၃ သန်းဖြင့် အိမ်သာအလုံး ၂၂ဝ ကို ဆောက်လုပ်ပေးခဲ့သည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာ စေရန်ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ ငွေကျပ်သိန်း ၃ဝဝ ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ ရခိုင်ပြည်နယ်တွင် ကျေးရွာပေါင်း ၁၂၂ ရွာအတွက် ရန်ပုံငွေကျပ် သန်း ၃၆၆ဝ ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စု ရန်ပုံငွေကျပ်သန်း ၇၅၃၆ ဒသမ ဝ၉၅၉၅ သန်းကို ခွင့်ပြုပြီး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြေလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ တံတားနှင့် ရေပြွန်များဆောင်ရွက်ခဲ့သည့်အပြင် နယ်စပ်ဒေသများတွင် ရေရရှိရန်အတွက် ဆည် တစ် ဆည်၊ အဝီစိတွင်း တစ်တွင်း၊ ရေကန် ၈၈ ကန်နှင့် ရေတွင်းခြောက်တွင်းတို့အားလည်းကောင်း၊ ကျေးရွာ ခုနစ်ရွာတွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ဆိုလာမီးအစုံ ၇၈၅ စုံအား လည်းကောင်း၊ နယ်စပ်ဒေသအိမ်ရာများအား ကျေးရွာကိုးရွာတွင် အိမ် ၁၈၃ လုံးနှင့် ရုံး အဆောက်အအုံ လေးလုံးတို့ကို ဆောက်လုပ် ခဲ့သည်။ ထို့အပြင် သာသနာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းကိုလည်း ကျေးရွာ သုံးရွာတွင် ဆောက်လုပ်လှူဒါန်း နိုင်ခဲ့သည်။
လူထုဗဟိုပြုစီမံကိန်း
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ''ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး လူထုဗဟိုပြုစီမံကိန်းကို အမ်းမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အသက်မွေးဝမ်း ကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT Fund)နဲ့ပူးပေါင်းပြီး ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကို ဂွမြို့နယ်နဲ့ မာန်အောင်မြို့နယ်တို့မှာ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောကြားသည်။

အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ မြန်မာအသင်း အုပ်စုပထမရရှိ



နေပြည်တော် မတ် ၃ဝ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့် ၂ဝ၁၇ အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ မြန်မာအသင်းသည် သြစတြေးလျအသင်းကို အနိုင်ယူပြီး အုပ်စုပထမနေရာရရှိခဲ့သည်။
အုပ်စု(က)ပွဲစဉ်များတွင် နိုင်ပွဲကိုယ်စီရထားသည့် အိမ်ရှင်မြန်မာနှင့် သြစတြေးလျအသင်းတို့သည် ပထမနေရာအတွက် ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာအသင်းက သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရကာ ပထမနေရာရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနှင့် သြစတြေးလျတို့ပွဲမှာ ပထမပွဲငယ်နှင့် ဒုတိယပွဲငယ်တို့တွင် (၂၅-၂၃)မှတ်စီဖြင့် အပြန်အလှန်ရလဒ်ထွက်ပေါ်ခဲ့သောကြောင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာ အသင်းက တတိယပွဲငယ်တွင် (၂၅-၁၆) မှတ်၊ စတုတ္ထပွဲငယ်တွင် (၂၅-၂၂) မှတ်ဖြင့် အနိုင်ရခဲ့သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(က)မှ မြန်မာနှင့် သြစတြေးလျ၊ အုပ်စု (ခ)မှ တောင်ကိုရီးယားနှင့် အီရန်၊ အုပ်စု (ဂ) မှ ဂျပန်နှင့် ထိုင်း၊ အုပ်စု (ဃ)မှ တရုတ်နှင့် တရုတ် (တိုင်ပေ)အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ ယင်းအသင်းများသည် ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည့်အသင်းများအတွက် ဒုတိယအဆင့် အုပ်စုပွဲစဉ်များ ကစားရမည်ဖြစ်ပြီး အုပ်စု (က) မှအသင်းများမှာ အုပ်စု (ဂ) အသင်းများ၊ အုပ်စု (ခ) မှ အသင်းများမှာ အုပ်စု (ဃ)မှ အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မတ် ၃၁ ရက်တွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး ဒုတိယအဆင့် အုပ်စုပွဲများကို ဧပြီ ၁ ရက်၊ ၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဧပြီ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒုတိယအဆင့်ပွဲစဉ်များ ပြီးဆုံးမှသာ ထွက်ပေါ်လာမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ဓာတ်ပုံ-ကိုကိုစိုးညွန့်

