Saturday, October 31, 2015

မြန်မာ-တရုတ်-အိန္ဒိယ စီးပွားရေးစင်္ကြံလမ်းမကြီးဖြစ်လာနိုင်သည့် တဝမ်းတံတားယခုနှစ်ကုန်တွင် အပြီးတည်ဆောက်မည်



The Mirror Daily's photo.
မြစ်ကြီးနား အောက်တိုဘာ ၃ဝ

ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်-အိန္ဒိယဆက်သွယ်နိုင်မည့် မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း၊ ပန်ဆောင်သွား ကားလမ်းမပေါ်တွင် အောက်ထပ် (1.2mo Bored Pile-4’o Spun Pipe Foundation)နှင့် အပေါ်ထပ်အာစီကမ်းကပ်ခုံနှင့် ရေလယ်တိုင်၊ အာစီကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည်ပေ ၁၂၆ဝ၊ အကျယ် ၂၄ ပေ၊ နှစ်လမ်းသွားတံတားအမျိုးအစားကို ဆောက်လုပ်လျက်ရှိကြောင်း တံတားဦးစီးဌာန တံတား အထူးအဖွဲ့(၁)မှ ဦးစီးအရာရှိ ဒေါ်တင်မိုးခိုင်က ပြောပြသည်။

အဆိုပါတဝမ်းတံတားအား ၂ဝ၁၃ ခုနှစ် ဇွန် ၁ ရက် မှစ၍ စီမံကိန်းပြီးဆုံးသည်အထိ ခန့်မှန်းကုန်ကျငွေ ကျပ် ၄၃၂ဝ ဒသမ ဝဝ သန်းခန့်ကို ပြည်ထောင်စုရန်ပုံငွေဖြင့် သုံးစွဲရန် လျာထားလျက်ရှိပြီး ယနေ့အချိန်ထိ တံတားတည်ဆောက်မှုမှာ ၇ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် ယခုနှစ်အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါတံတားသည် မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း၊ ရှင်ဖွေယန်၊ ပန်ဆောင် လမ်းမပေါ်တွင်ရှိရာ မြန်မာ-တရုတ်- အိန္ဒိယစီးပွားရေးစင်္ကြံလမ်းမကြီးတစ်ခုဖြစ်လာနိုင်ပြီး ယင်းတံတားကြီးပြီးစီးသွားပါက ယင်းဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံစီးပွားရေးကုန်သွယ်မှု ပိုမိုမြန်ဆန် ကောင်းမွန်လာနိုင်မည့်အပြင် နိုင်ငံအချင်းချင်း ကူးလူးဆက်သွယ်သွားလာမှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်တွင် ပြည်နယ်တစ်ခုလုံး အနေဖြင့် ပေ ၅ဝ အထက် သံကူကွန်ကရစ်တံတားအပါအဝင် တံတား ၂၃ စင်းဆောက်လုပ်သွားမည်ဖြစ်ရာ ရှစ်စင်းမှာ ၁ဝဝ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးလျက်ရှိပြီး ၁၅ စင်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်း သိရသည်။
မင်းရာဇာ(မြစ်ကြီးနား)

မဇင်းရေလှောင်တမံမှ ရေပေးဝေနေမှု နောင်ဖွံ့ဖြိုးတိုးတက်လာမည့် မြို့ပြနှင့် လူဦးရေကို မျှော်မှန်းဆောင်ရွက်




