Thursday, February 27, 2020

အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင် ပြောင်းလဲမှုများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ




Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆



ပညာရေးဝန်ကြီးဌာန အရည်အသွေး ရှိသော ပညာရေးဦးတည်၍ ပညာရေး ပြုပြင်ပြောင်းလဲမှုများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အရည် အသွေးရှိသော ပညာရေးကို ဦးတည် ဆောင်ရွက်ရာတွင် မည့်သည့်ခွဲခြားမှု မျှမရှိခြင်း၊ မည်သူတစ်ဦး တစ်ယောက် ကိုမျှ ချန်မထားခြင်း၊ ကျောင်းထွက် မှုနှုန်း လျော့နည်းခြင်းများကို ဆောင်ရွက်ပါကြောင်း။
ယဉ်ကျေးမှုကို မြှင့်တင်ပေး
အရည်အသွေးရှိသည့် ပညာရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက် ပြီး အလယ်တန်းပညာနှင့် အထက် တန်းပညာကို အဆင့်ဆင့်တိုးမြှင့်သင် ယူခွင့်များရရှိရန် ဆောင်ရွက်မည်ဖြစ် ရာ မူလတန်းအရွယ် ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက် အောင်မြင်ခြင်းနှင့် မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည်အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများ စသည့်ကလေးများ အတွက် အလေးထားသည့် ပညာရေး အစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုး ညွှန်းတမ်း ပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။
ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်
သင့်လျော်သော ဆရာ၊ ကျောင်း သားအချိုးရရှိစေရန် ဆောင်ရွက် ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာ များ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှုစွမ်းရည်များ မြင့်မား လာစေရန်ဆောင်ရွက်ခြင်း၊ အခြေခံ ပညာရေးကို လူတိုင်း ပိုမိုလက်လှမ်းမီ နိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသ များရှိ ကျောင်းများ (အထူးသဖြင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ လုံလောက်မှုမရှိသော အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများ)၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေး ခြင်း၊ ပညာအရည်အချင်းနည်းပါးသူ များ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း တန်းညှိ အစီအစဉ်များနှင့် သက်မွေးမှုသင်တန်း အစီအစဉ်များဖြင့် ဆက်လက် ပညာ ဆည်းပူးနိုင်သော အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း။
ဦးတည်ဖော်ဆောင်
တက္ကသိုလ်များတွင် ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြား ခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသန လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်း လာစေရန် ဦးတည်ဖော်ဆောင်ပေး ခြင်း၊ နည်းပညာနှင့် သက်မွေးပညာ ရေးနှင့် လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်ပေးခြင်း၊ ကျောင်းသားမိဘများ နှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှု ဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှ ရရှိသည့် ပညာရေးဆိုင်ရာဘဏ္ဍာငွေ များကို အကျိုးရှိ ထိရောက်စွာခွဲဝေ သုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်ခြင်းနှင့် တိကျ မှန်ကန်သည့် သတင်းအချက်အလက် များကို အခြေခံ၍ ထိရောက်သော ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲ မှုနှင့် လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း။
ကလေးတိုင်း သင်ယူ တတ်မြောက်ရမည့် ဘာသာရပ် အားလုံး အကောင်းဆုံးသင်ယူတတ် မြောက်အောင်၊ လူသားကောင်းများ ဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ် အောင်၊ တာဝန်ယူ တာဝန်ခံမှုရှိအောင်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုရှိအောင် အရည်အသွေး ပြည့်မီသည့် ဆရာ၊ ဆရာမများ လိုအပ်ပါကြောင်း၊ စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီရန်၊ တာဝန်နှင့် လုပ်ထုံး လုပ်နည်းအရ ဆောင်ရွက်ရန်လိုအပ် ပါကြောင်း ပြောကြားသည်။
ဆွေးနွေး
ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့ တို့က ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြ သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန က အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဦးစား ပေးဆောင်ရွက်နေသော လုပ်ငန်းစဉ် (၁၂)ရပ်နှင့်စပ်လျဉ်း၍ ဦးစီးဌာန ၁၁ ခု တို့မှ ညွှန်ကြားရေးမှူးချုပ်များက Power Point ဖြင့် ရှင်းလင်းတင်ပြ ကြပြီး တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ EUROCHAN MYANMAR, Garment Advocacy Group မှMr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့အား သီးခြားစီလက်ခံတွေ့ဆုံ



Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့တွင် EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines တို့အား နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် သီးခြားစီလက်ခံ တွေ့ဆုံ သည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်ရာတွင် ဥရောပ သမဂ္ဂမှ ထောက်ပံ့ကူညီပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွား နေသည့်အတွက် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ကြမ်းပစ္စည်း ပြတ်လပ်၍ စက်ရုံများ ပိတ်သိမ်း ရမည့် အခြေအနေများမှ ကာကွယ် နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အခြားဆက်စပ် ဝန်ကြီးဌာနများ၊ အထည်ချုပ် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ မြန်မာ နိုင်ငံရှိ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေနှင့် မြန်မာနိုင်ငံရှိ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ EUROCHAN MYANMAR ၏ အကြံဉာဏ်များ ရယူကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Project ၁၄ ခုရှိ
အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့် တွေ့ဆုံစဉ် လူမှုဖူလုံရေးအဖွဲ့ ၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပြုပြင်ပြောင်းလဲ ခြင်း (IT Reform) အား ILO- Korea Project ဖြင့် လည်းကောင်း၊ ကျန်းမာ ရေး ဝန်ဆောင်မှုပေးသည့်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Medical Reform) အား ILO- Luxembourg Project ဖြင့် လည်းကောင်း၊ စီမံ ခန့်ခွဲမှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း အား ILO- Vision Zero Fund Project ဖြင့် လည်းကောင်း၊ ဥပဒေ ရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲ ခြင်း (Legal Reform) အား ILO- Labour Law Reform Project ဖြင့်လည်းကောင်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပြီး ILO ဘက်မှ Master Plan တစ်ခု ရေးဆွဲ ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ နိုင်ငံတွင် ILO အနေဖြင့် Project ၁၄ ခုနှင့် ဝန်ထမ်းအင်အား ၈၀ ကျော် ခန့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဆက်ဆံရေးရုံးအနေဖြင့် သက်တမ်း ကြာမြင့်လာပြီ ဖြစ်သည့်အတွက် Regular Office ဖွင့်လှစ်နိုင်ရေး၊ National Complaints Mechanism-NCM အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရာတွင် ILO ၏ ပြဋ္ဌာန်းချက် များနှင့်အညီ ရှေ့ဆက်လက် အောင်မြင်အောင် ဆောင်ရွက်သွား မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကျင်းပ