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်တွင်း ပြည်ပသတင်းမီဒီယာအဖွဲ့များ လွတ်လပ်စွာသတင်းရယူ



Image may contain: 19 people, people standing, crowd, wedding and outdoor
မောင်တော မတ် ၃ဝ
ရခိုင်ပြည်နယ်မောင်တောဒေသတွင် သတင်းရယူလျက် ရှိသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့တွင် မောင်တောမြို့နယ်အတွင်းရှိ ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်သည့် ကျေးရွာများသို့ မြေပြင်ကွင်းဆင်း သတင်းရယူကြသည်။
ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် မောင်တော မြို့နယ်အတွင်းရှိ ကျီးကန်းပြင်၊ ဝါးပိတ်၊ အောင်မင်္ဂလာ၊ ဖားဝပ်ချောင်း၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင်၊ ကြက်ရိုးပြင်၊ ငါးစားကြူး၊ ပြောင်ပိုက်ကျေးရွာများနှင့် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရုံးသို့ သွားရောက်ကြပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နေရပ်မှခေတ္တ တိမ်းရှောင်သွားရာမှ ကျေးရွာအသီးသီးသို့ ပြန်လည်ရောက်ရှိလာမှုအခြေအနေ၊ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုနှင့် ပြန်လည်နေရာချထားရေးအတွက် စီမံဆောင်ရွက် နေမှုအခြေအနေ၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုအခြေအနေ၊ နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများကို လွတ်လပ်စွာ သတင်းရယူကြသည်။
ထိုသို့ သတင်းရယူစဉ် ကျားခေါင်းတောင်ကျေးရွာရှိ ဒေသခံအမျိုးသမီး သုံးဦးမှ လွန်ခဲ့သော သုံးလခန့်က လုံခြုံရေးတပ်ဖွဲ့ဝင် အချို့၏ အဓမ္မပြုကျင့်ကြောင်းစွပ်စွဲ ပြောကြားမှုများရှိခဲ့ရာ ၎င်းကိစ္စရပ်အပေါ်တာဝန်ရှိသူများက ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် စစ်တွေလေဆိပ် ကြည့်ရှုစစ်ဆေး



Image may contain: one or more people, people standing and outdoor
နေပြည်တော် မတ် ၃ဝ
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မတ် ၂၉ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဌေး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်၊ စစ်တွေ လေဆိပ်အဆောက်အအုံသစ်ဖွင့်လှစ်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လေဆိပ်တာဝန်ခံအရာရှိက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

အစိုးရသစ်၏ တစ်နှစ်တာခရီးလမ်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၏ သဘောထားအမြင်



