Tuesday, March 3, 2020

တောင်သူလယ်သမားနေ့ အခမ်းအနား ပုသိမ်ခရိုင် ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပ





ပုသိမ် မတ် ၂

တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ဖတ်ကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှ မိုးအောင်က မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အားထား နေရသည့်၊ စိုက်ပျိုးရေးကို အခြေခံသည့်၊ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာ နိုင်ငံ၏ စပါးကျီကြီးဖြစ်သည်နှင့်အညီ မိုးစပါး၊ နွေစပါး စုစုပေါင်းစိုက်ဧက ၅၁ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ အဓိကသီးနှံစပါးအပြင် ပြည်ပပို့ကုန် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ စသည့် အမယ်စုံသီးနှံများလည်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာ အားလုံး တောင်သူလယ်သမားများနှင့် ပူးပေါင်းလက်တွဲပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝမှုနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုတို့ တိုးတက်လာစေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊

တောင်သူလယ်သမားများ၏ အခွင့်အရေးများ ပြည့်ဝစွာ ရရှိခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန် ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။

ဆုများပေးအပ်

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်တောင်သူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဓနုဖြူ၊ မအူပင်၊ ရေကြည်၊ ဒေးဒရဲနှင့် ကျောင်းကုန်းမြို့နယ်တို့မှ စွန့်လွှတ်မြေများ တောင်သူများလက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြု လက်မှတ်များပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက တောင်သူများအား လုပ်ပိုင် ခွင့်ပြုလက်မှတ်များ ပေးအပ်သည်။

ထို့နောက် စွန့်လွှတ်မြေများ လုပ်ပိုင်ခွင့်ပြု လက်မှတ်လက်ခံရရှိသည့် တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာသည့် တောင်သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လယ်မြေပေါ်တွင် ကောင်းကင် မျိုးစေ့ကြဲကိရိယာဖြင့် မျိုးစေ့ကြဲပက်ခြင်း၊ ကောင်းကင်ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းပြသ ခြင်းတို့ကို ကြည့်ရှုကြသည်။

ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် အကုန်အထိ ဧကပေါင်း ၈၉၉၂ ဧကအား တောင်သူများလက်ဝယ်သို့ ပြန်လည်လွှဲပြောင်း၍ လုပ်ပိုင်ခွင့်လက်မှတ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူ ၆၃၉ ဦးအတွက် ၂၉၆၅ ဧကအား လုပ်ပိုင်ခွင့် လက်မှတ်ပေးအပ် ခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တောင်သူလယ်သမား နေ့အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်မှ တောင်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။


သတင်း-သီသီမင်း၊ မင်းသစ်
ဓာတ်ပုံ-နေလင်း


တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူ ကျန်းမာရေးပညာပေးအစီအစဉ် စတင်ဆောင်ရွက်




ရန်ကုန် မတ် ၂

တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ် ဆင့်တူ ကျန်းမာရေးပညာပေးအစီအစဉ် စတင် ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

ဆောင်ရွက်လျက်ရှိ

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျောင်းသား ကျောင်းသူလူငယ်များ စုဝေးရာဖြစ်သည့် တစ်နိုင်ငံလုံးရှိ ကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူလူထု၏ အနီး ဝန်းကျင်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန်၊ ဆေးလိပ်ကင်းစင်သော တက္ကသိုလ် ပတ်ဝန်းကျင်ဖြစ်လာစေရန်၊ အရက်ဘီယာ အန္တရာယ်ကင်းဝေးစေရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်(၇)ရပ် ဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင် ပပျောက်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှုကင်းစင်ပပျောက်ရေး၊ အရက် အလွန်အကျွံသောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာ ကျင့်သုံးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်း ပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်း သင်ကြားပေးနိုင်ရေးနှင့် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် လုံခြုံဘေးကင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေးကောင်းမွန်သည့် သင်ယူမှုဝန်းကျင် ကောင်းဖြစ်အောင် ဖန်တီးဆောင်ရွက်၍ ၂၁ ရာစု စွမ်းဆောင်ရည်နှင့် လိုက်လျော ညီထွေသည့် ကျွမ်းကျင်မှု၊ အရည်အသွေးများနှင့်ပြည့်စုံသော မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ ပြုစုပျိုးထောင်မွေးထုတ်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ကြရာတွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘ ပြည်သူအားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အလွန်ကောင်းမွန်ပြည့်စုံ

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနရှိ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြုစုထားရှိသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်(၇)ရပ်မှ အဓိကအချက်များ၊ သက်ရွယ်ဆင့်တူပညာပေးမှု လက်စွဲ စာအုပ်များနှင့် လုပ်ငန်းလမ်းညွှန်တို့ကို ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်မှ အလွန်ကောင်းမွန် ပြည့်စုံကြောင်းတွေ့ရှိရပါကြောင်း။

တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများ အား အခြားသူများက ပညာပေးနှိုးဆော်မှုများပြုလုပ်သည်ထက် ၎င်းတို့နှင့် သက်တူ၊ ရွယ်တူ၊ အတန်းတူသူများအချင်းချင်း အသိပညာပေးမှုများ ပြုလုပ်ခြင်း သည် ပိုမိုထိရောက်ပြီးရရှိသည့် အသိပညာသည်လည်း ရေရှည်တည်တံ့ခိုင်မြဲစေ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ၎င်းတို့အနေဖြင့် မည်သို့ပါဝင် ပံ့ပိုး ဆောင်ရွက်မည်ကိုလည်း ဆွေးနွေးပြီး ဆောင်ရွက်စေလိုပါကြောင်း။

အကျိုးဆက်များကို ရရှိမည်

တက္ကသိုလ်၊ ကောလိပ်များတွင် ဤစီမံချက်ကို ပြုလုပ်နေသည်နှင့် တစ်ပြိုင်နက် အခြေခံပညာ ကျောင်းများတွင် တက်ရောက်နေသော ၉ဒသမ၇ သန်းရှိသော ကျောင်းသား ကျောင်းသူများအတွက်လည်း ဆောင်ရွက်စေလိုပါကြောင်း၊ ဤစီမံချက်ကို နိုင်ငံတော်စီမံချက်အနေဖြင့် ဆောင်ရွက်စေခြင်းအားဖြင့် အနာဂတ်တွင် လူကြီးဖြစ်လာမည့် ကျောင်းသား ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်အားဖြင့် ပြည့်ဝခြင်း အစရှိသည့် အကျိုးဆက် များကို ရရှိမည်ဖြစ်သဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးမှု၌ များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသိ ပညာဗဟုသုတရရှိရုံဖြင့် မပြီးမြောက်ဘဲ ၎င်းအသိပညာဗဟုသုတအား လက်တွေ့ အသုံးချလာစေရေးအတွက်ကိုလည်း အစီအမံနှင့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။

ဦးစားပေးအစီအစဉ်

မူးယစ်ဆေးဝါးသုံးစွဲသူများသည် ကိုယ်ခန္ဓာတစ်ခုလုံး ထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည်ထုံထိုင်းခြင်း၊ စိတ်ရောဂါများဖြစ်ပွားခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဘက်ပေါင်းစုံ ထိခိုက်ပျက်စီးခြင်းတို့ကို ခံစားရမည် ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးကင်းစင်ရေးကိစ္စကို ဦးစားပေးအစီအစဉ် (၁)အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက် တို့ကိုသုံးစွဲမှုကြောင့် ရေတိုကျန်းမာရေးထိခိုက်မှုသာမက ကင်ဆာရောဂါအပါ အဝင် နာတာရှည်ရောဂါများကို ဖြစ်ပွားစေသည့်အပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မိသားစုများအတွက်ပါ ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေမည်ဖြစ်ပါ ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာသဖြင့် မတော်တဆ မှုများဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ကြောင့် ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခြင်း၊ အသက်သေဆုံးခြင်းများ ဖြစ်ပွားနိုင်ပါကြောင်း၊ ယာဉ်မတော်တဆ ဖြစ်ပွား ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးကို ကုသမှုပေးရန် ဆေးပညာရပ် အမျိုးမျိုးမှ ခန္ဓာကိုယ်အပိုင်းလိုက် အထူးကုသသည့် ခွဲစိတ်ကုဆရာဝန်များ၊ သူနာပြုများ၊ ခွဲစိတ်ခန်းဝန်ထမ်းများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ဝန်ထမ်းများနှင့် ဘက်စုံသော ကျန်းမာရေးဝန်ထမ်းများစွာက ဝိုင်းဝန်း၍ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အခြား သော လူနာများအား ကုသမှုပေးချိန်များကိုလည်း ထိုသို့ထိခိုက်ဒဏ်ရာရရှိသူအား ပေးအပ်လိုက်ရသည်ဖြစ်ပါကြောင်း။

မျိုးဆက်ပွားကျန်းမာရေး

ယာဉ်မတော်တဆဖြစ်ပွား ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ခွဲစိတ်ကုသမှု ပေးရာတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများက နာရီအနည်းငယ်မှ နာရီပေါင်းများစွာ လုပ်ဆောင်ရသည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆေးနှင့်ဆေးပစ္စည်း များစွာကိုလည်း သုံးစွဲကုသမှုပေးရခြင်းဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်လာပါက မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများတွင် အလုပ် တာဝန်ပိမှုလျော့ပါးလာခြင်း၊ အခြားလူနာများအတွက် ကုသချိန်ပိုမို ပေးအပ် နိုင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းကုန်ကျမှုများ လျော့နည်းလာခြင်းတို့ကို ရရှိမည် ဖြစ်ပါကြောင်း၊ လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ကာကွယ်ရေး အပါအဝင် ဘဝတစ်သက်တာအတွက်လိုအပ်မည့် မျိုးဆက်ပွားကျန်းမာရေး အသိပညာဗဟုသုတများသည် အရေးကြီးပါကြောင်း၊ ဂိမ်းအလွန်အကျွံစွဲလမ်း မှုများကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများထိခိုက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လည်း ဂိမ်းအလွန်အကျွံ စွဲလမ်းမှုများကို ကျန်းမာရေးပြဿနာတစ်ရပ် (Gaming Disorder) အဖြစ် International Classification of Diseases and Health Problems – 11 (ICD – 11)၌ ထည့်သွင်းသတ်မှတ်ခဲ့ပါကြောင်း။

