Sunday, May 31, 2015

အီတလီရေတပ်က ရွှေ့ပြောင်းနေထိုင်သူ ၂၁၇ ဦးကို ကယ်တင်



Myanmaalinn's photo.


ရောမ မေ ၃ဝ

အီတလီရေတပ်က လစ်ဗျား ကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၁၇ ဦး သေဆုံးနေသော စက်လှေ ပျက်တစ်စီးပေါ်မှ လူပေါင်း ၂၁၇ ဦး အား ကယ်တင်နိုင်ခဲ့ကြောင်း ဒေသ ဆိုင်ရာ သတင်းများက သောကြာနေ့ နှောင်းပိုင်းတွင် ဖော်ပြသည်။
အဆိုပါ ရေတပ်သင်္ဘောသည် ဂြိုဟ်တုဖုန်းဖြင့် ယင်းရွှေ့ပြောင်းနေထိုင်သူများနှင့် အဆက်အသွယ်ရပြီး အဆိုပါစက်လှေကို သွားရောက် ကယ်တင်ခဲ့ကြောင်း အေအင်န် အက်စ်အေ သတင်းအေဂျင်စီက သတင်းဖော်ပြသည်။ ယင်းစက်လှေ သည် တိမ်းမှောက်ခြင်းမရှိဘဲ ရွှေ့ပြောင်း နေထိုင်သူအချို့ ဘာ့ကြောင့် သေဆုံးသည်ကို မသိရကြောင်း၊ အသက်ရှင်ကျန်ရစ် သူများအား အီတလီရဲတပ်ဖွဲ့က ချက်ချင်း မေးမြန်းစုံစမ်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယင်း သတင်းအေဂျင်စီက ထပ်လောင်း ဖော်ပြသည်။
သောကြာနေ့က သေဆုံးသွား သော အဆိုပါရွှေ့ပြောင်းနေထိုင်သူများသည် နိုင်ငံမဲ့များဖြစ်ကြ ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း အီတလီမှတစ်ဆင့် ဥရောပသို့ဝင် ရောက်ရန် ကြိုးစားခဲ့သော အာဖရိ က လူမျိုး ၃၅ဝဝ ခန့် မြေထဲပင်လယ် ကို ဖြတ်ကျော်စဉ် အသက်ဆုံးရှုံး သေဆုံးခဲ့ရဖူးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ပြောကြားသည်။
၂ဝ၁၅ ခုနှစ် မေလမှ စတင် ကာ အီတလီနိုင်ငံ၌ ရွှေ့ပြောင်း နေထိုင်သူ ၃၃ဝဝဝ ကျော် ရောက်ရှိ နေပြီး ယမန်နှစ် အလားတူကာလ ကထက် ၁၅ ရာခိုင်နှုန်းပိုသည်ဟု ဆိုသည်။

(ဆင်ဟွာ)

ပါကစ္စတန်တွင် သေနတ်သမားများက ဘတ်စ်ကားခရီးသည် ၂၀ ကို သတ်ဖြတ်




Myanmaalinn's photo.

