Tuesday, December 3, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
Image may contain: 1 person, standing

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်း အနား ကျင်းပရေးဦးစီးကော်မတီက ဦးဆောင်ကျင်းပသည့် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်း အနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

တက်ရောက်

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းမော်ထွန်းနှင့် ဦးကျော်လင်း၊ တိုင်းဒေသကြီးဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

သီဆိုဖျော်ဖြေ

ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများက "မြကျွန်းညိုညို တက္ကသိုလ်" တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရာပြည့်အထိမ်းအမှတ် စတင် ကြောင်း စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားရာတွင် “ဒီနေ့ဟာ ကျွန်မတို့ တက္ကသိုလ်အတွက်သာမက ကျွန်မတို့ နိုင်ငံအတွက် အရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ မြန်မာ့ပညာရေး လောကအတွက် အရေးပါတဲ့ ရန်ကုန် တက္ကသိုလ်ရာပြည့်ကာလမှာ ရာပြည့်အထိမ်း အမှတ် ဖွင့်ပွဲအခမ်းအနားကို အခုလို တက်ရောက်ပြီးတော့ အမှာစကားပြောခွင့်ရတဲ့ အတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူပါ တယ်။
အခွင့်ထူးကြီးဖြစ်

မြန်မာ့ပညာရေးသမိုင်းမှာ အစဉ်အလာ ကြီးမားလှတဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် ပေါ်ပေါက်ခဲ့ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်တဲ့ ရာပြည့်သဘင်ကို ဆင်ယင် ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲသဘင်ကို ရာပြည့် ကာလဖြစ်တဲ့ ဒီနေ့ကစပြီး စည်ကားသိုက်မြိုက် ခမ်းနားထည်ဝါစွာနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒီလို ကြုံတောင့်ကြုံခဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲသဘင်အခမ်း အနားကြီးကို ဆင်ယင်ကျင်းပခွင့်ရတာဟာ ကျွန်မတို့ အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူ စရာ အခွင့်ထူးကြီးပဲဖြစ်ပါတယ်။

သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ဟာ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အသီးသီးရဲ့ မိခင်ကြီးလို့လည်း ဆိုလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက် လာခဲ့တဲ့ တက္ကသိုလ်အသီးသီးဟာ ရန်ကုန် တက္ကသိုလ်ကတစ်ဆင့် ပေါက်ဖွားလာခဲ့တဲ့ တက္ကသိုလ်တွေ ဖြစ်ပါတယ်။
ရန်ကုန် တက္ကသိုလ်ကို စတင်တည်ထောင်စဉ်ကတည်း က အင်္ဂလန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကြီးတွေ ရဲ့ စနစ်အတိုင်း စနစ်တကျ ဖွဲ့စည်းတည်ထောင် ခဲ့တာဖြစ်ပြီး ပညာရပ်နယ်ပယ်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်တွေထဲမှာ တစ်ခုဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ဥပဓိရုပ်ဟာ အင်းလျားကန် နောက်ခံ၊ ဘွဲ့နှင်းသဘင်အဆောက်အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ ကျယ်ဝန်းတဲ့ တက္ကသိုလ်နယ်မြေတွေကြောင့် အရှေ့တောင် အာရှမှာ အလှပဆုံးတက္ကသိုလ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာ ကျွန်မတို့ ဦးစားပေးဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကတော့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးပဲဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ် ပြန်လည်မွမ်းမံတာတွေ၊ အဆင့် မြှင့်တင်တာတွေကို စနစ်တကျဆောင်ရွက် နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်း အဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲအကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင် တဲ့ ဦးစီးကော်မတီ (Steering Committee)ဖွဲ့စည်းပြီး အကောင်အထည်ဖော်လျက် ရှိပါတယ်။ လုပ်ငန်းအလိုက် ပညာအရည် အသွေးမြှင့်တင်ရေးကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေး ကော်မတီ (Hardware Committee)တွေကိုလည်း ထပ်မံဖွဲ့စည်းဆောင်ရွက်လျက် ရှိပါတယ်။

ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်

မဟာစီမံကိန်းအရ ရန်ကုန်တက္ကသိုလ်ရဲ့ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုကိစ္စတွေ၊ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကာလအခြေအနေနဲ့ ဆီလျော်ညီညွတ်မှု ရှိအောင် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ် အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန် တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ် (Autonomous University)ဖြစ်စေဖို့ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်း ပေးလျက်ရှိပြီး မကြာခင်ကာလမှာ ရန်ကုန် တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအဖြစ်နဲ့ မဟာဌာနစနစ် (Faculty System)ကိုထူထောင်ဖို့၊ သင်ရိုး ညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်ပြီး မွမ်းမံ ပြင်ဆင်ဖို့ ၊ လိုအပ်ချက်နဲ့အညီ ပြန်လည်ရေးဆွဲ ဖို့ စတဲ့လုပ်ငန်းတွေကို စီမံဆောင်ရွက်သွား မယ်လို့ သိရပါတယ်။ ဒါ့အပြင် အရည်အသွေး ပိုမိုမြင့်မားတိုးတက်လာစေဖို့၊ နိုင်ငံရဲ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက်လာစေဖို့၊ နိုင်ငံတကာ တက္ကသိုလ်များနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရာမှာ ထိထိရောက်ရောက်ဖြစ်စေ ဖို့၊ ကျောင်းသားများရွှေ့ပြောင်း ပညာသင်ယူ ရေး(Student Mobility)ကိစ္စတွေမှာ လွယ်ကူ ချောမွေ့အဆင်ပြေအောင် သင်ရိုးညွှန်းတမ်း တွေ၊ မူဝါဒတွေကို ပြုပြင်ပြောင်းလဲသွားမယ် လို့လည်း သိရပါတယ်။

အီလက်ထရွန်နစ် စာကြည့်တိုက်

အတွင်းပညာအရည်အသွေး အာမခံမှု စနစ်(Internal Quality Assurance System) ကို ထူထောင်ရေးစီမံကိန်းတွေ၊ နိုင်ငံ့အကျိုးပြု အသုံးချ သုတေသနလုပ်ငန်းတွေ (Applied Research Activities)၊ အခြားနိုင်ငံတကာ တက္ကသိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ (Internationalization)၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ အီလက်ထရွန်နစ် စာကြည့်တိုက် (e-Library) အဖြစ် ပြုစု ပျိုးထောင်မယ့် အစီအစဉ်တွေကိုလည်း တွေ့ရ ပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေအဖြစ် ကျန်းမာရေးနဲ့ ပြည့်စုံပြီး သန့်ရှင်းသာယာလုံခြုံနွေးထွေးတဲ့ တက္ကသိုလ် ရုပ်ဝန်းကျင်ကောင်းဖြစ်စေဖို့၊ တက္ကသိုလ် ဝန်းကျင်မှာ
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့၊ အဓိပတိလမ်းတစ်လျှောက် သာယာလှပဖို့နဲ့ စိမ်းလန်းစိုပြည်ဖို့တို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါ တယ်။ ဒီလိုဆောင်ရွက်ရာမှာ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသား ဟောင်းကြီးတွေ၊ မိဘပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ရန်ကုန်တက္ကသိုလ်ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ သမိုင်းဝင် အဆောက်အအုံတွေကို မထိခိုက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲရေးမှာ ရန်ကုန်တက္ကသိုလ်အစဉ်အလာနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို မထိခိုက်စေဖို့ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအဆင့် မြှင့်တင်ရေးလုပ်ငန်းတွေမှာ သန့်ရှင်းတဲ့ ရေပေးဝေရေးစနစ်ဖြစ်စေဖို့၊ ရေစီးရေလာ ကောင်းစေဖို့၊ ရေဆိုးမိလ္လာစွန့်ပစ်စနစ် ကောင်းမွန်စေဖို့၊ လျှပ်စစ်ပိုင်းဆိုင်ရာစနစ်တကျ လုံခြုံမှုရှိစေဖို့ဆောင်ရွက်မယ့် အစီအစဉ်တွေ လည်း ပါရှိပါတယ်။

