Thursday, October 30, 2014

30.10.2014 (မြန်မာ့အလင်း ကာတွန်း)

တောင်ကြီးမီးပုံးပျံလွှတ်တင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်

ေေ

တောင်ကြီး အောက်တိုဘာ ၂၉

 ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၌ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ယနေ့(အောက်တိုဘာ ၃ဝ)ရက်မှ နိုဝင်ဘာ ၇ ရက်အထိ အဝေယာကုန်းသာယာမီးပုံးပျံကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ ပြိုင်ပွဲကို နေ့လွှတ်နှင့် ညလွှတ်ဟူ၍ အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ နေ့လွှတ်မှာခြေနှစ်ချောင်း၊ ခြေလေး ချောင်းသတ္တဝါများအား အရုပ်ကြီးများပြုလုပ်ကာ ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ညလွှတ် မှာ အဆင်တန်ဆာအလှအပစုံစုံညီညီခြယ်သယှဉ်ပြိုင်သည့် စိန်နားပန်နှင့် ယမ်းမီးပေါက်ကွဲမှုဖြင့် မျက်စိပသာဒဖြစ်အောင် ယှဉ်ပြိုင်သည့် မီးကြီး တို့ပင်ဖြစ်သည်။ ပြိုင်ပွဲယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ ကျင်းပရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းနှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ 

 မေး။ ။ဒိုင်အဖွဲ့မှာ တာဝန်ယူခဲ့တာ ဘယ်လောက်ကြာပါပြီလဲ။ ပြိုင်ပွဲ စတင်ခဲ့ပုံကို အနည်းငယ်ရှင်းပြပေးစေလိုပါတယ်။ 

 ဖြေ။ ။ဒိုင်အဖွဲ့မှာ ကျွန်တော်တာဝန်ယူခဲ့တာ နှစ်ပေါင်း ၅ဝ ရှိပါပြီ။ 

 ဒီမီးပုံးပျံပွဲက အရင်တုန်းက တောင်ကြီးမြို့က ဝါသနာရှင်တွေ ဖွဲ့စည်းပြီး လုပ်ခဲ့တာပါ။ မီးပုံးပျံတွေကလည်း အခုလောက် မကြီးသေးဘူး။ ၁၆ ပေ၊ ၁၇ ပေက အကြီးဆုံးပဲ။ နောက်ပိုင်းမှ ပေ ၂ဝ၊ ၂၄ ပေတို့ဖြစ်လာတာ။ အရင် တုန်းက ပြိုင်ပွဲတွေက ပထမတန်း၊ ဒုတိယတန်းဆိုပြီး ခွဲထားတာ။ အဲဒီတော့ ဘာဖြစ်လာလဲဆိုရင် မသမာတဲ့နည်းလမ်းတွေ သုံးလာကြတယ်။ ဘယ်လို မသမာတဲ့နည်းလဲဆိုရင် သတ်မှတ်ထားတဲ့ပေထက် ခိုးကြီးပြီး ဆုရရှိရေး လုပ်ဆောင်လာတာပဲ။ ဒါကြောင့် အဲဒီစနစ်ကို မသုံးတော့ဘူး။ 

 မေး။ ။မီးပုံးပျံပြုလုပ်လာတဲ့ ရေစီးကြောင်းလေးလည်း ရှင်းပြပေးပါဦး။

 ဖြေ။ ။မီးပုံးပျံပြုလုပ်တဲ့ အပိုင်းကလည်း အခုခေတ်ရေစီးကြောင်းနဲ့ တော်တော်လေးကို တိုးတက်လာတာတွေ့ရတယ်။ အခုမီးပုံးပျံကို ၂၅ ပေ သတ်မှတ်ထားတယ်။ ၂၅ ပေ သတ်မှတ်ရတာကလည်း အောက်ကချိတ်မယ့် ယမ်း ပိဿာ ၄ဝ လောက်ကို နိုင်နိုင်နင်းနင်း ချိတ်ဆွဲလွှတ်တင်နိုင်အောင်ပါ။ ၂၄ ပေဆိုရင် အဲဒီလောက်ယမ်းပိဿာကို နိုင်နိုင်နင်းနင်း မလွှတ်တင်နိုင် လောက်တော့ဘူး။ ဒါကတော့ မီးပုံးပျံပြုလုပ်လာတဲ့ ရေစီးကြောင်းပေါ့။

