Thursday, April 30, 2015

တစ်ခုတည်းသော အာဆီယံအသိုက်အ၀န်း





မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


အာဆီယံဒေသသည် လူမျိုးပေါင်းစုံ၊  ဘာသာပေါင်းစုံနှင့် မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ရှိစေကာမူ ဒေသ တွင်း လုံခြုံရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်း ကောင်း၊ စီးပွားရေးအရသော်လည်း ပိုမိုစည်းလုံးညီညွတ်သော အသိုက်အဝန်းဆီသို့  ဦးတည်လျှောက်လှမ်းလျက်ရှိပါသည်။ တစ်နည်းအားဖြင့် တစ်ခုတည်းသော အာဆီယံအသိုက်အဝန်း တည်ထောင်ရေးရည်မှန်းချက်မှာ ယခုနှစ်ကုန်တွင် အထမြောက် တော့မည်ဖြစ်သည့်အတွက် ၂ဝ၁၅ ခုနှစ်သည် အာဆီယံ၏သမိုင်းတွင် မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်တော့မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဧပြီ ၂၇ ရက်က (၂၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပါ သည်။

ဤအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ၏  ဆောင်ပုဒ်ဖြစ်သည့်  Our People, Our Vision, Our Community  အာဆီယံ အသိုက်အဝန်းထူထောင်မှုနှင့် ပြည်သူများကို အခြေပြုသည့် အာဆီယံအသိုက်အဝန်းပေါ်ပေါက်မှုအတွက် နှိုးဆော်မှုတစ်ရပ် ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ၏မူရှစ်ရပ်ကို အကောင်အထည်ဖော်ရာ တွင် မိမိတို့အနေဖြင့် အပြည့်အဝ ထောက်ခံပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်း ထူထောင်ခြင်း သည် အာဆီယံအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဆီယံအသိုက်အဝန်းဖြစ်ပေါ်လာတော့မည်ဖြစ်ပါကြောင်း၊  မိမိတို့ အာဆီယံအသိုက် အဝန်းကို ပိုမိုခိုင်မာ ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း  စသည်ဖြင့်ပြောကြား ခဲ့ပါသည်။

အထူးသဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC)  ပေါ်ပေါက်လာမှုနှင့်အတူ ကုန်သွယ်မှုအပေါ် အဟန့်အတားများကို ဖယ်ရှားနိုင်မည်ဖြစ်သည့်အတွက် သွင်းကုန်အပေါ် စည်းကြပ် ကောက်ခံသည့်  အခွန်လျှော့ချခြင်းထက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အာဆီယံဒေသတွင်း နိုင်ငံများ အားလုံး လွတ်လပ်စွာ အပြိုင်အဆိုင် ရောင်းဝယ်ဖောက်ကားလာ နိုင်တော့မည်ဖြစ်၍ အာဆီယံပြည်သူအားလုံး ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲလာနိုင်မည်ဖြစ်ပါသည်။ ဤသို့ အာဆီယံဒေသတွင်းနိုင်ငံများအားလုံး တန်းတူအကျိုးခံစား ခွင့်များ ရှိလာသည်နှင့်အမျှ တစ်ခုတည်းသော အာဆီယံအသိုက် အဝန်းထူထောင်ရေး ရည်မှန်းချက်သည်လည်း  ပိုမိုလျင်မြန်စွာ အောင်မြင်မှုများ ရရှိလာမည်ဖြစ်ပါသည်။

အာဆီယံဒေသသည်  ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး အလုပ်သမားအင်အားကို ပိုင်ဆိုင်ထားပြီး  ယင်းတို့ထဲတွင် ငယ်ရွယ်ထက်မြက်၍  အရည်အချင်းမြင့်မားသည့်  လူဦးရေ သည် သန်း ၆ဝဝ ကျော်ရှိလာပြီဖြစ်ပါသည်။ အလယ်အလတ်  လူတန်းစားများပြားလာခြင်းကြောင့်  အာဆီယံဒေသသည် အကောင်းဆုံးရင်းနှီးမြှုပ်နှံရာ နေရာတစ်ခုလည်းဖြစ်လာတော့ မည်ဖြစ်ပါသည်။