အထောက်အကူဖြစ်နိုင်

သင်ယူမှု သင်ကြားမှု ကဏ္ဍအနေနဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားလိုအပ်ချက်၊ ပညာ ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်အောင် လက်ရှိ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်တာတွေ၊ အသစ်ပြန်လည် ရေးဆွဲတာတွေ၊ ပြုပြင်မွမ်းမံတာတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်း တွေဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တွေ၊ ကျောင်းပြောင်းသင်ယူမှုတွေကိုလည်း အထောက်အကူဖြစ်နိုင်ပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်တဲ့ လူသားကောင်းများ မွေးထုတ် ပေးနိုင်ဖို့ ရည်ရွယ်မှာ ဖြစ်ပါတယ်။ ကျောင်း ရွှေ့ပြောင်းသင်ယူနိုင်ပြီး တက္ကသိုလ် အချင်းချင်းပူးပေါင်းဆောင်ရွက်ရာမှာ လွယ်ကူ အဆင်ပြေစေဖို့အတွက် ခရက်ဒစ် အမှတ် လွှဲပြောင်းတဲ့စနစ် (Credit Transfer System)ကိုလည်း အမြန်ဆုံးတည်ဆောက်ရမှာ ဖြစ်ပါ တယ်။ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်ရေးမှာ အဓိကအကျဆုံးလုပ်ငန်းကတော့ ပညာ အရည်အချင်းမြှင့်တင်ရေးပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ဆိုတာဟာ ပညာပေးတဲ့အဆင့်မြင့် ဌာနတစ်ခုဖြစ်ပါတယ်။ ပညာပေးရာမှာ ပြီးပြည့်စုံတဲ့ လူသားကောင်းတစ်ယောက်ဖြစ် ဖို့ ရည်ရွယ်ရပါတယ်။ ဒီနေရာမှာ ပညာနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုနိုင် မှာ ဖြစ်ပေမယ့် ကျွန်မအနေနဲ့ ပညာဆိုတာ လူသားတွေကို ခေတ်အဆက်ဆက် တိုးတက် ပြောင်းလဲစေခဲ့တဲ့ အမြော်အမြင်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ပညာသင်ယူတယ်ဆိုတာ ဘဝ မှာ ကိုယ်ကြုံတွေ့ရမယ့် အခြေအနေတွေကို မျှော်မှန်းပြီး ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ် လာရင် ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ပဲ ဖြစ်ပါ တယ်။ ဒီလို ဆုံးဖြတ်နိုင်ဖို့အတွက် ပညာ အမြော်အမြင်ရှိဖို့လိုပါတယ်။ စာတွေတတ်ပေ မယ့် အမြော်အမြင်မရှိရင် ဘဝကို မှန်ကန်စွာ ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး၊ စာတော်ပြီး အမြော်အမြင်ရှိမှသာလျှင် နိုင်ငံကိုအကျိုးပြုနိုင် မှာ ဖြစ်ပါတယ်။ အကျိုးပြုမယ့်လူသားတွေ ကို အကျိုးပြုနိုင်မယ့်သူတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ ပညာအရည်အချင်းမြှင့်တင်ရေး မှာ ဒီလို ပညာအမြော်အမြင်ရှိတဲ့ နိုင်ငံသား ကောင်းတွေ၊ လူသားကောင်းတွေ ဖြစ်လာ အောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ ရည်မှန်းချက် ထားရှိရမှာ ဖြစ်ပါတယ်။
တန်ဖိုးရှိ
ပညာရပ်နယ်ပယ်မှာ ဘယ်ဘာသာရပ်က ဘယ်ဘာသာရပ်ထက် ပိုပြီးတန်ဖိုးရှိတယ်ဆို တာကို ယတိပြတ်ပြောလို့မရပါဘူး။ ဘာသာရပ် တိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိတာပဲ ဖြစ်ပါ တယ်။ ပညာအရည်အချင်းမြှင့်တင်ရေးမှာ ဘာသာရပ်တိုင်းကို ဖွံ့ဖြိုးတိုးတက်ဖို့ အားပေး မှသာ ပညာရပ်နယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဘာသာရပ်တွေ ရဲ့ တန်ဖိုးရှိမှု၊ မရှိမှုဟာ သုံးစွဲပုံပေါ်မှာ အင်မတန် မှ မူတည်ပါတယ်။ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်သုံးစွဲရင် တန်ဖိုးရှိပြီးတော့ မမှန်မကန်သုံးစွဲရင် အန္တရာယ်ဖြစ်လာမယ် ဆိုတာကို