Tuesday, September 29, 2015

ဟိုင်းကြီးကျွန်းရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီး




The Mirror Daily's photo.


ဟိုင်းကြီးကျွန်း စက်တင်ဘာ ၂၈

ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)၊ (၂)၊(၃) ရပ်ကွက်များကို ဆက်သွယ်ထားသော တမ္ပဝတီရေတပ်စခန်းဌာနချုပ်ရှောင်ကွင်းလမ်း ၃ ဒသမ ၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မွေးမြူရေးရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် သန်းပေါင်း ၄၆၅ ဒသမ ၉၉ ဖြင့် ပုသိမ်
ပိုင်အိုးနီးယား၊ သန်းဟိန်းကျော်DANYAWADI PRINCESSကုမ္ပဏီသုံးခုက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကုမ္ပဏီတစ်ခုလျှင် ၁/၁-၃ မိုင် စီတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအမျိုးအစားမှာ ၆၁၆ဝ ပေ x ၁၂ ပေ x ၈ ကွန်ကရစ်လမ်းအမျိုး အစားဖြစ်သည်။၎င်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ စက်တင်ဘာနောက်ဆုံးပတ်တွင် ပုသိမ် ပိုင်အိုးနီးယားကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း၊ သန်းဟိန်းကျော်ကုမ္ပဏီက ၃ဝရာခိုင်နှုန်း၊DANYAWADI PRINCESS ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အသီးသီးပြီးစီးနေပြီဖြစ်သည်။အဆိုပါတပ်ရှောင်ကွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာ ၃၁ ရက်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သန်းဟိန်းကျော်ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် လမ်း၏အလယ်ပိုင်းကို တာဝန်ယူထားရသည်ဖြစ်၍ ရေအတက်အကျရှိသောချောင်းအတွင်းမှ လုပ်ငန်းသုံးပစ္စည်းများသယ်ယူရခြင်းနှင့် မိုးရွာသွန်းမှုများရှိနေခြင်းကြောင့် သတ်မှတ်ရက်ထက်အနည်းငယ်နောက်ကျပြီးမှ ပြီးစီးနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းတာဝန်ခံဦးကျော်သက်က ပြောသည်။
ကျော်သူဟိန်း(ပြန်/ဆက်)

တိုက်စစ်မှူး မက်ဆီ နှစ်လကြာအနားမယူရဘဲ အသင်းနှင့်ပြန်လည် ပါဝင်လာမည်



The Mirror Daily's photo.


စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းမှ အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်မှူး မက်ဆီသည် လက်စ်ပဲလ်မက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘယ်ဒူးဒဏ်ရာပြဿနာကြုံခဲ့ခြင်းကြောင့် နှစ်လကြာ အနားယူရမည်ဆိုသော်လည်း အာဂျင်တီးနားအသင်း ဆရာဝန်က ဗီလာနီမူ တိုက်စစ်မှူး မက်ဆီသည် နှစ်လကြာအနား မယူရဘဲအသင်းနှင့်အတူ ပြန်လည်ပါဝင်လာ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုက်စစ်မှူး မက်ဆီသည် စက်တင်ဘာ ၂၆ ရက်ညပိုင်းက ဘာစီလိုနာအသင်းက လက်စ်ပဲလ်မက်အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သည့် ဘယ်ဒူးဒဏ်ရာပြဿနာကြောင့် ရက်သတ္တခုနစ်ပတ်မှ ရှစ်ပတ်အထိ အနားယူ ရရန်ရှိနေပြီး အသင်းနှင့်အတူ နှစ်လနီးပါး ကြာ ပွဲထွက်ကစားခွင့်ရရှိမည်မဟုတ်ကြောင်း အဆိုပါပွဲစဉ်ကစားသည့်နေ့တွင် ဘာစီလိုနာ အသင်းနည်းပြ အင်နရီကေးက ပြောကြား ခဲ့သည်။