သို့ပါ၍  မိမိတို့မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက် အဝန်းထူထောင်မှုအတွင်း လိုက်ပါကာ  အခွင့်အရေးနှင့် အခွင့် အလမ်းများရရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။  ။

မြန်မာနိုင်ငံကင်းထောက်ကြီးများ ဒုတိယအကြိမ်တွေ့ဆုံပွဲ ကျင်းပ


 
 ရန်ကုန်  ဧပြီ  ၂၉


မြန်မာနိုင်ငံ ကင်းထောက်ကြီး များ  ဒုတိယအကြိမ်တွေ့ဆုံပွဲအခမ်း အနားကို  ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ်  စိန်ရတုခန်းမ၌ ကျင်းပရာ     ကင်းထောက်လူငယ် မောင်မယ်များက  ''အစဉ်အသင့်'' ကင်းထောက်သီချင်းဖြင့် အခမ်းအနား ကို  သီဆိုဖွင့်လှစ်ပြီး  တက်ရောက် လာကြသူ  ကင်းထောက်ကြီးများနှင့် ကင်းထောက်လူငယ်မောင်မယ်များ က      ကင်းထောက်ကတိသုံးပါး ကို    ရွတ်ဆို၍   ကတိပြုကြကာ   အမျိုးသားကင်းထောက်ကြီးများနှင့် အမျိုးသမီးကင်းထောက်ကြီးများက ကင်းထောက်သီချင်းဖြင့် သီဆိုဂုဏ်ပြု ကြသည်။

ဆက်လက်၍ ကင်းထောက်ကြီး ရန်ကုန်တိုင်းဒေသကြီး   လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက အမှာ စကားပြောကြားပြီး   မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ယာယီကော်မတီ ဥက္ကဋ္ဌ    ဒေါက်တာတင်ညိုနှင့်     အမျိုးသမီး  ကင်းထောက်မင်းကြီး ဒေါ်တင်လှကြည်တို့က  ကင်းထောက် အဖွဲ့လှုပ်ရှားမှု   အစီအစဉ်များကို   ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကင်းထောက်ကြီး များနှင့် အလှူရှင်များက မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်သို့ ကင်းထောက် အမှတ်တရပစ္စည်းများနှင့် အလှူငွေ များ ပေးအပ်လှူဒါန်းကြပြီး အသက် အကြီးဆုံးအမျိုးသားကင်းထောက် ကြီး ဦးဟင်နရီပန်းအောင်နှင့်  အမျိုး သမီးကင်းထောက်ကြီး ဒေါ်ဘာဘရာ ဖေမောင်ဇင်တို့က ဝမ်းသာပီတိစကား ပြောကြားကြကာ    မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
(မြန်မာ့အလင်း)

မြန်မာနိုင်ငံ၏ငါးသယံဇာတထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေမည့် နော်ဝေငါးသုတေသနသင်္ဘော

 




သတင်း
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်

ရန်ကုန် ဧပြီ ၂၉

မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံ ဇာတများ တည်ရှိမှုကို သုတေသန ပြုလုပ်ရန် ဧပြီ ၂၇ ရက်က ရောက်ရှိ နေသော နော်ဝေနိုင်ငံမှ ငါးသုတေ သနသင်္ဘော Dr.Fridtjof Nansen ၏ သုတေသနရလဒ်များသည် မြန်မာ နိုင်ငံ၏ ငါးသယံဇာတထိန်းသိမ်းမှုကို အထောက်အကူ ဖြစ်လာလိမ့်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အလုပ်အမှုဆောင်ချုပ် ဦးဟန်ထွန်းက ပြောကြားသည်။