လိုအပ်သလို မွမ်းမံဆောင်ရွက်သွားရမည်

လက်ရှိရေးဆွဲထားသော မဟာဗျူဟာသည်လည်း ပုံသေမဟုတ်ဘဲ ပိုမို ကောင်းမွန် အောင်မြင်စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ပြောင်းလဲ လျက်ရှိသော အခြေအနေအရပ်ရပ်နှင့်ကိုက်ညီစွာဖြင့် လိုအပ်သလိုမွမ်းမံ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ပါဝင်သည့် လုပ်ငန်းစဉ် များသည် လက်တွေ့မြေပြင်အခြေအနေတွင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့် လုပ်ငန်းစဉ်များသာ ဖြစ်စေရေးမှာ အထူးအရေးကြီးပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူ များက ပံ့ပိုးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သက်ရွယ်ဆင့်တူ ပညာပေး အစီအစဉ် လုပ်ငန်းများအပါအဝင် ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို အားလုံးစုစည်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာ စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တာဝန် ရှိသူများသည် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ် ဆေးဝါးအန္တရာယ် ကင်းစင် ပပျောက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆရာဝန် အသင်း နည်းပညာအကြံပေး(လူငယ်စီမံချက်) ဒေါက်တာနေဝင်းက Moderator အဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာနီလာကြူ၊ မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် သုတေသနစီမံချက် မန်နေဂျာ ဒေါက်တာနန္ဒမျိုးအောင်ဝမ်း၊ စိတ်ကျန်းမာရေး ပါမောက္ခ ဒေါက်တာ ဆန်းလင်း၊ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာန တွဲဖက်ပါမောက္ခ ဒေါက်တာရဲထွန်း၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)အလုပ်သင်ဆရာဝန် ဒေါက်တာ ရာသူ(လ်)ပရာဆတ်နှင့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်း တွဲဖက်အတွင်း ရေးမှူး ကိုနိုင်မင်းခန့်တို့က Panelists များအဖြစ် လည်းကောင်း Panel Discussion ကို ဆောင်ရွက်ကြပြီး သိရှိလိုသည့်မေးခွန်းများအား ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


