Saturday, April 30, 2016

(30.4.2016) ကြေးမုံစာတည်းရှုထောင့်

ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပြည်သူ့အစိုးရ၏ လေးလံသောတာဝန်များ

မြန်မာနိုင်ငံ၏ အဓိကရင်ဆိုင်နေရသော ပြဿနာများထဲတွင် ဆင်းရဲမွဲတေမှု ပြဿနာကလည်း တစ်ခုဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သည်နိုင်ငံက အရှေ့တောင် အာရှမှာ ထိပ်သီးနိုင်ငံတစ်ခုဖြစ်ခဲ့သည်ဆိုတာက အိပ်မက်မဟုတ်။ ထိုစဉ်ကာလက ဆန်စပါး အရည်အသွေးနှင့် ထုတ်လုပ်ရောင်းချနိုင် မှုဆိုသည်က ကမ္ဘာမှာ ထိပ်တန်းစာရင်းဝင်။ အခြားသော ကုန်ထုတ်လုပ်မှု လုပ်ငန်းများကလည်း အာရှတစ်လွှားမှာ ရှေ့ဆုံးကပြေး နေခဲ့တာ ဖြစ်သည်။ သဘာဝသယံဇာတများကို ထုတ်ရောင်းပြီး စီးပွားရေးမှာ ရှေ့တန်းရောက်ခဲ့တာမဟုတ်။

ယနေ့ကာလနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ကွာခြားချက်က နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်နှင့် ပညာရေးစနစ်တို့ကို တွေ့ရပါမည်။ ထိုခေတ်ထိုအခါက ပညာတတ်များ၏ အခန်းကဏ္ဍက သိသိသာသာ မြင့်မားတာလည်းတွေ့ရပါမည်။ ပညာရှင်များ၊ ပညာတတ်များ နေရာရကြ။ သူနှင့်ထိုက်သင့်ရာမှာ နေရာရကြသည်။ သူ့နေရာ နှင့်သူ၊ သူ့တာဝန်နှင့်သူ။

အခြေခံအားဖြင့်မူ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုဟူသည် အုပ်ချုပ်သူ အစိုးရပေါ်မှာ အများကြီး တာဝန်ရှိသည်ဟု ယူဆပါသည်။ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို အမှန်တကယ် စေတနာထားသည့် အစိုးရဖြစ်ဖို့၊ ကိုယ်ကျိုးစီးပွား လောဘဖြင့် လာဘ်ပေးလာဘ် ယူမှုများနှင့် အဂတိလိုက်စားသည့် အစိုးရမဖြစ်ဖို့၊ အမြော်အမြင်ရှိရှိနှင့် စီမံခန့်ခွဲမှုပိုင်နိုင်သည့် အစိုးရဖြစ်ဖို့၊ မှားယွင်းသည့် စီမံခန့်ခွဲ မှု၊ အလွဲသုံးစီမံခန့်ခွဲမှုများနှင့်  မနိုင်မနင်း  အစိုးရမဖြစ်ဖို့တို့က အဓိကလိုအပ်ချက်များဖြစ်ပါလိမ့်မည်။

စီမံခန့်ခွဲမှုများဆိုရာ၌ သဘာဝအမွေအနှစ်များနှင့် ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်မှု၊ ထိန်းသိမ်းသင့်သည်တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပြီး ရင်းမြစ်များကို စနစ်တကျ ခွဲဝေ သုံးစွဲနိုင်မှုတို့ ဖြစ်ပါမည်။ ပတ်ဝန်းကျင် ပြဿနာတို့ကြောင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍများတွင် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးနစ်နာမှုများက မကြာလှသေးသော ကာလများအတွင်းက သမိုင်းသင်ခန်းစာများ ပါပေ။