Image may contain: 4 people, people standing and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆



စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် GIZ တို့ပူးပေါင်း၍ စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ယန္တရားတစ်ရပ် တည်ဆောက်နိုင်ရန်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စီမံကိန်းဘဏ် တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစိုးရအဖွဲ့အစည်းများအားလုံးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့် Myanmar Sustainable Development Plan-MSDP ကို အကောင်အထည်ဖော်ရာတွင် ကြိုတင်တွက်ဆနိုင်ပြီး ပွင့်လင်း မြင်သာမှုရှိစွာ ပေါင်းစပ်ဆက်သွယ်မှုများ အားကောင်းရန်နှင့် ပြည်တွင်း၊ ပြည်ပ မှ ပုဂ္ဂလိကကဏ္ဍများအနေဖြင့် MSDP ကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်နှင့် ရှင်းလင်းလွယ်ကူ၍ ညီညွတ်မှု ရှိသည့် အကောင်အထည်ဖော်မှု ယန္တရားတစ်ရပ် တည်ဆောက်နိုင်ရန် ဖြစ်ပါကြောင်း။
ဆက်လက်ပူးပေါင်းဆောင်ရွက်
နိုင်ငံ၏ရုပ်ဝတ္ထုနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ထိရောက်စွာ တည်ဆောက်နိုင်ရန်နှင့် ဘဏ္ဍာရေးယန္တရားကို ထူထောင်၍ ဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များကို ဖိတ်ခေါ် ပါကြောင်း၊ စီမံကိန်းဘဏ် ရေရှည်တည်တံ့ရေးအတွက် 3 Cs ဖြစ်သည့် ပေါင်းစပ်ဆောင်ရွက်ခြင်း (Coordination)၊ ပူးပေါင်းဆောင်ရွက်ခြင်း( Coo-peration) နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Communication) တို့ အားကောင်းလာစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
Website ကို စက်ခလုတ်နှိပ်၍ စတင်ထုတ်လွှင့်
ထို့နောက် GIZ မှ Country Director Dr. Petra Shill က ဂုဏ်ပြု စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် Dr. Petra Shill တို့က Website ကို စက်ခလုတ်နှိပ်၍ စတင်ထုတ်လွှင့်ပေးသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆက်အောင်က စီမံကိန်းဘဏ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက စီမံကိန်းဘဏ်၏ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ သတင်းစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိ




Image may contain: 4 people, people standing, wedding and suit
နယူးဒေလီ ဖေဖော်ဝါရီ ၂၆



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ နံနက် ၁၁ နာရီ တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာကြသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ သံရုံးယာယီတာဝန်ခံ Dr.Sumit Seth နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
တာဝန်ရှိသူများ လိုက်ပါသွား
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် အိန္ဒိယ သမ္မတနိုင်ငံ နယူးဒေလီမြို့ Palam လေတပ်စခန်းသို့ ရောက်ရှိကြရာ အိန္ဒိယသမ္မတနိုင်ငံ အစားအသောက် ထုတ်လုပ်ရေး စက်မှုလုပ်ငန်းဆိုင်ရာ ဒုတိယဝန်ကြီး ရှရီ ရာမစ်ရှ်ဝါ တီလီ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ မြန်မာ စစ်သံမှူး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားနှင့် ဇနီး၊ မြန်မာသံရုံးနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက Palam လေတပ်စခန်း၌ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြ သည်။
Taj Palace ဟိုတယ်သို့ ရောက်ရှိ
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် ခေတ္တတည်းခိုမည့် Taj Palace ဟိုတယ်သို့ ရောက်ရှိကြသည်။
ရင်းနှီးနွေးထွေးစွာကြိုဆို
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ Akshardham ဟိန္ဒူဘုရားကျောင်းသို့ ရောက်ရှိရာ Sadhu Gnanmunidas နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ဟိန္ဒူဘုရားကျောင်းအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အနုပညာ လက်ရာများနှင့် အိန္ဒိယနိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာရာ Sadhu Gnanmunidas နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။
လက်မှတ်ရေးထိုး
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင် များ၊ ဘုရားကျောင်းမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဘုရားကျောင်း၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံးနှင့် စစ်သံရုံး တို့မှ သံရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ သံရုံး နှင့် စစ်သံရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင် များသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် သည်။ သတင်းစဉ်

လူထူသည့်နေရာများကို ရှောင်ကြဉ် လက်များကိုလည်း ဆေးကြောသန့်စင်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