အဆိုပါ နော်ဝေငါးသုတေသန သင်္ဘောသည် ၁၉၇၉ ခုနှစ် နိုဝင်ဘာ လနှင့်ဒီဇင်ဘာလ (မိုးလွန်ကာလ) တွင် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိ သုတေသနပြုလုပ်ခဲ့ပြီး နောက် ၁၉၈ဝပြည့်နှစ် မတ်လနှင့် ဧပြီ (မိုးကြိုကာလ)တို့တွင် ပြန်လည် ရောက်ရှိကာ မြန်မာနိုင်ငံ၏ ငါး သယံဇာတ သုတေသနလုပ်ငန်းများ ကို မိုးကြိုမိုးနှောင်းကာလနှစ်ခု ပေါင်းစပ်ကာ တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ယင်းပြုလုပ်ခဲ့စဉ်က ရေပေါ်ငါးသယံဇာတ တန်ချိန် တစ်သန်းရှိခဲ့ပြီး ရေအောက်ငါးသယံ ဇာတ တန်ချိန် ၇၅ဝဝဝ စုစုပေါင်း
မြန်မာနိုင်ငံ၏ ရေပေါ်/ရေအောက် ငါးသယံဇာတ တန်ချိန် ၁၇၅ဝဝဝဝ ရှိသည်ဟု သုတေသနပြုလုပ်ရရှိခဲ့ ကြောင်း သိရသည်။

ယင်းနောက် ပြီးခဲ့သည့် တစ်နှစ် ကျော် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ နှစ်လ တိတိ (မိုးလွန်ကာလ)တွင် မြန်မာ နိုင်ငံ ငါးသယံဇာတကို သုတေသန ပြုလုပ်ခဲ့ပြီး အဆိုပါရလဒ်နှင့် ယခုဧပြီ ၂၈ ရက်မှ ဇွန်၂၁ ရက်အထိ ရောက် ရှိပြုလုပ်နေသော သုတေသနရလဒ် နှစ်ခုကို ပေါင်းစပ်ကာ နှစ်ပေါင်း ၃ဝ ကျော်အတွင်း မြန်မာနိုင်ငံ၏ ငါးသယံ ဇာတအခြေအနေကို သိရှိရမည်ဖြစ် သည်။ ၂ဝ၁၃ ခုနှစ် သုတေသနပြု လုပ်စဉ်က ရေပေါ်ငါးသယံဇာတ တန်ချိန် ၁၁ဝဝဝဝနှင့် ရေအောက် ငါးသယံဇာတတန်ချိန် ၂၈၁ဝဝဝ သာ ရရှိခဲ့၍ မြန်မာနိုင်ငံ၏ ရေပေါ် ငါးသယံဇာတသည် ၁ဝ ရာခိုင်နှုန်း သာကျန်ရှိခဲ့ပြီး ရေအောက်သယံဇာတ မှာ ၃ဝ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရသည်။

''ခုကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံရဲ့ ငါး သုတေသနသင်္ဘော Dr.Fridtjof Nansen ဟာ ခုရောက်တာ မြန်မာ နိုင်ငံကို စတုတ္ထအကြိမ်လို့ပြောပေ မယ့် သုတေသနပြုချက်နဲ့ကြည့်ရင် တော့ ဒုတိယအကြိမ်အဖြေရလဒ် ထွက်ဖို့လာပြီး သုတေသနပြုလုပ်တယ် လို့ ပြောရမှာပါ။
ဘာကြောင့်လဲဆို တော့ မိုးကြိုနဲ့ မိုးလွန်အဲဒီအခြေ အနေနှစ်ခုပေါင်းစပ်ပြီးမှ ငါးသယံ ဇာတရဲ့အဖြေက မှန်ကန်တဲ့ ရလဒ်အဖြေရရှိမှာ ဖြစ်ပါတယ်။ ခုတစ်ခေါက်လာတာဟာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်(မိုးလွန်ကာလ) ကရတဲ့ အဖြေနဲ့ပေါင်းစပ်ပြီးတော့မှ လက်ရှိ မြန်မာနိုင်ငံရဲ့ ငါးသယံဇာတအခြေ အနေမှန်ရရှိမှာဖြစ်ပါတယ်။ ခုရရှိ လာမယ့် အဖြေရလဒ်ကိုမူတည်ပြီး မြန်မာနိုင်ငံရဲ့ ငါးသယံဇာတကို ဘယ်လိုထိန်းသိမ်းရင်ကောင်းမလဲ ပြန်လည်သုံးသပ်အဖြေထုတ်ရမှာပါ။ ဒါကြောင့် ခုသုတေသနပြုလုပ်ပြီး ရရှိလာမယ့် ရလဒ်က မြန်မာနိုင်ငံ ရဲ့ ငါးသယံဇာတထိန်းသိမ်းမှုကို အထောက်အကူဖြစ်လာမှာ ဖြစ်ပါ တယ်''ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ရေပိုင်နက်တွင် နှစ်ပေါင်း ၃ဝ ကျော်အတွင်း ရေပေါ်၊ ရေအောက် ငါးသယံဇာတကျဆင်းမှုမှာ ၂ဝ ရာခိုင်နှုန်းကျော်အထိ ဖြစ်လာ၍ ငါးသယံဇာတများကို ထိန်းသိမ်းရန် အထူးလိုအပ်နေပြီဖြစ်သည်။ မြန်မာ နိုင်ငံ ငါးဖမ်းရေပိုင်နက်သည် စတုရန် ကီလိုမီတာ ၄၈၆ဝဝဝ ရှိပြီး အဆိုပါ ပိုင်နက်အတွင်း၌ တရွတ်ဆွဲ ငါးဖမ်း ရေယာဉ် ၁၁၈၅ စင်း၊ ဝိုင်းချုပ် ပိုက်သင်္ဘော ၂၆၈ စင်း၊ ကျားပိုက် ၁၈၈ စင်း၊ မျှောပိုက် ၁၇၁ စင်း၊ မြှုံးချ ၁ဝ၉ စင်း၊ ကင်းမွန် ၂၉၆ စင်း၊ ဘုံကျောင်းကျားပိုက် ၇၆ စင်း၊ အင်္ဂလန်ကျား ၂၂၄စင်း၊ စိန်ပိုက် ၆၉ စင်း၊ ငါးမျှားတန်း ရှစ်စင်း စုစုပေါင်း ၂၅၉၄ စင်း ဖမ်းဆီးလျက်ရှိ ကြောင်း သိရသည်။
(မြန်မာ့အလင်း)

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံဆက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆွေးနွေး



 

နေပြည်တော်  ဧပြီ   ၂၉


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဗိုလ်မှူးချုပ် မိုဟာမက်အာနပ် အူရ် ရာမာန် မာလစ်ခ်ဦးဆောင်သည့် ပါကစ္စတန်နိုင်ငံ အမျိုးသားကာကွယ် ရေးတက္ကသိုလ်၊ အမျိုးသားလုံခြုံရေး နှင့် စစ်ရေးသင်တန်းမှ သင်တန်းသား ၁၇  ဦးပါဝင်သော  ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေပိုင်းတွင်  နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ်  မြန်မာနိုင်ငံ ၏  နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာ ဆက်ဆံရေးတိုးတက်မှုအခြေအနေ များ၊   မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များကို   တိုးမြှင့်နိုင်ရေးအတွက်  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။     (သတင်းစဉ်)

Wednesday, April 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးနေပြည်တော်သို့ ပြန်လည်ရောက်ရှိ