Monday, March 2, 2020

“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံစကားဝိုင်း ကျင်းပ



“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှုကင်းထောက်အမျိုးသမီးထု”  မြန်မာကင်းထောက်   အမျိုးသမီးတွေ့ဆုံစကားဝိုင်းကို  အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီးကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။
(ယမန်နေ့မှအဆက်)
အစီအစဉ်မှူး။        ။ကင်းထောက်နဲ့ပတ်သက်ပြီး     လှုပ်ရှားမှု
            တွေက အစောပိုင်းကာလတွေမှာ ရှိခဲ့တယ်။ ၂၀၁၂ ကနေ ၂၀၂၀ လို့သတ်မှတ်တဲ့   လက်ရှိကာလမှာ  လှုပ်ရှားမှုတွေကရော ဘာတွေရှိပါသလဲ ဆရာမ။
ဒေါက်တာဒေါ်တင်လှကြည်။    ။ကျွန်မတို့ ကင်းထောက်အမျိုးသမီးအဖွဲ့
            အနေနဲ့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ ပုံမှန်အစီအစဉ်တွေရှိသလို အထူးအစီအစဉ်တွေလည်းရှိပါတယ်။ ပြည်တွင်း အစီအစဉ်တွေရှိသလို ပြည်ပအစီအစဉ်တွေလည်း ရှိပါတယ်။
အစီအစဉ်မှူး။        ။ပြည်တွင်းမှာ ပုံမှန်လှုပ်ရှားမှုတွေကရော
            ဘာတွေရှိသလဲဆိုတာ ပြောပြပေးပါဦး။
ဒေါက်တာဒေါ်တင်လှကြည်။    ။ပြည်တွင်းလှုပ်ရှားမှုတွေထဲမှာ အဓိကက
            တော့  အမျိုးသမီးကင်းထောက်လေးတွေ မွေးထုတ်ပေးဖို့ပါ။ အဲဒါကြောင့် ကင်းထောက်နည်းပြတွေ၊ ခေါင်းဆောင်တွေ လိုတယ်။ အဲဒါကြောင့် ခေါင်းဆောင်နည်းပြတွေ မွေးထုတ်တဲ့ အစီအစဉ် သင်တန်းတွေ ပေးရပါတယ်၊ အခြေခံသင်တန်းတွေ ပေးရပါတယ်။ ဘာဖြစ်လို့ လုပ်ရသလဲဆိုတော့ ၁၉၆၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ၄၈ နှစ်တာ မြန်မာနိုင်ငံမှာ ကင်းထောက်လှုပ်ရှားမှုတွေ ရပ်တန့်သွားတဲ့အတွက် ပြန်ပြီးအသက်သွင်း တဲ့အခါ ခေါင်းဆောင်တွေ မွေးထုတ်ရခြင်းဖြစ်ပါတယ်။
အစီအစဉ်မှူး။        ။ဒါဆိုရင် ခေါင်းဆောင်တွေ မွေးထုတ်တဲ့
            အပိုင်းကရော ဘယ်လိုရှိပါသလဲ။
ဒေါက်တာဒေါ်တင်လှကြည်။    ။ကင်းထောက်နည်းပြတွေကို သင်တန်းတွေ
            ပေးရပါ တယ်။  ဥပမာ- ပုဂ္ဂလိကကျောင်းတွေ၊ အစိုးရကျောင်းတွေက ကျောင်းသူလေးတွေကို ကင်းထောက်အမျိုးသမီးလေးတွေဖြစ်အောင် သင်တန်းတွေပေးရပါတယ်။ တက္ကသိုလ်တွေမှာ တက္ကသိုလ် ကျောင်းသူတွေကို ကင်းထောက်အမျိုးသမီးလေးတွေဖြစ်အောင် ဒါတင်မက သေးပါဘူး။ လူထုအတွင်းမှာ ကျောင်းသူမဟုတ်သော မိန်းကလေးတွေ၊ အလုပ် လုပ်နေတဲ့ သက်လတ်ပိုင်းအမျိုးသမီးလေးတွေ ကင်းထောက်ဖြစ်ချင်သူတွေကို Community လို့ခေါ်တဲ့သင်တန်းတွေ ပေးရပါတယ်။ ကျောင်းတွေမှာ အားတဲ့ အချိန်၊ ကင်းထောက်ဖြစ်ချင်တဲ့သူတွေ အားတဲ့အချိန်တွေမှာ ကျွန်မတို့က သင်တန်းတွေ စီစဉ်ပေးပါတယ်။ ကင်းထောက်နည်းပြတွေက အဲဒါကို  အဓိက လုပ်နေပါတယ်။ အခြေခံသင်တန်းတင်မက အဆင့်မြှင့်သင်တန်းတွေလည်း ရှိပါတယ်။ အဲဒါကို အဓိက လုပ်နေပါတယ်။
အစီအစဉ်မှူး။        ။ကင်းထောက်နည်းပြတွေရဲ့ လုပ်ဆောင်မှု
            ကရော ဘာတွေဖြစ်မလဲ။
ဒေါက်တာဒေါ်တင်လှကြည်။    ။နည်းပြတွေက  တကယ်တမ်းတော့ ကိုယ်ပိုင်
            အလုပ်တွေရှိကြပါတယ်။ အစိုးရကျောင်းက ဆရာမတွေ၊ ပုဂ္ဂလိကကျောင်းက ဆရာမတွေ၊ ကိုယ်ပိုင်အလုပ်လုပ်နေတဲ့သူတွေ လည်းရှိပါတယ်။  သူတို့ကအားတဲ့အချိန်တွေမှာ   သင်တန်းပေးပါဆိုရင် လိုက်ပြီးပေးပါတယ်။ အခြားအလုပ်တွေလည်း ရှိပါတယ်။ ကျွန်မတို့က ပြည်ပနဲ့ ဆက်သွယ်ရတာတွေလည်းရှိတဲ့အခါ မြန်မာကင်းထောက် အမျိုးသမီးအင်တာ နက်စာမျက်နှာမှာ သင်တန်းဆိုရင် ဓာတ်ပုံတင်ရတာတွေလည်း ရှိပါတယ်။ အားတဲ့အချိန်မှာတော့ အပြည့်အဝကူညီနေကြပါတယ်။
အစီအစဉ်မှူး။        ။ဆက်လက်ပြီးတော့လည်း မြန်မာအမျိုး
            သမီးကင်းထောက်ထုရဲ့ လှုပ်ရှားမှုတွေအနေ နဲ့ဆိုရင်  ပြည်တွင်းမှာရော ဘယ်လိုလှုပ်ရှားမှုတွေ ရှိနေပါသလဲ။
ဒေါ်ခင်စောဥမ္မာ။        ။ပြည်တွင်းမှာ အထူးအစီအစဉ်ကို ပြောရ
            မယ်ဆိုရင်    ကင်းထောက်ဖွဲ့စည်းပုံကို နည်းနည်းပြောပြချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ၁၉၁၆ ခုနှစ် နောက်ပိုင်း မှာဖွဲ့တဲ့  ကင်းထောက်တွေဟာ အမျိုးသားကင်းထောက်တွေကို Boy Scout လို့ခေါ်ပါတယ်။ အမျိုးသမီးကင်းထောက်တွေကို Girl Guides လို့ခေါ်ပါတယ်။ အမျိုးသမီးသီးသန့် ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း အမျိုးသားကင်းထောက်၊  အမျိုးသမီးကင်းထောက် အဖွဲ့နှစ်ဖွဲ့ဟာ ဘာမဆို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ပွဲတွေ သွားတာရှိမယ်၊ Camp တွေသွားတာရှိမယ်၊ အဖွဲ့နှစ်ဖွဲ့ဟာ ပူးပေါင်းပြီးသွားခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အခု ၂၀၁၂ ခုနှစ်နောက်ပိုင်း ကင်းထောက်ဖွဲ့စည်းပုံ ပြန်ဆွဲတဲ့အချိန်မှာ ကျွန်မတို့အမျိုးသမီးကင်းထောက် အဖွဲ့ကတော့ ရှေးရှေးတုန်းက Girl Guides  အတိုင်းပဲ၊ အမျိုးသမီးချည်းပဲ သီးသန့်ဖြစ်ပါတယ်။
သို့သော်လည်း အမျိုးသားတွေ ပြန်ဖွဲ့တဲ့အခါ သူတို့က Boy Scout က Myanmar Scout လို့  အမည်ပြောင်းလဲသွားပါတယ်။    သူတို့အထဲမှာ အမျိုးသမီးလေးတွေ ပါဝင်ခွင့်ရှိပါတယ်။ အဲဒီပါဝင်တဲ့ အမျိုးသမီးလေးတွေ ဝတ်တဲ့ ယူနီဖောင်းကတော့ အမျိုးသားတွေယူနီဖောင်းအတိုင်း ဝတ်ရတဲ့အတွက် သူတို့ကိုတော့ ကျွန်မတို့က Girl and Scouting  လို့ခေါ်ပါတယ်။
ဒါကြောင့် လူတွေအနေနဲ့သိဖို့က အဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ အရင်တုန်းကတော့ Boy Scout ဖြစ်တဲ့အတွက် လူတိုင်းက ယောကျ်ားအဖွဲ့လို့ သိသလို အခုက Myanmar Scout ပြောတဲ့အခါ ခြုံပြီး နှစ်ဖွဲ့ပေါင်းတာထင်နေကြတယ်။ မဟုတ်ပါ ဘူး။ ကျွန်မတို့ အမျိုးသမီးအဖွဲ့ကတော့ Myanmar Girl Guides ကင်းထောက် အမျိုးသမီးအဖွဲ့  ဖြစ်ပါတယ်။  Myanmar Scout ဆိုတာ   သူတို့အထဲမှာ အမျိုးသမီးတွေ ပါဝင်နေတဲ့ အမျိုးသားအဖွဲ့ပါ။
ကျွန်မက ဒါလေးကို ပြောပြရတာက ကျွန်မတို့လုပ်မယ့် အထူးအစီအစဉ် တွေ ဥပမာ တောတွင်းစခန်းချပွဲအကြောင်းကို ပြောမယ်ဆိုရင် တောတွင်း စခန်းချပွဲကို ကျွန်မတို့ လေးကြိမ်တိုင် ပြုလုပ်ခဲ့ပါတယ်။ ပထမဦးဆုံးပြုလုပ်တဲ့ တောတွင်းစခန်းချပွဲမှာ အဲဒီတုန်းက  ကျွန်မနဲ့အစ်မကြီး ဒေါ်သန်းသန်းတင် နှစ်ယောက်တည်းသာ မြန်မာကင်းထောက်အဖွဲ့ထဲမှာ စတင်လှုပ်ရှားချိန်ဖြစ်ပါ တယ်။ ဒီတောတွင်း စခန်းချပွဲကို နေပြည်တော်မှာ ပြုလုပ်ပါမယ်ဆိုတော့ ကလေးတွေနဲ့အတူ ကျွန်မလိုက်သွားခဲ့ပါတယ်။
သို့သော် ယူနီဖောင်း ကျွန်မတို့မသတ်မှတ်ရသေးတဲ့အတွက် ကျွန်မက ရိုးရိုးအရပ်ဝတ်နဲ့ပဲ ကင်းထောက်တွေက စီစဉ်ထားတဲ့ Scarf ကိုပဲ အတူစည်းပြီး လိုက်သွားခဲ့ပါတယ်။ သူတို့ပေးတဲ့ ဂျာကင်အင်္ကျီကို အပေါ်ကဝတ်ပြီး လုံချည် အပြာကို ဆောင်သွားခဲ့တယ်။  ဆိုလိုတာက ကျွန်မတို့မှာ ယူနီဖောင်း သတ်မှတ် ချက်မရှိသေးပါဘူး။
အဲဒီတုန်းက အရင်တုန်းက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ကင်းထောက်ကြီး ဖြစ်ပါတယ်။ ကင်းထောက်တွေက လွှတ်တော်ကို လေ့လာဖို့ သွားချင်တယ်ဆိုတော့ သူက ဖိတ်ခေါ်ပါတယ်။ အရင်တုန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အစ်မကြီး ဒေါ်အောင်ဆန်းစု ကြည် သူကလည်း ကင်းထောက်အမျိုးသမီးကြီးဖြစ်ခဲ့တဲ့အတွက် ကျွန်မတို့သွား တဲ့ ကင်းထောက်အားလုံးကို ကင်းထောက်အတွေ့အကြုံတွေ ပြောပြခဲ့ကြပါ တယ်။  အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဦးဆုံးကင်းထောက်အဖြစ်စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။    အဲဒါက ပထမတောတွင်းစခန်းချပွဲ အတွေ့အကြုံ ဖြစ်ပါတယ်။
ဒုတိယတစ်ကြိမ်ကတော့ ပြင်ဦးလွင် ပန်းဥယျာဉ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က သမ္မတ ဦးသိန်းစိန်ဟာ ကျွန်မတို့ရဲ့ ကင်းထောက်အကြီးအကဲအဖြစ် ကတိသစ္စာခံယူပါတယ်။ အဲဒါက ဒုတိယတောတွင်းစခန်းချပွဲပါ။
တတိယတောတွင်းစခန်းချပွဲကလည်း ပြင်ဦးလွင်မှာပါပဲ။ ဓာတ်တော်ချိုင့် ကိုလည်း သွားရောက်ခဲ့ပါတယ်။   အဲဒီအခေါက်လည်း သမ္မတ ဦးသိန်းစိန်  တက်ပါတယ်။ စတုတ္ထတောတွင်းစခန်းချပွဲကိုတော့   ပုပ္ပားမှာ ပြုလုပ်ခဲ့ပါတယ်။ ပုပ္ပားကိုလည်း သမ္မတကြီး တက်ရောက်ခဲ့ပါတယ်။    ဒါတွေက တောတွင်း စခန်းချပွဲတွေနဲ့  ပတ်သက်တာပါ။  ကျွန်မတို့ဟာ  ဒီအထူးအစီအစဉ်မှာ  ယောကျ်ားလေးနဲ့  မိန်းကလေး  ပူးပေါင်းပြီး   အတူသွားရတာကို ရှင်းပြတာ ဖြစ်ပါတယ်။