 မေး။ ။မီးပုံပျံပွဲလာကြည့်မယ့် ပရိသတ်တွေနဲ့ ယှဉ်ပြိုင်ကြမယ့် အဖွဲ့တွေရဲ့ လုံခြုံရေးအတွက်ကော ဘယ်လိုစီစဉ်ထားပါသလဲ။ 

 ဖြေ။ ။ပရိသတ်တွေကော၊ ယှဉ်ပြိုင်ကြမယ့် အဖွဲ့တွေကော အားလုံး အန္တရာယ်ကင်းရှင်းအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး အကောင်းဆုံး၊ စိတ်အချရဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။

 မေး။ ။ဒိုင်တွေက ဘယ်လိုအချက်အလက်တွေကိုကြည့်ပြီး အမှတ်ပေး တာပါလဲ။

 ဖြေ။ ။လူအယောက် ၅ဝ နဲ့ ဖွဲ့စည်းထားတဲ့ အမှတ်ပေးဒိုင်ခုနစ်ဖွဲ့ရှိတယ်။ ကွင်းထဲမှာ နှစ်ဖွဲ့၊ အပေါ်ကကြည့်တာ ငါးဖွဲ့။ ကွင်းထဲက မှိုင်းခံတဲ့ ပုံသဏ္ဌာန် အမှတ်ပေးအဖွဲ့က
မှိုင်းခံကြာချိန်ကိုကြည့်မယ်။ ပေးထားတဲ့ အမှတ် ၂ဝ ကနေ ၅ မိနစ်ကြာရင် ၁၅ မှတ်ရမယ်။ တစ်မိနစ်ပိုကြာတိုင်း တစ်မှတ်စီလျော့သွားမှာဖြစ်တယ်။ မှိုင်းပြည့်လို့ တက်တဲ့အချိန်မှာ သူ့ကြာချိန်အတိုင်း အမှတ် ၂ဝ လျှော့ပြီး ကျန်တာ သူ့ရမှတ်ပဲ။ ပုံသဏ္ဌာန် အမှတ်ပေးမယ့်ဒိုင်ကတော့ မီးပုံးပျံလှပမှု၊ အပြစ်အနာအဆာကင်းစင်မှုကို ဦးစားပေးကြည့်တာပါ။ ဘယ် လောက်ပဲ ပန်းချီလှလှ၊ အဆင်တန်ဆာအလှလှ၊ အပြစ်အနာအဆာကင်းစင်ပြီးမှ ပန်းချီတို့ အဆင်တန်ဆာ လှပမှုတွေကို ကြည့်တာဖြစ်တယ်။ အမှတ် ၂ဝ ကနေ အပြစ်ရှာပြီး ကျန်တာသူ့ရမှတ်ပဲ။ နောက် အပေါ်ဒိုင်တွေက အတက်ကောင်းမကောင်းကြည့်မယ်။ အတက်ကောင်းမကောင်းကို ကြည့်တဲ့ဒိုင်အဖွဲ့က လေဆာ ဆလိုက်ထိုးထားပြီး ဒီဂရီဘယ်လောက်စောင်းပြီး တက်သွားတယ်ကိုကြည့်မှာ။ များများဒီဂရီစောင်းလေ အမှတ်လျော့ လေပဲ။ တန်ဆာပလာအမှတ်ပေးဒိုင်က မီးပုံးပျံမှာ ပါဝင်တဲ့ပစ္စည်း၊ နောက်အမျိုးအမည်ဘယ်လောက်ပါတယ်ဆိုတာ ကို အသေးစိတ်မှတ်တဲ့အဖွဲ့ပါ။ ဆန်းသစ်တီထွင်မှုပါသလောက် အမှတ်ရတာပါ။ 