ကျွန်မတို့အားလုံး သိပြီးသားလို့ မျှော်လင့်ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့တကွ တက္ကသိုလ်အသီးသီးမှာရှိတဲ့ ပညာရပ်တိုင်းကို ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေး လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဘာသာရပ်အသီးသီးက ကျောင်းသူ ကျောင်းသားတွေကို ထူးချွန်ထက်မြက် လာအောင် ပြုစုပျိုးထောင်နိုင်မှ နိုင်ငံတော် ကဏ္ဍအသီးသီးရဲ့ တာဝန်တွေကို ထူးချွန် ထက်မြက်တဲ့ ဒီလူငယ်တွေက လက်ဆင့် ကမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်သေးပါဘူး၊ ဖွံ့ဖြိုးဆဲပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေအပေါ်မှာ တာဝန်တွေ အများကြီးရှိသလို နိုင်ငံရဲ့အကျိုး ထမ်းဆောင်ပုံ အခွင့်အရေးတွေလည်း အများကြီးရမှာမို့လို့ ဝမ်းသာစေချင်ပါတယ်၊ ဂုဏ်ယူစေချင်ပါတယ်။
မကြာခင်မှာ ကျရောက်တော့မယ့် ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်သဘင်ကြီးဟာ ရန်ကုန် တက္ကသိုလ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေ အတွက်သာမက မြန်မာတစ်မျိုးသားလုံး အတွက် ဂုဏ်ယူစရာအချိန်အခါဖြစ်ပါ တယ်။ ဒီရာပြည့်သဘင် အခမ်းအနားကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လုပ်ငန်းကော်မတီ ၁၇ ခုကို ဖွဲ့စည်းထားပြီး ဆောင်ရွက်နေတယ်လို သိရပါတယ်။
ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ ရာပြည့် အကြိုကာလကစပြီး နှစ်(၁၀၀)မြောက် ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ဒီလုပ်ငန်း ကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေကို တစ်ဆင့်ပြီး တစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွား ကြပါ၊ ဒီလိုဆောင်ရွက်ရာမှာ လုပ်ငန်းစဉ်တွေ ကို မျိုးဆက်သစ်ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသားဟောင်းကြီးတွေ၊ မိဘပြည်သူ တွေကို ပွင့်လင်းမြင်သာစွာ တင်ပြပြီး အားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်လာအောင် ကြိုးပမ်း သွားကြပါ၊ ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့် သဘင်အခမ်းအနားကြီးကို မြန်မာ့ပညာရေး အောင်ပွဲအဖြစ် စည်ကားသိုက်မြိုက်အောင်မြင် စွာ ကျင်းပနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံး ချုပ်ပါတယ်။ အားလုံးလည်း ဆောင်ရွက်ပေး နိုင်ကြပါစေလို့လည်း မေတ္တာပို့သအပ်ပါတယ်” ဟု ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် သမိုင်း ကြောင်း ဗီဒီယိုကိုပြသပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမှာစကား ပြောကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အထိမ်း အမှတ် ကျင်းပခြင်းနှင့် ရန်ကုန်တက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုစကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ်ရာပြည့် အခမ်းအနားအတွက် ပါဝင်အားဖြည့် လှူဒါန်း ကြသည့် အလှူရှင်များအား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးကျော်တင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့က ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ် ကြသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဟောင်းများဖြစ်သည့်