အသက်(၂၈)နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီသည် ဒူးဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအသင်းနှင့် အာဂျင်တီးနား အသင်းတို့၏ ပွဲစဉ်များတွင် လွဲချော်ရမည် ဖြစ်သော်လည်း အာဂျင်တီးနားအသင်း ခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ကလပ်အသင်းက မျှော်လင့်ထားသည့် ရက်ထက်စော၍ အသင်းနှင့်အတူ ပြန်လည် ပွဲထွက်ကစားနိုင်မည့် အနေအထားတွင် ရှိနေကြောင်း အာဂျင်တီးနားလက်ရွေးစင် အသင်း ဆရာဝန်က ပြောကြားခဲ့သည်။

မက်ဆီသည် ၂ဝ၁၃ ခုနှစ်ကလည်း တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာပြန်လည် ကောင်းမွန်လာခဲ့ခြင်း ကြောင့် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၅၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည်။

ထို့အတူ အာဂျင်တီးနားအသင်း ဆရာဝန်က''တိုက်စစ်မှူး မက်ဆီရဲ့အကြောင်း ကို ကျွန်တော်အကောင်းဆုံးသိပါတယ်။ ဒူးဒဏ်ရာရရှိခဲ့ပြီး နှစ်လလောက် အနားယူရမယ်ဆိုပေမယ့် အချိန်တို အတွင်းမှာ အသင်းနဲ့အတူ ပါဝင်ပွဲထွက်လာ နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့ မျှော်လင့်ထားသလို့ ရက်သတ္တခြောက် ပတ်ကနေ ရှစ်ပတ်အထိ အနားယူရလိမ့်မယ် မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ငွေကြယ် ရေးသားသည်

ကန်းထရီးအဆိုတော် အက်ဒိုင်းမွန်ဂိုမာရီ၏ သား ဟန်တာ ကွယ်လွန်



The Mirror Daily's photo.
စက်တင်ဘာ ၂၇ ရက်တွင် ကန်း ထရီးအဆိုတော် အက်ဒိုင်းမွန်ဂိုမာရီ က သူ၏သားဖြစ်သူ ဟန်တာမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းသို့ ပြောကြားခဲ့ သည်။

ဟန်တာသည် ကွယ်လွန်ချိန်တွင် အသက်(၁၉)နှစ်ရှိပြီဖြစ်ကာ ယာဉ် တိုက်မှုတစ်ခုကြောင့် ရရှိခဲ့သော ဒဏ်ရာဖြင့် ကန်တက်ကီဆေးရုံတွင် ဆေးကုသမှုခံယူနေရာမှ တနင်္ဂနွေနေ့ က ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

မွန်ဂိုမာရီက ''ကျွန်တော့သားက ဒီနေ့ပဲဆုံးပါးသွားခဲ့ပါပြီ။ သူကောင်း ကင်ဘုံမှာ အေးအေးချမ်းချမ်းရှိနေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါ တယ်။ သားအတွက် ဆုတောင်းပေးခဲ့ တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါ တယ်''ဟု ပြောကြားခဲ့သည်။

ဟန်တာသည် မွန်ဂိုမာရီနှင့် ဇနီး ဟောင်းဖြစ်သူ ထရေစီတို့၏ သား သမီးလေးဦးအနက် အငယ်ဆုံးသား ဖြစ်ကာ ပြီးခဲ့သည့်သြဂုတ်လအတွင်း က ဟန်တာသည် သူ့ဖခင်၏ ဖျော်ဖြေပွဲတစ်ခုတွင် သူ၏ချစ်သူနှင့် စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။
အေးပြည့်

သူ၏ပုံတူဘာဘီရုပ်ကို ဇန်ဒယာထုတ်ဖော်ပြသ



The Mirror Daily's photo.