 စက္ခုပသာဒဘယ်လောက်ဖြစ်တယ် ဆိုတာ ကြည့်တဲ့ဒိုင်အဖွဲ့က မီးပုံးပျံတက်သွားပြီး ပေ ၃ဝဝ အမြင့်ရောက်တဲ့အခါ ယမ်းကို လေးမိနစ်အထိ ဘယ် လောက်အကောင်းဆုံး အလှဆုံးပြနိုင်လဲကြည့်တာပါ။ လေးမိနစ်အောက်ပဲပြနိုင်တယ်ဆိုရင်တော့ အမှတ်စလျော့ပြီ ပေါ့။ ဒီယမ်းချတဲ့အပိုင်းမှာလည်း ဘေးဖြာ၊ အောက်ချ၊ ကာလာအရောင်တွေကြည့်ပြီး အမှတ်ခွဲတာ။ အတက်စံချိန် ဒိုင်ကလည်း ဝေဟင်မှာ မိနစ်လေးဆယ်လောက် အကောင်းဆုံးပြသနိုင်ရန် အမှတ် ၂ဝ အပြည့်ရပြီပဲ။ တစ်ချို့မီး ပုံးပျံတွေက အပေါ်ကိုတော့တက်သွားပါရဲ့။ လေလမ်းကြောင်းကြောင့် တောင်ကွယ်သွားရင် အမှတ်မရတော့ဘူး။ ဒါကတော့ ကံစီမံရာကို ခံရတာပဲ။ နောက်တစ်ခု ယမ်းကူးရင်လည်း အမှတ်မရဘူး။ စည်းကမ်းဒိုင်ကတော့ သတ်မှတ် တဲ့အချိန်အတွင်းမှာ သတ်မှတ်အလေးချိန်အတိုင်း လိုက်နာသူကို အမှတ်အပြည့်ပေးမှာပါပဲ။

 မေး။ ဆုကြေးတွေကို ဘယ်လိုသတ်မှတ်ထားပါလဲ။
ဖြေ။ အရုပ်ဆုကြေးက အုပ်စုဆိုရင် ငါးသိန်း၊ ခြေလေးချောင်းကို သုံးသိန်း၊ ခြေနှစ်ချောင်းကို နှစ်သိန်း ပါ။ စိန်နားပန်ဆိုရင် အရင်က ၁၅ သိန်း၊ အခု ၂၅ သိန်း။ မီးကြီးဆို အရင်က ၄၅ သိန်း၊ အခု သိန်း ၆ဝ အဲ့လိုတွေ တိုးမြှင့်ထားတယ်။ ဒီဆုကြေးတွေက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် နောက်ဆုံးအစည်းအဝေးမှာ အတည်ပြုတိုး မြှင့်ပေးခဲ့တာပဲဖြစ်တယ်။

 မေး။ ဒိုင်အဖွဲ့ကိုယ်စားပြောချင်တာလေးရှိရင် ပြောပေးပါဦး။
ဖြေ။ အဓိကပြောချင်တာက ကျွန်တော်တို့ဒိုင်အဖွဲ့တွေက အဂတိကင်းရှင်းစွာနဲ့ တာဝန်ယူဆောင်ရွက် သွားမှာပါ။ နောက်တစ်ခုက ဒီနှစ်မှာအရုပ်လွှတ်တာ နည်းသွားပါတယ်။ အရုပ်လွှတ်တာကလည်း များသောအားဖြင့် လူငယ်တွေများတယ်။ အခုလူငယ်တွေကလည်း ပိုက်ဆံတွေစုပြီး မီးကြီးကိုဝင်ပြိုင်နေကြတော့ အရုပ်လွှတ်တဲ့အဖွဲ့ တွေနည်းသွားရခြင်းတစ်ခုပဲ။ ကျွန်တော်တို့ မီးပုံးပျံပြိုင်ပွဲကို အောင်အောင်မြင်မြင်ပြီးပါစေလို့ ဆုတောင်းပါတယ်။ နိုင်ငံတော်ကလည်း အများကြီးအားပေးကူညီထားသလို မိမိတို့ရိုးရာမတိမ်ကော မပပျောက်အောင်လည်း ထိန်းသိမ်း သွားဖို့ အရေးကြီးပါတယ်။ နောက်ဆုံးအနေနဲ့ ကလေးတွေ မီးပုံးပျံကို အောင်အောင်မြင်မြင်နဲ့ လွှတ်တင်နိုင်ပါစေလို့ ပဲ ဆုတောင်းပေးပါတယ်။

သတင်းနှင့်ဓာတ်ပုံ-ဇေယျာ(မိုင်ရာ)

Wednesday, October 29, 2014

ကော်စတာ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ ဒယ်ဘိုစကေးအား မော်ရင်ဟိုပြစ်တင်ရှုတ်ချ

Photo: ကော်စတာ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ ဒယ်ဘိုစကေးအား မော်ရင်ဟိုပြစ်တင်ရှုတ်ချ
===================================

ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီး အသင်းနည်းပြ   မော်ရင်ဟိုသည် အသင်း၏  တိုက်စစ်မှူး ဒီယေဂို ကော်စတာ   ဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်၍ စပိန်အသင်းနည်းပြ ဒယ်ဘိုစကေးအား ပြစ်တင်ရှုတ်ချ လိုက်ကြောင်း သိရသည်။