ကျွန်မတို့ဟာ ၁၉၁၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိဆိုတော့ နှစ်တစ်ရာ ပြည့်သွားပါပြီ။ ပထမတော့ ရာပြည့်အကြို ကျင်းပပါတယ်။ တကယ့် ရာပြည့်ပွဲ တော်ကိုလည်း ၂၀၁၆ ခုနှစ်  ဩဂုတ်လမှာ  ရာပြည့်ပွဲတော်ပြုလုပ်တဲ့အခါ ကျွန်မတို့ရဲ့ အစ်မကြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါတယ်။ ဒါက ရာပြည့်ပွဲတော်ပါ။
နောက်တစ်ခုကတော့ ကျွန်မတို့ ဂီတပွဲတော် ပြုလုပ်ခဲ့တာပါ။ ဂီတဟာ ကျွန်မတို့ ကင်းထောက်နဲ့လည်း မကင်းပါဘူး။ ဂီတနဲ့ပတ်သက်ပြီး ရှေးတုန်းက ကျွန်မတို့ ကင်းထောက်တွေ သီဆိုခဲ့တဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်မတို့ ကင်းထောက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့အချိန်မှာ ပထမဦးဆုံး သီချင်း “အစဉ်အသင့်”  သီချင်းကို ဆရာ ဦးမြင့်စိန်က (ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း))က စပ်ဆိုပေးခဲ့ပါတယ်။
ဒုတိယသီချင်းတစ်ပုဒ်အနေနဲ့ “ကင်းထောက်များရဲ့ ရှေ့သို့ခြေလှမ်း”  သီချင်းကို မြို့မကျောင်း ကင်းထောက်အဖွဲ့ခေါင်းဆောင် ယခင်ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဉာဏ်ထွန်းဦး(ဗိုလ်မှူးကြီး-ငြိမ်း) ကနေပြီး ဒီသီချင်းကို စပ်ဆိုပေးခဲ့ပါတယ်။
ရာပြည့်မှာတော့ ကင်းထောက်ဂုဏ်ရည်သီချင်းကို ဆရာကြီး အလင်္ကာ ကျော်စွာ ဟင်္သာတဦးမြင့်ငွေ စပ်ဆိုပေးခဲ့တယ်။ အခုလည်း ငှက်ပြာကင်းထောက် ကလေးတွေအတွက် “ကူညီမယ်” ဆိုတဲ့သီချင်း၊ ကင်းထောက်ကလေးငယ်လေး တွေအတွက် “ကင်းထောက်ဆိုသည်မှာ” ဆိုတဲ့ သီချင်းတွေကို မကြာခင်မှာ အသံသွင်းမှာဖြစ်ပါတယ်။
ဂီတပွဲတော်ကို MS အမျိုးသားကင်းထောက်အဖွဲ့နဲ့ ကျွန်မတို့ MMGG အမျိုးသမီးကင်းထောက်အဖွဲ့တို့  ပူးပေါင်းကျင်းပခဲ့ပါတယ်။ နောက်တစ်ခုကတော့ ထူးထူးခြားခြားလေးပါ။ ကျွန်မတို့ရဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က သူကရှေးရှေးတုန်းက ကင်းထောက်ကြီးပါ။ သူက လည်း Chief Guide ကျွန်မတို့ရဲ့ အကြီးအကဲကင်းထောက်အဖြစ် ကတိခံယူခဲ့ပါ တယ်။  ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပခဲ့တာပါ။ အင်မတန်ထူးခြားတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး သူက ဆက်လက်ပြီး အထက် မြန်မာပြည် မန္တလေးတိုင်းဒေသကြီးက ကင်းထောက်တွေနဲ့ တွေ့ဆုံချင်တယ် ပြောတဲ့အတွက် ကျွန်မတို့  အထက်မြန်မာပြည် မန္တလေးတိုင်းဒေသကြီး မြို့တော်ခန်းမမှာ မန္တလေးမှာရှိတဲ့ ကင်းထောက်တွေနဲ့ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါတွေက ထူးခြားတဲ့ ပွဲတော်လေးတွေဖြစ်ပါတယ်။
အစီအစဉ်မှူး။        ။ပြည်တွင်းမှာ အခြားလှုပ်ရှားမှုတွေ ရှိရင်
            လည်း ပြောပြပေးပါဦး။
ဒေါ်ခင်စောဥမ္မာ။        ။ဂျပန်နိုင်ငံက  မစ္စကိုနီကိုက ကျွန်မတို့ကို
            အများကြီး   ကူညီပေးခဲ့ပါတယ်။  သူက အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်းကို   မြန်မာနိုင်ငံမှာလေးကြိမ် ပြုလုပ် ပေးခဲ့ပါတယ်။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထမှာ ကျွန်မတို့ဟာ Logo လေးတွေ လုပ်ပါတယ်။ ကျွန်မတို့ဆီက ကင်းထောက်ကလေးတွေ ဆွဲတဲ့ Logo လေးတွေကို အသုံးပြုသလိုပဲ တတိယအကြိမ်မှာ သူတို့ ပြုလုပ်တဲ့ Logo ကို အသုံးပြုပါတယ်။
ထူးထူးခြားခြားလေးဖြစ်လို့ ကျွန်မက မျှဝေချင်တာပါ။ ကျွန်မတို့ မြန်မာနိုင်ငံမှာ တစ်နှစ်မှတစ်ခါသာ   ပွင့်တဲ့ပိတောက်ပန်းနဲ့ချယ်ရီပန်းကို    အတူတကွ ပူးပေါင်းပြီး ဆွဲထားတဲ့ Logo လေး ဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က Friendship လို့ခေါ်တဲ့ ချစ်ကြည်ရေးပါ။ လက်တွဲ ကြမယ်ဆိုပြီး အဲဒီလို Theme နဲ့ ရေးပါတယ်။   ကျွန်မစဉ်းစားမိတာက  International Camp ဆိုတာ သူတို့ဆီက ကင်းထောက်မယ်လေးတွေပါလာပြီး ကျွန်မတို့ဆီက ကင်းထောက်မယ်လေးတွေနဲ့ အတူပူးပေါင်းပြီး ဂျပန် - မြန်မာ အတူပါမယ်။ စခန်းမှာ အတူနေ၊   အတူစား၊အတူလှုပ်ရှားကြမှာ  ဖြစ်ပါတယ်။
အဲဒီအခါ သူတို့က မိုင်ပေါင်းများစွာက သယ်ဆောင်လာတဲ့ သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေ သယ်ဆောင်လာပြီး ဒါတွေကို ဖလှယ်တဲ့အခါ ချစ်ကြည်ရင်းနှီးမှုက ပိုပြီးဖြစ်လာတယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ Theme ဖြစ်တဲ့ လက်တွဲမယ်ဆိုတာနဲ့လည်း ကိုက်ညီတယ်လို့ ကျွန်မချီးကျူးမိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို စခန်းချတွေ့ဆုံပွဲတွေ ပြုလုပ်ခြင်းအားဖြင့် ကျွန်မတို့နှစ် နိုင်ငံကလည်း ချစ်ကြည်ရင်းနှီးမှုတွေ အများကြီးတိုးတက်မယ်လို့    ထင်ပါ တယ်။
အစီအစဉ်မှူး။    ။ပြည်တွင်းမှာဆိုရင်လည်း      မတူညီတဲ့ တိုင်းရင်းသား
         လူမျိုး၊   ရိုးရာဓလေ့တွေ ရှိမယ်။ ဒါတွေတင်မကပဲ ပြည်ပမှာဆိုရင်လည်း အခြားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေပါပေါင်းစပ်ပြီး ရင်းနှီး ခွင့်ရတဲ့ အခွင့်အလမ်းတွေဟာ ကင်းထောက်အမျိုးသမီးထုကြီးက ဖလှယ်တဲ့ အစီအစဉ်တွေမှာ တွေ့မြင်ရတယ်။ ပြည်ပအစီအစဉ်တွေမှာရော ဘယ်လိုတွေ ရှိပါသလဲ  ဆက်လက်ပြီး ပြောပြပေးပါဦး။
ဒေါ်ခင်စောဥမ္မာ။    ။ ပြည်ပအစီအစဉ်အနေနဲ့       အနောက်နိုင်ငံတွေမှာ
         ပြုလုပ်တဲ့ ကွန်ဖရင့်တွေရှိတယ်။ အာရှ-ပစိဖိတ်ဒေသ တွင်းမှာလည်း ပြုလုပ်တဲ့ ကွန်ဖရင့်တွေရှိတယ်။ သုံးနှစ်တစ်ကြိမ် ပြုလုပ်ပါ တယ်။  အဲဒီလို သုံးနှစ်တစ်ကြိမ်ပြုလုပ်တဲ့အခါ ပထမ APR အနေနဲ့သွားတဲ့အခါ    ကျွန်မတို့ကို  ဘာ Certificate ပေးသလဲဆိုတော့   Country Working Toward Membership  ရအောင်ကြိုးစားနေတဲ့  နိုင်ငံအဖြစ် အသိအမှတ်ပြုပါတယ်။
အဲဒီပွဲကို တက်တဲ့အခါ ထူးခြားတာက ပိတ်ပွဲလေးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တာပါ။ ဂျပန်မင်းသမီးတက်ပါတယ်။ အစီအစဉ်တွေထဲမှာ ကိုယ့်နိုင်ငံ က အဝတ်အစားကိုဝတ်ပြီး လမ်းလျှောက်ပြရမယ်ဆိုလို့  ကျွန်မ လမ်းလျှောက်ပြ        ခဲ့ပါတယ်။ ဒီလိုကင်းထောက်ဆိုင်ရာ  ကမ္ဘာ့အဆင့်ပွဲတွေမှာ ပါဝင်ဆောင်ရွက် ခဲ့တဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံဟာ  ၁၂၆ နိုင်ငံအဖြစ် Associate  Membership Certificate ရခဲ့ပါတယ်။ အဲဒါကလည်း Vote ပေးပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားကို စပြီးရောက်သွားလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ယူနီဖောင်းက စကတ်လည်း မဟုတ်၊ ဘောင်းဘီလည်း မဟုတ်ဘဲ  အင်မတန်ထင်ရှားတဲ့အတွက်   ရောက်တဲ့နေရာမှာ  မြန်မာ၊  မြန်မာနဲ့ ဖက်လဲ တကင်းရှိကြပါတယ်။    ကျွန်မတို့လည်း   နွေးထွေးမှုကို   ခံစားရပါတယ်။ အဲဒီမှာလည်း ကျွန်မတို့တွေ Certificate လေးကို ယူခဲ့ရပါတယ်။   ဒါက ကျွန်မတို့ ရဲ့ World နဲ့    Asia Pacific ပါ။
နောက်ထူးခြားတာလေးတစ်ခုက Senior Guides လို့ ခေါ်တဲ့ အသက်ကြီး တဲ့ သူတွေချည်းပဲ စင်ကာပူမှာတစ်ကြိမ်၊ မလေးရှားမှာတစ်ကြိမ် သွားရောက် တက်ခဲ့ပါတယ်။ စင်ကာပူမှာကျတော့ ပထမဆုံးအကြိမ်ဆိုတော့ အတွေ့အကြုံက မသိသေးဘူး။ နောက်တစ်ကြိမ် မလေးရှားကိုသွားတဲ့အခါ အတွေ့အကြုံက ရှိနေပါပြီ။ စင်ကာပူမှာလုပ်တုန်းက နောက်တစ်ကြိမ်ကျ မြန်မာနိုင်ငံမှာ လုပ်ပါ ရစေလို့ ချည်းကပ်ပေမယ့် လက်မခံခဲ့ပါဘူး။ ဘာဖြစ်လို့ လက်မခံခဲ့လဲဆိုတော့ ကျွန်မတို့မှာ ရုံးခန်းပီပီပြင်ပြင် မရှိတာရယ်၊ ဝန်ထမ်းအင်အား မရှိသေးတာရယ်၊ ပစ္စည်းကိရိယာ မရှိသေးတာတွေကြောင့်ပါ။
ကမ္ဘာတစ်ဝန်းက လာမယ့်သူတွေအတွက် စီစဉ်ပေးဖို့ အဆင်မပြေသေး တဲ့အတွက် ကျွန်မတို့က လက်မခံခဲ့တာပါ။ မလေးရှားကို သွားတဲ့အခါကျတော့ ကျွန်မတို့ဆီကို လာဖို့ ပြောပါတယ်။ အဲဒီမှာလည်း ဘာထူးခြားတာရှိသလဲဆိုတော့ ကျွန်မတို့က အသက်ကြီးတဲ့သူတွေဖြစ်ပေမယ့် အချက်အပြုတ်နည်း သင်ပေး တာရှိတယ်။ သတင်းစာနဲ့ ဖြတ်ညှပ်ကပ်ပြီး ဝတ်စုံတစ်ခါတည်း ချုပ်ပေးတာပါ။ ချုပ်ပေးပြီး      ဝတ်ခိုင်းပြီးတော့   လမ်းလျှောက်ခိုင်းပြီး ပြိုင်ခိုင်းပါတယ်။ ပြိုင်ခိုင်းတော့ ကျွန်မတို့ ပါဝင်ခဲ့ပါတယ်။   ဒါလေးတွေက    အတွေ့အကြုံ
တစ်ခုပါ။                                                              
(ဆက်လက်ဖော်ပြပါမည်)