ဟောလိဝုဒ်၏ ကြယ်ပွင့်တစ်ဦးဖြစ် သူ ဇန်ဒယာသည် သူ၏ပုံစံအတိုင်း ဖန်တီးပြုလုပ်ထားသည့် ဘာဘီရုပ် လေးကို ပြီးခဲ့သည့် စနေနေ့က ပထမ ဆုံးအကြိမ်အဖြစ် သူ၏အင်စတာဂရမ် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့ သည်။
အဆိုပါ ဘာဘီရုပ်လေးသည် ဇန်ဒယာ၂ဝ၁၅ခုနှစ် အကယ်ဒမီပေးပွဲ သို့ တက်ရောက်လာခဲ့သည့် ပုံစံ အတိုင်း တုပဖန်တီးထားခြင်းဖြစ်သည်။

ဇန်ဒယာက ''ကျွန်မငယ်ငယ်တုန်း က ကိုယ်နဲ့တူတဲ့ ဘာဘီရုပ်လေးကို ရှာမတွေ့ခဲ့ဘူးလေ။ ခုတော့ အချိန် တွေ ပြောင်းသွားတာနဲ့အမျှ အရာရာ ကလည်း ပြောင်းလဲခဲ့ပါပြီ။ ဒီဖန်တီးမှု အတွက် ဘာဘီဒေါ့ကွန်းကိုကျေးဇူးတင်ပါတယ်။ ဘာဘီလေးတွေထဲက တစ်ဦးဖြစ်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိတယ်။ ဘာဘီ ဒေါ့ကွန်းနဲ့ ရှေ့ဆက်လက်တွဲလုပ် ကိုင် သွားရမယ့် အလုပ်တွေကို မစောင့် ဆိုင်းနိုင်တော့ဘူး။ ဘာဘီရုပ်လေး တစ်ရုပ်အဖြစ် အနုပညာလုပ်ငန်း တွေကို လုပ်ဆောင်ချင်လှပါပြီ''ဟု လည်း သူ၏ လူမှုကွန်ရက်မီဒီယာ ပေါ်တွင် ရေးသားဖော်ပြထားခဲ့သည်။
အေးပြည့်စုစည်းသည်

၂ဝ၁၆ ခုနှစ်တွင် တာဝါတိုင်အားလုံးကို 3G အဆင့် တိုးမြှင့်မည် ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံးဖုန်းသုံးစွဲသူ ရာခိုင်နှုန်း ၉ဝ မျှော်မှန်း



The Mirror Daily's photo.


ရန်ကုန် စက်တင်ဘာ ၂၈

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာ MPT ဖုန်းသုံးစွဲ နေကြသော အများပြည်သူများ အဆင်ပြေစေရေးအတွက် ၂ဝ၁၆ ခုနှစ်တွင် တာဝါတိုင်များအားလုံးကို ၃ွ အဆင့်ဖြစ်စေရန် ဆောင်ရွက် နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။

ထို့အတွက်ကြောင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ လက်ရှိရှိနေသည့် တာဝါတိုင် ၂၆ဝဝ အပါအဝင် ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်းကာ ယခုနှစ်ကုန်တွင် တာဝါတိုင် ပေါင်း ၅ဝဝဝ ဖြစ်စေရန် ဆောင်ရွက်မည်ရှိပြီး တာဝါတိုင်များ ဆောင်ရွက်ပြီးစီးလျှင် ကျေးလက်၊ မြို့ပြမကျန် GSM နှင့် CDMA ဖုန်းလိုင်းများအား လွှမ်းခြုံနိုင်မည်ဖြစ် ကာဖုန်းသုံးစွဲကြသူများမှ အရည် အသွေးပြည့်မီစွာ သုံးစွဲနိုင်ကြမည်ဖြစ် သည်။