COVID - 19 ဟု ခေါ်ဆိုသည့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါက ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံဆီသို့ ပျံ့နှံ့နေပြီဖြစ်သည်။ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ခဲ့သည့် အဆိုပါရောဂါသည် ယနေ့ (၂၆-၂-၂၀၂၀) အထိတော့ မြန်မာနိုင်ငံသို့ ဝင်ရောက်မလာသေး။ ရောဂါစတင်ခဲ့သည့် တရုတ် နိုင်ငံတွင် နောက်ထပ်ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်လျော့ကျ လာသည်ဟုဆိုသော်လည်း အီရန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အီတလီ၊ ပြင်သစ်၊ ဂျပန် စသည်ဖြင့် အရှေ့အလယ်ပိုင်းဒေသ၊ အာရှအရှေ့ပိုင်း ဒေသ၊ ဥရောပ‌ဒေသ စသည့်‌ဒေသအသီးသီးသို့ ပျံ့နှံ့လာပြီဖြစ်သည့် အပြင် လူအသေအပျောက်များပါ ရှိလာပြီဖြစ်ရာ အထူးဂရုစိုက်၍ ရောဂါကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြရပြီဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူကို ကူးစက်ခြင်း၊ လူအချင်းချင်း ကူးစက်ခြင်း နည်းလမ်းများဖြင့် ကူးစက်နိုင်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူနှင့် အနီးကပ်နေထိုင်ခဲ့သူများမှာ ကူးစက်နိုင်ခြေများသည်။ ရောဂါရှိသူတစ်ဦး ချောင်းဆိုး၊ နှာချေရာမှ တစ်ဆင့် ရောဂါပိုးများ လေထုထဲသို့ ရောက်ရှိသွားပြီး အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် အခြားသူများကို ကူးစက်နိုင်သည်။ ထို့ပြင် စားပွဲများ၊ ကုလားထိုင်လက်တန်းများ၊ တံခါးလက်ကိုင်ဘုများ၊ ပရိဘောဂများနှင့် အသုံးအဆောင်များ စသည်တို့တွင် ကပ်ငြိ နေတတ်သည့် ရောဂါပိုးများကို ကိုင်တွယ်မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်သည်ဟု ကျန်းမာရေးပညာရှင်များက အသိပေးထား သည်။
ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်လျှော့ချနိုင်ရေးအတွက် အအေးမိ တုပ်ကွေးရောဂါလက္ခဏာရှိသူများနှင့် အနီးကပ်နေထိုင်မှုကို ရှောင်ကြဉ်ရန်၊ လူထူသည့် နေရာများသို့ မသွားရန်၊ လက်ကို သန့်စင်အောင် မကြာခဏ ဆေးကြောရန်၊ နှာချေချောင်းဆိုးပါက နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် နှာခေါင်းစည်း (mask) ကို သုံးရန်နှင့် အများပြည်သူသုံး ယာဉ်များ စီးနင်းချိန်တွင် သူတစ်ပါးကို ရောဂါမကူးစက်စေရေး သတိပြုရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာပစ်ရန်နှင့် လက်ကို လည်း သန့်ရှင်းအောင် ဆပ်ပြာဖြင့် ဆေးကြောရန်၊ တိရစ္ဆာန်များကို ကိုင်တွယ်ပွတ်သပ်ခြင်း၊ နမ်းရှုပ်ခြင်း မပြုလုပ်ရန်၊ သား၊ ငါး၊ ဥများကို သေချာစွာ ချက်ပြုတ်စားသောက်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုရန်နှင့် အိပ်ရေးဝဝအိပ်ရန်၊ အာဟာရပြည့်ဝသည့် အစားအစာကို များများစားရန်နှင့် ကိုယ်လက်လှုပ်ရှားမှန်မှန်လုပ်ရန်တို့ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့က အကြံပြုထားကြသည်။
COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လေဆိပ်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက် ထွက်ပေါက်ဂိတ်များတွင် စောင့်ကြပ်ကြည့်ရှုနေသည့်အပြင် ဆေးရုံအခြေပြု၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုမှုများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ စသည့်နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်နေသည့်အပြင် သတင်းများကိုလည်း နေ့စဉ် ထုတ်ပြန်ပေးနေသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာများတွင် ကနဦး၌ ကိုယ်အပူချိန်မြင့်တက်လာခြင်း၊ ချောင်းခြောက်များဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာချေခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ တစ်ပတ်ခန့်ကြာသည့်အခါ အားအင်ကုန်ခန်းလာပြီး အသက်ရှူကျပ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ရောဂါစောင့်ကြပ်ကြည့်ရှု ရာတွင် ပြင်ပလက္ခဏာများကို တွေ့ရှိပါက ဆက်လက်စောင့်ကြည့်ပြီး သံသယရှိသူများနှင့် စပ်လျဉ်း၍မူ ဓာတ်ခွဲကြည့်ရှုအတည်ပြု ကြရခြင်းဖြစ်သည်။
မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံးသမားတော်ဖြစ်သည့်အလျောက် လူတိုင်း လူတိုင်း ကျန်းမာရေး ဗဟုသုတအပြည့်၊ သတိရှိရှိဖြင့် စားသောက်နေထိုင် ကြခြင်းကသာ အကောင်းဆုံးဖြစ်သည်။ လူစုလူဝေးရှိရာ၊ လူထူသည့် နေရာများသို့ မသွားမဖြစ်သည့် ကိစ္စမှတစ်ပါး မသွားကြရန်၊ မသွား မဖြစ်သွားရပါကလည်း အသက်ရှူလမ်းကြောင်းကို ကာကွယ်နိုင် သည့် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် နေ့စဉ်မကြာခဏ မိမိတို့၏ လက်များကို စနစ်တကျ ဆေးကြောသန့်စင်ကြခြင်း အားဖြင့် COVID - 19 ခေါ် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါဘေးမှ ရှောင်ရှားနိုင်ကြပါစေဟု သတိပေးနှိုးဆော် အပ်ပါကြောင်း။ ။

စင်ကာပူမှာ ….. (စင်ကာပူကားထိန်းချုပ်မှု အတွေ့အကြုံ)



ဆောင်းပါး
========

ကောင်းမြတ်နွယ်(စင်ကာပူ)

ကားထိန်းချုပ်မှုကိစ္စဟာ တိုင်းပြည်တိုးတက်ပြောင်းလဲ ရေးမှာ ၈၀ ရာခိုင်နှုန်းလောက် အရေးကြီးတယ်လို့ မြင်ပါ တယ်။
ယာဉ်ပိတ်ဆို့မှုကြောင့် လုပ်ချင်တဲ့အလုပ်တွေမပြီး၊ ရုံးချိန်နောက်ကျ၊ အစည်းအဝေးချိန် နှောင့်နှေး၊ သယ်ယူ ပို့ဆောင်ရေးအချိန်မမီခြင်းတို့ဟာ ကုန်ထုတ်လုပ်မှု နှောင့်နှေးစေတဲ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေ နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

ကားနံပါတ်၊ ကားပိုင်ရှင်၊ လိုင်စင်ပါလိပ်စာတွေ တိကျမှန်ကန်မှုမရှိခြင်းကြောင့် မူးယစ်ဆေးဝါးတင်ဆောင် ထားတဲ့ ကားကြီးတစ်စီးလုံး ပိုင်ရှင်မဲ့လုပ်နိုင်တာ၊ ကား တွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ရာဇဝတ်မှု ကျူးလွန် ခြင်းကို ခြေရာခံမဖော်ထုတ်နိုင်တာတွေ ဖြစ်ရပါတယ်။