ထို့အတူ လူသားရင်းမြစ်များကို ပြုစုပျိုးထောင်မှု၊ စီမံခန့်ခွဲ တတ်မှုတို့နှင့်အတူ ပညာရေးစနစ်၊ ကျန်းမာရေးစနစ်များကို ခိုင်မာ ကျနအောင် လုပ်နိုင်ဖို့လိုပါမည်။ ပညာတတ်တွေ ပေါများသည့် နိုင်ငံ၊ ကျန်းမာသန်စွမ်းသည့် နိုင်ငံသားများရှိသည့်နိုင်ငံတို့သာ အမှန်တကယ် တိုးတက်နိုင်ပါလိမ့်မည်။ ကုန်ထုတ်လုပ်အား အများဆုံး ထုတ်ပေးနိုင်စွမ်းရှိသည့် အရွယ်များက စစ်ပွဲတွေထဲမှာ၊ အကျဉ်း ထောင်များထဲမှာ၊ နိုင်ငံရပ်ခြားအသီးသီးမှာ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေသည့် နိုင်ငံအဖို့ မည်သို့တိုးတက်အောင်စွမ်းဆောင် နိုင်ပါအံ့နည်း။

လူသားရင်းမြစ်အကြောင်းပြောမည်ဆိုလျှင်တော့ ပညာရေး စနစ်က အဓိကဖြစ်ပါလိမ့်မည်။ စိတ်သဘောထားမှန်ကန် ရင့်ကျက်သော ပညာတတ်များ၊ ပညာရှင်များကို စနစ်တကျ မွေးထုတ်နိုင်ပါမှ နိုင်ငံတိုးတက်အောင် စွမ်းဆောင်နိုင်ပါမည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆောင်ရွက်မည်ဆိုလျှင် ယင်းသို့သော အခြေခံစဉ်းစားပြင်ဆင်ရမည့် ကိစ္စအဝဝကို တိုင်းပြည်နှင့် ပြည်သူတို့အကျိုးကို  စေတနာမှန်မှန်ဖြင့်  ဆောင်ရွက်လိုသော အစိုးရတစ်ရပ် လိုအပ်ပါသည်။ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုအလွဲများ၊ အဂတိလိုက်စားမှုများနှင့် ပြည့်နှက်နေသည့် အစိုးရနှင့် အုပ်ချုပ်ရေးစနစ်တို့ကြောင့် ဆင်းရဲတွင်းထဲ နစ်သည်ထက် နစ်ခဲ့ရသော တိုင်းပြည်ကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် ယနေ့ ပြည်သူ့အစိုးရ မှာ ကြီးမားလေးလံသောတာဝန်များ ကျရောက်နေခဲ့ပြီ ဖြစ်ပါသည်။

ပြည်သူလူထု၏ အားပေးကူညီမှု၊ ထောက်ခံဝန်းရံမှုတို့ဖြင့် မြန်မာနိုင်ငံတော် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ပါစေသတည်း။

Friday, April 29, 2016

ကချင်အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ အခမ်းအနားကျင်းပ

The Mirror Daily's photo.
ကွတ်ခိုင် ဧပြီ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ကချင်အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင် ရေးနေ့ အခမ်းအနားကျင်းပရာ ထောင်နှင့်ချီသောဒေသခံ ကချင်လူထုများက လာရောက်ပါ ဝင်၍ ချီတက်ခဲ့ကြောင်း သိရသည်။
ဧပြီ၂၅ ရက်တွင် ကျရောက်သော ကချင်အမျိုးသား မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ Kachin Anti-Drug Day နေ့ အခမ်းအနားအား ကချင်ပြည်နယ် နေရာအနှံ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လားရှိုးမြို့၊ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့စသည့် မြို့သုံးမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပခဲ့ခြင်းဖြစ်သည်။
ကွတ်ခိုင်ဒေသခံများသည် ကွတ်ခိုင်မြို့ ပြည်သူ့အားကစားကွင်း၌ နံနက် ၉ နာရီခွဲတွင် စုဝေးဆုတောင်းကာ RC ဘုန်းတော်ကြီးများ၊သင်းအုပ်ဆရာကြီးများမှ ဦးဆောင်၍ မူးယစ် ဆေးဝါးဆန့်ကျင်ရေး ပိုစတာများကိုင်ဆောင် ပြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် အားကစားကွင်းမှ လားရှိုး-မူဆယ် လမ်းမကြီးအတိုင်း ကောင်းခါးလမ်းခွဲထိ ချီတက်ခဲ့သည်။
တာမိုးညဲလမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင်
ကက်သလစ်ဘုရားကျောင်းသို့ ရောက်ရှိသည်။ ကွတ်ခိုင် ကက်သလစ် ကျောင်းထိုင်ဘုန်းတော်ကြီးမှ သြဝါဒပေးပြီး ဒေါ်လရှီးထွယ် ဘောက်မှ ဆုတောင်းပေးခဲ့သည်။
ဆရာမောင်(မူဆယ်)