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာသန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်ကျော်ဇော၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရဟတ် ယာဉ်များဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ မဇင်းရေလှောင် တမံသို့ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မဇင်းရေလှောင်တမံစီမံကိန်းရှင်းလင်းဆောင်သို့ မော်တော်ယာဉ်ဖြင့် ဆက် လက်ထွက်ခွာရာ တမံတစ်လျှောက် တွင်လည်း ဒေသခံပြည်သူများက နိုင်ငံတော်အလံငယ်များကိုဝှေ့ယမ်း၍ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က မဇင်းရေ လှောင်တမံဆိုင်ရာ အချက်အလက် များ၊ စီမံကိန်းရည်ရွယ်ချက်၊ နှစ်အလိုက် မိုးရေချိန်၊ ရေဝင်ရောက်မှု၊ ရေထုတ်လွှတ်ပေးနိုင်မှုနှင့် ပဲခူးမြို့ ရေကြီးရေလျှံမှုမှကာကွယ်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက မဇင်းရေလှောင်တမံမှ ပဲခူးမြို့သို့ သောက်သုံးရေနှင့် စိုက်ပျိုးရေပေး ဝေနေမှုနှင့်ပတ်သက်ပြီး မှာကြားရာတွင် မဇင်းရေလှောင်တမံနှင့် ဇလတ် ထော်ရေလှောင်တမံတို့သည် အသစ်တည်ဆောက်မည့်ဟံသာဝတီလေဆိပ်အနီးတွင် တည်ရှိနေသည့်အတွက် နောင်ဖွံ့ဖြိုးတိုးတက်လာမည့် မြို့ပြနှင့် လူဦးရေကို မျှော်မှန်း၍ ကြိုတင်တွက်ဆဆောင်ရွက်သွားရန်နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် ပူးပေါင်းဆောင်ရွက်နေသည့်လုပ်ငန်းများကိုလည်း ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မဇင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် ရေသိုလှောင်ထား ရှိမှုအခြေအနေများကို တမံရှုရပ်မှ ကြည့်ရှုစစ်ဆေးသည်။

မဇင်းရေလှောင်တမံသည် ပဲခူး မြို့၏ အနောက်ဘက်ရှိ မဇင်းချောင်းနှင့်ကြက်သောင်းချောင်းဆုံအထက် ပေ ၅ဝဝခန့်အကွာတွင် တည်ရှိပြီး ပဲခူးမြို့အတွက် သောက်သုံးရေနှင့် စက်ရုံ၊ အလုပ်ရုံသုံးရေ နေ့စဉ်ဂါလန် ၁၁ သန်းပေးဝေရန်၊ ပဲခူးမြို့အတွင်းရှိ မဲခုန်ကျေးရွာအုပ်စုနှင့် ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စုရှိ လယ်မြေဧက ၆၅ဝ ခန့်ကို စိုက်ပျိုးရေပေးဝေရန်၊ ပဲခူးမြို့ နှင့်ပတ်ဝန်းကျင်ဒေသများ မိုးရာသီ မြစ်ရေကြီးမှုမှ တစ်စိတ်တစ်ဒေသ ကာကွယ်ပေးနိုင်ရန်၊ ပတ်ဝန်းကျင် ဒေသများ စိမ်းလန်းစိုပြည်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ထားသည့် မြေသားရေလှောင်တမံအမျိုးအစားဖြစ်သည်။