စင်ကာပူနိုင်ငံမှာ ကားဝယ်မယ်ဆိုရင် ကိုယ့်အတိုင်း အတာနဲ့ကိုယ် မာစီဒီး၊ ဘီအမ်ဒဗလျူ၊ အော်ဒီ၊ ဂျာဂွား၊ ဖို့ဒ်၊ ဘောက်စ်ဝက်ဂွန်း အနောက်ကကားတွေ ဝယ်မလား။ တိုယိုတာ၊ နီဆန်း၊ ဆူဇူကီး၊ ဟွန်ဒါ စီးပွားရေးတွက်ခြေ ကိုက်တဲ့ ဂျပန်ကားဝယ်မလား။ ကားပြခန်းဆီ ချီတက်ရုံပဲ ဖြစ်ပါတယ်။

အပြိုင်အဆိုင်ရောင်းကြတယ်။ အင်္ဂလိပ်နှစ်သစ်ကူး၊ တရုတ်နှစ်သစ်ကူး ကားလက်ဆောင်ပေးမလား အထူး လျှော့ဈေးကြော်ငြာရောင်းပါသေးတယ်။

ကားတစ်စီးဝယ်ဖို့ လက်ထဲမှာ ပိုက်ဆံအလုံ အလောက် မရှိသေးဘူးလား။ မပူပါနဲ့။ ကားတန်ဖိုးရဲ့၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းစသည်ဖြင့် သတ်မှတ်ထားတဲ့ ပထမအရစ်ငွေကိုသာ ပေးဖို့လိုပါတယ်။ ကျွန်တော် ဝယ်စဉ် ၂၀၀၄ ခုနှစ် တရုတ်နှစ်သစ်ကူးကာလမှာ ပထမ အရစ်မပေးပါနဲ့၊ အမ်ပေါင်း၂၀၀၀ ငွေသားပြန်ယူသွားပါ။ ကားလည်း ခုမောင်းယူသွားပါလို့ ပေးတာဗျာ။

အဲ…အဲ… သိပ်ပျော်မသွားနဲ့ဦး။
ပြီးတာနဲ့ စားပွဲမှာထိုင်ခိုင်းတယ်။ မုန့်မျိုးစုံ၊ ကော်ဖီ၊ အအေးလိုချင်တာ ချကျွေးတယ်။ အသင့်ပြင်ထားတဲ့ စာချုပ်ပုံစံတစ်ထပ်ကြီးယူလာတယ်။
"နိုင်ငံသားမှတ်ပုံတင်လေးပေးပါ"
ပုံစံမှာဖြည့်သွင်းတယ်၊ မိတ္တူကူးယူတယ်။ ဘဏ် တစ်ခုခုကနေ ချေးငွေယူဖို့ပြောတယ်။

"မေဘဏ်က အတိုးနှုန်းအသက်သာဆုံးပဲ၊ လစဉ် ၅၅၀ ဆပ်၊ ၁၀ နှစ်ဆပ်လို့ရတယ်"
ကားရောင်းတဲ့သူက ဘဏ်တွေနဲ့ ချိတ်ပြီးသား၊ သူ့အတွက် အကျိုးအရှိဆုံးဘဏ်ကိုယူဖို့ ဆွယ်ပြီးပွားတာ ပါပဲ။ ပြီးတော့ ကျွန်တော်လစာတွေ စုဆောင်းထားတဲ့ ဘဏ်အကောင့်ပေးရတယ်။ လစဉ် အဲဒီဘဏ်အကောင့် ထဲက အလိုအလျောက် ဂျိုင်ရိုနဲ့ဖြတ်ယူမှာ။ မလွယ်ကူဘူး လား၊ ဘဏ်တွေရဲ့အတည်ပြုချက်ကလည်း မိနစ်ပိုင်း အတွင်း တီခနဲပဲ။ ဒီမှာတောင် ကော်ဖီတစ်ခွက်သောက်လို့ မကုန်သေးဘူး။ အတည်ပြုပြီးဖြစ်သွားပြီ။ ပျော်စရာကြီး နော်။

မ‌ပျော်ပါနဲ့။ ပွဲစားခ၊ ဘဏ်တိုးတွေ အဲဒီနောက်ကွယ် မှာ အများကြီးပါ။ သို့သော် စိတ်ချမ်းသာပါတယ်။ ကိုယ်ပိုင်ကားစီးချင်တဲ့ဆန္ဒ ကားအသစ်ကြီးနဲ့ ချက်ချင်း ပြည့်ပေါ့။ ကိုယ့်အတွက်လည်း စိတ်ချမ်းသာ။ နိုင်ငံတော် အတွက်ရော။ နိုင်ငံတော်အတွက် အကျိုးများစွာရှိပါတယ်။
နိုင်ငံတော်က ဝန်ဆောင်မှုအခွန် ခုနစ်ရာခိုင်နှုန်း ရတယ်။ ကားသွင်းတဲ့အခွန် ရထားတယ်။ ကုမ္ပဏီအခွန် တွေရထားတယ်။ လမ်းအခွန်ရဦးမယ်။ ကားအာမခံ၊ လူ့အသက်အာမခံနဲ့ အီးအာရ်ပီကနေရဦးမှာ ဖြစ်ပါတယ်။ တရားဝင်မော်တော်ကားများ ရောင်းချခြင်းရဲ့အကျိုး ကျေးဇူးတွေပါ ခင်ဗျ။

ကိုင်း.....ကားတော့ရပြီ။

ဆင်တွေ၊ မြင်းတွေဝယ်စီးရင်တောင် အစာကျွေး ရသေးတာပဲ။ ဓာတ်ဆီဆိုင်ကိုမောင်း ဆီဖြည့်၊ နိုင်ငံတော်က စွမ်းအင်သုံးဆီတင်သွင်းရောင်းချမှုကနေ အခွန်ကောက်ခံ ရရှိပါသေးတယ်။
ကားကအိမ်နားရောက်ပြီ၊ ကားရပ်နားဖို့ တိုင်တွေ စိုက်ရ၊ တုံးတွေချရ၊ ရန်ဖြစ်ရမှာ တွေးပူစရာမလိုပါဘူး။ အိမ်ရာဦးစီးဌာနက ညအိပ်ယာဉ်ရပ်နားခွင့်ကို တစ်လ ဒေါ်လာ ၉၀ နဲ့ဝယ်၊ ငါးထပ်အမြင့် ကားရပ်နားအ‌ဆောက် အအုံမှာ စတိုင်ကျကျမောင်းတက် ရပ်နားရုံပါပဲခင်ဗျာ။