ကျွန်းလှတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့နှင့် လျှပ်စစ်မီးတိုင်များကျိုးကျ

The Mirror Daily's photo.
ကျွန်းလှ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက် လိပ်စင်းတောင်ကျေးရွာနှင့်အနီးတွင် ဧပြီ ၂၅ ရက် ညနေ ၅ နာရီမှ ၅ နာရီ မိနစ်၂ဝ အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ နှင့် လျှပ်စစ်ကွန်ကရစ်တိုင်များ ကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ လေပြင်းတိုက်ခတ်မှုကြောင့် လိပ်စင်းတောင်ကျေးရွာစေတီတစ်ဆူ ထီးတော်ပြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ လူနေအိမ် ၁၈ လုံး၊ လျှပ်စစ်ဓာတ်အားခွဲရုံ၊ မြဝတီထပ်ဆင့်လွှင့်ရုံ၊ သရက်ပင်ကျေးရွာတွင် နေအိမ်နှစ်လုံး၊ ဖာလောကျေးရွာတွင် နေအိမ်တစ်လုံး၊ ခပေါင်းရုံကျေးရွာတွင် နေအိမ်တစ်လုံးနှင့် လိပ်စင်းတောင်-ဖာလောကျေးရွာကြားရှိ 33KVA ကွန်ကရစ် တိုင် ၁၉ လုံးတို့ ကျိုးပဲ့ပျက်စီး၍ စုစုပေါင်းငွေကျပ် ၅၅ သိန်းခန့် ဆုံးရှုံးသွားပြီး အမျိုးသမီး
နှစ်ဦး ဒဏ်ရာရရှိသော်လည်း စိုးရမ်စရာမရှိကြောင်း သိရသည်။
အဆိုပါပျက်စီးမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ခန့်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလှိုင်ဦး၊တာဝန်ရှိသူ တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မျိုးဝင်းညို(ကျွန်းလှ)