လက်ရှိအနေအထားအရ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တည်ဆောက်ထားသော တာဝါတိုင် စုစုပေါင်း ၂၆ဝဝ နီးပါးရှိပြီး တာဝါတိုင်များ ထပ်မံတိုးချဲ့ တည်ဆောက်ရန် ဆောင်ရွက်လျက် ရှိကာ တစ်ပြိုင်တည်းတွင် စက်များ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ် သောကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကွန်ရက်မှာ ကျေးလက် ဒေသများထိ လွှမ်းခြုံလာတော့မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ နည်းပညာပိုင်းဆိုင်ရာအရ ဂျပန်နိုင်ငံ KDDI SUMITOMOနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တပ်ဆင်ပြီး သားဖြစ်သော GSM PTSD အား အဆင့်မြှင့်တင်ခြင်းနှင့် လိုင်းတိုးချဲ့ ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တစ်ပြိုင်တည်းတွင် တာဝါတိုင်အသစ် များတည်ဆောက်ပြီး လိုင်း network များ ကျယ်ပြန့်စေရန်အတွက် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ WCDMA နှင့် GSM ဆင်းကတ် သုံးစွဲသူပြည်သူများ အရည်အသွေး ကောင်းမွန်စွာ ဖုန်းလိုင်းချိတ်ဆက်ပြောဆိုသုံးစွဲနိုင်ကြစေရန် ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိ အနေအထား မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်း၍ WCDMA ရောင်းချသည်။ ဆင်းကတ်အရေအတွက်မှာ ၁ဝ ဒသမ ၇ သန်းရှိသည်။ GSM ရောင်းချပြီး ဆင်းကတ်အရေအတွက်မှာ ၅ဝ၂၅ ကတ်ရှိသည်။

ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်း မဆောင်ရွက်မီက WCDMA ရောင်းချသည်။ ဆင်းကတ်အရေအတွက် မှာ ၁ ဒသမ ၇ သန်းရှိသည်။ GSM ရောင်းချပြီး ဆင်းကတ်အရေအတွက်မှာ ၄ ဒသမ ၅ သန်းရှိခဲ့သည့်အတွက် စုစုပေါင်း ဆင်းကတ် အရေအတွက် ၁၆ ဒသမ ၉ သန်း ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ KDDI SUMITOMO 
နှင့် ပူးပေါင်းမဆောင်ရွက်မီက CDMA ၄၅ဝ နှင့် CDMA ၈ဝဝ ဆင်းကတ် အမျိုးအစားများကို စုစုပေါင်း ဆင်းကတ်အရေအတွက် ၉ သိန်း ၈ သောင်းနီးပါး ရောင်းချခဲ့ သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်အောက်၌ ပူးပေါင်းဆောင်ရွက် နေသည့် MEC ရောင်းချပြီးဆင်းကတ် အရေအတွက်မှာ သုံးသန်းနီးပါးရှိနေ သဖြင့် MPT ၏ ဖုန်းကတ်များ စုစုပေါင်းရောင်းချသည်။ ဆင်းကတ် အရေအတွက်အားလုံးမှာ လက်ရှိ ၂၁ သန်းနီးပါးရှိကြောင်း သိရသည်။

WCDMA ဆင်းကတ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 3G စနစ်ဖြင့် လက်ရှိရောင်းချပေးနေ ကြောင်းသိရပြီး ဆွေသဟာအစီ အစဉ်အား တစ်ပါတည်းထည့်သွင်း ပေးထားကြောင်း၊ ယနေ့အချိန်ထိ တပ်ဆင်ပြီး ကြိုးဖုန်းအရေအတွက်မှာ လည်း ၅ သိန်း ၁ သောင်း ၃ ထောင် နီးပါးရှိကြောင်း၊ တယ်လီဖုန်း သိပ်သည်းဆအား မြန်မာနိုင်ငံရှိ လူဦးရေနှင့် တွက်ချက်မည်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တယ်လီဖုန်းသုံးစွဲသူ ၄၂ ရာခိုင်နှုန်း ရှိကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကွန်ရက်ဖြန့်ကြက်ထားမှု လွှမ်းခြုံမှုအတွက် ယခုနှစ် ဘတ်ဂျက်အကုန် မျှော်မှန်း ထားချက်အရ မြန်မာတစ်နိုင်ငံလုံး ပထဝီဝင်အနေအထား လွှမ်းခြုံမှု အတွက် ၇၅ ရာခိုင်နှုန်းနှင့် လူဦး ရေလွှမ်းခြုံမှုကို ၉ဝ ရာခိုင်နှုန်းရရှိ စေရန် မျှော်မှန်းထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
စိုးဝင်း (MLA)

တေးအယ်လ်ဘမ်သစ်မှာ အော်ပရာသီချင်းကိုသီဆိုခဲ့တဲ့ အရီယာနာဂရန်ဒီ




The Mirror Daily's photo.