လမ်းခွန်

Road Tax က တစ်လတစ်ကြိမ်ဝယ်မလား။ သုံးလ တစ်ကြိမ် ဝယ်မလား။ ဘောစိဆိုတော့ တစ်နှစ်စာ ဝယ်မလား။ အဲဒီလမ်းခွန်က ကားရှေ့လေကာမှန်မှာ သုံး လက်မပတ်လည်လောက် အကြီးကြီးကပ်ထားရပါတယ်။ စစ်တဲ့သူက လေဆာမီးနဲ့ထိုးပြီး မှန်၊ မမှန် စစ်ပါတယ်။ မမှန်ရင် ဒဏ်ချခံရတာအကြီးကြီးမတန်တဆခံရပါမယ်။

ကားအာမခံ

ကားအာမခံ ဝယ်ကိုဝယ်ရပြန်တယ်။ မတော်တဆ ကားချင်းငြိရင် လျော်စရာ၊ လူကိုတိုက်မိရင် လျော်စရာ ကား အာမခံမဝယ်မနေရပါ။ ကားအာမခံပြမှ လမ်းခွန်ပြား ကားမှာ ကပ်ထားစရာ ဝယ်လို့ရတာပါ။
ကိုယ့်ကားက သူများကားကိုသွားငြိလို့ လျော်ရတော့ မယ်ဆိုရင် အာမခံကုမ္ပဏီကို ဖုန်းလှမ်းဆက်လိုက်ရုံပါပဲ။ ပိန်ရင်ထု ပွန်းရင်ဆေးမှုတ်။ အာမခံကုမ္ပဏီကရှင်းပေးလိုက် တယ်လေ။ အဆင်ပြေမလား။
မပြေပါဘူး။ အဲဒီလျော်ပေးရတာတွေ များလာရင် နောက်တစ်ရစ် ကားအာမခံဝယ်တဲ့အခါ အာမခံကြေး များလာပါတယ်။

ကျွန်တော့်မိတ်ဆွေက သူ့မာစီဒီးကားပေါ် သစ်ကိုင်း ကျိုးကျလို့ ပိန်ချိုင့်သွားတာ အာမခံကုမ္ပဏီကို လျော်ခိုင်း ပါတယ်။ လျော်ပေးပါတယ်။ နောက်တစ်ရစ်ကျ ရတာနဲ့ မတန်အောင် ထပ်တိုးတောင်းခံရတာပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ တော်ရုံတန်ရုံဖြစ်သမျှ သွားထု၊ သွားမှုတ်ကိုယ်တိုင်ခံလိုက်တယ်။ အလျော်ရနည်းတဲ့ ကျွန်တော်ကား အာမခံနည်းသည်ထက် နည်းလာတယ်။

ဒါတွေလည်း နိုင်ငံတော်ကို သွယ်ဝိုက်အခွန်ဘဏ္ဍာ ရနေတာပဲခင်ဗျ။ ကျွန်တော်တို့က အခွန်ထမ်းပါ၊ နိုင်ငံတော်ချမ်းသာအောင် ပံ့ပိုးနေတာ။
ဟား...နိုင်ငံတော်က ကားကြောင့်ရတဲ့အခွန်ထဲမှာ အီးအာရ်ပီကအရဆုံးပါဗျာ။ အီးအာရ်ပီ (ERP- Electronic Road Pricing) ဆိုတာ ကားအဝင်၊ အထွက်များလို့ ပိတ်ကျပ် နေတဲ့နေရာတွေကို မဝင်မဖြစ် ဝင်ခြင်းမှတစ်ပါး တားဆီး ထားတဲ့ ဝင်ခွင့်ကောက်ခံငွေဖြစ်ပါတယ်ဗျာ။ ကားဝင်၊ ကားထွက်များတဲ့ ကားပိတ်ဆို့မှုများနိုင်တဲ့အချိန်ကို ကားတစ်စီး သုံးဒေါ်လာလောက်ကောက်တယ်။ ကားနည်းချိန် ၅၀ ဆင့်ကောက်တယ်။ မြန်မာငွေကျပ် ၅၀၀ လောက်ဆိုပါတော့။

သတ်မှတ်ရာလမ်းအဝင်မှာ သံမဏိမုခ်ဦးကြီးတွေ အခိုင်အမာဆောက်တယ်။ ကားက အဲဒီအောက်ကဖြတ်ပြီး (ဗိုလ်ချုပ်ဈေးလို) ယာဉ်ထူထပ်တဲ့နေရာမျိုးဝင်တော့မယ် ဆိုရင် ကျသင့်ငွေကို ကျွန်တော်ကားထဲမှာတပ်ထားတဲ့ ကပ်ပြားအိမ် IU (In- vehicle Unit) ထဲကနေ တီခနဲနုတ် သွားတာ။ နုတ်မရရင် ဒဏ်ငွေဆောင်ခိုင်းသေးသဗျ။ ၁၂ ဆ လောက် ဆောင်ရမှာဆိုတော့ ကားမောင်းသူတိုင်းက မှန်မှန် ကန်ကန် အဖြတ်ခံရတာကိုပဲ ဝမ်းသာနေရသေးသဗျာ။

ဒဏ်ငွေထိပြီဆိုတာနဲ့ ကျွန်တော်ဖုန်းထဲက မက်ဆေ့က တီတီဆို ဝင်လာတာကိုး။
ကျွန်တော်က မာတီစတိုရီကားပတ်ခ် (Marti-story Car Part) မှာကားရပ်ပြီး အိမ်ပြန်ချင်ဇောနဲ့ ပြန်သွားလိုက် တာ။ ညရှစ်နာရီလောက်မှာ ဖုန်းမြည်လာလို့ ကိုင်လိုက်တော့
"ငါတို့ ရဲတွေပါ၊ မင်းကားဘယ်မှာ ရပ်ထားလဲ"
"လေးထပ်မှာလေ"
"ခဏဆင်းလာခဲ့ပါ"
အပြေးအလွှားဆင်းသွား၊ ကားပတ်ခ်ပေါ် ဒုန်းစိုင်းပြီး တက်သွားရတာပေါ့။ ကျွန်တော်ကားရဲ့ ယာဉ်မောင်းခုံဘေး က မှန်မတင်ခဲ့မိလို့လေ။ တွေ့တဲ့တစ်ယောက်ယောက်က မသင်္ကာလို့ ၉၉၉ ခေါ်လိုက်တာ။ ဟူး....မလွယ်ပါလား။
ရဲက ကုန်းလမ်းသယ်ပို့အာဏာပိုင် (Land Transport Authority) ကို ပိုင်ရှင်လိပ်စာ၊ ဖုန်းနံပါတ်တောင်းပြီး ဆက်တာဗျာ။ ကားနံပါတ်သိရင် အကုန်သိနိုင်တယ်။
စင်ကာပူမှာ ကားဟောင်းရောင်းလို့၊ ဝယ်လို့မရ ဘူးလား။
ရပါ့ဗျား။