ကမ္ဘာ့အင်ဂျင်နီယာနေ့




အင်ဂျင်နီယာနေ့ကို ကမ္ဘာတစ်ဝန်း  နိုင်ငံအသီးသီးက မိမိတို့နိုင်ငံနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာတွေရဲ့ စွမ်းစွမ်း တမံဆောင်ရွက်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို အခြေခံပြီး မတူညီတဲ့ ရက်အသီးသီးတွေနဲ့ ၂၀၁၉ ခုနှစ်အထိ ကျင်းပ ခဲ့ကြပါတယ်။ ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ် (World Federation of Engineering Organizations) က ၂၀၁၉ ခုနှစ် နိုဝင်ဘာလ  ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ညီလာခံက နှစ်စဉ် မတ်လ ၄ ရက်နေ့ကို ကမ္ဘာကြီးရေရှည်တည်မြဲရေး ကိုရှေးရှုတဲ့ ကမ္ဘာ့အင်ဂျင်နီယာနေ့ (World Engineering’ Day for Sustainable   Development)   အဖြစ် ကမ္ဘာတစ်ဝန်းကျင်းပရန်   UNESCO ၏ အကြိမ်(၄၀)မြောက် အထွေထွေအစည်းအဝေးက ဆုံးဖြတ်သတ်မှတ်ခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။     ဒါကြောင့်မို့ လာမယ့် ၂၀၂၀ ပြည့်နှစ်  မတ်လ  ၄ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အင်ဂျင်နီယာနေ့ဟာ       ကမ္ဘာတစ်ဝန်းလုံး တညီတညွတ်တည်း   ကျင်းပမယ့် ပထမဆုံးအကြိမ် ကမ္ဘာ့အင်ဂျင်နီယာနေ့ ဖြစ်ပါတယ်။
    ဆန်းသစ်တီထွင်မှုများနဲ့ ကမ္ဘာကြီးကို တိုးတက်မှု လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ အင်ဂျင်နီယာများကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အင်ဂျင်နီယာနေ့ကို  ကျင်းပ ရခြင်း ဖြစ်ပါတယ်။ လူသားများရဲ့ဘဝ၊ သက်တမ်း၊ လူနေမှု အဆင့်များကို တိုးတက်လာအောင် အင်ဂျင်နီယာများက အစဉ်တစိုက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အနာဂတ်ကာလမှာလည်း  မျက်မှောက်ကာလထက် တိုးတက်ကောင်းမွန်လာအောင်  ဆက်လက်ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ သာမန်လည်ပတ်နေတဲ့ဘီး (လှည်းဘီး၊ရေအားသုံးဒလက်ဘီး) များကနေ မောင်းသူမဲ့ လေယာဉ် (drones) အထိ   နည်းပညာအဆင့်ဆင့် တိုးတက်တီထွင်နိုင်ခဲ့တာ အင်ဂျင်နီယာတွေ ဖြစ်ပါတယ်။ အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လာဖို့ ပုံသေမူ ချမှတ်ထားခြင်းမရှိပါဘူး၊။ အင်ဂျင်နီယာ  အသိအမြင်၊ အင်ဂျင်နီယာ  ဗဟုသုတ၊  တီထွင်လိုစိတ်၊  မလျှော့သော လုံ့လနဲ့  ပြင်းပြတဲ့ဆန္ဒ  ရှိရပါမယ်။ ဒီအရည်အချင်း တွေသာရှိမယ်ဆိုရင် အင်ဂျင်နီယာတစ်ယောက်အနေနဲ့ စိတ်ကူးထားတဲ့ အိပ်မက်တွေကို မုချအကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။
    ကမ္ဘာတစ်ဝန်းမှာ အင်ဂျင်နီယာအတတ်ပညာနဲ့ ကင်းကွာတဲ့အရာမရှိပါဘူး။ လူတိုင်းနီးပါး သုံးစွဲနေကြတဲ့ လက်ကိုင်ဖုန်းတွေ၊ အင်တာနက်ကွန်ရက်တွေ၊ ခရီးသွား လာရေးမှာသုံးနေကြတဲ့ မော်တော်ယာဉ်တွေ၊ လေယာဉ် တွေ၊ သင်္ဘောတွေ၊ ကားလမ်းကွန်ရက်တွေ၊ လေဆိပ် တွေ၊ သင်္ဘောဆိပ်တွေ၊ ရာသီဥတုဒဏ်ခံနိုင်ဖို့ တည် ဆောက်ထားတဲ့အိမ်ရာတွေ၊   ကွန်ဒိုတွေ၊   လူတွေ အသက်ရှင်ရေးအတွက်  လိုအပ်တဲ့သောက်သုံးရေ၊ ချိုးရေ၊ ချက်ပြုတ်ရေ၊ စားနပ်ရိက္ခာ၊ လျှပ်စစ်ဓာတ်အား၊ ဆေးဝါးနဲ့ စက်ကိရိယာ၊ လက်သုံးကိရိယာတွေဟာ အင်ဂျင်နီယာ အတတ်ပညာနဲ့ဖန်တီးထားတဲ့ အသီးအပွင့်တွေဖြစ်ပါ တယ်။ အင်ဂျင်နီယာတွေဟာ မိမိတို့စိတ်ကူးထားတဲ့ အိပ်မက်တွေကို ပုံဖော် (Design) ရေးဆွဲ၊ သုတေသနပြု (Research)၊    ပုံစံတူ (Model Prototype)  များ တည်ဆောက်ပြီး  စမ်းသပ်မှုအောင်မြင်ရင် ထုတ်လုပ် (Production)၊ တပ်ဆင် (Installation)၊ ပြုပြင်ထိန်းသိမ်း (Maintenance) ခြင်းများ ပြုလုပ်ကြပါတယ်။ ဒီလို လုပ်ဆောင်ချက်အဆင့်ဆင့်တိုင်းမှာ ဘေးအန္တရာယ် ကင်းရှင်းရေး (Safety) နဲ့ အရည်အသွေးအတွက်အာမခံမှု (Quality Assurance) စသည်တို့နဲ့ တာဝန်ခံမှု၊ တာဝန်ယူ မှု (Accountability and Insurance) ကို လုံးဝခေါင်းခံ ကြရပါတယ်။
    အင်ဂျင်နီယာများဟာ    မိမိတို့ရဲ့  ဂုဏ်သိက္ခာ တိုးတက်ရေးနဲ့ ဖြောင့်မတ်တည်ကြည်မှု ထိန်းသိမ်းရေး အတွက် မူလရည်မှန်းချက်များဖြစ်တဲ့-
    (က)        မိမိတို့တတ်ကျွမ်းတဲ့ပညာရပ်နဲ့ လူနေမှု     ဘဝနဲ့ ပတ်ဝန်းကျင်တိုးတက်ရေး
    (ခ )        ရိုးသားဖြောင့်မတ်မှုနဲ့ မိမိရဲ့အလုပ်ရှင် နဲ့ အများပြည်သူတို့ကို    အလုပ်အကျွေး ပြုရေး
    (ဂ )        မိမိရဲ့အင်ဂျင်နီယာစွမ်းဆောင်မှု အစဉ် တိုးတက်ရေးနဲ့ ဂုဏ်သိက္ခာမြှင့်တင်ရေး တို့ကို အမြဲမျက်ခြည်မပြတ်ရည်မှန်းချက် ထား ဆောင်ရွက်ရပါမယ်။
    ဒီလိုဆောင်ရွက်တဲ့နေရာမှာ အောက်ပါအင်ဂျင်နီယာကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကြရပါမယ်-
    (၁)        ပြည်သူလူထုရဲ့  ကျန်းမာရေးနဲ့  ထိခိုက်မှု ဘေးအန္တရာယ်ကာကွယ်ရေးကို အရေး တကြီးဆောင်ရွက်ပါမယ်။ ဒီလိုဆောင်ရွက် ရင်းနဲ့  ပြည်သူလူထုရဲ့  လူနေမှုဘဝကို တိုးတက်စေရပါမယ်။ 
    (၂)        မိမိတတ်ကျွမ်းတဲ့ဘာသာရပ်  နယ်ပယ် အတွင်းသာ လုပ်ငန်းဆောင်ရွက်ရပါမယ်။
    (၃)        ဖြောင့်မတ်မှန်ကန်သော ရပ်တည်ချက် အပေါ်မှာသာ သတင်းထုတ်ပြန်ရပါမယ်။
    (၄)        အင်ဂျင်နီယာဂုဏ်သိက္ခာနဲ့အညီ မိမိအလုပ် ရှင်နဲ့ အလုပ်လုပ်သူအကြား၊ ဆက်သွယ် ဆောင်ရွက်ရာမှာ      မပြေလည်မှုများ ပေါ်ပေါက်ရန်လှုံ့ဆော်ခြင်း   မပြုမိဖို့သတိ ချပ်ရပါမယ်။
    (၅)        မိမိရဲ့ အရည်အချင်းကို အလုပ်ဖြင့်သာ သက်သေပြရပါမယ်။
    (၆)        အင်ဂျင်နီယာရဲ့ အသက်မွေးမှုဂုဏ်သိက္ခာ ကို စောင့်ထိန်းဖို့  လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် အဂတိလိုက်စားမှုများကို ရှောင်ရှားရပါမယ်။
    (၇)        အင်ဂျင်နီယာဘာသာရပ်တိုးတက်ရေးကို အမြဲဆောင်ရွက်ပြီး မိမိရဲ့တပည့်များကို အရည်အချင်းပြည့်မီသူများဖြစ်အောင် ဦးဆောင်ဦးရွက်ပြုရပါမယ်။
    စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်  များ (Sustainable Development Goals) ၁၇ ချက်ထဲမှာ အင်ဂျင်နီယာများဆောင်ရွက်ရမယ့် ပန်းတိုင်ကြီး ငါးခုကို အောက်မှာဖော်ပြထားပါတယ်-