ကွက်တာ မေ ၃ဝ

သောကြာနေ့ နှောင်းပိုင်းက ပါကစ္စတန်တွင် သေနတ်သမားများက လုံခြုံရေးအရာရှိများ ဟန်ဆောင်ကာ လူ ၂ဝ ထက်မနည်း သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။ ကွက်အနောက် ပိုင်းမြို့တော် ကွက်တာမှ ကမ်းရိုးတန်း တောင်ဘက်ပိုင်းရှိ ကရာချိသို့အသွား ဘတ်စ်ကားခရီးသွားများကို တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြောသည်။
အဆိုပါအမှုသည် ကွက်တာ တောင်ပိုင်းမှ ကီလိုမီတာ ၄ဝ အကွာ ရှိ မတ်စ်တန်းမြို့ရှိ မငြိမ်မသက် ဖြစ်နေသော ဘာလူချီစတန်နယ်၌ ဖြစ်ပွားခြင်းဖြစ်သည်။
၁၅ ဦးမှ ၂ဝ ခန့်ရှိ သေနတ်သမား များသည် လုံခြုံရေးအရာရှိဝတ်စုံ များကိုဝတ်ဆင်ကာ ပစ်ကပ်သုံးစီးဖြင့် ခရီးသည် ၃၅ ဦးခန့်ကို ပြန်ပေးဆွဲ သွားခဲ့သည်ဟု ဘာလူချီစတန် ပြည်ထဲရေးဝန်ကြီး ဆာဖာရက် ဘက်တီက ရိုက်တာသို့ ပြောသည်။
ခရီးသည် ၂ဝ ၏ အလောင်း များကို နောက်ပိုင်းတွင် တောင်ခြေရှိ ကွက်တာ-ကရာချိ အမြန်လမ်းမကြီးမှ နှစ်ကီလိုမီတာအကွာတွင် တွေ့ရှိခဲ့ ကြောင်း ၄င်းက ပြောသည်။
သေဆုံးမှုနှင့် ပတ်သက်ပြီး အတည်ပြုချက် ချက်ချင်းမရသေးဘဲ ကျူးလွန်သူများ၏ ရည်ရွယ်ချက် ကိုလည်း အတိအကျမသိရသေးပေ။
အဆိုပါ တိုက်ခိုက်မှုသည် ဝန်ကြီးချုပ် နာဝပ်ရှရစ်(ဖ်)နှင့် အဓိက သက်ဆိုင်လိမ့်မည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပါကစ္စတန် နိုင်ငံသည် တရုတ်နှင့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ကို ပြုလုပ်လိုပြီး အဓိကစီးပွားရေးလမ်းကြောင်းသစ်အပေါ် မေးခွန်းများ စွာပေါ်ထွက်နေခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သော ဧပြီလက တရုတ် သမ္မတ ရှီကျင့်ဖျင်သည် အရှေ့ အနောက်လမ်းကြောင်း ပေါ်ပေါက် ရန် မြှင့်တင်ရေးအစီအစဉ်အဖြစ် ပါကစ္စတန်နိုင်ငံသို့ လာရောက်လည် ပတ်ခဲ့သည်။ ခွဲထွက်ရေးသမားများ သည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘာလူချီစတန်ပြည်နယ်တွင် တိုက် ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။
၎င်းတို့သည် ပါကစ္စတန်အခြား ဒေသရှိ လူများက ၎င်းတို့၏သယံ ဇာတအရင်းအမြစ်များအပေါ် ခေါင်း ပုံဖြတ်ခြင်းကို အဆုံးသတ်ရန် တောင်း ဆိုလျက်ရှိသည်။


(ရိုက်တာ)

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပိတ်ဆို့မှုမပြုရန် လွှတ်တော်အမတ်တစ်ခုအား အိုဘားမားသတိပေး



Myanmaalinn's photo.


ဝါရှင်တန် မေ ၃ဝ

လက်တစ်ဆုပ်စာအမတ်တစ်စုက ဥပဒေပြဋ္ဌာန်းမှု ပြုပြင်ပြောင်းလဲရေး လမ်းစဉ်တွင် ပိတ်ဆို့နေခြင်းကို မရပ်တန့်ပါက အမေရိကန်နိုင်ငံသားများ အပေါ် တိုက်ခိုက်လာမှုများကို ကာကွယ်ရန် အသုံးပြုခဲ့သော စုံစမ်း ထောက်လှမ်းလုပ်ပိုင်ခွင့်အာဏာကို မေ ၃၁ ရက် ညသန်းခေါင်တွင် ဆိုင်းငံ့သွားလိမ့်မည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မေ ၂၉ ရက်က သတိပေးပြောကြားခဲ့သည်။
လွှတ်တော်ကအတည်ပြုခဲ့သော ဥပဒေမူကြမ်းကို လွှတ်တော်အမတ် များက လျင်မြန်စွာဆောင်ရွက်နိုင်ရန် အမေရိကန်သမ္မတက မျှော်လင့် ကြောင်း ရီပတ်ပလီကန်လွှတ်တော်အမတ်ခေါင်းဆောင် မက်ကောနဲနှင့် အခြားလွှတ်တော်အမတ်များကို ၄င်းက ပြောကြားခဲ့သည်။
ထိုဥပဒေမူကြမ်း၌ လုပ်ပိုင်ခွင့်အာဏာအချို့ကို အသစ်တစ်ဖန် ပြန်လည်အသက်သွင်းမည်ဖြစ်ပြီး တယ်လီဖုန်း အချက်အလက်အများ အပြား စုဆောင်းခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ မက်ကောနဲက တနင်္ဂနွေနေ့ လွှတ်တော်၌ ပုဒ်မ ၂၁၅ ပါဝင်သော မျိုးချစ်အက်ဥပဒေမှ ပြဋ္ဌာန်းချက် သုံးချက် သက်တမ်း ကုန်ဆုံးခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အမေရိကန်လွှတ်တော် အမတ်များ ထောက်ခံမှုပေးရမည်ဖြစ်ကြောင်း တိုက်တွန်းလိုက်သည်။
သောကြာနေ့က အွန်လိုင်းတက်ကြွလှုပ်ရှားသူများက မျိုးချစ်အက် ဥပဒေကိုကာကွယ်သည့်အနေဖြင့် လွှတ်တော်ဆိုင်ရာဝက်ဘ်ဆိုက် ထောင် ပေါင်းများစွာကို ပိတ်ဆို့ခဲ့သည်။ ရီပတ်ပလီကန်အမတ်များက သက်တမ်း ကုန်ဆုံးနေပြီဖြစ်သော မျိုးချစ်အက်ဥပဒေပါ ပြဋ္ဌာန်းချက်သုံးခုကို ကိုင်တွယ်ဖြေရှင်းရန် သဘောမတူပေ။ လွန်ခဲ့သော သီတင်းပတ်နှောင်း ပိုင်းက လွှတ်တော်သည် အမေရိကန်ပြည်ထောင်စု လွတ်လပ်ခွင့်အက်ဥပဒေ ကို ပြဋ္ဌာန်းရန် ပျက်ကွက်ခဲ့သည်။ ယင်းလွတ်လပ်ခွင့်အက်ဥပဒေကို အမေရိကန်သမ္မတအိုဘားမားနှင့် အောက်လွှတ်တော်တစ်ခုလုံးက သောင်းသောင်းဖြဖြ လက်ခံကြိုဆိုထားကြောင်း သိရသည်။