ပဲခူးမြို့သည် ပဲခူးမြစ်ကမ်းဘေး တွင်တည်ရှိပြီး မြေနိမ့်လွင်ပြင်ဖြစ်၍ ပဲခူးမြစ် ရေကြီးရေလျှံမှုကို နှစ်စဉ်ကြုံ တွေ့နေရသည့်အတွက် မဇင်းတမံမှ ပဲခူးမြစ်အထိ မဇင်းချောင်းတူးဖော် ခြင်းလုပ်ငန်းနှင့် ခေါင်းဆေးကျွန်း တံတားမှ ပဲခူးမြစ်အထိ ခေါင်းဆေးကျွန်းချောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းကြောင့် ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံ မှုနှင့် ခေါင်းဆေးကျွန်းတံတားအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းရေကျော်ခြင်းတို့မှ လျော့ပါးသက်သာစေပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများမှ ကာကွယ်ပေးလျက်ရှိသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မဇင်းရေလှောင် တမံမှ နှစ်မိုင်အကွာတွင်တည်ရှိသည့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့် ရေးဌာနခွဲသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ လမ်းတစ်လျှောက် ဝဲယာမှ ဒေသခံပြည်သူများက ကြိုဆို နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ (မဇင်း)ဘက်စုံသင်တန်းခန်းမသို့ ရောက်ရှိရာ ဆည်မြောင်းဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲ(မဇင်း)၏ နောက်ခံသမိုင်း၊ ဆည်မြောင်းနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လေ့ကျင့်ပေးနေမှု၊ နည်းပညာပူးပေါင်း လုပ်ဆောင်မှုများနှင့် သင်တန်းများဖွင့်လှစ်ပို့ချနေမှု အခြေအနေများကို ဗီဒီယိုမှတ်တမ်းဖြင့် တင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လေ့ကျင့် ရေးဌာနခွဲအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များနှင့် ဆည်မြောင်းတည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ အရည်အသွေးစမ်းသပ်ခန်း၊ ဓာတ်ခွဲခန်း များနှင့် ဆည်မြောင်းဒီဇိုင်းပုံစံငယ်အခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆည်မြောင်းဦးစီးဌာနတွင် ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ(မဇင်း)နှင့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ (ပုသိမ်ကြီး)တို့ ပါဝင်ဖွဲ့စည်းထားရှိပြီး (မဇင်း)ဌာနခွဲကို ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ပညာပေးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပဲခူးမြို့၌ ၁၉၈၈ ခုနှစ် မတ်လက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(JICA)နှင့် ပူးပေါင်း၍ စီမံကိန်း အဆင့်(၁)ကာလတွင် ကွန်ပျူတာအသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ မိုးလေဝသ၊ သဘာဝတို့နှင့် လိုက်လျောညီထွေဖြစ်မည့် ဆည်မြောင်းလုပ်ငန်းများအတွက် ဒီဇိုင်း စံညွှန်းများ ပြုစုရေးဆွဲခြင်း၊ တည်ဆောက်ရေးပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ဗဟုသုတများ မြှင့်တင်ပေးရန်အတွက် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ စီမံကိန်းအဆင့်(၂)ကာလတွင် နိုင်ငံတော်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးမြောက်မြားစွာဖြင့် တည်ဆောက်ခဲ့သော ဆည်မြောင်း စီမံကိန်းများ၏ အကျိုးသက်ရောက်မှုများ စနစ်တကျတိုးတက်ကောင်းမွန်လာစေရန် အဓိက လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)

Friday, October 30, 2015

ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရေး ဗီယင်နာ၌ ဆွေးနွေးမည်



Myanmaalinn's photo.

ဗီယင်နာ အောက်တိုဘာ ၂၉

ဆီးရီးယားရှိ အစိုးရဆန့်ကျင် ရေးအဖွဲ့များကို ကူညီထောက်ပံ့နေ သောနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် သမ္မတဘတ်ရှာ အယ်လ်အာဆတ်ကို ထောက်ပံ့ပေး နေသော နိုင်ငံများမှ ခေါင်းဆောင် များသည် ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် နည်းလမ်း များကို ဆွေးနွေးလိမ့်မည်ဖြစ် ကြောင်း သိရသည်။
ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရေး အစည်းအဝေးကို ဗီယင် နာတွင် အောက်တိုဘာ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ သတင်းရင်းမြစ်များကို ကိုးကား၍ ရုရှားနိုင်ငံပိုင် သတင်း အေဂျင်စီက ပြောကြားခဲ့သည်။
အမေရိကန်၊ ရုရှား၊ တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ နိုင်ငံ ခြားရေးဝန်ကြီးများ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။ ထို့ အပြင် ၄င်းတို့နှင့်အတူ အီရန်၊ အီဂျစ်နှင့် ပြင်သစ်တို့မှ နိုင်ငံခြား ရေးဝန်ကြီးများလည်း လာမည့် အောက်တိုဘာ ၃ဝ ရက်တွင် အစည်း အဝေးသို့ တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
လွန်ခဲ့သော သီတင်းပတ်တွင် ရုရှားက ငြိမ်းချမ်းရေး အစီ အစဉ်တစ်ခုကိုတင်ပြခဲ့ပြီး ၄င်းအစီ အစဉ်မှာ ဆီးရီးယားပြည်တွင်းစစ် ကို အဆုံးသတ်စေမည်ဖြစ်ကာ သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲများကို တစ်နှစ်ခွဲ အတွင်း ကျင်းပနိုင်မည်ဖြစ်သည်။
ထိုအစည်းအဝေးသို့ အီရန် သည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းဖြစ်သည်။
အီရန်သည် ရုရှားနှင့် ပူးပေါင်း ပြီး အာဆတ်အစိုးရကို ထောက်ခံ သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ရုရှားသည် ၄င်း၏ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရအစည်းအဝေးကို ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
အခြား တစ်ဖက်တွင်လည်း အနောက်နိုင်ငံများနှင့် ဆော်ဒီ အာရေဗျနိုင်ငံတို့က အာဆတ် အစိုးရကို ရာထူးမှဖြုတ်ချချင်နေ ကြသည်။
(အင်န်အိတ်ခ်ျကေ)