ပန်းတိုင်(၆)-    လူသားတိုင်း  သန့်ရှင်းသောသောက်သုံး ရေနှင့် မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက် မပြတ်သော စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေး၊
ပန်းတိုင်(၇)-     လူသားတိုင်း လက်လှမ်းမီမှုရှိသော၊ စိတ်ချ ရသော၊    ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီစွမ်းရည်ရရှိရေး၊
ပန်းတိုင်(၉)-    ကြံ့ခိုင်သော အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့သည့်    စက်မှုလုပ်ငန်း ထူထောင်ရေးနှင့် ဆန်းသစ်တီထွင်မှုများ ကို အားပေးမြှင့်တင်ရေး၊
ပန်းတိုင်(၁၁)-    အားလုံးအကျုံးဝင်သော ဘေးကင်းလုံခြုံမှု ရှိသော၊ ကြံ့ခိုင်မှုရှိသော၊ ရေရှည်တည်တံ့ နိုင်သော မြို့ပြများနှင့် လူနေရပ်ကွက်များ ထူထောင်ရေး၊
ပန်းတိုင်(၁၃)-    ရာသီဥတုပြောင်းလဲမှုနှင့် ယင်း၏အကျိုး သက်ရောက်မှုများ    လျော့ပါးစေရေး အတွက် အရေးကြီးလုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်ရေး။  
    ၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့မှာကျရောက်မယ့်် ကမ္ဘာ့အင်ဂျင်နီယာနေ့ကို အမေရိကန်ပြည်ထောင်စုရဲ့ (၃၁) ဆက်မြောက်သမ္မတ Herbert Hoover ရဲ့ အင်ဂျင်နီ ယာ အသက်မွေးမှုစာစု (The Engineering Profession) နဲ့ ဂုဏ်ပြုလိုက်ပါတယ်။ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ ဘွဲ့ရ Herbert Hoover ဟာ ဩစတြေးလျတိုက်အပါအဝင် ကမ္ဘာ့တိုက်ကြီးများအနှံ့ ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သတ္တုတွေ လိုက်တူးရင်း တရုတ်နိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံကို   ၁၉၁၄ ခုနှစ်ကရောက်ရှိလာပြီး   ရှမ်းပြည်မြောက်ပိုင်းက နမ္မတူဘော်တွင်းကို ငွေ၊ ခဲ၊ သွပ်တွေတူးရင်း သတ္တုတွင်းနဲ့ သန့်စင်စက်ရုံ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးကို ဆောင်ရွက် ခဲ့ပါတယ်။  Herbert Hoover ရဲ့ စွမ်းစွမ်းတမံကြိုးစားမှုကြောင့် နမ္မတူဘော်တွင်းသတ္တုတွင်းဟာ  ကမ္ဘာကျော် ဖြစ်လာခဲ့ရ ပါတယ်။ Herbert Hoover ရဲ့အင်ဂျင်နီယာဂုဏ်ပြုစာစုကို ယခင် သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူး (ငြိမ်း) ဦးဇော်ဝင်း (ဇင်ယော်ကြီး)  ဘာသာပြန်ထားတဲ့  The Engineer Profession ကို ဖော်ပြလိုက်ရပါတယ်။
အင်ဂျင်နီယာပညာလုပ်ငန်း
    အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ကြီးမြတ် သောလုပ်ငန်းတစ်ခုဖြစ်ပေသည်။    စိတ်ကူးစိတ်သန်း မျှော်မှန်းမှုတစ်ရပ်ကို ပုံစံအစီအစဉ်တစ်ခုအဖြစ် သိပ္ပံပညာ အကူအညီဖြင့် ပေါ်ထွန်းလာရခြင်းကို စောင့်လင့်ကြည့်ရှု ရသည့် ရင်မောကြည်နူးဖွယ်ရသကို     ရနိုင်စွမ်းပါပေ သည်။ ထိုမှတစ်ဆင့် ကျောက်သားများ၊ သတ္တုများ၊ စွမ်းအင် များအဖြစ်သို့ ပကတိသဘာဝအတိုင်း ပြောင်းလဲပေါ်ထွက် လာပေတော့သည်။ ထို့နောက်တွင် လူသားတို့အတွက် အလုပ် အကိုင်များ၊ နေအိမ်များကို ယူဆောင်လာပေတော့၏။ လူတို့၏နေထိုင်မှုအဆင့်အတန်းကို      မြှင့်တင်ပေးပြီး ဘဝနေမှု၏ သက်သောင့်သက်သာရှိစေမှုကို   ဖန်တီးပေး ပေသည်။ ဤသည်ကား အင်ဂျင်နီယာ၏ မြင့်မားသောအကျိုးဂုဏ်ဖြစ်ပေတော့သည်။
    အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း   များနှင့်ယှဉ်သည့်အခါ  အင်ဂျင်နီယာ၏ တာဝန်ရှိမှုမှာ သူ၏လုပ်ရပ်များသည်    အများသိသာမြင်သာသော ပွင့်လင်းမှုရှိသည်။ သူ၏လုပ်ကိုင်မှုများသည် တစ်ဆင့်ပြီး တစ်ဆင့်   စနစ်တကျခိုင်မာစွာ    လုပ်ကိုင်ထားခြင်း ဖြစ်သည်။   သူ၏အမှားများကို  ဆရာဝန်များကဲ့သို့ အုတ်ဂူများအတွင်းသို့     ထည့်သွင်းမြှုပ်နှံနိုင်ခြင်းမရှိ၊  ဗိသုကာများကဲ့သို့ သူ၏ မပိုင်နိုင်မှုများကို ဥယျာဉ်များ၊ အလှပန်းများဖြင့်   ကာကွယ်ထားနိုင်ခြင်းမရှိ၊ နိုင်ငံရေး သမားများကဲ့သို့ နိုင်ငံရေးပြိုင်ဘက်များ၏ အမှားများကို ပြစ်တင်ပြောဆိုပြီး လူထုကမေ့လျော့သည်အထိ အချိန်ဆွဲ ထားခြင်းမျိုး လုပ်နိုင်ခြင်းမရှိ၊ အင်ဂျင်နီယာသည် သူဘာ လုပ်ခဲ့သည်ကို ဘယ်လိုမှငြင်းခွင့်မရ၊ သူ၏လုပ်ရပ် မမှန်ပါ က သူသာအပြစ်ဒဏ်ခံရမည်ဖြစ်သည်။ တစ်ဖက်မှလည်း ဆရာဝန်များကဲ့သို့ သူ၏ဘဝသည် အားနည်းညှိုးငယ်သော လူနာများ၏အကြားတွင် နေရခြင်းမဟုတ်၊ စစ်သားများ ကဲ့သို့ ဖျက်ဆီးရခြင်းသည် သူ့အလုပ်မဟုတ်၊ ရှေ့နေများ ကဲ့သို့ နေ့စဉ်နေ့တိုင်း ရန်တွေ့နေရခြင်းသည် သူ့သက် စောင့် အာဟာရမဟုတ်၊ သိပ္ပံပညာရှင်တို့၏ စူးစမ်းတွေ့ရှိမှု ရလဒ်အခြေခံအရိုးစုများကို  အသားဖြည့် အဝတ်ဆင်၍ လူ့ဘောင်တစ်ခွင်တွင် အသုံးဝင်၊ ခွင်ကျ၊ သက်သောင့် သက်သာရှိစေရန်   ဆောင်ရွက်ရသည့်  တာဝန်မှာ အင်ဂျင်နီယာ၏ ပခုံးပေါ်ကျရောက်လျက်ရှိသည်။
    သို့ပင်ဖြစ်သော်ငြားလည်း နှစ်ကာလ ကြာညောင်း လာသည်နှင့်အမျှ ဤသို့သော သက်သောင့်သက်သာရှိစေ မှုကို မည်သည့်အင်ဂျင်နီယာ လုပ်ဆောင်ပေးခဲ့သည် ဆိုသည့် အချက်ကို တစ်ချိန်က သိကောင်းသိခဲ့သည့်တိုင် လူတို့က မေ့လျော့လိုက်ကြသည် သို့မဟုတ် နိုင်ငံရေး သမားတစ်ဦးဦးက မင်္ဂလာယူ၍ သူ၏အမည်ကို မှတ်တမ်း တင်ခဲ့နိုင်သေးသည်။ သို့တည်းမဟုတ် သူကိုယ်တိုင် ဘာမှ မလုပ်ဘဲ အခြားသူများ၏ ငွေကြေးကိုသုံးစွဲကာ လုပ်ကိုင် စေခဲ့သူတစ်ဦးဦးက သူ၏အမည်ကို ဂုဏ်ပြုမှတ်တမ်း တင်ရန် လုပ်နိုင်ခဲ့ပေသေးသည်။ သို့တစေ အင်ဂျင်နီယာ သည်ကား သူ၏စွမ်းဆောင်အောင်မြင်မှုမှ မြစ်ဖျားခံ လာသော ကောင်းကျိုးချမ်းသာ ရေအလျဉ်တသွင်သွင် စီးဆင်းနေမှုကို ကြည့်မောနှစ်သိမ့်လျက် အခြားသော အသက်မွေးဝမ်းကျောင်းများမသိမီနိုင်သည့် ကျေနပ်မှုဖြင့် သာ သူ၏လုပ်ရပ်ကို ကြည့်နေမိတော့သည်။ ထို့အပြင် သူ၏ဘဝတူ အင်ဂျင်နီယာများက သုံးသပ်ဆုံးဖြတ်ပေး လိုက်သည့် ချီးကျူးထောမနာသည်သာလျှင် သူအလို လားဆုံး၊       တန်ဖိုးအထားဆုံး    အောင်မြင်မှုသရဖူ သံလွင်ခက် ဖြစ်ပေတော့သည်။