(ရိုက်တာ)

မောရစ်သျှ သမ္မတနုတ်ထွက်




Myanmaalinn's photo.

ပို့စ်လူးဝစ် မေ ၃ဝ

မောရစ်သျှသမ္မတ ကိုင်လက်ရှ်ပူ ရယက်သည် သောကြာနေ့က ရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတ အိမ်တော်သတင်းထုတ်ပြန် ရေးအဖွဲ့က ပြောသည်။ သမ္မတ ပူရယက်အနေဖြင့် မောရစ်သျှ လွှတ်တော်ဥက္ကဋ္ဌထံသို့ နုတ်ထွက် လွှာတစ်စောင် ရေးသားပေးပို့ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ပူရယက်အား ၂ဝ၁၂ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း နာဗင်ရမ်ဂွန်း လမ်းလေဘာ ပါတီအစိုးရက သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ သမ္မတ ပူရယက်အနေဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ရာထူးမှဆင်းပေးရန် ကြေညာ ထားသော်လည်း ယင်းဆုံးဖြတ်ချက် အပေါ် အကောင်အထည်ဖော်ရန် မအောင်မြင်ခဲ့၍ ငါးလကြာခဲ့သည် ဟုဆိုသည်။
ယင်းနိုင်ငံအကြီးအကဲမှ နုတ် ထွက်ပေးခြင်းသည် အကြီးအကဲဖြစ် လာရန် လူသိများသော သုတေသန နှင့် သိပံ္ပပညာရှင် အမီးနက် ဂူရစ် ဖာကင်အတွက် နေရာဖယ်ရှားပေး လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
လာမည့် သီတင်းပတ်အတွင်း ပါလီမန်ခေါ်ယူပြီး ဂူရစ်ဖာကင်အား ၁၉၉၂ ခုနှစ်က လွတ်လပ်ရေးရလာ သော ခြောက်ဦးမြောက် မောရစ်သျှ သမ္မတအဖြစ် ခန့်အပ်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။


(ဆင်ဟွာ)