အာဆီယံ ယူ-၁၉ ယှဉ်ပြိုင်ရန် မြန်မာယူ-၁၉ အသင်း မေလအတွင်းစတင်လေ့ကျင့်မည်


သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဧပြီ ၂၈

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၆ အာဆီယံယူ-၁၉ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာယူ-၁၉ အသင်းသည် မေလမှ စတင်ကာ လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာယူ-၁၉ အသင်းကို ကစားသမား ၄၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလဆန်းပိုင်းတွင် လူရွေးပွဲများကျင်းပကာ ကစားသမား များ လျှော့ချသွားမည်ဖြစ်သည်။ ယခုရွေးချယ်ခဲ့သည့် ပဏာမလူစာရင်းတွင် ၂ဝ၁၅ ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့ သော အာရှယူ-၁၉ ခြေစစ်ပွဲဝင် မြန်မာယူ-၁၉ အသင်း မှ ကစားသမားများ ပြန်လည်ပါဝင်လာသည်။ ပဏာမ ရွေးချယ်ခဲ့သည့် လူစာရင်းတွင် ယူ-၁၈ အသင်းမှ ကစား သမားများအပါအဝင် လက်ရှိMNL လူငယ်အမှတ်ပေး ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစားသမားများကို ရွေးချယ်ထားခြင်းဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစား သမား ၂၅ ဦးသို့ လျှော့ချသွားမည်ဖြစ်ပြီး မေလ ဒုတိယပတ်တွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ် သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယခု နောက်ပိုင်းနှစ်များတွင် ပြည်တွင်းနည်းပြများကို နေရာ ပေးလာခဲ့ပြီး မြန်မာယူ-၁၉ အသင်းနည်းပြချုပ်အဖြစ် နေပြည်တော်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့သည်။ှ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဦးမျိုးလှိုင်ဝင်းကို ဧပြီ ၂၈ ရက်က အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သစ် သက်တမ်းမှာ တစ်နှစ်ရှိမည်ဖြစ်သည်။

ဦးမျိုးလှိုင်ဝင်းကိုင်တွယ်မည့် မြန်မာယူ-၁၉ အသင်း သည် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှု အရ ထိုင်း၊ သြစတြေးလျတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေရာ ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေ သည်။ Air Bagan ၊ ရန်ကုန်၊ နေပြည်တော်အသင်း တို့ကို ကိုင်တွယ်ဖူးသည့် ဦးမျိုးလှိုင်ဝင်းအနေဖြင့် မြန်မာ ယူ-၁၉ အသင်းကို အောင်မြင်မှုများ ရယူနိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ၌ တရားမဝင်သစ်စက်များ ရှာဖွေဖမ်းဆီးလျက်ရှိ

The Mirror Daily's photo.
ယင်းမာပင် ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာတောင်ဘက်ချောင်းအနီးရှိ ဦးဘကြည်(၅၃)နှစ်၏ စိုက်ပျိုးရေးခြံအတွင်း တရား မဝင်သစ်စက်လုပ်ကိုင်ရန်စီစဉ်နေကြောင်း သတင်းအရ ဧပြီ ၂၆ ရက် ည ၁၁ နာရီခွဲခန့်က အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဦးဆောင်သော ဝန်ထမ်းများ၊ ကပိုင်ဘိနယ်သစ်တောဝန်ထမ်းများ၊ ကပိုင်ရဲကင်းစခန်း ရဲအုပ် တင်မောင်လတ်နှင့်တပ်ဖွဲ့ဝင်များ၊ ကပိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုးဝင်းနှင့်အတူ ပူးပေါင်းရှာဖွေဖမ်းဆီးရာ ပျဉ်းကတိုးသစ် တစ်လုံး(သုည ဒသမ ၁၁၈၈တန်)၊ သန်းသစ်နှစ်လုံး(သုည ဒသမ ၃၃၃ဝ တန်)၊ အင်ကြင်းသစ်သုံးလုံး(သုည ဒသမ ၄၇၁၆)တန် စုစုပေါင်း သစ်အလေးချိန် သုည ဒသမ ၉၂၃၄ တန်နှင့်အတူ သစ်ခွဲရာတွင်အသုံးပြုသော တရုတ် အင်ဂျင်စက် (၂၅)ကောင်တစ်လုံး၊ သုံးပေလွှဝိုင်းနှင့် သစ်စက်ပစ္စည်းအစုံတို့အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရမိသစ်စက်၊ လွှဝိုင်းအစုံနှင့်သစ်များအား အလောင်းတော် ကဿပအမျိုးသားဥယျာဉ်ရှေ့တန်းရုံး(ကပိုင်)ရွာတွင် ခေတ္တသိမ်းဆည်းထားရှိ ပြီး ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနသို့လွှဲပြောင်း၍ တရားမဝင်သစ်စက် လုပ်ကိုင်သူအား သစ်တောဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)