မောင်းသူမဲ့ကားများ ၂၀၂၀ တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်တော့မည်



Myanmaalinn's photo.

တိုကျို အောက်တိုဘာ ၂၉ 

အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ကားများကို လာမည့် ၂ဝ၂ဝပြည့်နှစ်တွင် စီးပွားဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်း ဟွန်ဒါမော်တော် ကားကုမ္ပဏီက လွန်ခဲ့သောရက် အနည်းငယ်က ပြောခဲ့သည်။ အလို အလျောက်မောင်းနှင်နိုင်သည့် မော်တော်ကားစနစ်များတွင် အမြန်လမ်းမ ကြီးပေါ်တွင် မောင်းနှင်ရပ်တန့်နိုင်မည့်စနစ်များလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် တိုယိုတာမော်တော်ကားကုမ္ပဏီနှင့် နစ်ဆန်းမော်တော်ကား ကုမ္ပဏီတို့ကလည်း လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် အလိုအလျောက် မောင်းနှင်နိုင်သည့်မော်တော်ကားများကို စီးပွားဖြစ်ထုတ်လုပ်မည့် ၄င်း တို့၏အစီအစဉ်ကို ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဟွန်ဒါမော်တော်ကားကုမ္ပဏီက မြို့ထဲလမ်းများပေါ်တွင် အလို အလျောက်မောင်းနှင်နိုင်ပြီး သွားမည့်ခရီးအကွာအဝေးကို တွက်ချက် နိုင်သည့် မော်တော်ကားများကို ပထမဆုံးထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာမည့် ၂ဝ၂ဝတွင် ထုတ်လုပ်မည့် အလိုအလျောက်မောင်းနှင် နိုင်သည့် မော်တော်ကားများတွင် အမြန်လမ်းမကြီးပေါ်၌ မော်တော် ယာဉ်ကို လိုရာမောင်းနှင်နိုင်မည့် စနစ်၊ လိုအပ်သောအရှိန်ကို ထိန်းညှိ ပေးနိုင်ခြင်း၊ မိမိရောက်လိုသောနေရာတွင် အလိုအလျောက်ရပ်တန့်ပေးမည့်ဘရိတ်စနစ်၊ အကယ်၍လိုအပ်ပါက လမ်းကြောင်းပြောင်းလဲနိုင်မည့် စနစ်စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မကြာတော့သောအနာဂတ်ကာလတွင် ဟွန်ဒါမော်တော်ကားကုမ္ပဏီ က တိုကျိုမြို့လယ်အမြန်လမ်းမပေါ်တွင် အလိုအလျောက်မောင်းနှင်နိုင် သည့် မော်တော်ကားကို သရုပ်ပြမောင်းနှင်မည်ဖြစ်ကြောင်း သိရသည်။

(တိုကျို)

ဆီးရီးယားအကျပ်အတည်း နိုင်ငံရေးဖြင့်ဖြေရှင်းရေး တရုတ်နှင့်ဂျမနီ သဘောတူညီမှုရရှိ



Myanmaalinn's photo.