Image may contain: 2 people, people sitting and indoor
နိုင်ငံတော်အစိုးရ၏ တစ်နှစ်တာကာလအတွင်း တိုင်းပြု ပြည်ပြု ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး၏ သဘောထားအမြင်များကို သိရှိနိုင်ရန် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ အစိုးရအဖွဲ့အနေနဲ့ အခုဆိုရင် တစ်နှစ် သက်တမ်းပြည့်မြောက်ခဲ့ပါပြီ။ ဒီတစ်နှစ်တာကာလအပေါ် ဘဘအနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ အောင်မြင်တိုးတက် ကောင်းမွန်တာတွေရှိသလို ဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ အခုထိမဆောင်ရွက်နိုင်သေးတာလေးတွေ၊ ကျန်နေတာလေးတွေ ရှိနေသေးတယ်။ တိုးတက်အောင်လုပ်ဖို့လည်း ရှိတာပေါ့၊ သဘောကတော့ အခါလည်သားလေးကို ရည်မှန်းချက်ရောက်အောင် ပြေးစမ်းဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။
တစ်နှစ်ဆိုတော့ တစ်နှစ်သားလောက်ပဲ လုပ်နိုင်မှာပဲ။ ဘာလို့လဲဆိုတော့ ရာစုနှစ်ထက်ဝက်လောက်က စစ်အုပ်ချုပ်ရေးဆန်ဆန် တစ်ပါတီဦးစီးစနစ်နဲ့ အုပ်ချုပ်တဲ့ စနစ်၊ နောက်ပြီးတော့ တပ်ကနေများသောအားဖြင့် ကိုင်တွယ်အုပ်ချုပ်တဲ့စနစ်နဲ့ တောက်လျှောက်လာခဲ့တာ။ အခုကျမှ ပြည်သူလူထုက ရွေးချယ်လိုက်တဲ့အခါ လုပ်ရကိုင်ရမယ့် စိန်ခေါ်မှုတွေက သိပ်များနေခဲ့တာပေါ့။ သူ့ရဲ့အရင်းအမြစ်ကိုရှာပြီး တစ်ခုစီတစ်ခုစီ ဆွဲထုတ်ပြီးတော့ ပြီးစီးအောင် လုပ်ကိုင်သွားဖို့ဆိုတာက အချိန်ယူရမှာပေါ့။ အချိန်ယူရမယ်ဆိုတာကလည်း သတ်သတ်မှတ်မှတ် အကန့်အသတ်နဲ့ အချိန်ပေးမှ ပြည်သူလူထုက ပိုပြီးတော့ အားရှိမှာပေါ့။
မေး။ ။ တစ်နှစ်တာ လျှောက်လှမ်းခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေသူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ လက်နက်ကိုင်ပဋိပက္ခက တောက်လျှောက် ယနေ့ထိတိုင် ဖြစ်နေတာပေါ့၊ ဒီအပေါ်မှာ သင်ခန်းစာကောင်းတွေ ယူပြီးတော့ အပစ်အခတ်ရပ်စဲကြပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးပါတော့ ကောင်းတာပေါ့၊ အားလုံးပါဖို့ လိုတာပေါ့။ သစ္စာရှိရှိ၊ မေတ္တာနဲ့ မှန်မှန်ကန်ကန်၊ ရင်းရင်းနှီးနှီး လုပ်တာတွေက ပိုပြီးထိရောက်ပုံရပါတယ်။
ဒီနေ့ ကျွန်တော်တို့ ခေါင်းဆောင်ကလည်း တိုင်းရင်းသားတွေကို တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲဖို့ကိုပဲ ဇောက်ချပြီးတော့ လက်တွေ့ကိုင်တွယ်ဖြေရှင်းနေတာဖြစ်ပါတယ်။ အချင်းချင်းယုံကြည်မှုရအောင်၊ ကိုယ့်ဘက်ကလည်း ယုံကြည်မယ့်စကား၊ ယုံကြည်မယ့် လှုပ်ရှားမှု၊ တစ်ဖက်ကလည်း အလားတူယုံကြည်မယ့်စကား၊ ယုံကြည်မယ့် လှုပ်ရှားမှုတွေနဲ့ မှန်ကန်တဲ့လမ်းပေါ် ရောက်သွားရင်တော့ ဒါတိုင်းပြည်ရဲ့ ရှေ့ရေးကောင်းမွန်မှုနဲ့ ကံကြမ္မာ ကောင်းကိုဖြစ်မယ်လို့ ယူဆတယ်။ အဲဒါဖြစ်အောင်လည်း တစ်တိုင်းပြည်လုံး အားလုံးက အဲဒီသဘောထားနဲ့ လုပ်ကိုင်သွားကြမှဖြစ်မယ်လို့ ပြောချင်ပါတယ်။