မကျေပွဲတစ်ကျော့ပြန်နွှဲမည့် ၀ါးရင်းတုတ်ဖိုးကေနှင့်ရွှေခါးပတ်ချန်ပီယံသွေးသစ်အောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်


သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မိုးမခ

ရန်ကုန် ဧပြီ ၂၈

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင်းက ရန်ကုန်မြို့ သိမ်ဖြူရိုးရာ အားကစားလက်ဝှေ့ရုံ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် တက်သစ်စမျိုးဆက်သစ်လက်ဝှေ့ကျော် သွေးသစ်အောင် နှင့် ရိုးရာလက်ဝှေ့လောကသို့ တစ်ကျော့ပြန် ချင်းနင်း ဝင်ရောက်သည့် ဝါရင့်လက်ဝှေ့ကျော် ဝါးရင်းတုတ်ဖိုးကေ တို့ ယခုလာမည့် မေ ၂ဝ ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့ အောင်မြေမန္တလာအားကစားရုံ၌ မကျေပွဲ တစ်ကျော့ပြန် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ 

အဆိုပါ ပြည်တွင်းရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို အထက်မြန်မာပြည် ဆရာကိုဒဿ စီစဉ်ပြီး အောင်သမာဓိ စိန်ရွှေရတနာဆိုင်က အဓိကကူညီပံ့ပိုးကာ ပြည်တွင်းရိုးရာ လက်ဝှေ့ကျော် တွဲဆိုင်း ၁ဝ ဆိုင်း ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်း အားလုံးသည် ငါးချီတွဲဆိုင်းများဖြစ်ပြီး သုံးချီတွဲဆိုင်းများ ပါဝင်ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်းများမှာ မကျေပွဲပြန်နွှဲလိုသည့် စိန်ခေါ်သူဝါးရင်းတုတ်ဖိုးကေ နှင့် မျိုးဆက်သစ် ရွှေခါးပတ်ချန်ပီယံ သွေးသစ်အောင် (တိုက်ဂါး-ဘားအံ)၊ ထွန်းလွင်မိုး(နဂါးမာန်)နှင့် ကျား ဘဟိန်း (အလင်းရောင်)၊ မင်းနိုင်ထွန်း(ယူနိုက်တက်)နှင့် ဆင်ရိုင်းလေး(သထုံ)၊ စိုးမောင်ဦး(ရတနာပုံရွှေလက်သီး)နှင့် နိုင်ဗိုလ်(T&T)၊ ကျော်စွာဝင်း(ယူနိုက်
တက်)နှင့် စိန်မင်းအောင် (တိုက်ဂါး-ဘားအံ)၊ ဗျဂဃ(ကျားဖြူ)နှင့် ထက်လင်းဦး(တိုက်ဂါး-ဘားအံ)၊ အံဘွား(ကောလင်း)နှင့် စွမ်းပြည့်အောင် စာမျက်နှာ ၁၄ ကော်လံ ၁ာာ ကျောဖုံးမှ
(တိုက်ဂါး-ဘားအံ)၊ သားစနေ(သရဖူ)နှင့် ရှမ်းညီ (T & T)၊ ဖိုက်ကေ(မန္တလေး)နှင့် တက်လူ(စဥ့်ကိုင်) တို့ အပါ အဝင် စုစုပေါင်းတွဲဆိုင်း ၁ဝ ဆိုင်းမှ ငါးချီပွဲများ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
''အခုပွဲက အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ရိုးရာလက်ဝှေ့ရဲ့ သင်္ကြန်ပြီးပထမဆုံးနှစ်ဦးပွဲလို့ ပြောရ မှာပါ။ ဖိုးကေရဲ့ မကျေပွဲသွေးကြွေးပြန်ဆပ်မယ့်ပွဲလို့ ပြောရမယ်။ 