အမေရိကန်နာမည်ကျော်ပေါ့ပ်အဆိုတော်တစ်ဦး ဖြစ်တဲ့ အရီယာနာဂရန်ဒီဟာ သူသီဆိုနေကျဖြစ်တဲ့ ပေါ့ပ်ဂီတလိုင်းကနေခွဲထွက်ပြီး အော်ပရာ တေးသီချင်းတစ်ပုဒ်ကို အီတလီအဆို တော် အန်ဒရီယာဘိုစယ်လီရဲ့ တေး အယ်လ်ဘမ်သစ်မှာ ဘိုစယ်လီနဲ့ အတူ တွဲဘက်သီဆိုခဲ့ပါတယ်။

ဂရန်ဒီနဲ့ ဘိုစယ်လီတို့ တွဲဘက်သီဆိုခဲ့တဲ့သီချင်းမှာ E Più Ti Penso''ဖြစ်ပြီး ယင်း သီချင်းဟာ '']Once Upon a Time In America ''ရုပ်ရှင်၏ ဇာတ်ဝင်တေး တစ်ပုဒ်လည်းဖြစ်ပါ တယ်။ ဘိုစယ်လီ၏ တေးအယ်လ် ဘမ်သစ်ကို ''Cinema''လို့ အမည်ပေး ထားပြီး ယင်းတေးအယ်လ်ဘမ်မှာ ကျော် ကြားတဲ့ ဇာတ်ဝင်တေးများစွာကို ပြန်လည် စုစည်းသီဆိုထားခြင်းဖြစ်ပါတယ်။

ယင်းတေးအယ်လ်ဘမ်သစ်ကို လာမယ့်အောက်တိုဘာလ ၂၃ရက်မှာ စတင်ဖြန့်ချိသွားမှာဖြစ်တယ်လို့ သည်ဟောလိဝုဒ်ရက်ပေါ်တာသတင်းစာက ဖော်ပြခဲ့ပါတယ်။
အေးပြည့်စုစည်းသည်

ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက် ဖျော်ဖြေမည့် FTISLAND




The Mirror Daily's photo.


တောင်ကိုရီးယားနာမည်ကျော် အမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် FTISLAND သည် ဂျပန်နိုင်ငံ နယ်လှည့်ဖျော် ဖြေရေးခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိနေရာပေါင်း (၁၃)နေရာသို့ သွားရောက် ဖျော်ဖြေမည်ဖြစ်ပြီး ယင်းဖျော်ဖြေရေးခရီးစဉ်သည် အဖွဲ့၏ ဒုတိယမြောက် ဂျပန်နိုင်ငံဖျော်ဖြေရေး ခရီးစဉ်ဖြစ်သည်။

ယင်းခရီးစဉ်ကို ''Where's my PUPPY ''ဟု အမည်ပေးထားပြီး စက်တင်ဘာ ၂၈ရက်တွင် နာဂိုယာမြို့၌ စတင်ဖျော်ဖြေမည်ဖြစ်ပြီး အောက်တိုဘာ ၁ရက်နှင့် ၂ ရက်များတွင် ဂျပန်နိုင်ငံ၏ မြို့တော်တိုကျိုတွင် ဖျော်ဖြေသွားမည် ဖြစ်ကာ ဟီရိုရှီးမား၊ အိုစာကာ၊ စာပိုလို အစရှိသော ဂျပန် နိုင်ငံ၏အခြားသော မြို့ကြီးများသို့လည်း ဖျော်ဖြေသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်၏ ၃၂ရက်ကြာဖျော်ဖြေရေးခရီးစဉ်အတွင်း နေရာပေါင်း ၁၃နေရာသို့ သွားရောက်ဖျော်ဖြေသွားမည်ဖြစ်သည်။
အေးပြည့် စုစည်းသည်