အထင်ကရ ကားဟောင်းစက်ကင်းဟန်းကားတွေ အရောင်းအဝယ် အကြီးအကျယ်လုပ်ကြတယ်။ အစိုးရ လိုင်စင်ရ ပိုင်ရှင်ပေါက် လွှဲပြောင်းရောင်းဝယ်ခြင်းပါပဲ။ ဒါကြောင့် အခွန်လည်းရှောင်မရပါဘူး။ စင်ကာပူရီယမ် တွေကလည်း အခွန်ရှောင်ဖို့ယောင်လို့တောင် မတွေးပါဘူး ဗျာ။ ကိုယ့်အခွန်ငွေမဆိုသလောက်ဟာ နိုင်ငံတော် အတွက် သဲတစ်ပွင့် ရန်ပုံငွေပဲလေ။ ကားအဟောင်း အရောင်း အဝယ်ဖြစ်တာက အခြေအနေကောင်းနေဆဲ မာစီဒီး၊ ဘီအမ်ဒဗလျူလို ကားကောင်းတွေပါပဲ။ အနိမ့်ဆုံး ဟွန်ဒါ လောက်ပေါ့။

အင်္ဂလိပ်လို ထည့်မပြောဘဲမြန်မာလိုပဲ တတ်နိုင် သမျှရေးမယ် စိတ်ကူးထားပေမယ့် မပြည့်စုံနိုင်လို့ အင်္ဂလိပ်လို ညှပ်ပြောခွင့်ပြုပါဗျာ။
ကားအကြောင်းပြောတော့ စီအိုအီး(COE) ဆိုတာ မပါလို့ မဖြစ်ဘူး။ The Certificate of Entitlement ဆိုတာ ကားဝယ်ရင် အပေါင်တင်ထားတဲ့သဘောပြောရ မလားပဲလေ။ (LTE- Land Transport Authority) ကုန်း လမ်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်မှာ အာဏာအပြည့် ရှိပါတယ်။ ကားလမ်းပိတ်ဆို့မှုဖြစ်ရင် ကုန်ထုတ်လုပ်မှု တွေ၊ နိုင်ငံတော်စီမံခန့်ခွဲရေးတွေကို သွယ်ဝိုက်ထိခိုက် တာပါပဲ။ အဖြစ်မခံနိုင်ပါဘူး။ ရှိနေတဲ့ကားလမ်းပမာဏ၊ မသွားမဖြစ် ရုံး၊ ဈေး၊ ကျောင်းအထင်ကရနေရာတွေမှာ မောင်းနှင်နေတဲ့ အရေအတွက်လွန်ယာဉ်တွေကြောင့် ကားလမ်းပိတ်ဆို့မှု ဖြစ်ရပါတယ်။ စင်ကာပူမှာ အဓိက အဝေးပြေးကားလမ်း ရှယ်ကြီး ရှစ်စင်းလောက်ရှိပါတယ်။ ကားပျက်တာမရှိ ၊ မီးပွိုင့်မရှိ အတားအဆီးမဲ့ လမ်းရှည် ဖြောင့်ဖြောင့်တွေကြောင့် ယာဉ်ပိတ်ဆို့နှောင့်နှေးမှုမရှိ သလောက်ပါ။ မြို့လယ်ကောင် ရုံး၊ ဈေး၊ ကျောင်း ပေါများ တဲ့ ဧရိယာမှာ တစ်မိနစ် ကားဘယ်နှစီးဖြတ်မောင်း တယ်။ ယာဉ်စီးဆင်းမှုနှုန်း တစ်နာရီ ဘယ်နှမိုင်နှုန်းမောင်း နိုင်တယ်ဆိုတာ အမြဲတမ်းစောင့်ကြည့်လျက်ရှိပါတယ်။ ကားရပ်နားမှုကား‌ပတ်စ်ပို့တွေမှာ ကားရပ်ဖို့ ဘယ်လောက် ကြာအောင် စောင့်ရတယ်ဆိုတာတွေ စောင့်ကြည့်အစီ ရင်ခံနေခြင်းအားဖြင့် ကားလမ်းယာဉ်ပိတ်ဆို့မှုလျှော့ ချဖို့ကြိုးစားကြပါတယ်။ အဲဒါအတွက် အဖြေကတော့ စီအိုအီးနဲ့ ထိန်းချုပ်ခြင်းပါပဲ ခင်ဗျ။

စင်ကာပူမှာချမ်းသာလို့ ကားဝယ်စီးနိုင်တဲ့သူတွေကို ၁၀ နှစ်တိတိစီးခွင့်ပြုပါတယ်။ ကားပြခန်းမှာကားဝယ် ကတည်းက ကားစီးခွင့် ၁၀ နှစ်စာ စီအိုအီးက အပြီးပါ ထားပီးသားပါ။ ကျွန်တော်ကားဝယ်စီးတဲ့ ၂၀၀၄ ခုနှစ်မှာ ကျွန်တော်ရဲ့ ငါးယောက်စီး စူပါဆလွန်းအတွက် စီအိုအီးက ဒေါ်လာကိုးထောင်။ ကားရဲ့ တန်ဖိုးသက်သက် ဒေါ်လာ ငါးသောင်းခွဲရယ်။ စုစုပေါင်း ဒေါ်လာခြောက်သောင်း လေးထောင်ပေးရတယ်။ ကျွန်တော်ကားလက်ထဲရောက် ပြီး သုံး၊ လေးလကြာတော့ အဲဒီစီအိုအီးကြီးက နှစ်ဒေါ်လာအထိ ကျသွားတယ်။ စီအိုအီးက ကားဝယ်သူများလာတာ၊ ကားလမ်းပေါ်မှာ ကားတွေများလာပြီး ယာဉ်သွားလာမှု နှေးကွေးပိတ်ကျပ်မှုကို ထိန်းချုပ်တာပါ။ လူတွေကား မဝယ်ချင်လောက်အောင် စီအိုအီး မြှင့်တင်လိုက်ခြင်းဖြင့် ကားရောင်းရမှု လျော့သွားစေခဲ့ပါတယ်။