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာတင်အောင်အေး၊ ရုပ်ရှင်အနုပညာ ဖန်တီးသူ ဒါရိုက်တာဦးကြည်စိုးထွန်း၊ သဘင် ပညာရှင် စာရေးဆရာချစ်ဦးညို၊ ဂီတပညာရှင် ဒေါ်နွဲ့ယဉ်ဝင်း၊ စာပေပညာရှင် ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ အားကစား ထူးချွန်သူ ဦးနန္ဒကျော်စွာတို့က အမှတ်တရ စကားများ ပြောကြားကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်-ငြိမ်း) ဒေါက်တာအောင်သူက အခြေခံသိပ္ပံပညာ ထူးခွန်ဆုရ ကျောင်းသားဟောင်းများကိုယ်စား ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ် ဖြစ်ပေါ် လာမှုနှင့် လှူဒါန်းမှုဖြစ်ပေါ်လာခဲ့ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။
ထို့နောက် ကံ့ကော်ဥယျာဉ် အလှူရှင်များ က လှူဒါန်းငွေနှင့် လှူဒါန်းမှုမှတ်တမ်းများ အား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းထံ ပေးအပ်သည်။
တက်ရောက်
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ် ဖွင့်လှစ်ခြင်းအခမ်းအနားကိုရန်ကုန်တက္ကသိုလ်ဝင်း အမရဆောင်ရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ နှင့် ဦးကျော်တင်တို့ တက်ရောက်ကြ
သည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကံ့ကော်တောနှင့် ကံ့ကော် ဥယျာဉ်ကို ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းနှင့် အလှူရှင်များဖြစ်ကြ သည့် ဒေါက်တာဇော်ဝင်းနှင့် ဦးစိုင်းမျိုးဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက် လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းကာ ကံ့ကော်တော နှင့် ကံ့ကော်ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။
တစ်နှစ်ပတ်လုံး ကျင်းပမည်
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ အထိ တစ်နှစ်တာပတ်လုံး ကျင်းပသွားမည်ဖြစ် သည်။
ယခု ရက်သတ္တပတ်တွင် ရန်ကုန် တက္ကသိုလ် အဓိပတိလမ်း၊ စာကြည့်တိုက်ရှေ့ နှင့် သစ်ပုပ်ပင်တစ်ဝိုက်တွင် ရာပြည့်အကြို အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကိုလည်းကောင်း၊ အပန်းဖြေ ရိပ်သာတွင် ရန်ကုန်တက္ကသိုလ်၏ ဖြစ်တည်မှု သမိုင်းပုံရိပ်များကို ပြသထားသည့် ရာပြည့် အမှတ်သညာပွဲတော်ကို လည်းကောင်း၊ တက္ကသိုလ်နှင့်ဆက်နွှယ်သော ရုပ်ရှင် ဇာတ်ကားများ၊ စကားဝိုင်းဆွေးနွေးပွဲများဖြင့် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။




ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို မြန်မာနိုင်ငံ ၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ထိန်းသိမ်းမြှင့် တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြု စေရေး၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျောညီထွေဖြစ် သည့် အရည်အသွေးရှိသော တက္ကသိုလ်ပညာ ရေးကို ဖော်ဆောင်ရေး၊ ပညာအခြေပြုလူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင် ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေး၊ နိုင်ငံ့ကောင်းကျိုး၊ ကမ္ဘာ့ ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံ တကာအဆင့်မီ တက္ကသိုလ်အဖြစ် ဦးတည် အကောင်အထည်ဖော်ရေး စသည့် ဦးတည် ချက်များဖြင့် ဆောင်ရွက်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

Monday, December 2, 2019

သဘာဝအန္တရာယ်ကို ကြိုတင်ကာကွယ်

အယ်ဒီတာ့အာဘော်
------------------------

ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် ကြီးမားခိုင်ခံ့သောထုထည် ပမာဏကြီးမားသည့် အစိုင်အခဲကြီးမဟုတ်ပေ။ ဥပမာဆိုလျှင် အနှစ်၊ အကာ၊ အရည်၊ လေတို့ကို ဖုံးအုပ်ထားသောအခွံမာသည့် ကြက်ဥတစ်လုံးနှင့် တူသော မြေသားကမ္ဘာပေါ်တွင်တည်ရှိနေခြင်းဖြစ်သည်။ မြေထု၊ ကျောက်ထု၊ ရေထု၊ လေထု၊ ချော်ရည်ထု အထပ်ထပ်တို့အပေါ်တွင် တည်ရှိနေသည်။
မြေထုအောက်ရှိကျောက်သားလွှာထု၏ ပြတ်ရွေ့ကြောင်းများသည် ကုန်းမြေမြင့်တက်ခြင်း၊ နိမ့်ကျခြင်းနှင့် တောင်ပြိုလှုပ်ရှားမှုကြီးများကြောင့် ဖြစ်ပေါ်လာသော အပေါ်ယံဘူမိအခြင်းအရာနှင့် လေနာသည်နှင့် တူသော အတွင်းပိုင်းအရာများ တွန်းကန်လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသော ဘူမိအခြင်းအရာတို့သည် မြေငလျင်လှုပ်ခြင်းဖြစ်လာသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အပေါ်ယံမြေကမ္ဘာသည် အေးဆေးတည်ငြိမ်နေသည်မဟုတ်၊ အချိန်မရွေး လှုပ်ရှားရိုက်ခတ်မှုဖြစ်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
မြန်မာ့မြေအောက်တွင်ရှိသည့် ပြတ်ရွေ့ကြောင်းများသည် တောင်နှင့် မြောက် တန်းနေကြသည်။ ထိုပြတ်ရွေ့ကြောင်းများ၏ လှုပ်ရှားတွန်းကန်မှု များကြောင့် ငလျင်လှုပ်မှုများဖြစ်ပေါ်နေသည်။ မှတ်တမ်းများအရ အင်အား ကြီး၊ လတ်၊ ငယ် ငလျင်အကြိမ်ပေါင်းတစ်ထောင်ခန့်လှုပ်ခဲ့ပြီးဖြစ်ရာ ပြင်းထန်သော ငလျင် ၂၇ ကြိမ်လှုပ်ခဲ့ပြီး အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိ ငလျင်အကြိမ်ပေါင်း ရာနှင့်ချီ၍လှုပ်ခဲ့ပြီးဖြစ်သည့် ငလျင်မှတ်တမ်းများရှိသည်။
မြို့ပြများတွင် ပြင်းထန်သောငလျင်လှုပ်ခဲ့ခြင်းကို ရှေးရှေးက စစ်ကိုင်း၊ ပဲခူး၊ ဖြူး၊ မန္တလေး၊ အမရပူရမြို့များတွင် ကြုံတွေ့ရပြီးဖြစ်သည်။ ကျန်မြန်မာ နိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းမြို့များတွင်မူ အင်အားအသင့်အတင့်နှင့် အနည်းငယ်သာရှိသည့် ငလျင်များလှုပ်ခတ်ခဲ့သည်။ အင်အားအသင့်အတင့် ရှိသည်ဆိုသော်လည်း ရှေးဟောင်းအဆောက်အအုံများမှာ အပျက်အစီး အနည်းအများရှိသည်။ ငလျင်လှုပ်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှု ဒြပ်ရှိပစ္စည်းများပျက်စီးမှုမှာ ဆုံးရှုံးမှုတန်ဖိုး ကြီးမားသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များပေါများရာဒေသမှာ ပုဂံ ယဉ်ကျေးမှုနယ်မြေဖြစ်သည်။ ပုဂံဒေသသည်လည်း ငလျင်ဘေးဒဏ်နှင့် အစဉ်အဆက်မလွတ်ကင်းခဲ့ချေ။ ၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပုဂံငလျင်မှာ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိသည်။ အင်အားအသင့်အတင့်ရှိသည်ဟုဆိုသော်လည်း အလွန်ပြင်းထန်လွန်းသဖြင့် ပုဂံရှေးဟောင်းအဆောက်အအုံ အားလုံးနီးပါး အနည်းနှင့်အများ ပျက်စီး ခဲ့သည်။ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးအရ ကြီးမားသောဆုံးရှုံးမှုဖြစ်သည်။ ယင်းကို အစိုးရနှင့် စေတနာရှင်များက ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံ ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်ခဲ့ပြန်ရာ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများအနက် စေတီ ၃၈၉ ဆူ ပျက်စီးခဲ့သည်။ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် စေတီပုထိုးများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ငလျင်လှုပ်ပြီးပြီးချင်း အစိုးရ၊ ပြည်သူ၊ ပရဟိတ အဖွဲ့များ၊ ယူနက်စကိုနှင့် ပြည်တွင်း၊ ပြည်ပပညာရှင်များက ပြုပြင်ခဲ့ကြသည်။ ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့်ကော်မတီနှင့် ကော်မတီအဖွဲ့အစည်း အဆင့်ဆင့်တို့က ယနေ့ထက်တိုင် ပြုပြင်ထိန်းသိမ်းမွမ်းမံလျက်ရှိသည်။
သို့ဖြစ်ရာ ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တန်ဖိုး ကြီးမားသော ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီး၊ မဆုံးရှုံးစေရေး အတွက် ထပ်မံဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုပါ ထည့်သွင်းတွက်ချက်၍ ကြိုတင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ

Image may contain: 11 people, people smiling, people standing
ရန်ကုန် ဒီဇင်ဘာ ၁
ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက် ရေးနေ့အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား ယခုလို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက် များမှာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လက်ရှိအခြေအနေ အား ပြည်သူကိုအသိပေးပြီး မပေါ့ဆရန် အသိပေး ပြောကြားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လုပ်ဆောင်မှုများကို အသိပေးရှင်းလင်းတင်ပြရန် ဖြစ်ကြောင်း။
အောင်မြင်နိုင်မည်
ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Communities make the difference” “အေအိုင်ဒီအက်စ် ရောဂါကင်းဝေးရေး လူထုအားလုံး ပါဝင်ပေး” ဆိုသည်နှင့် အညီ အိပ်ချ်အိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အမျိုးသမီးများ၊ လူငယ်များ၊ လူထုကျန်းမာရေးလုပ်သားများ၊ လူထုအခြေပြုအဖွဲ့အစည်း များအပြင် ပြည်သူများပါဝင်ဆောင်ရွက်မှ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများမပါဝင်လျှင် မည်သည့်ကျန်းမာရေးလုပ်ငန်းမှ ထိရောက်အောင်မြင်နိုင် မည် မဟုတ်ကြောင်း။
အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် လူမှုရေး၊ စီးပွားရေးနှင့် နှီးနွှယ်သည့်အချက်အလက်အကြောင်း အရာများ၊ လူငယ်များ၏အသိအမြင်နှင့် ခံယူချက်၊ ပြည်သူ များ၏ ရောဂါနှင့်ပတ်သက်သော အသိပညာဗဟုသုတများ နှင့် များစွာဆက်စပ်နှီးနွှယ်နေသောကြောင့် ကျွမ်းကျင်မှုနှင့် အတတ်ပညာဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုတစ်ခုတည်းဖြင့် မလုံလောက်ကြောင်း။
စဉ်းစားသုံးသပ်လုပ်ဆောင်ရန် အရေးကြီး
ဤရောဂါသည် လူမှုရေးနှင့် များစွာဆက်စပ်နေသော ရောဂါ (social disease) တစ်မျိုးဖြစ်ကြောင်း၊ စီမံချက် မန်နေဂျာအပါအဝင် သက်ဆိုင်သူအားလုံးသိရှိရန် အထူး အရေးကြီးကြောင်း၊ ဒီနေ့လိုအခမ်းအနားပြီးစီးသွားပါက တစ်ဦးချင်း၊ NGO များ၊ INGO များ၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ တစ်ဖွဲ့ချင်းစီက မိမိတို့ ဘာဆက်လုပ်သင့်သည်၊ ဘယ်လိုလုပ်သင့်သည်၊ မိမိတို့၏ခံယူချက်၊ အသိအမြင် မှန်မမှန်၊ မိမိတို့၏ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများကို ဘာတွေပြောသင့်သည်၊ ပြောရမည်တို့ကို စဉ်းစားသုံးသပ် လုပ်ဆောင်ရန် အရေးကြီးကြောင်း။
ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် အနေဖြင့်လည်း မိမိတို့၏ဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ပြီး ထူးခြားဆန်းသစ်သော အတွေးအခေါ်ဆောင်ရွက် မှုများ (Out of the box thinking ၊ innovative thinking)ဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေးနှင့် ပြုစု ကုသစောင့်ရှောက်ရေးလုပ်ငန်းများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း {National Strategic Plan for HIV/AIDS(2016-20)} နှင့် အညီ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၅ အတွက်လည်း ရေးဆွဲလျက်ရှိကြောင်း။
တိုးချဲ့ဆောင်ရွက်လျက်ရှိ