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်နေ



 
နေပြည်တော်  မေ  ၃ဝ


၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ချိန်မှစ၍ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းထိ တပ်မတော်အနေဖြင့်  မှတ်တမ်းတင် ထားသည့် တိုက်ပွဲကြီး  ၁၅၅၇  ပွဲ၊ တိုက်ပွဲငယ် ၁၆၅၇၁ ပွဲရှိခဲ့ပါကြောင်း၊ ယင်းတိုက်ပွဲ     ကြီးငယ်များစွာတွင် ထောင်သောင်းမကသော တပ်မတော် သားများ၏  အသက်သွေးချွေးများ ပေးဆပ်ခဲ့ရပါကြောင်း၊ ထိုသို့ ပေးဆပ် လုပ်ဆောင်မှုများကြောင့်လည်း မိမိ နိုင်ငံနယ်နိမိတ်    ပြောင်းလဲမှုမရှိ အောင်၊  လွတ်လပ်ရေးနှင့်  အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ကာကွယ် ထိန်းသိမ်းနိုင်ခဲ့ပြီး  လက်ရှိ နိုင်ငံတော်၏  အခြေအနေအတိုင်း ရှိနေခြင်းဖြစ်ပါကြောင်း၊ ယင်းအခြေ အနေကို ထိခိုက်စေမည့် မည်သည့် ကိစ္စရပ်မျိုးကိုမဆို    တပ်မတော် အနေဖြင့်     ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသော ၂ဝ၁၅ ခုနှစ်   စစ်ဦးစီး၊  စစ်ရေး၊ စစ်ထောက်ညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့် သွင်းပြောကြားသည်။
အဆိုပါ     အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် တပ်မတော်အရာရှိကြီးများ၊ နိုင်ငံ တော်ကာကွယ်ရေး     တက္ကသိုလ်မှ နည်းပြများနှင့် သင်တန်းသားအရာရှိ ကြီးများ  တက်ရောက်ကြသည်။
အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ပြည်သူကြားက   ပေါက်ဖွားလာခြင်း ဖြစ်၍   ပြည်သူလူထု၏  အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊   မိမိတို့ ကိုင်ဆောင်ထားသည့်   လက်နက်၊ ခဲယမ်းများမှာ တိုင်းပြည်နှင့်ပြည်သူ က ယုံကြည်စွာ အပ်နှံထားခြင်းဖြစ်၍ ယင်းတို့ကို ကိုင်ဆောင်ပြီး တိုင်းပြည် ကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်နှင့်ပြည်သူကို  ကာကွယ် စောင့်ရှောက်ရန်   စွမ်းရည်ရှိသော တပ်မတော်ဖြစ်ရန်လိုကြောင်း၊ သို့ဖြစ် ၍ တိုက်စွမ်းအားနှင့်  တိုက်စွမ်းရည် မြှင့်တင်မှုများ မဖြစ်မနေလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ အခြေခံကျသည့် တပ်မတော်သားများ     ပညာရည် မြှင့်တင်ရေးကိုလည်း    မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်း အပြင် ရဲစွမ်းသတ္တိနှင့်စွန့်လွှတ်စွန့်စား သည့်  စိတ်ဓာတ်များ (တပ်မတော် ချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များအား) ရှင်သန်နေအောင်  လုပ်ဆောင်ရန် လိုအပ်ကြောင်း။
၂ဝ၁၁  ခုနှစ်မှ  ၂ဝ၁၅  ခုနှစ် အတွင်း နိုင်ငံတော်အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး မှုများကြောင့်  ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးသည့်အဖွဲ့ ၁၂ ဖွဲ့၊ ပြည်နယ်အဆင့်လက်မှတ်ရေးထိုး ထားသည့်အဖွဲ့နှစ်ဖွဲ့တို့နှင့် ငြိမ်းချမ်း ရေးသဘောတူညီမှု ကတိကဝတ်များ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် အားသွန် ခွန်စိုက်ပါဝင်ဆောင်ရွက်နေကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား များကို  တိုက်ခိုက်နေခြင်းမဟုတ်ဘဲ တိုင်းပြည်၏အချုပ်အခြာအာဏာကို ထိပါးသောရန်သူ၊      တိုင်းပြည်၏ သယံဇာတများကို   ခိုးထုတ်နေသော၊ ခိုးထုတ်မှုကို ကာကွယ်ပေးနေသော ရန်သူနှင့် တစ်ကမ္ဘာလုံးက လက်မခံ သည့်  မူးယစ်ဆေးဝါးထုတ်လုပ်နေ သော ရန်သူများကိုသာ တိုက်ခိုက် နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သား များသည်  ရှေ့တန်းစစ်ဆင်ရေးတွင် အသက်သွေးချွေးပေးဆပ်ရုံသာမက သွားလာရေး ခက်ခဲသော၊ ရာသီဥတု ဆိုးရွားသော   အစွန်အဖျားနယ်စပ် ဒေသများတွင်လည်း နေထိုင်တာဝန် ထမ်းဆောင်နေကြရကြောင်း၊ နေထိုင် စားသောက်မှုဆင်းရဲခြင်း၊   ပင်ပန်း ကြမ်းတမ်းစွာ တာဝန်ထမ်းဆောင်ရ ခြင်း၊   အသက်ခန္ဓာသွေးချွေးများစွာ စတေးရခြင်းတို့မှာ  တပ်မတော်၏ ပေးဆပ်မှုများပင်ဖြစ်ကြောင်း ၊ ထိုသို့ ပေးဆပ်မှု၊   စတေးမှု  များစွာဖြင့် တည်ဆောက်ခဲ့ရသော တိုင်းပြည်၏ အခြေအနေယိမ်းယိုင်သွား၍   မရ ကြောင်း၊ တွေ့ကြုံလာရမည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများအား ရင်ဆိုင် နိုင်သည့်စိတ်ဓာတ်များ ရှင်သန်နေရန် လိုအပ်ကြောင်း ။
လူတိုင်းလွတ်လပ်မှုကို လိုလား ကြကြောင်း၊ သို့သော် စည်းကမ်းနှင့် အညီဖြစ်ရန် လိုကြောင်း၊ စည်းကမ်း ကောင်းသော   တပ်မတော်သားများ ဖြစ်ရန်လိုအပ်သကဲ့သို့ လိုက်လျောညီ ထွေရှိသည့်   နေထိုင်မှုစနစ်နှင့်ဒီမို ကရေစီအလေ့အကျင့်များ ရရှိအောင် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ရှိသည့်စွမ်းအားအပေါ်   မူတည်ပြီး လူတစ်ဦးချင်း၏   စွမ်းအားမှသည် မိမိတပ်စွမ်းအား၊  တပ်မတော်၏စွမ်းအားမြှင့်တင်နိုင်သည်အထိ၊ နိုင်ငံ တော်ကို     အကျိုးပြုနိုင်သည်အထိ တိုင်းပြည်အတွက်    သစ္စာရှိရှိဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ   ကြိုးစား လုပ်ဆောင်သွားရမည်  ဖြစ်ကြောင်း၊ အရှေ့မြောက်   တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်စဉ်   အသက်စွန့်လွှတ်ခဲ့သူ၊ ထိခိုက်ဒဏ်ရာရရှိသူ    အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သက်ပြည့် အငြိမ်းစားယူသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ    နေထိုင်ရန်အတွက် အများစုနေထိုင်လိုသည့် တိုင်းစစ်ဌာန ချုပ် နယ်မြေငါးခု၌ စစ်မှုထမ်းဟောင်း အိမ်ရာတိုက်ခန်း  ၅၄၆  ခန်းအား ကျပ်ငွေ ၁၁ ဘီလီယံ အကုန်အကျခံ အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုနှစ်တွင်လည်း ကျပ်ငွေ  ၆  ဘီလီယံ တန်ဖိုးရှိသည့် လိုင်းခန်းများကို အခြားတိုင်းစစ်ဌာန ချုပ် နယ်မြေသုံးခုတွင် ထပ်မံဆောက် လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းစစ်မှု ထမ်းဟောင်းအိမ်ရာ ဆောက်လုပ်ရေး နှင့်ပတ်သက်၍ ပူးပေါင်းပါဝင်ဆောင် ရွက်လိုသူများကိုလည်း လက်ခံဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် မှဘတ်ဂျက်ခွဲဝေရရှိသည့်အခြေအနေ အပေါ်မူတည်၍ စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းများကို  ဆက်လက် တိုးချဲ့လုပ်ဆောင်သွားမည်     ဖြစ် ကြောင်း ပြောကြားခဲ့သည်။