 ပေကျင်း အောက်တိုဘာ ၂၉

တရုတ်ဝန်ကြီးချုပ် လီခကျန်း နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့သည် ဆီးရီးယား အကျပ်အတည်းကို နိုင်ငံရေးဖြင့် ဖြေရှင်းရန် ကြာသပတေးနေ့က သဘောတူလိုက်သည်။
ဆီးရီးယားအကျပ်အတည်းကို တပ်အသုံးပြုဖြေရှင်းခြင်းကို ဆန့်ကျင် ကန့်ကွက်ပါကြောင်း၊ နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းခြင်းမှ အခြားနည်းလမ်း မရှိပါကြောင်း တရုတ်ဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုလိုက်သည်။
ပြီးခဲ့သည့်လက ရုရှားတို့၏ လေကြောင်းပစ်မှတ်ထားတိုက်ခိုက် မှုများသည် ဆီးရီးယားပြည်တွင်း စစ်အတွင်း ပြည်ပတပ်များ ပါဝင်မှု အရှိန်အဟုန်မြင့်တက်စေခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများကြောင့် အနောက်အုပ်စု၏ ဝေဖန်မှုကိုဖြစ် စေခဲ့ကြောင်း၊ အနောက်အုပ်စု အနေဖြင့် အိုင်အက်စ်ကို တိုက်ခိုက် ချေမှုန်းခြင်းထက် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်ကို ဖြုတ်ချ ရန်သာ ကြိုးပမ်းနေကြကြောင်း၊ ဆီးရီးယားအရေး အမြန်ဆုံးဖြေရှင်း ရန် တိုက်တွန်းပါကြောင်း တရုတ် ဝန်ကြီးချုပ်က ပြောသည်။
''အရေးအကြီးဆုံးကတော့ နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းတာဟာ တန်းတူရည်တူ ရှိမှု၊ အားလုံးပါဝင်မှု၊ ပွင့်လင်းတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ အခွင့်အလမ်း တစ်ရပ်ပါပဲ'' ဟု ၄င်းက သတင်းထောက်များအား ပြောသည်။

(ရိုက်တာ)

ရွှေ့ပြောင်းဒုက္ခသည် ၂၄၂ ဦးအား ဂရိကမ်းခြေစောင့်တပ်ဖွဲ့ကယ်တင်



Myanmaalinn's photo.

 အေသင် အောက်တိုဘာ ၂၉

ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် လက်ဘော့စ်ကျွန်းမြောက်ပိုင်း၌ နစ်မြုပ်သွားသော စက်လှေတစ်စင်းမှ ရွှေ့ပြောင်းခိုလှုံသူ ၂၄၂ ဦးအား ကယ်တင်လိုက်ကြောင်း၊ သို့ရာတွင် သုံးဦးရေနစ်သေဆုံးခဲ့ရာ အမျိုးသားနှစ်ဦး ပါဝင်ကြောင်း အာဏာပိုင်များက ပြောသည်။
အဆိုပါ ဒီစက်လှေနစ်မြုပ်မှုကြောင့် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူအများအပြား ဝင်ရောက်လာပြီးကတည်းက ဂရိကမ်းလွန်တွင် အဆိုးရွားဆုံး ရေကြောင်းဆိုင်ရာ ဘေးဒုက္ခများဖြစ်ပေါ်လာကြောင်း တာဝန်ရှိသူများက ပြောသည်။
ဂရိသို့ ရွှေ့ပြောင်းနေထိုင်သူနှင့် ခိုလှုံသူ ၅ဝဝဝဝဝ ကျော် ဝင်ရောက်ခဲ့ရာ ဇန်နဝါရီလမှ စတင်ကာ ဥရောပ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ လွှဲပြောင်းပေးလျက်ရှိသည်။ ဆယ်စုနှစ်များအတွင်း ဥရောပတိုက်တွင် အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်လာသည်ဟု ဆိုသည်။
လက်ဘော့စ်သည် တူရကီမှ ၁ဝ ကီလိုမီတာခန့်အကွာ အေဂျင်ယံပင်လယ် ကမ်းရိုးတန်းဒေသဖြစ်ပြီး ဥရောပ နိုင်ငံများသို့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းသွားလာသူများ၏ အဓိကရေလမ်းကြောင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

(ရိုက်တာ)

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မဲဆွယ်စည်းရုံးဟောပြောမှုအရှိန်အဟုန်မြင့်လာ၊ မိမိတို့ပါတီဝင်များနှင့်ထောက်ခံသူများအား ထိန်းသိမ်းရန်လိုအပ်