နေပြည်တော်   ဧပြီ   ၂၈

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည်  မလေးရှားနိုင်ငံ   ကွာလာလမ်ပူမြို့နှင့် လန်ကာဝီမြို့တို့၌ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လန်ကာဝီမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များအား မလေးရှားနိုင်ငံ ကီဒါ ပြည်နယ်ဝန်ကြီးနှင့်ဇနီး၊ မလေးရှားနိုင်ငံဆိုင်ရာ    မြန်မာသံအမတ်ကြီး ဦးဇော်မြင့်နှင့်ဇနီးနှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက လန်ကာဝီလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြပြီး မလေးရှား နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့      နံနက် ၁ဝ နာရီ  မိနစ် ၄ဝ တွင်      ပြန်လည် ရောက်ရှိကြရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်   ၄င်းတို့၏ဇနီးများ၊   ပြည်ထောင်စုဝန်ကြီးများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားကြသည့်    ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများလည်း   ပြန်လည်လိုက်ပါလာကြ သည်။                

                                     

  (သတင်းစဉ်)

AA လက်နက်ကိုင်အဖွဲ့မှ လက်နက်များ သိမ်းဆည်းရမိ





နေပြည်တော် ဧပြီ ၂၈
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် ကုလားချောင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် AA လက်နက်ကိုင်အဖွဲ့များ စိမ့်ဝင် ခိုအောင်းနေကြောင်း သတင်း အရ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရာ ဗဗ လက်နက် ကိုင်အဖွဲ့ဝင်အချို့နှင့် လက်နက် ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများ ဖမ်းဆီးရမိလျက်ရှိ သည်။
ထို့ပြင် စပါးဆိပ်ကျေးရွာနှင့် ကုလားကျကျေးရွာပတ်ဝန်းကျင်အား ဧပြီ ၂၇ ရက် နံနက်ပိုင်းမှ စတင် ၍ တပ်မတော်စစ်ကြောင်းများက အသေးစိတ် ဖြန့်ခွဲရှင်းလင်းခဲ့ရာ ကုလားကျကျေးရွာ၏ အနောက် တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ သဘာဝကျောက်လိုဏ်ဂူအတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံသေနတ် ငါးလက်၊ အမ်(၂၅)ပုံစံသေနတ် လေးလက်၊ စုစုပေါင်း ကိုးလက်အား သိမ်းဆည်း ရမိပြီး ဆက်လက်ရှင်းလင်းခဲ့ရာ ပေ ၅ဝ ခန့်အကွာ၌ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ခြောက်လက်နှင့် အမ်(၂၅)ပုံစံ သေနတ် လေးလက်၊ စုစုပေါင်း ၁ဝ လက်အား ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။
သိမ်းဆည်းရမိသော လက်နက် မျိုးစုံ ၁၉ လက်အား အသေးစိတ် စိစစ်ခဲ့ရာ လက်နက်များ၏ ကိုယ် ထည်တွင် စက်ဝိုင်းအတွင်း၌ ခုနစ် ထောင့်ကြယ်ပုံပါရှိသည့် သင်္ကေတ၊ M-22 ၊ M-25 စသည့် သေနတ် အမျိုးအစား စာသားနှင့်KO အက္ခရာပါရှိသည့် သေနတ်နံပါတ် များ ရိုက်နှိပ်ထားကြောင်း သိရ သည်။
နယ်မြေအတွင်း AA လက်နက် ကိုင်အဖွဲ့များ ခိုအောင်းခြင်းမရှိစေ ရေးအတွက် တပ်မတော်စစ်ကြောင်း များက ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ သတင်းဖော်ထုတ် ရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။ (မြဝတီ)