တိုက်စစ်မှူး ဒီယေဂိုကော်စတာ သည် အက်သလက်တီကိုမက်ဒရစ် အသင်းမှ  ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ချိန်မှစတင်ကာ ပွဲစဉ် ခုနစ်ပွဲ၌ ကိုးဂိုးအထိသွင်းယူပေးနိုင်ခဲ့သော်လည်း    တံကောက်ကြော ဒဏ်ရာပြဿနာ ကြုံခဲ့ခြင်းကြောင့် ချယ်လ်ဆီးအသင်းနောက်ဆုံးကစားခဲ့သည့်ပွဲစဉ်သုံးပွဲတွင်  လွဲချော်ခဲ့ရ သည်။

သို့ရာတွင်    အသက်(၂၆)နှစ် အရွယ်ရှိ   တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ချယ်လ်ဆီးအသင်း နှင့်အတူ လေ့ကျင့်ရေးအပြည့်အဝ ပြန်လည်ဆင်းနိုင်ပြီ ဖြစ်သောကြောင့် ကျူပီအာအသင်းအား  အိမ်ကွင်း စတမ်းဖို့ဘရစ်ခ်ျ၌ ဧည့်ခံကစားရမည့် ပရီမီယာလိဂ်ပွဲစဉ်(၁ဝ)တွင် ပါဝင် လာရန်သေချာနေပြီဖြစ်သည်။

ပရီမီယာလိဂ်ပြိုင်ဘက်   မန်ယူ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ရခြင်းသည်    တိုက်စစ်မှူးကော်စတာ ဒဏ်ရာပြဿနာကြုံခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက    ကောက်ချက်ချခဲ့ပြီး စပိန်အသင်းနည်းပြ   ဒယ်ဘိုစကေး အနေဖြင့် လူဇင်ဘတ်၊ ဆလိုဗက်ကီး ယား စသည့်အသင်းများနှင့် ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲစဉ်များတွင် တိုက်စစ် မှူးကော်စတာအား အနားပေးခြင်း မရှိဘဲ ထည့်သွင်းကစားစေခဲ့ခြင်းနှင့် သုံးရက်အတွင်း နှစ်ပွဲကစားခဲ့ရခြင်း ကြောင့် ဒဏ်ရာပြဿနာကြုံခဲ့ခြင်းဖြစ် ကြောင်း  မော်ရင်ဟိုက   ဒယ်ဘို စကေးအား ပြစ်တင်ပြောဆိုခဲ့သည်။

(ငွေကြယ်)
 
အဆောက်အအုံနှင့် ဆောက်လုပ်ရေးညွှန်ကြားမှုဦးစီးဌာနကို မကြာမီစတင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 Photo: အမျိုးသားလွှတ်တော်အစည်းအဝေး

အဆောက်အအုံနှင့် ဆောက်လုပ်ရေးညွှန်ကြားမှုဦးစီးဌာနကို မကြာမီစတင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက်ရှိ
=======================================