 
နေပြည်တော်  အောက်တိုဘာ  ၂၉ 


ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂ဝ၁၅) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည် တော်ရှိ    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်ကော်မရှင်အဖွဲ့ ဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီခုနစ်ပါတီမှ တာဝန် ရှိသူများ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက် ရောက်ကြသည်။  (ယာပုံ)
အစည်အဝေးတွင်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်နှင့် နယ်မြေဒေသအချို့တွင် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်တစ်ခုတည်းက ဆုံးဖြတ်ဆောင်ရွက် ခဲ့ခြင်း မဟုတ်ကြောင်း၊ သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့များ က ယင်းဒေသများတွင် လုံခြုံရေးအခြေအနေအရ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့ ကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ဆန္ဒမဲလက်မှတ်များအား ယင်းဒေသများ သို့  ပေးပို့နိုင်ခြင်းမရှိသေး၍ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း၊  မဲလက်မှတ်များအား ကျေးသီးမြို့နယ်အတွက် ခိုလန်ရဲစခန်း၊ မိုင်းရှူးမြို့နယ်အတွက် ကွန်ဟိန်းမြို့ နယ် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့တွင် လုံခြုံစွာ ထိန်းသိမ်းထားကြောင်း။
ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မဲဆွယ်စည်းရုံးဟောပြောမှုများသည် အရှိန်အဟုန်မြင့်တက်လာပြီး ပဋိပက္ခအသွင်မရောက်ရှိစေရန်နှင့် အေးချမ်း တည်ငြိမ်စေရေးအတွက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် Code of Conduct  နှင့် ညွှန်ကြားချက် (၁/၂ဝ၁၄) တို့အား လိုက်နာဆောင်ရွက်ပြီး မိမိတို့ပါတီဝင်များနှင့် ထောက်ခံသူများအား ကြပ်မတ် ထိန်းသိမ်းသွားရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုဗဟိုကော်မတီမှ ရဲမှူးကြီးမျိုးသန်းက လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှု၊ တိုင်း ဒေသကြီး/ပြည်နယ်အလိုက် ရဲတပ်ဖွဲ့အင်အားစုဖွဲ့ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ တို့က ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြ သည်။
ထို့နောက်    တက်ရောက်လာသော   ဌာနဆိုင်ရာတာဝန်ရှိသူများက  ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြ ပြီး ကော်မရှင်အဖွဲ့ဝင်ဦးညွန့်တင်က ရွေးကောက်ပွဲနေ့ တည်ငြိမ်အေးချမ်းရေး အတွက် မဲရုံပရိဝုဏ်မှ ကိုက် ၅ဝဝ အတွင်း ပါတီအမှတ်တံဆိပ်ပါအဝတ် အစားများ၊  နဖူးစည်းများဝတ်ဆင်၍  အစုအဝေးမပြုရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က မဲစာရင်းတွင် လူပိုများပါဝင်နေမှုနှင့် အိမ်ငှားနေထိုင်သူများ ပြောင်းရွှေ့သွားသည့်အခါ မဲပေးနိုင်ရေး ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဖွဲ့ဝင်ဦးဝင်းကိုက သတင်း ရယူမည့်  မီဒီယာသမားများအနေဖြင့်  မဲရုံအတွင်းဝင်ခွင့်မရှိကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲနေ့၌ ပါတီအမှတ်တံဆိပ် ပါ အဝတ်အစားများဝတ်ဆင်၍ စုရုံးခြင်းမပြုရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေး ပါတီများ၏ ဆွေးနွေးချက်များအပေါ် ရှင်းလင်းဆွေးနွေးပြီး နိုင်ငံရေးပါတီများ အနေဖြင့်   မဲဆွယ်စည်းရုံးရေးကာလအတွင်း  Code of Conduct နှင့်  (၁/၂ဝ၁၄) တို့ကို လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ရွေးကောက်ပွဲအလွန် ကာလတွင်လည်း အနိုင်ရအာဏာရပါတီအနေဖြင့် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ကျန်ပါတီများအနေဖြင့်လည်း တိုင်းပြည် တိုးတက်ရေးအတွက် အကြံပြုထောက်ကူ ပူးပေါင်းဆောင်ရွက်သွားရန် တိုက် တွန်းလိုကြောင်း ပြောကြားသည်။


(သတင်းစဉ်)