အနည်းဆုံး အခကြေးငွေ



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
 
မြန်မာနိုင်ငံတွင် တံခါးဖွင့် စီးပွားရေးပြန်လည်ကျင့်သုံးလာ မှုနှင့်အတူ ပြည်တွင်း ပြည်ပ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေး လုပ်ငန်းများ တိုးတက်များပြားလာသည့်အလျောက်အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးကိစ္စသည်လည်း ထိပ်တန်းအရေး ကြီးသော ကိစ္စတစ်ရပ်ဖြစ်လာပါသည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးသည် လတ်တလောအခြေအနေတွင် စိန်ခေါ်မှုများ ရှိလင့်ကစား စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာ ဖွံ့ဖြိုးရေးနှင့် မြန်မာလုပ်သားများ ဈေးကွက်ကောင်းရရှိရေးအတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံတွင်  ပြည်တွင်းစီးပွားရေး လုပ်ငန်းများသာမက ပြည်ပစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင် လာပြီဖြစ်ရာ နောင်တွင် စီးပွားရေးလုပ်ငန်းများ ပိုမိုများပြား လာမည်ဖြစ်ပါသည်။ ထိုအချိန်တွင် မြန်မာအလုပ်သမားများ ထိုက်သင့်သောလုပ်ခလစာများရရှိရေးသည် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ  များစွာပေါ်ပေါက် လာမည်ဖြစ်သော်လည်း  ထိုက်တန်သော လုပ်ခလစာမဖြစ်လျှင် အခြေခံ လူတန်းစားများ လူမှုဘဝမြှင့်တင်ရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်လာနိုင် ပါသည်။  အခြေခံလူတန်းစားများဘဝ တိုးတက်လာမှ နိုင်ငံတိုး တက်မည်ဖြစ်ပါသည်။
သို့ရာတွင်  အခြားတစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်း ရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့်   မပေးနိုင်သော အခကြေးငွေကိုပေးရမည်ဆိုပါက စီးပွားရေးလုပ်ငန်းများ လျင်မြန် စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်လာနိုင်ပါ သည်။ အလုပ်သမားများဘက်မှ ရသင့်ရထိုက်သော အခကြေးငွေ ဖြစ်ရမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များဘက်မှလည်း ပေးနိုင် သည့်အခကြေးငွေဖြစ်ရပါမည်။ သို့မှသာ နှစ်ဦးနှစ်ဖက်အဆင်  ပြေပြီး လုပ်ငန်းများတိုးတက်မည်ဖြစ်ပါသည်။

 အနည်းဆုံး အခကြေးငွေသည် မြို့ရွာဒေသတစ်ခုချင်းစီအရသော်လည်းကောင်း၊ လုပ်ငန်းအမျိုးအစားအရသော်လည်း ကောင်း ကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ မြို့ပြများ၏  လူနေမှုအနည်း ဆုံးအခကြေးငွေသည် ကျေးလက်တောရွာများရှိ အနည်းဆုံး အခကြေးငွေနှုန်းထားနှင့်မတူညီနိုင်ပါ။ အကြောင်း သည်ကား မြို့ပြများ၏ လူနေမှုအသုံးစရိတ်သည် ပိုမိုများပြားနေ ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အတူကာယအားကို  စိုက်ထုတ်လျက် ပင်ပန်းကြီးစွာ လုပ်ကိုင်ရသောအလုပ်နှင့် သက်သောင့် သက်သာ လုပ်ကိုင်ရသောအလုပ်တို့၏ အနည်းဆုံးအခကြေးငွေသည်လည်း ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။

အနည်းဆုံးအခကြေးငွေသည် လူတစ်ဦး၏ တစ်နေ့တာ ကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားရပါမည်။ နေထိုင်စရိတ်၊ စားစရိတ်နှင့် ကျန်းမာရေးကုန်ကျစရိတ်များ ရှိပါသည်။ အလုပ် သမားတစ်ဦးသည် လက်ရှိနေထိုင်စားဖြစ်ရုံမက ပိုမိုကောင်းမွန် သော  အနာဂတ်ကိုမျှော်မှန်းနိုင်သည့် အခကြေးငွေများ ရရှိလာ နိုင်ရမည်ဖြစ်ပါသည်။ အလုပ်သမားအများစုတွင် မိသားစုများ ရှိနေကြပါသည်။
 သို့ပါ၍ လုပ်ငန်းရှင်များကိုလည်းမထိခိုက်၊ အလုပ်သမား များလည်း ရသင့်ရထိုက်သော အခကြေးငွေများရရှိမည်ဆိုပါက နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး နိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ် သမားပဋိပက္ခများ လျော့နည်းသွားကာ စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း။   ။