မေး။ ။ NLD အစိုးရရဲ့တစ်နှစ်တာသက်တမ်းအတွင်းမှာ စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး ဝေဖန်မှုအချို့ ရှိခဲ့ပါတယ်။ ဘဘအနေနဲ့ရော ဘယ်လိုရှုမြင်သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ နှစ်ပေါင်းရာစုတစ်ဝက်လောက် ဖြစ်ခဲ့တဲ့ စီးပွားရေးစနစ်တွေနဲ့ပတ်သက်ပြီး တစ်နှစ်၊ အခါလည်သားမှာတော့ အများကြီးသိပ်မှန်းလို့ မရသေးဘူးပေါ့။ စိန်ခေါ်မှုတွေကို စည်းကမ်းတကျ၊ စနစ်တကျ ကြိုးစားဖော်ထုတ်ပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ဒါဟာ အခြေအနေကောင်းတစ်ခုကို ရောက်မှာပါ။ တော်လှန်ရေး ကောင်စီတက်တုန်းက ပါလီမန်ဒီမိုကရေစီခေတ်ကနေ လုပ်လာခဲ့တဲ့ စီးပွားရေးစနစ်ကြောင့် ကျတဲ့ဘက်ကို ရှိနေမယ်လို့ မှန်းဆရပါတယ်။ အခုလည်းဒီလိုပဲ၊ အကျိုးသက် ရောက်မှုတွေကတော့ ရှိမှာပဲ။ ဒီဘက်သက်တမ်းက လုပ်တဲ့ အကျိုးသက်ရောက်မှုက ဟိုဘက်ကျမှ မြင်ရမယ်။ ဒီလို သဘောပေါက်တယ်။
မေး။ ။ နိုင်ငံရေးလောကရဲ့ ဓလေ့ထုံးစံအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်များအပေါ် ကြိုဆိုထောက်ခံသူတွေရော၊ ဝေဖန်ကန့်ကွက်သူအချို့ရော ရှိခဲ့ပါတယ်။ ဒါကြောင့် ဘဘအနေနဲ့ ဝေဖန်ကန့်ကွက်သူတွေအပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ အကြောင်းခြင်းရာတွေနဲ့ပတ်သက်ပြီး ဝေဖန်တာတွေက အများကြီးပေါ့။ ပြည်သူလူထုဘက်ကနေ မြင်တာတွေကို ပြောရဲလာတယ်ပေါ့၊ အဲဒါတွေကို အကောင်း မြင်ရမယ်။ မပြောရဲတာတွေကို ပြောရဲလာကြတယ်။ အဲဒါက တိုးတက်လာတဲ့ သဘောရှိတယ်။ တချို့နေရာတွေမှာ လုပ်တဲ့ကိုင်တဲ့အခါ အစိုးရအနေနဲ့ ဝေဖန်ခံရ တာတွေရှိတယ်။ အစိုးရဖြစ်ရင် ဝေဖန်ခံရမှာပဲလေ။ တဖြည်းဖြည်းနဲ့ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ဆန္ဒကို ဦးထိပ်ပန်ပြီးတော့ ဝိုင်းဝန်းလုပ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပြဿနာရပ်တွေဟာ ဖြေရှင်းနိုင်ပြီး ချောမောအောင်မြင်သွားမယ်လို့ ပြောရမှာဖြစ်ပါတယ်။