နေပြည်တော်  အောက်တိုဘာ ၂၈

ပထမအကြိမ်  အမျိုးသား လွှတ်တော် (၁၁)ကြိမ်မြောက်  ပုံမှန် အစည်းအဝေး (၂၄)ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပ ခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ကျော်၏ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)  မိုင်းဖြတ်-မိုင်း ယောင်း ကားလမ်းအား အဆင့်မြှင့် တင်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍   ဆောက်လုပ် ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးစိုးတင့်က မိုင်းဖြတ် - မိုင်းယောင်း လမ်းကို ဒေသခံပြည်သူများ အချိန်တို အတွင်း ကူးသန်းသွားလာမှု   အဆင် ပြေချောမွေ့စေရန်အတွက် ကတ္တရာ လမ်းအဆင့်ရောက်ရှိရန် ရည်မှန်း၍ ဆောင်ရွက်လျက်ရှိရာ ကျန်ရှိနေသော ကျောက်လမ်းနှင့် အမာခံလမ်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ များတင်ပြတောင်းခံပြီး ကတ္တရာလမ်း အဆင့်ရောက်ရှိအောင် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးရဲမင်းထွေး၏ အထပ်မြင့် ကန်ထရိုက်တိုက်များ ဆောက်ရာတွင် ဒီဇိုင်း(Design)အပိုင်း၊ အရည် အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေး မှုအပိုင်း (Specification and Quality Control)နှင့်  သက်ဆိုင်ရာ ဆောက်လုပ်ရေး အဆင့်များ (Construction  Sequences) အလိုက် စနစ်တကျဆောင်ရွက်နိုင် မှုအား စစ်ဆေးသွားရန် အစီအစဉ် ရှိ/မရှိ နှင့် အရည်အသွေးပြည့်ဝ၍ လုံခြုံစိတ်ချရသော အဆောက်အအုံ များ ဆောက်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ အင်ဂျင်နီယာပိုင်းဆိုင် ရာအသင်းအဖွဲ့များဖြင့် ရေရှည် ပူးပေါင်းဆောင်ရွက်သွားရန် အစီ အစဉ်  ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာတွင် လည်းကောင်း၊  လူဦးရေ ၅ဝဝ နှင့်အထက် ဝင်/ထွက်အသုံးပြုမည့် အဆောက်အအုံ၊ အားကစားရုံ၊ ဈေး ဝယ်စင်တာကြီးများနှင့် ခန်းမကြီးများ တည်ဆောက်ရာတွင်လည်းကောင်း၊ ဒီဇိုင်းအပိုင်း၊ အရည်အသွေးပိုင်းနှင့် စံချိန်စံညွှန်းစစ်ဆေးမှုအပိုင်း၊ သက်ဆိုင်ရာ  ဆောက်လုပ်ရေးအဆင့်များ သည် များစွာအရေးကြီးပါကြောင်း။

ထို့အတူ အထပ်နိမ့်အဆောက် အအုံများနှင့် အခြားဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းအားလုံး  တည်ဆောက်ရာတွင်လည်း Construction Industry  တစ်ခုလုံးအတွက် မှန်ကန် သည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များ တစ်ပြေးညီထုတ် ပြန်ရန် အလွန်အရေးကြီးပါကြောင်း၊ အမျိုးသားလွှတ်တော်က မြန်မာနိုင်ငံ ၏အဆောက်အအုံကို  ဓဥပဒေအဆို တင်ပြပြီးဖြစ်၍  ဝန်ကြီးဌာနအနေဖြင့် UN - Habitat၊  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့နှင့် ညှိနှိုင်း၍ Myanmar Building Code  ကိုရေးဆွဲပြုစုနေပါကြောင်း။

အထပ်မြင့်ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာတွင် ဒီဇိုင်းပိုင်း၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုပိုင်းနှင့် သက်ဆိုင်ရာ ဆောက်လုပ်ရေးအဆင့်များအလိုက် စစ်ဆေးဆောင်ရွက်ခြင်းကို  အထပ် မြင့်အဆောက်အအုံ  တည်ဆောက် ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့က ၂ဝ၁၃  ခုနှစ်မှစ၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထပ်မြင့် အဆောက်အအုံစစ်ဆေး ခြင်းများကို ယခုထက်ပိုမိုစနစ်တကျ စီစဉ်နေသကဲ့သို့  အဆောက်အအုံ လုပ်ငန်းများအားလုံးကို ကောင်းမွန်စွာ စနစ်တကျလမ်းညွှန်ပေးနိုင်ရန် အတွက်  နိုင်ငံတကာနှင့်အညီ  Construction   Industry Development  Board  ကို ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့အတူ ဆောက်လုပ်ရေး လုပ်ငန်းများ ခြုံငုံ၍ညွှန်ကြားနိုင်မည့် အဆောက်အအုံနှင့် ဆောက်လုပ်ရေး ညွှန်ကြားမှုဦးစီးဌာနကို မကြာမီ စတင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းဖြင့် ပြန်လည် ရှင်းလင်းဖြေကြားသည်။

ယနေ့ အစည်းအဝေးတွင် ''မျိုးစေ့ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း''အား  အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီ၏ ပြင်ဆင်ချက်များ အတိုင်း အတည်ပြုပြီး ''မြန်မာ့ လေကြောင်းဥပဒေကြမ်း'' နှင့် စပ်လျဉ်း၍  လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲချက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြကာ အတည်ပြုချက်ရယူရန်  ဆုံးဖြတ်ခဲ့သည်။                (သတင်းစဉ်)
 