စောမိုးမြင့်
(သတ္တုတွင်း)

Source:    - World Engineers’day………Wikipedia
    -  Code of Ethnics National Society Of
         Professional Engineers
    -  Engineering Ethnics……..Wikipedia
    -  Herbert Hoover, 31st U.S President……
        Wikipedia

တောင်သူလယ်သမားဦးကြီးများကို ဂုဏ်ပြု


အယ်ဒီတာ့အာဘော်
====================

မြန်မာနိုင်ငံသည်  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို  အဓိကအားပြုသော နိုင်ငံဖြစ်သည်။  ရှေးအစဉ်အဆက်  နှစ်ပေါင်းထောင်ချီကာလကတည်းက မြန်မာနိုင်ငံသားအများစုမှာ  တောင်သူလယ်သမားများ သို့မဟုတ် လယ်ယာ ကဏ္ဍကို အမှီပြုလုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်သည်။  မြန်မာနိုင်ငံ၏ လူဦးရေ  ၇၀  ရာခိုင်နှုန်းသည်  ကျေးလက်ဒေသများမှဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

မြန်မာနိုင်ငံရှိပြည်သူအားလုံးသည်  ဆန်ကိုအဓိကစားသုံးကြသဖြင့် ဆန်စပါးစိုက်ပျိုးရေးသည် ပြည်တွင်းစားနပ်ရိက္ခာဖြစ်သည်သာမက ပြည်ပ ဝင်ငွေရရှိရေးကိုလည်း   ရှာဖွေပေးသည်။  တောင်သူလယ်သမားဦးကြီးများ သည်  သမိုင်းစဉ်တစ်လျှောက်  တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုခဲ့ကြသော် လည်း  တောင်သူလယ်သမားများအား   အသိအမှတ်ပြုမှု၊    တောင်သူ လယ်သမားများဘဝမြင့်မားမှုကို  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အားနည်း ခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် ယနေ့ကာလတွင်  တောင်သူ လယ်သမားအကျိုးစီးပွား     ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးရေးကို      အလေးထားဆောင်ရွက်နေသည်ကို တွေ့ရသည်။
တောင်သူလယ်သမားဦးကြီးများသည်  နှစ်ပေါင်းရှည်လျားစွာ   နိုင်ငံ အတွက်အကျိုးပြုခဲ့ကြရာ  ၁၉၆၂  ခုနှစ်ရောက်မှသာ တောင်သူလယ်သမားနေ့ ဟူ၍    အသိအမှတ်ပြုခံခဲ့ရသည်။    ထိုစဉ်က    တောင်သူလယ်သမားများ စည်းလုံးညီညွတ်မှုရရှိစေရန်အတွက်လည်းကောင်း၊ တောင်သူလယ်သမား များသည် မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းကြောင်းတွင် တိုက်ပွဲဝင်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ များ ကျင်းပပေးရာမှလည်းကောင်း တောင်သူလယ်သမားနေ့  ပေါ်ပေါက်လာ ရသည်။ တောင်သူလယ်သမားနေ့တွင် တောင်သူလယ်သမားကြီးများအား ဂုဏ်ပြုခြင်းဖြစ်သလို  တောင်သူလယ်သမားဦးကြီးများ၏  လူမှုစီးပွားမြင့်မား တိုးတက်အောင်လည်း ဆောင်ရွက်ပေးလာကြသည်။
တစ်မျိုးသားလုံး၏  ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးသည်  လယ်ယာကဏ္ဍမှအများဆုံးဖြစ်နေသော်လည်း   တောင်သူ လယ်သမားအများစုမှာ    လူမှုစီးပွားဘဝနိမ့်ကျနေဆဲဖြစ်နေသေးသည်။ လယ်ယာလုပ်ငန်းနှင့် ကုန်သွယ်စီးပွားကဏ္ဍတွင်  အားနည်းချက်များရှိနေပြီး ရာသီဥတုပြောင်းလဲမှု၊  သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် သစ်တော ပြုန်းတီးမှုတို့ကြောင့် မြေဆီလွှာအရည်အသွေး ကျဆင်းပျက်စီးရမှုများမှာ တောင်သူလယ်သမားဘဝ  မဖွံ့ဖြိုးရခြင်း၏  အကြောင်းရင်းများဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်  ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန် စနစ်ထွန်းကားစေပြီး   နိုင်ငံတကာနှင့်  ယှဉ်ပြိုင်နိုင်စွမ်းရှိသော  စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ  တိုးတက်ထုတ်လုပ်ခြင်းဖြင့်  ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်းလျက် ပန်းတိုင်ကိုးရပ်သတ်မှတ်ကာ ဆောင်ရွက်နေသည်။ ထို့အပြင် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုတိုးတက်လာစေရန်၊  တောင်သူလယ်သမားများ၏  အခွင့်အရေး ပြည့်ဝစွာရရှိလာစေရန်နှင့် အကျိုးစီပွားမြင့်မားလာစေရန်၊ လယ်ယာကဏ္ဍ တွင်     ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ   တိုးတက်လာစေရန်အားပေး ဆောင်ရွက်ရန် စသည့်ရည်မှန်းချက် (၁၁) ရပ်လည်း ချမှတ်ထားသည်။
ထို့အပြင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေ၊    နည်းဥပဒေများရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့ပြီး တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး   နိုင်ငံတော်အဆင့်ဦးဆောင်အဖွဲ့ကိုဖွဲ့စည်းကာ  တောင်သူလယ်သမား များအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။  စိုက်ပျိုးမြေများ ပြန်လည်ရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊  တစ်ဧကအထွက်နှုန်းတိုးရေး၊  စပါးရောင်းဈေး သတ်မှတ်ပေးရေး စသည့်စသည့် တောင်သူလယ်သမားများ၏ လိုအပ်ချက် များစွာတို့ကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
တောင်သူလယ်သမားဦးကြီးများကလည်း နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး  အတွက်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်း ၇၀ ကျော်အတွင်း ပြည်ပသို့ဆန်တန်ချိန်သုံးသန်းအထိ တင်ပို့ရောင်းချနိုင်အောင် ယမန်နှစ်က စံချိန်တင်စိုက်ပျိုးပေးနိုင်ခဲ့သည်။ ယင်းသို့ တောင်သူလယ်သမား များ၏ ကြိုးပမ်းအားထုတ်မှု၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ အသင်း အဖွဲ့နှင့်  ပုဂ္ဂလိကကဏ္ဍတို့မှ   ပူးပေါင်းဆောင်ရွက်မှုတို့ကို  အသိအမှတ်ပြု ဂုဏ်ပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ တောင်သူလယ်သမားနေ့သည် တစ်နိုင်ငံလုံးရှိ တောင်သူ လယ်သမားဦးကြီးများအား  ဂုဏ်ပြုခြင်းဖြစ်သည်နှင့်အညီ  ရိုးသားဖြူစင် ကြိုးစားအားထုတ်သည့် တောင်သူလယ်သမားများ၏ ပေါင်းစည်းအင်အားဖြင့်  လယ်ယာကဏ္ဍမြင့်မားတိုးတက်လာအောင်  အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်ကြပြီး ကျေးဇူးရှိသောတောင်သူလယ်သမားဦးကြီးများ၏ လူမှု စီးပွားဘဝတိုးတက်ဖွံ့ဖြိုးလာအောင်လည်း       မျက်ခြည်မပြတ်ဂရုစိုက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။          ။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်





ရန်ကုန်  မတ်  ၁

ရန်ကုန်တက္ကသိုလ်  ဥပဒေပညာဌာန နှစ် (၁၀၀)ပြည့်   အထိမ်းအမှတ်အခမ်း အနား ကျင်းပရေးကော်မတီက ကြီးမှူး ကျင်းပသည့်  ဥပဒေပညာဌာန  နှစ် (၁၀၀)ပြည့်    အထိမ်းအမှတ်   အခမ်း အနားကို ယနေ့နံနက်  ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ    ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ရှေ့၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ရှေးဦးစွာ ဥပဒေမောင်နှမများက ရာပြည့်သဘင်သီချင်းဖြင့် ဖျော်ဖြေကြ သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ထို့နောက် ဥပဒေပညာဌာန နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကို    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊     ပြည်ထောင်စု တရားသူကြီးချုပ်   ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော် ဥက္ကဋ္ဌ  ဦးတင်မောင်ထွန်း၊  ရန်ကုန် တက္ကသိုလ်    ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်၊ ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး  ဒေါက်တာဒေါ်ခင် ချစ်ချစ်၊ ပါမောက္ခ(ငြိမ်း) ဦးလှအောင်၊ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေး၊  ပါမောက္ခ (ငြိမ်း) ဒေါ်သန်းနွဲ့နှင့် ဥပဒေပညာဌာန နှစ် (၁၀၀) ပြည့်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ   ဦးစိုးမြင့်တို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ခန်းမ၌ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနား ကို   ဆက်လက်ကျင်းပရာ     ကံ့ကော် တောမျိုးအောင်နှင့်      ဥပဒေမောင်နှမ များက   ဥပဒေရာပြည့်သဘင်(၂) သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက်   ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေးက  အမှာ စကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြား

ယင်းနောက်   ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဟောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တန်ဖိုးရှိလှသည့် အခမ်း အနား၌ စကားပြောကြားခွင့်ရသည့် အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း၊    ယနေ့အခမ်းအနားကို ၁၉၇၀ - ၁၉၇၅ ခုနှစ်  ကျောင်းသား ဟောင်းတစ်ဦးအနေဖြင့် တက်ရောက် ခြင်းဖြစ်ပါကြောင်း၊ ယခု အခမ်းအနား ကို ဥပဒေ  ကျောင်းသား ကျောင်းသူ များအနေဖြင့်     ညီညီညွတ်ညွတ်၊    သိုက်သိုက်ဝန်းဝန်း၊ ပျော်ပျော်ရွှင်ရွှင် ဖြင့်      ကျင်းပနိုင်သည့်အတွက်     ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် များစွာ လိုအပ်နေသေးသည့်   နိုင်ငံဖြစ်ပါ ကြောင်း၊  ဖွံ့ဖြိုးတိုးတက် ရန်အတွက်   တရားဥပဒေစိုးမိုးရေးသည် အဓိက နေရာတွင်ရှိပါကြောင်း၊ တရားဥပဒေ  စိုးမိုးရန်       ဥပဒေ  ကျောင်းသား ကျောင်းသူများတွင် တာဝန်ရှိမည်ဟု ယုံကြည်    မျှော်လင့်ပါကြောင်း၊    ထို့ကြောင့်   နိုင်ငံဖွံ့ဖြိုး                  တိုးတက် လာအောင်   ဥပဒေ  ကျောင်းသား ကျောင်းသူများအနေဖြင့် တစ်တပ် တစ်အား ပါဝင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်ကလည်း  နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း၊ ယခုကာလကို ပြန်ကြည့်ပါက ဥပဒေ ကျောင်းသား ကျောင်းသူများ၊    ဥပဒေဘွဲ့ရသူများ သည်   နေရာအတော်များများတွင် တာဝန်ပေးခံရသည်ကို  တွေ့ရမည်ဖြစ် ကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာ သည်ဟု ပြော၍ရပါကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည့်အချိန်၊ လုပ် ပိုင်ခွင့်ရသည့်အချိန်တို့တွင်   မိမိတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်ကြရန် တိုက်တွန်း   ပြောကြားလိုပါကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပဉ္စမနှစ် ဥပဒေ စာမေးပွဲတွင် ပထမအဆင့် အောင်မြင် သူ မဆုလဲ့နန္ဒာအား ဂုဏ်ပြုရွှေတံဆိပ် ဆုကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား  ဥပဒေ ကျောင်းသားဟောင်း     ဒုတိယစစ် ဥပဒေချုပ်     ဗိုလ်ချုပ်သောင်းနိုင်က ဥပဒေပညာဌာနအတွက် အလှူငွေ ကျပ်သိန်း ၃၀၊ နန်းမြိုင်ကော်ဖီ အထုပ် ကြီး ၁၀၀ နှင့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်အထုပ်ကြီး ၁၀ဝ တို့ကို   ပေးအပ်လှူဒါန်းရာ  ဥပဒေ ပညာဌာန ပါမောက္ခ/ဌာနမှူး  ဒေါက်တာ ဒေါ်ခင် ချစ်ချစ်က လက်ခံရယူပြီး ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပါမောက္ခ(ငြိမ်း) ဒေါက်တာ ဒေါ်သန်းနွဲ့၊ ပါမောက္ခ(ငြိမ်း) ဒေါ်ကြင် ဦးနှင့် ပါမောက္ခ(ငြိမ်း)   ဒေါက်တာ ခင်မာရီတို့က ဥပဒေပညာနှင့်   ပတ် သက်သည့် စာတမ်းများကို ဖတ်ကြား ကြပြီး   ညပိုင်းတွင်  သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မိတ်ဆုံစားပွဲကို ကျင်းပ သည်။
                     သတင်းစဉ်

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂ ရက်ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင် တောင်သူလယ်သမားကြီးများ ခင်ဗျား-

ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့ နေ့ထူးရက်မြတ် အချိန်အခါသမယတွင် တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆတက်ထမ်းပိုး ပိုမို တိုးတက်ဖြစ်ထွန်းအောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန် မြှင့်တင်နိုင်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးတို့ အရေးကြီးသည့်နည်းတူ စားနပ်ရိက္ခာဖူလုံရေးသည်လည်း အရေးကြီးပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ(၁၂)ရပ်တွင် "ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပြည်ပပို့ကုန် မြှင့်တင် နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ၊ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်" ကို မူဝါဒတစ်ရပ်အဖြစ် ချမှတ်ထားပြီး ဘက်ပေါင်းစုံ မှ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ပြည်ပပို့ကုန်ဝင်ငွေကို ဖြည့်ဆည်းပေးနေသော စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည့် တောင်သူလယ်သမားကြီးများသည် နိုင်ငံ၏စီးပွားရေးတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ပါသည်။ သို့ဖြစ်၍ တောင်သူလယ်သမားများ၏ လူမှုစီးပွား တိုးတက်ရေး၊ အခွင့်အရေးကာကွယ်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့သည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးကြီးသည့်အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအပါအဝင် စိုက်ပျိုးမွေးမြူရေး ကဏ္ဍဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများဖြင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူများသည် ကျန်းမာရေး အသိအမြင် ကြွယ်ဝလာသည့်အလျောက် ဘေးကင်းလုံခြုံမှုရှိသည့် အစား အစာများကို အလေးထားစားသုံးကြလျက်ရှိရာ ပြည်တွင်း၊ ပြည်ပတွင် ရောင်းချ သည့် လယ်ယာထွက်ကုန်များ၏ အရည်အသွေးပြည့်မီရေး၊ အဆင့်အတန်း မြင့်မားရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ လိုအပ်လာပါသည်။

မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ အထွက်နှုန်းတိုးတက်ရေးအတွက်သာမက စားသုံးသူပြည်သူများ၏ အစား အစာ လုံခြုံစိတ်ချရမှုရှိရေးနှင့် လယ်ယာထုတ်ကုန်များ နိုင်ငံတကာဈေးကွက် တွင် တိုးတက်ယှဉ်ပြိုင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ ရရှိ စေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်တို့နှင့်အညီ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် လယ်ယာသီးနှံများ၊ သားငါးများ၏ အရည်အသွေးကောင်းမွန်ရေး၊ ဓာတ်ကြွင်း အာနိသင်များ ကင်းစင်ရေး၊ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျှော့ချရေး နည်းပညာ များပါဝင်သည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့် လမ်းညွှန်ချက်များ ရေးဆွဲထုတ်ပြန်၍ ပညာပေးဆောင်ရွက် လျက်ရှိပါသည်။

ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးနှင့် ဘေးကင်း လုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ ကို ပြည်သူများ လုံခြုံစိတ်ချစွာ စားသုံးနိုင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တကျဖွံ့ဖြိုးလာစေရေးနှင့် အော်ဂဲနစ်နှင့် ပတ်သက်သည့် စံချိန်စံညွှန်းများကို တိကျစွာလိုက်နာကျင့်သုံးနိုင်ရေးတို့ကို ရည်ရွယ်၍ အာဆီယံအော်ဂဲနစ်စံချိန်စံညွှန်းများကို အခြေခံပြီး မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် ကိုက်ညီမှုရှိစေမည့် မြန်မာ့ အော်ဂဲနစ်စံချိန်စံညွှန်းကိုလည်း အသိပေးထုတ်ပြန်ကြေညာခဲ့ပါသည်။ တောင်သူလယ်သမားကြီးများက အလေးထားလိုက်နာဆောင်ရွက်ကြခြင်း ဖြင့် ဈေးကွက်လည်းဝင်၊ ဝင်ငွေလည်းပို၊ ကုသိုလ်လည်း ရရှိကြမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ခင်ဗျား-

လက်ရှိအချိန်၌ ရာသီဥတုပြောင်းလဲပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မိုးသီးကြွေခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များသည် တောင်သူလယ်သမားများ၏ လူမှု စီးပွားဘဝကို ထိခိုက်စေလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၏ မဏ္ဍိုင်(၃) ‘‘ပြည်သူများနှင့်ကမ္ဘာမြေ’’ တွင် ပန်းတိုင်(၅) အဖြစ် ‘‘နိုင်ငံတော်၏ အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်’’ ကို သတ်မှတ်ထားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပေါင်းစပ် ဆောင်ရွက်လျက်ရှိပါသည်။

ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါသည်။ ရေလိုအပ်ချက်နည်းသော သက်တမ်းတိုသီးနှံများကို စိုက်ပျိုးခြင်း၊ ဒေသအခြေအနေပေါ် မူတည်၍ သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ စပါးစိုက်ပျိုးရာတွင် ရေသွင်း၊ ရေခန်းစနစ် အသုံးပြု၍ စိုက်ပျိုးစေခြင်း၊ ရေကိုချွေတာသုံးစွဲနိုင်သည့် ခေတ်မီရေသွင်း ကိရိယာများ အသုံးပြုစိုက်ပျိုးစေခြင်း စသည့် ပညာပေးလုပ်ငန်းများ၊ သရုပ် ပြပွဲများ ဆောင်ရွက်လျက်ရှိပါသည်။ အပူပိုင်းဇုန်ဒေသများတွင်လည်း ရေတွင်း များတူးပေးခြင်း၊ ရေစု/ရေလှောင်ကန်များပြုလုပ်ပေးခြင်း၊ ရေရရှိမှုအပေါ် မူတည်ပြီး နွေစပါးအစား အခြားသီးနှံများစိုက်ပျိုးမည့် အစီအစဉ်များ ရေးဆွဲခြင်း တို့ကို ဆောက်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ဆည်တာတမံကြီးများ၊ မြစ်ရေတင် လုပ်ငန်းကြီးများတွင် စိုက်ပျိုးရေကို ပိုမိုထိရောက်စွာနှင့် ရေရှည်အသုံးပြုနိုင်ရေး အတွက် ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းများ၊ ရေကိုအကျိုးရှိစွာ ချွေတာသုံးစွဲရေး ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့ ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင် တုံ့ပြန်နိုင်စွမ်း အားကောင်းရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များ ပူးပေါင်း၍ အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ကိုင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံထိခိုက်ပျက်စီးမှုများကို ပြန်လည် ထူထောင်နိုင်ရန်အတွက် မျိုးစပါးများဖြန့်ဝေပေးခြင်းနှင့် ပျက်စီးသီးနှံများ အတွက် ထောက်ပံ့ကြေးများ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ကျပ်(၁၉ ဒသမ ၃၄၅)ဘီလီယံကျော်ကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ခင်ဗျား-

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)နေ့ရက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ ယင်းဥပဒေတွင်ပါရှိသော တောင်သူလယ်သမား အများစုနေထိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်း ကွာဟချက်များကျဉ်းမြောင်းစေရေး၊ လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကျေးလက် ဒေသနေ ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ် များ ကျရောက်လာပါက တုံ့ပြန်ကာကွယ်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး စသည့်ရည်မှန်းချက်များ အောင်မြင် အောင် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်က တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးရာတွင် မိမိဒေသနှင့် ကိုက်ညီမည့် မိမိတို့အကျိုးစီးပွားဖြစ်ထွန်းစေသော သီးနှံများကို စိုက်ပျိုးခွင့်ပေးထားပြီးဖြစ်သည်နှင့်အညီ စီးပွားရေးတွက်ခြေကိုက်သော ဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူလယ်သမားများ၏ လိုအပ်ချက် များကို အစဉ်တစိုက်လေ့လာပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ တောင်သူ လယ်သမားများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရန် မျိုးစေ့ထုတ်သင်တန်းများ ပို့ချခြင်း၊ မျိုးစေ့ထုတ်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ပေးခြင်း၊ မျိုးကောင်း မျိုးသန့်များပွားများနိုင်ရေးအတွက် ကျေးရွာမျိုးစေ့ဘဏ်များ ထူထောင်ပေးခြင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူများက မြေဆီလွှာ၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို စစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများကို တည်ထောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဈေးကွက်ဝင်ကောက်ပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရေးကို တောင်သူ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်း လျက် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် တောင်သူလယ်သမား များ ဈေးကွက်သေချာစေမည့် အကျိုးတူလယ်ယာစနစ် ကျင့်သုံးနိုင်ရေးကို လည်း အကောင်အထည်ဖော်လျက်ရှိရာ လိုက်နာရန် လုပ်ငန်းစဉ်များကိုလည်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

ခေတ်မီစိုက်ပျိုးနည်းပညာများ၊ ရာသီဥတုဆိုင်ရာ သတင်းအချက် အလက်များနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူ လယ်သမားကြီးများ အချိန်နှင့်တစ်ပြေးညီ သိရှိအသုံးချနိုင်ရေးအပါအဝင် လယ်ယာကဏ္ဍဆိုင်ရာသတင်းများ၊ ပညာပေးနှင့် ဖြေဖျော်ရေးအစီအစဉ်များ စသည့် ကဏ္ဍစုံပါဝင်သော "တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel)" အစီအစဉ်နှင့် တောင်သူလယ်သမားများ ဗဟုသုတရရှိရေးအတွက် ဂျာနယ်များ၊ ပညာပေးစာစောင်များ၊ လယ်ယာစီးပွားသတင်းများ ထုတ်ပြန် ပေးနေသည့်အပြင် စိုက်ပျိုးနည်းပညာများ လွယ်လင့်တကူ ရရှိနိုင်ရန် မိုဘိုင်း ဖုန်းများမှ Mobile Application ဖြင့် မိုးလေဝသသတင်းများ၊ လယ်ယာ ကဏ္ဍနှင့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ထုတ်ပြန်ဝန်ဆောင်မှုပေးနေသဖြင့် တောင်သူလယ်သမား များ အချိန်နှင့်တစ်ပြေးညီ လေ့လာသိရှိနိုင်ကြပြီဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ကျေးဇူးရှင် တောင်သူလယ်သမားကြီးများခင်ဗျား-

တောင်သူလယ်သမားများ၏ ဝင်ငွေပိုမိုရရှိပြီး လူနေမှုဘဝများတိုးတက် ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ကုန်ကြမ်းအဆင့် တင်ပို့ရောင်းချခဲ့သည့်အနေအထားမှ တန်ဖိုးမြင့်ထုတ်ကုန်ကုန်ချောများ အဖြစ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင် တင်ပို့ရောင်းချနိုင်ရေးလုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် စပါးစိုက်တောင်သူများ နစ်နာမှု နည်းပါးစေရေး၊ ဆန်စပါးဈေးကွက် ခိုင်မာစေရေးတို့အတွက်လည်း စပါး ဈေးနှုန်းအား တင်း(၁၀၀)လျှင် အနိမ့်ဆုံး ကျပ်(၅)သိန်း သတ်မှတ်ကြေညာ ပေးခဲ့ပါသည်။ သိမ်းဆည်းခံခဲ့ကြရသော တောင်သူလယ်သမားများ၏ လယ်ယာမြေများ ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးခြင်း၊ စွန့်လွှတ်ပေး နိုင်ခြင်းမရှိသော လယ်ယာမြေများအား လျော်ကြေး၊ နစ်နာကြေးများ ပေးစေခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ကွက်ငယ်တောင်သူ လယ်သမားများ၊ ဒေသခံတိုင်းရင်းသားများအား ဦးစားပေး၍ စိုက်ပျိုးလုပ်ကိုင် နိုင်ရန် စိစစ်ခွင့်ပြုချထားပေးခြင်း၊ ခေတ်ကာလနှင့်အညီ လယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း၊ လယ်ယာမြေများ တရားဝင်လုပ်ပိုင်ခွင့် ခိုင်မာစွာရရှိစေခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမား များ၏ လူနေမှုအဆင့်အတန်းမြင့်မားရန် ဆောင်ရွက်ပေးခြင်း၊ လယ်ယာ လုပ်ငန်းအပြင် တောင်သူလယ်သမားမိသားစုများ၏ အခြားဝင်ငွေရရှိစေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဤကဲ့သို့ တောင်သူလယ်သမားမိသားစုများ၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ပေးလျက် ရှိပါသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား အတွက် ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲ မှန်သမျှတို့ကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။