မေး။ ။ အများလေးစားခြင်းခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ဘဘကို မေးချင်ပါတယ်။ လူပုဂ္ဂိုလ်တစ်ယောက်ကို အများပြည်သူက ဘယ်အခါမျိုးမှာ လေးစားကြပါသလဲ။ ဘယ်အရည်အချင်းတွေကြောင့် လေးစားသလဲ။ ကျွန်တော်တို့နိုင်ငံမှာ လူထုအလေးစားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပမာပြုပြီးရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ ကိုယ်ကျင့်တရားပေါ့၊ ကိုယ်ကျင့်တရား ကောင်းတာရယ်၊ နောက်ပြီး ရိုးသားဖြောင့်မတ်မှုရယ်ပေါ့။ ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာက ယုံကြည်မှုစွမ်းပကား ပေးတယ်လို့ ဆိုရမှာပါ။ ကိုယ်ကျင့်တရားနဲ့ပတ်သက်လို့ လက်မခံနိုင်စရာ အကြောင်းရှိတဲ့သူကိုတော့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ လူတွေရဲ့လေးစားဖို့ဆိုတာ အင်မတန် ခက်တာပေါ့။
ဗိုလ်ချုပ်အောင်ဆန်းမှာရှိတဲ့ စိတ်နေသဘောထားက ဖြောင့်မတ်တယ်၊ တည်ကြည်တယ်။ ဗိုလ်ချုပ်ကို လေးစားတယ်ဆိုတာက ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို တကယ်တမ်းစွန့်လွှတ်ပြီးတော့ တိုင်းပြည်အတွက် လုပ်ခဲ့တယ်။ နောက်ပြီး ဖြစ်နိုင်တာကိုပြောပြီး ဖြစ်အောင်လုပ်သွားနိုင်တယ်။ ဥပမာဆိုရင် တစ်နှစ်အတွင်း လွတ်လပ်ရေးရမယ် ဆိုတာပေါ့။ ဒါ ဗိုလ်ချုပ်ရဲ့စွမ်းရည်ပါပဲ။ သို့သော်လည်း ကံမကောင်းချင်တော့ အချိန်မတိုင်ခင်လေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်အတွက် အသက်ပေးသွားတာကတော့ နှမြောဖို့ ကောင်းတာပေါ့။
မေး။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိတိုင်းပြုပြည်ပြု ကြိုးပမ်းဆောင်ရွက်မှုအပေါ်ရော ဘဘအနေနဲ့ ဘယ်လောက်မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် သိပ်ယုံကြည်တယ်။ သူကပြောရင် ဖြစ်အောင်လုပ်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာလည်းပဲ အမြဲတမ်း စည်းလုံးမှုရအောင်၊ ညီညွတ်မှုရအောင် သွားဖြစ်အောင် သွားတွေ့ လုပ်ကိုင်တာမျိုးကို သူကစွန့်စွန့်စားစား လုပ်တတ်တဲ့သဘောရှိတယ်။ ဒါကြောင့် သူ့ကိုလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပါတယ်။
မေး။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ သဘောထားကြီးကြီး၊ စိတ်ဓာတ်စေတနာအမှန်နဲ့ ငြိမ်းချမ်းရေးကို အေးချမ်းတဲ့နည်းနဲ့ ဖြေရှင်းပြီးတော့ တိုင်းပြည်မှာ တိုင်းရင်းသားအားလုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်နိုင်ပါစေ။ တိုးတက်ဖွံ့ဖြိုးပါစေ။ ကျွန်တော်တို့ မသေခင်မှာပေါ့ တစ်ခုတည်းသောအကျိုးပြုမယ့်၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုးတွေ့ရှိပြီးတော့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းနိုင်ကြပါစေ။ အေးချမ်းငြိမ်းချမ်းကြပါစေ။ ဒါပဲပြောရမှာပဲ။
တွေ့ဆုံမေးမြန်း-ခင်မောင်ထွေး၊ ရီရီမြင့်၊ ဓာတ်ပုံ-ရဲထွဋ်