အမျိုးသားလွှတ်တော်အစည်းအဝေး

ဓာတ်အားသုံးစွဲသူ လူပုဂ္ဂိုလ်နှင့် သတ္တဝါများထိခိုက်နစ်နာမှုများကို လုံလောက်ထိုက်တန်သော လျော်ကြေးများပေးအပ်မည်

ပြည်သူ့လွှတ်တော်အစည်းအဝေး

နေပြည်တော် အောက်တိုဘာ ၂၈

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြီး မေးခွန်း မေးမြန်းဖြေကြားခြင်းနှင့် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု ရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက် လာစေရန် လေ့လာသုံးသပ်ရေးကော် မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေး နွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

ယနေ့ အစည်းအဝေးတွင် အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်၏ ''လျှပ်စစ်အန္တရာယ်ကြောင့် နစ်နာ သူပြည်သူများအတွက် မည်သို့တာဝန် ယူဆောင်ရွက်ပေးသည်ကို သိလိုခြင်း နှင့် နောင်တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိ လိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမော်သာထွေးက လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှုစနစ် ချွတ်ယွင်းမှု ကြောင့်ဝန်ထမ်းများ ထိခိုက်နစ်နာမှု ပေါ်ပေါက်ပါက ပေးလျော်သည့် လုပ်ထုံးလုပ်နည်းရှိပါကြောင်း၊ ဓာတ် အားသုံးစွဲသူ လူပုဂ္ဂိုလ်နှင့်သတ္တဝါများ အတွက် ထိခိုက်နစ်နာမှုများကို လူမှုဖူလုံရေးရန်ပုံငွေမှ လည်းကောင်း၊ ဥပဒေတွင် ပြဋ္ဌာန်းချက်အရလည်း ကောင်း လုံလောက်ထိုက်တန်သော လျော်ကြေးများပေးအပ်ရန်အတွက် စီစဉ်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

လျှပ်စစ်အန္တရာယ်ကြောင့် ပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေးအတွက် ပြုပြင်သင့် သည့် ဓာတ်အားလိုင်းများ၊ ဓာတ်အား ခွဲရုံများကို နှစ်စဉ်ရရှိသောရန်ပုံငွေဖြင့် ကျခံသုံးစွဲလျက်ရှိသကဲ့သို့ ပြည်ပ ချေးငွေ၊ နည်းပညာအကူအညီများ ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အတူ ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေး၊ အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်း စေရေးတို့အတွက် ဓာတ်အားလိုင်း နှင့်မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများရှင်းလင်းခြင်း၊ ရှုပ်ထွေး နေသော ဆားဗစ်ကြိုးများရှင်းလင်း ခြင်း၊ ၄ဝဝ ဗို့အားလိုင်းများတွင် လျှပ်စစ်အန္တရာယ် ကင်းစေရေး အတွက် ဓာတ်ကာပစ္စည်းဖုံးအုပ်ထား သောInsulated Wire များ လဲလှယ် ခြင်း၊ Earth Ring Earth Bar များ တပ်ဆင်ခြင်း၊ လိုင်းအောက်ပုခက်များ ပြုလုပ်ခြင်း၊ ဓာတ်အားလိုင်းအချင်းချင်း PVC ကြိုးများဖြင့် ချိတ်ဆက် ခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း။

ထို့ပြင် လျှပ်စစ်အန္တရာယ်ကင်းရှင်း စေရန်အတွက် ပညာပေးအစီအစဉ် အဖြစ် လက်ကမ်းစာစောင်များ ဖြန့် ဝေခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်း၊ လူသွားလူလာများသည့် ဈေး၊ ကျောင်း၊ ရုံး၊ ဆေးရုံများတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ပိုစတာများစိုက်ထူခြင်း၊ စာသင်ကျောင်းများ၊ ရုံးနှင့် ရပ်ကွက် များတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီ ထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ် ပေါက်လာစေရန် လေ့လာသုံးသပ် ရေးကော်မရှင်၏ အစီရင်ခံစာ'' နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ကြသည်။

ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေ ယျာသော်က ကော်မရှင်ကတင်သွင်း ထားသည့် ရွေးကောက်ပွဲစနစ်များ အနက် မဲများသူအနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ်(PR) တို့ကို ပေါင်းစပ်ထားသည့် (MMP) စနစ်သည် ပြည်သူများ၏ အခြေခံ အခွင့်အရေးများကို ပိုင်းခြားသတ်မှတ် သကဲ့သို့ဖြစ်နေသည့်အပြင် မဲရေတွက် မှုအပိုင်းတွင်လည်း အားနည်းချက်များ ရှိသဖြင့် ကန့်ကွက်ပါကြောင်း၊ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ဆောင် ရွက်လိုလျှင် မဲဆန္ဒရှင်ပြည်သူများအား ချပြ၍ ပြည်သူများ၏ သဘောထားနှင့် ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သင့် ပါကြောင်းဖြင့်ဆွေးနွေးသည်။