တကယ်ပဲ ပြန်ဆပ်နိုင်မလားဆိုတာကတော့ သူ့သမိုင်းသူဖော်ဆောင်မယ်လို့ ထင်ပါတယ်။ မန္တလေး ပရိသတ်ကလည်း ဒါကိုစိတ်ဝင်စားနေကြတာ။ ပြီးခဲ့တဲ့နှစ် တွေ့တုန်းကတော့ ဒုတိယအချီမှာ သွေးသစ်အောင်ကို အလဲထိုးနဲ့ရှုံးခဲ့တယ်။ အခုတော့ ဒီပွဲအတွက် ၁ဝပေါင် လောက် ဝိတ်ပြန်ချပြီး ကြိုးစားယှဉ်ပြိုင်ထိုးသတ်မယ် လို့ ကြွေးကြော်ထားတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံ အရ ကြည့်ကောင်းမယ့်ပွဲလို့ ပြောရမှာပါ''ဟု ပွဲစီစဉ်သူ ဆရာကိုဒဿကပြောသည်။
တစ်ကျော့ပြန်သွေးကြွေးပြန်ဆပ်မည့် အဆိုပါလက်ဝှေ့ ပွဲတွင် ရိုးရာလက်ဝှေ့ကို စိတ်ပါဝင်စားကြည့်ရှုလိုသူ များအတွက်VIPတန်းငွေကျပ် ၂ဝဝဝဝ၊ အထူးတန်း ငွေကျပ် ၁ဝဝဝဝ နှင့် ရိုးရိုးတန်းငွေကျပ် ၇ဝဝဝ ဖြင့် ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
(မြန်မာ့အလင်း)

စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

The Mirror Daily's photo.
နေပြည်တော် ဧပြီ ၂၈
မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလောမြို့အထွက် ခုနစ်မိုင်ခန့်အကွာ ပြည်ထောင်စု လမ်းမပေါ်တွင် မင်းသူမောင်းနှင်ပြီး ကျော်ဝဏ္ဏလိုက်ပါလာသည့် မော်တော်ယာဉ်ကို ဧပြီ ၂၆ ရက်က ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝဝ ကို လည်းကောင်း၊ အလားတူ လားရှိုးမြို့ ဟိုပိတ်အိုရီယမ်တယ်တိုး ဂိတ်အနီးတွင် ကွမ်းပေါင်မောင်းနှင်ပြီး လောဆမ်လိုက်ပါလာသည့် ဆိုင်ကယ်ကိုရှာဖွေရာ ဘိန်းဖြူအလေးချိန် ၃၃ ဂရမ်ကိုလည်းကောင်း။
ထို့အတူ ဧပြီ ၂၆ ရက်က ရေးမြို့ နယ် အစင်ကျေးရွာ နယ်မြေ(၃)နေ စိုးမိုးဦး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂၈ ပြားနှင့် MG1 အမျိုးအစား LOT 66/2001 စာတန်းပါ အစိမ်းရောင်ပလတ်စတစ်လက် ပစ်ဗုံးတစ်လုံးကို လည်းကောင်း၊ အလားတူ ယင်းနေ့က လားရှိုး-မိုင်း ယော်သွားကားလမ်း နားဖကျေးရွာ စာကြည့်တိုက်အနီးတွင် နော်ဂျာ မောင်းနှင်ပြီး လောက်ခိုက် လိုက်ပါ လာသည့် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၅ဝ ကို လည်းကောင်း။
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းရှိ မအားမွေ ငှားရမ်းနေထိုင်သည့် အခန်းကို ဧပြီ ၂၅ ရက်က ရှာဖွေရာ ¤င်းနှင့်အတူ မမိငယ်၊ မစိမ်းမို့မို့၊ မအေးမြင့်တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၇ဝ နှင့် အအေးစုပ်ပိုက် ၁၅ ချောင်း ဖြင့်ထည့်လျက် အိုက်စ် ၁ ဒသမ ၅ ဂရမ်ကိုလည်းကောင်း သိမ်းဆည်း ရမိသဖြင့် ၄င်းတို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)