ပထမအကြိမ် ပဲခူးတိုင်းဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ် ကျင်းပ



Image may contain: one or more people and indoor
ပဲခူး မတ် ၃ဝ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်တွင် ပထမအကြိမ် ပဲခူးတိုင်းဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်ကို ပဲခူးမြို့ သီရိဟံသာခန်းမ ၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပကြောင်း သိရသည်။
ယင်းအခမ်းအနားကို မတ် ၃ဝ၊ ၃၁ နှစ်ရက်တာ ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးအဖွဲ့လွှတ်တော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြောင်း ပွဲစီစဉ်ကျင်းပသူ ဦးဇင်မျိုးအောင်ထံမှ သိရသည်။
''ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေ တစိုက်မတ်မတ် ပါဝင်လာနိုင်ဖို့နဲ့ Forum ဖြစ်မြောက် ရေးကော်မတီရဲ့လုပ်ငန်းလမ်းညွှန်ကို ပြန်လည်သုံးသပ် ရေးဆွဲအတည် ပြုဖို့ပါ။ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် KNU တာဝန်ရှိသူတွေ၊ ABSDF ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ပါတယ်။ တက်ရောက် ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ပွဲစီစဉ်ကျင်းပသူ ဦးဇင်မျိုးအောင်က ပြောသည်။
အဆိုပါပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် သဘာဝသယံဇာတဝန်ကြီး ဦးကျော်မင်းစံ ပေးပို့သော သဝဏ်လွှာအား ကျောက်ကြီးမြို့နယ် စစ်တောင်း သံစဉ်လူမှုကွန်ရက်မှ ဦးရန်နိုင်အောင်က ဖတ်ကြားပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကတိကဝတ် အာမခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစောညိုဝင်း၊ ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) သစ်တောဌာန အတွင်းရေးမှူး စောသရေးကျော်၊ ABSDF မှ ကိုယ်စားလှယ် ဦးဆလိုင်းယောအောင်နှင့် တိုင်းဒေသကြီး JMCS အဖွဲ့မှ အရပ်သားကိုယ်စားလှယ် ဦးစောလင်းအောင်တို့က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ် အရပ်ဘက်အဖွဲ့အစည်းများ၊ တစ်ဦးချင်း ငြိမ်းချမ်းရေးစိတ်ပါဝင်စားသူများ၊ ဖိတ်ကြားထားသူ အင်အား ၂၂ဝ ကျော် တက်ရောက်ကြောင်း ပွဲစီစဉ်သူတစ်ဦးထံမှ သိရသည်။
''အရပ်ဘက် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အင်အားတစ်ရပ်အနေနဲ့ ပါဝင်လာတာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက ပြည်သူတွေရဲ့ လိုအပ်ချက်ကို အကုန်မသိနိုင်ဘူး။ အရပ်ဘက် အဖွဲ့အစည်းက လူထုနဲ့အမြဲတမ်း ထိတွေ့နေရတာဆိုတော့ ဒီလိုစုဖွဲ့မှု တွေကတစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပါဝင်မှုကိုအလေး ထားရမှာပါ''ဟု ပွဲသို့တက်ရောက်လာသူ ပြည်ခရိုင်တာဝန်ခံ ဦးကျော်ဆန်း က ပြောသည်။
(ကိုကျောက်ကြီး)

လူမှုဝန်ထမ်းမူကြိုကျောင်းအတွက်အထောက်အကူပြုစာအုပ်များ လှူဒါန်း



Image may contain: 12 people, people standing and indoor
ရန်ကုန် မတ် ၃ဝ
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို ကျောင်းတွင် အသုံးပြုရန် ဝှိုက်ဘုတ် (White Board) များနှင့် မူလတန်း ကလေးများအတွက် အင်္ဂလိပ်စာသင် အထောက်အကူပြု သီချင်းခွေများနှင့် အင်္ဂလိပ်စာအခြေခံစာအုပ်များကို ကျောက်တန်းမြို့နယ် ညောင်ဝိုင်း ကျေးရွာ၌ ၁၉ဝ၆ ခုနှစ်က တည်ထောင်ခဲ့သော ''ဓမ္မသုတ ကုသိုလ်ဖြစ်အခမဲ့'' ဆေးဝါးကုသမှု အဖွဲ့မှ သီလရှင်အဘွား ဒေါ်သုတနန္ဒီ က မတ် ၂၈ ရက် နံနက်ပိုင်းတွင် လှူဒါန်းခဲ့သည်။
ထို့နောက် မူကြိုကလေးများ၊ ဆရာမများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
(၆၈၄)