၁၀ နှစ်ပြည့်လို့ ဖျက်ဆီးပစ်လိုက်ခြင်းခံရတဲ့ ကားတွေလျော့သွားပြီ၊ လမ်းတွေချောင်နေပြီ၊ ကားရပ် နားတဲ့နေရာတွေ ကားရပ်နားမှုမရှိ လျော့နည်းသွားပြီ ဆိုရင် စီအိုအီးချပေးပါတယ်။ လိုချင်တဲ့ ကားအရေအတွက် လမ်းပေါ်မှာပြည့်နေရင် တောက်ပစ်လိုက်ပါတယ်။ နေ့စဉ် ၁၀ နှစ်ပြီးတဲ့ ကားတွေကိုလည်း တွင်တွင်ထုချေပစ်နေတာ ဆိုတော့ ကားလမ်းပိတ်ဆို့မှုလည်းမရှိ၊ ယာဉ်အို၊ ယာဉ် ဟောင်း၊ ဒုက္ခိတယာဉ်၊ လက်ပူတိုက်ယာဉ်တွေကားလမ်း ပေါ်မှာမမြင်ရတော့ဘူးပေါ့ဗျာ။ ကျက်သရေရှိလိုက် တာ.....
စင်ကာပူမှာ ကားတွေကိုသတ်မှတ်ချက်အတိုင်း ပုံမှန်စစ်ဆေးရေးအစစ်ခံဖို့ သွားပေးရတယ်။ စာရရင် လာရမည့်နေ့ အချိန်သွား။ အချိန်မကြာဘူး။ မစောင့်ရဘူး။ မျက်နှာငယ်၊ အားငယ်စရာလည်းမလိုဘူး။ မအားရင် ဖုန်းဆက်ရက်ရွှေ့ချိန်းပါရတယ်။

VICOM ဆိုတဲ့ ယာဉ်စစ်ဆေးတဲ့ဌာနဝင်းထဲရောက် တော့ ညွှန်ပြတဲ့အတိုင်း သံလမ်းပေါ်မောင်းတင်ပေးရ တယ်။ စစ်ဆေးတဲ့သူက ကားအောက်က ကျင်းထဲကနေ စစ်တယ်။ အပေါ်ဘက်ကလူတွေက ဘရိတ်စစ်တယ်။ အချက်ပြမီးတွေစစ်တယ်။ ကားတွေကအသစ်တွေပဲ ဆိုတော့ pass ဖြစ်တာပဲ တွေ့ရပါတယ်။

စင်ကာပူမှာ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ယာဉ် မောင်းလိုင်စင်လျှောက်ထားခွင့်ရှိပါတယ်။ စာတွေ့၊ လက် တွေ့ ယာဉ်မောင်းလိုင်စင် လျှောက်ထားခွင့်ရှိပါတယ်။ သင်ကြားပေးမယ့် သင်တန်းတွေ၊ သင်တန်းဆရာများကို ကုန်းလမ်းသယ်ပို့အာဏာပိုင်က သတ်မှတ်ခွင့်ပြုထားတာ ကြောင့် စင်ကာပူနိုင်ငံရဲ့ ယာဉ်အန္တရာယ်ဟာ အင်မတန် နည်းပါတယ်။
၁၀ နှစ်စီးပြီးဖြစ်တဲ့ကားကို ဆက်စီးချင်သေးရင် ဒေါ်လာတစ်သောင်းခွဲလောက် ထပ်ပေးရတယ်။ ငါးနှစ် ထပ်စီးလို့ရတယ်။ အပေါင်ပေးထားတဲ့ စီအိုအီးဆုံးပါ တယ်။
၁၀ နှစ်ထပ်စီးချင်ရင်တော့ ဒေါ်လာငါးသောင်း လောက် ထပ်ဆောင်ရပါတယ်။ ကားအကောင်းစားကြီးတွေက လွဲရင် ထပ်တိုးဖို့မတန်ပါဘူး။
ကျွန်တော်ကားကို ၁၀ နှစ်ပြည့်လို့ လာအပ်ခိုင်းတဲ့အခါ အတွေးထဲမှာ ဒီကောင်တွေ ငါ့ကားကိုတစ်စစီဖြုတ်ရောင်း မလား။ ဆင်းရဲတဲ့နိုင်ငံတွေဆီ ပြန်ရောင်းမလားနဲ့ ဒွိဟ သံသယဖြစ်မိသေးသဗျ။ စင်ကာပူမှာ ဆလွန်းကားကို တစ်လက်ကိုင်မောင်းတာ။ ရပ်တော့ အရိပ်အောက်၊ မောင်းတော့ နိုင်လွန်လမ်း၊ သုံးတဲ့ဆီက အကောင်းစား ဆိုတော့ ကားကအသစ်အတိုင်း။

ကျွန်တော်လည်း ကားလာအပ်ကြောင်းပေးတဲ့ပုံစံမှာ ဖြည့်ပြီးရော ကားလေးရဲ့ လေကာမှန်ပေါ်မှာ မတ်ကာပင်နဲ့ သူတို့ရေးခြစ်လိုက်တာနဲ့တစ်ပြိုင်နက် ဖော့ကလစ်ကားတစ်စီးက သူ့လက်တံနှစ်ချောင်းနဲ့ လေကာမှန်ကို ဒိုင်းခနဲထိုးဖောက်ပြီး ကားလေးကို မယူသွားပါတော့တယ်။ တစ်ခါတည်းအင်အားကြီးမား လှတဲ့စက်တွေနဲ့ ဖိချလိုက်တော့တာပါပဲ။ ကျွန်တော်မှာသာ ၁၀ နှစ်တာ အတူရှိခဲ့တဲ့ ရင်သွေးငယ်ကိုဆုံးရှုံးလိုက် ရသလို ရင်ကွဲပက်လက်ဖြစ်ပြီး ရင်နာနာနဲ့ပြန်လာခဲ့ရတယ်။
စင်ကာပူမှာ ကားအစိတ်အပိုင်းတစ်ခုပျက်ရင် မပြင် ပါဘူး။ တစ်ပိုင်းလုံးဖြုတ်လဲလိုက်ပါတယ်။ ဆေးရောင်စုံ ရနိုင်တဲ့အတွက် ပွန်းပဲ့ထိခိုက်ဒဏ်ရာကိုလည်း အဆင် ပြေပြန်ဖာလို့ရတယ်။ စင်ကာပူမှာ ဒါကြောင့် ကားပစ္စည်း အဟောင်းတန်းမရှိ။ ကားကုမ္ပဏီရဲ့ ပြုပြင်ဌာနဆီ ပြန်သွားပြီး လိုတာအသစ်လဲလှယ်လိုက်ရုံပဲ ဖြစ်ပါ
တယ်။