ရေဖြူမဲဆန္ဒနယ်မှ ဦးဝင်းဦးက FPTP စနစ်ဖြင့်သာ ရွေးကောက်ပွဲ ပြုလုပ်ပြီး မည်သည့်ရာခိုင်နှုန်းဖြင့် ဖြစ်စေ မဲအများဆုံးအနိုင်ရသူအား ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု ရမည်ဖြစ်ပါကြောင်း၊ ဒုတိယ၊ တတိယခိုင်လုံမဲရသည့် ပုဂ္ဂိုလ်နှစ်ဦး ကိုလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ဒုတိယနှင့် တတိယနေရာများတွင် ခိုင်လုံသူများဖြစ်ကြောင်း စိစစ် အတည်ပြု ကြေညာရမည်ဖြစ်ပါ ကြောင်း။

မူလကိုယ်စားလှယ်အဖြစ် အသိ အမှတ်ပြုထားသူသည် အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်တွင် တာဝန်ပေးအပ်ခြင်း ခံရသောကြောင့် သို့မဟုတ် အခြား အကြောင်းတစ်ခုခုကြောင့် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ် လပ်သည့်အခါ ကြားဖြတ်ရွေးကောက် ပွဲကျင်းပခြင်း မပြုလုပ်ဘဲ အတည်ပြု ထားသည့်အတိုင်း ဒုတိယနေရာမှ ပုဂ္ဂိုလ်အား သက်ဆိုင်ရာလစ်လပ် မဲဆန္ဒနယ်မြေ၏ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အသိအမှတ်ပြုကြေညာရမည်ဖြစ်ပါကြောင်း၊ အကယ်၍ ဒုတိယနေရာမှပုဂ္ဂိုလ် ဆက်လက် လစ်လပ်ပါက တတိယနေရာမှ ပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စား လှယ်အဖြစ် အသိအမှတ်ပြုကြေညာရမည်ဖြစ်ပါကြောင်း၊ လွှတ်တော် သက်တမ်းတစ်ရပ်တွင် တတိယနေရာ မှ ပုဂ္ဂိုလ်လစ်လပ်သွားမှသာလျှင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည် ကျင်းပပြုလုပ်ရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ဖာဆောင်း မဲဆန္ဒနယ်မှ ဦးရဲထွဋ်တင်က မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အင်အားကြီး နိုင်ငံနှစ်ခုကြားတွင် တည်ရှိပြီး တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း နေထိုင်ကြသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးသည် အင်မတန်အရေး ကြီးပါကြောင်း၊ ထို့ကြောင့် မိမိအကျိုး၊ မိမိပါတီအကျိုးကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး အတွက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းဖြင့်ဆွေးနွေးသည်။

လှည်းကူး မဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်းက မိမိတို့နိုင်ငံသည် ဒီမိုကရေစီသက်တမ်း နုနယ်သေး သောကြောင့် ပါတီထောင်ပြီးနေရာ ခွဲဝေရယူမည့်အခြေအနေကို ဂရုပြု ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့် သုံးခြင်းကို လွှတ်တော်တစ်ခုတည်းက မဆောင်ရွက်သင့်ဘဲ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး ဆောင်ရွက်သင့်ပါကြောင်း ဖြင့် ဆွေးနွေးသည်။

ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်က လေ့လာသုံးသပ်ရေး ကော်မရှင်က တင်ပြခဲ့သော ရွေးကောက်ပွဲ နည်းလမ်း (၈)ခုရှိသည့်အနက် အမှတ်စဉ်(၄)ရွေးကောက်ပွဲပုံစံ(၂)ဖြစ်သည့် မဲအများဆုံးရသူ အနိုင်ယူ စနစ်နှင့် ထိုနိုင်သူ၏မဲမပါ ကျန်ရွေး ချယ်ခြင်းမခံရသော ကိုယ်စားလှယ် များ၏ မဲအားလုံးနှင့် ကိုယ်စားလှယ် ရွေးချယ်ခြင်းမပြုရသေးသော မြို့နယ် များမှ မဲများနှင့်ပေါင်း၍ ပါတီမဲအဖြစ် ပြောင်းလဲသော ရွေးကောက်ပွဲစနစ်ကို အနာဂတ်နိုင်ငံတော်တွင် ကျင့်သုံး သွားခြင်းဖြင့် တိုင်းရင်းသားအားလုံး၊ ပါတီအားလုံး၊ မဲဆန္ဒရှင်ပြည်သူလူထု အားလုံးက ကျေနပ်လက်ခံသော အမျိုးသား ပြန်လည်သင့်မြတ်လာစေသော မြန်မာ့ရေခံမြေခံနှင့်ကိုက်ညီသော မြန်မာနိုင်ငံနှင့် လိုက်လျောညီ ထွေသည့် ရွေးကောက်ပွဲစနစ်တစ်ခု ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

(သတင်းစဉ်)

ရေးမြို့နယ်၌ ဖမ်းဆီးမိသည့် မိကျောင်းမ သေဆုံး

 Photo: ရေးမြို့နယ်၌ ဖမ်းဆီးမိသည့် မိကျောင်းမ သေဆုံး
================================

ရေး     အောက်တိုဘာ    ၂၈

မွန်ပြည်နယ် ရေးမြို့ လမိုင်းဘိနယ် မော့ကနင်ကျေးရွာ ဝဲဒုံချောင်းအတွင်း ဖမ်းဆီးရမိခဲ့သည့်  အလျား ခြောက်ပေ သုံးလက်မ၊  လုံးပတ်နှစ်ပေရှိသည့် မိကျောင်းအမသည် ရေးမြို့နယ် သစ်တောဦးစီးဌာန၌ ငါးရက်ကြာ ယာယီ ထိန်းသိမ်းထားစဉ် အောက်တိုဘာ ၂၇ ရက် နံနက် ၈နာရီခွဲက ဦးခေါင်းအတွင်းရရှိ ထားသော အလျား  နှစ်လက်မ၊  အနက်တစ်လက်မခန့်ရှိ   အနာဟောင်းမှ  သွေးဆိပ်တက်ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ထိန်းသိမ်းရေးဆေးသုတေသနဌာနမှ ဒေါက်တာထွန်းမြင့်၏ စစ်ဆေးတွေ့ရှိချက် အရ သိရသည်။

အဆိုပါသေဆုံးသွားသောမိကျောင်းအမမှာ အသက် နှစ်နှစ်အရွယ်ဖြစ်ပြီး အများပြည်သူများအား ရုပ်လုံးသွင်းကြည့်ရှုနိုင်ရန်အတွက် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ရှိ  သဘာဝသမိုင်းပြတိုက်၌ ထားရှိပြသသွားမည်ဖြစ်ကြောင်း သိရ သည်။                                                        

(ထွဋ်ထွဋ်)
 
အိုင်တီယူညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၈

ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ (အိုင်တီယူ)၏ အာဏာပြည့်ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများသို့ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရာ အောက်တိုဘာ ၁၉ ရက်တွင် ၂ဝ၁၄ ခုနှစ် ဘူဆန်အိုင်စီတီဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့လည်းကောင်း၊ အောက်တိုဘာ ၂ဝ ရက်မှ ၂၂ ရက်အတွင်း ၂ဝ၁၄ ခုနှစ် အိုင်တီယူအာဏာပြည့်ညီလာခံသို့လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ကမ္ဘာ့ အိုင်စီတီဆိုင်ရာ ဝန်ကြီးများတွေ့ဆုံပွဲ အစီအစဉ်သို့လည်းကောင်း တက် ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် အောက် တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် အိုင်တီယူ အာဏာပြည့်ညီလာခံ၌ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင် သည့် မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ရပ်ပြော ကြားသည်။

အိုင်တီယူ အာဏာပြည့်ညီလာခံ သည် အပြည်ပြည်ဆိုင်ရာ ဆက်သွယ် ရေးအဖွဲ့၏ အမြင့်ဆုံးအစည်းအဝေး ဖြစ်ပြီး အိုင်တီယူအထွေထွေအတွင်း ရေးမှူးချုပ်၊ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ်နှင့် ဒါရိုက်တာများ ရွေးချယ်ခြင်းနှင့် လေးနှစ်တာ ကာလအတွင်း ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးနှင့် အိုင်စီတီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ ချမှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

(ကြေးမုံ)