 
(မြဝတီ)

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်





အသံလွှင့်မီဒီယာ ဖွံ့ဖြိုးလာမည်

 


နိုင်ငံတစ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မီဒီယာများ၏ အခန်း ကဏ္ဍသည် များစွာအထောက်အကူပြုနိုင်ပါသည်။ မီဒီယာများ၏ ထိန်းကျောင်းလုပ်ဆောင်ပေးနိုင်မှုသည် နိုင်ငံအတွင်းပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လျင်မြန်သွက်လက်ရှင်သန် ဖွံ့ဖြိုးစေနိုင်ပါသည်။ ထို့ကြောင့်လည်း မီဒီယာများကို စတုတ္ထ မဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်ကြလေ့ရှိပါသည်။
မျက်မှောက်ခေတ်မီဒီယာလောကတွင် ပုံနှိပ်မီဒီယာနှင့် အီလက်ထရွန်နစ်မီဒီယာများ ကောင်းစွာဖွံ့ဖြိုးနေလင့်ကစား ရေဒီယိုအသံလွှင့်မီဒီယာမှာ ထိပ်ဆုံးမှဦးဆောင်နေဆဲဖြစ်ပါ သည်။ အကြောင်းသည်ကား ရေဒီယိုသည် ကမ္ဘာတစ်ဝန်းမှ သတင်းအချက်အလက် အဖြစ်အပျက်များစွာတို့ကို ကာလဒေသ မရွေး အချိန်နှင့်တစ်ပြေးညီ ဖမ်းယူနားဆင်နိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ရေဒီယိုသည် ကမ္ဘာ့အကျယ်ပြန့်ဆုံးသော မီဒီယာ ကွန်ရက်ကို ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းမှ လူသားများက ရေဒီယိုကို နားဆင်နေကြဆဲဖြစ်ပါသည်။ ကမ္ဘာ့ လူသားများ ရေဒီယိုကိုအသုံးပြုကာ သတင်းအချက်အလက်နှင့် ဗဟုသုတများရယူနေကြဆဲ ဖြစ်ပါသည်။ ဤသည်မှာ ရေဒီယို အသံလွှင့်လုပ်ငန်းများ ကြီးမားကျယ်ပြန့်စွာ ထွန်းကားနေဆဲ ဖြစ်ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်ပါသည်။
အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ရုပ်သံလွှင့်လုပ်ငန်းများအဖွဲ့အစည်း (Asia-Pacific Broadcasting Union-ABU) ၏ တတိယအကြိမ်မြောက် အာရှရေဒီယိုညီလာခံ(၂ဝ၁၅) မှ (Radio Asia-2015 Conference) ကို မေ ၂၈ ရက်မှ ၃ဝ ရက်အထိ ရန်ကုန်မြို့၌ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကာ ဒေသတွင်းနိုင်ငံများ၏ မတူကွဲပြားသောယဉ်ကျေးမှုများ၊ အမြင်ရှုထောင့်များ၊ အလေး ထားတန်ဖိုးထားမှုများ၊ ရေဒီယိုအသံလွှင့်ထုတ်လုပ်မှုနည်းပညာ၊ အသံလွှင့်အစီအစဉ်၊ အကြောင်းအရာပိုင်းဆိုင်ရာ အတွေ့အကြုံ ဗဟုသုတများ အပြန်အလှန် ဖလှယ်မျှဝေနိုင်ခဲ့ကြပါသည်။ ဤရေဒီယိုညီလာခံကို ၂ဝ၁၂ ခုနှစ်က ကိုရီးယားနိုင်ငံ၌ လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်က သီရိလင်္ကာနိုင်ငံ၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။ ဤသို့ရေဒီယိုညီလာခံများ ကျင်းပနေခြင်းကပင် အသံလွှင့်မီဒီယာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာအောင် ဆောင်ရွက်နေသည်ကို အထင်အရှားတွေ့ရမည် ဖြစ်ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အသံလွှင့်မီဒီယာသည် သတင်းအချက်အလက်များရယူရန် အရေးကြီးသောအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ၂ဝ၁၂ ခုနှစ်အတွင်း ပြည်သူများ၏မီဒီယာများမှ သတင်းအချက် အလက်ရယူမှုသည် တစ်နိုင်ငံလုံး၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်း ရှိရာမှ ပြုပြင်ပြောင်းလဲမှုများစတင်ပြီး နှစ်နှစ်အကြာ ၂ဝ၁၄ ခုနှစ်တွင် ၄၄ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ဤသို့မီဒီယာများ တိုးတက်မှုနှင့်အတူ မြန်မာ့အသံအပါအဝင် ရေဒီယိုအသံလွှင့် လုပ်ငန်းများလည်း တိုးတက်လျက်ရှိရာ လွန်ခဲ့သည့်နှစ်များအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ဗဟိုပြုထုတ်လွှင့်သော FM ရေဒီယို အသံလွှင့်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ မြန်မာနိုင်ငံက အာရှရေဒီယိုညီလာခံကို အိမ်ရှင်အဖြစ်အောင်မြင် စွာကျင်းပနိုင်ခြင်းကပင် ရေဒီယိုအသံလွှင့်လုပ်ငန်းများကို လာမည့်နှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်ထုတ်လုပ် နိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။

31.5.2015 မြန်မာ့အလင်း ကာတွန်း