ဒါကြောင့် ကားသယ်ယူပို့ဆောင်မှု၊ ရောင်းဝယ် ထိန်းချုပ်မှုကောင်းများ အခြေကျနေပြီဖြစ်တဲ့ စင်ကာပူက နည်းလမ်းများကို လေ့လာပြီး သူများနဲ့မတူ တစ်မူကွဲပြား စွာ အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း သင့်ကြပါကြောင်း။ ။

မိမိကိုယ်မိမိစောင့်ရှောက်ခြင်းဖြင့် ရောဂါဘေးဘယာများကို ခုခံကာကွယ်





အယ်ဒီတာ့အာဘော်
================

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွားလျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက် နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတို့ ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။

COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုသည် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားသည့်နေ့မှစ၍ ကူးစက်ခံရမှုနှင့် သေဆုံးမှုနှုန်း တစ်နေ့ထက် တစ်နေ့ တိုးတက်လာခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်ရက်အတွင်း ၇၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူ ၂၆၆၃ ဦး၊ ကူးစက်ခံရသူ ၇၇၆၅၈ ဦး ရှိခဲ့ပြီဖြစ် သည်။ အိမ်နီးချင်းတရုတ်နိုင်ငံတွင် သေဆုံးမှု၊ ကူးစက်မှု မြင့်တက်နေပြီးကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့်နိုင်ငံများတွင်ပါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် သတိဝီရိယ ကို ပိုသည်ဟူ၍သဘောမထားဘဲ ယခုထက်ပိုမိုအထူးဂရုစိုက်၍ ခုခံ ကာကွယ်တားဆီးသွားကြရမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌ COVID-19 ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ နှင့်ပတ်သက်၍ အတည်ပြုရောဂါလူနာမတွေ့သေးသော်လည်း ထိုကူးစက် ရောဂါသည် အချိန်မရွေး၊ နေရာမရွေး လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပထမဦးစားပေးအရေးပေါ်ကိစ္စရပ်အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ်ဆောင်ရွက်နေမှုများကိုအသိအမှတ်ပြုရမည်ဖြစ်သည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးများ ပြုလုပ်ခြင်းအား ရှောင်ကြဉ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း အသိပေးနှိုးဆော် ချက်များထုတ်ပြန်ထားသည်။ အကယ်၍ မဖြစ်မနေပြုလုပ်ရမည်ဆိုပါလျှင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးအသိပေး နှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ အထူးသဖြင့် ထိုရောဂါသည် ပြည်တွင်း၌ကူးစက်ဖြစ်ပွားခြင်းမရှိသဖြင့် ပြည်ပမှဝင်ရောက်လာသော လူများမှတစ်ဆင့်သာ ကူးစက်နိုင်သော ကြောင့် နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ရောက်လာသောဧည့်သည်များအား သေချာစွာစောင့်ကြည့် ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်သည်။ အဆိုပါရောဂါ မည်သို့ဖြစ်ပွားသည်၊ ပျံ့နှံ့သည်ဖြစ်စေ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် လက်ရှိကောင်းမွန် နေသောအနေအထားထက် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် မိမိ ကိုယ်ကို ကျန်းမာအောင် နေထိုင်ပြုမူလုပ်ကိုင်သွားရမည်ဖြစ်သည်။

ပြင်ပကျန်းမာရေးနှင့်ပတ်သက်၍ နံနက်စောစောနေရောင်ခြည်ကဲ့သို့ သင့်တင့်သောနေရောင်ခြည်နှင့်ထိတွေ့ခြင်း၊ သင့်လျော်သော ပတ်ဝန်းကျင်/ကိုယ်ခန္ဓာ အပူချိန်ရှိခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ရောဂါကူးစက် နိုင်သော နေရာများတွင် ကလိုရင်းပိုးသတ်ဆေးပက်ဖျန်းခြင်း၊ လက်ကို သန့်ရှင်းအောင် အစဉ်အမြဲဆေးကြောသန့်စင်ခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် ကိုယ်ခံအားကောင်းခြင်းတို့သည် ဗိုင်းရပ်စ်ပိုးအား ကြိုတင်ကာကွယ် ခုခံတားဆီးနိုင်သော အကောင်းဆုံးနည်းလမ်းများဖြစ်သည်။

လူတိုင်းလူတိုင်း တစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်သက်၍ အိပ်ရေးဝ အောင် အိပ်စက်ခြင်း၊ နံနက်စာကိုပုံမှန်စားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ် သောအစားအသောက်များကို ပုံမှန်စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း၊ စိတ်ရွှင်လန်းတက်ကြွပြီး စိတ်ချမ်းသာအောင်နေထိုင်ခြင်းနှင့် အရာရာတွင် အကောင်းမြင်တတ်ခြင်းတို့သည် COVID-19 ဗိုင်းရပ်စ်ပိုး သာမက အခြားမည်သည့်ရောဂါ၊ ဗိုင်းရပ်စ်ပိုးမျှ အလွယ်တကူမဝင်ရောက် နိုင်အောင် ကြိုတင်ကာကွယ်တားဆီးနိုင်သည်။


သို့ဖြစ်ရာ ရောဂါဘေးဘယာများအမျိုးမျိုးထူပြောနေသော ယနေ့ ကာလတွင် မိမိကိုယ်တိုင်အထူးဂရုပြု၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ရာ ကိုယ်စီကိုယ်စီကိုယ်ခံအားကောင်းမွန်ကြလျှင် ဝင်ရောက် လာနိုင်သော ရောဂါဘေးအန္တရာယ်များကို ခုခံကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်း။ ။