မိမိတို့ဝန်ကြီးဌာနအနေဖြင့် အိပ်ချ်အိုင်ဗွီ/အေအိုင် ဒီအက်စ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အမျိုးသားရေး အသွင်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး အိပ်ချ်အိုင်ဗွီပညာပေးလုပ်ငန်း၊ အခမဲ့ကွန်ဒုံး ဖြန့်ဝေပေးခြင်းလုပ်ငန်း၊ ကာလသားရောဂါ ရှိ/မရှိ စမ်းသပ် စစ်ဆေးပြီး ကုသပေးခြင်းလုပ်ငန်း၊ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများကြား အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရမှုအန္တရာယ် လျှော့ချရေးလုပ်ငန်း၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရခြင်း ရှိ/ မရှိ သွေးစစ်ဆေးခြင်းလုပ်ငန်း၊ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီ ပိုးကူးစက်မှုမှ ကာကွယ်ရေးလုပ်ငန်း(PMTCT)၊ အေအာတီ ဆေးဖြင့် ကုသခြင်း(Antiretroviral Therapy) လုပ်ငန်း များကို တစ်နိုင်ငံလုံးလွှမ်းခြုံမှုရရှိအောင် တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူ ဦးရေ ၂၃၇၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ သုည ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းတွက်ချက်မှုအရသိရှိရပါ ကြောင်း။
အလားတူ အိပ်ချ်အိုင်ဗွီရောဂါအသစ်ကူးစက်ခံရမှု သည် ၂၀၀၀ ပြည့်နှစ်တွင် ၂၉၀၀၀ ခန့်နှင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၀၀၀၀ ကျော်အထိ ကျဆင်းလာခဲ့ပါ ကြောင်း၊ ရောဂါပိုးအသစ်ကူးစက်ခံရမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်သည် မူးယစ်ဆေးထိုးသွင်းသူများ (PWID)၊ အမျိုးသမီးလိင်လုပ်သားများ(FSW)နှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ(MSM)စသည့် အန္တရာယ်ရှိသော ဦးတည်အုပ်စုများအတွင်းဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ဦးတည်အုပ်စုများကို ဦးစားပေးအလေးထား၍ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများအား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
အိပ်ချ်အိုင်ဗွီပိုးအသစ်ကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံးဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ တွေ့ရှိရကြောင်း။
၂၀၁၅ ခုနှစ် အစတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ နှစ်သိန်းကျော်အနက် လူနာ ၈၅၀၀၀ ကျော်ကိုသာ ဘဝ တစ်သက်တာသောက်ရမည့် အေအာတီဆေး (Lifelong ART)ဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင် လူနာပေါင်း ၁၇၅၀၀၀ ကျော် နှစ်ဆကျော်ထိ တိုးမြှင့် ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
လွှဲပြောင်းလက်ခံ ကုသပေးနေ
၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ လူနာပေါင်း ၁၃၀၀၀၀ ကျော်ကို အစိုးရကျန်းမာရေးဌာနများတွင် ကုသမှုပေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ၏ ဆေးခန်းများတွင် ကုသမှုခံယူ နေသူများကိုလည်း တဖြည်းဖြည်း လွှဲပြောင်းလက်ခံရယူပြီး ကုသပေးနေပြီဖြစ်ကြောင်း။
အေအာတီဆေးတိုက်ကျွေးကုသခြင်း အိပ်ချ်အိုင်ဗွီ ကူးစက်နေသည့် လူနာများကို ဘဝအရည်အသွေးပြည့်ဝစွာ ဖြင့် နေနိုင်စေရုံသာမက အိပ်ချ်အိုင်ဗွီပိုးကူးစက်ပြန့်ပွား မှုကိုလည်း ကာကွယ်မှုပေးသည်ဆိုသည့်အချက်ကိုလည်း သိစေချင်ကြောင်း။
အေအာတီဆေးဖြင့် တိုးချဲ့ကုသပေးနိုင်မှုကြောင့် လူနာများသည် ပိုမိုအသက်ရှည်စွာနေနိုင်လာကြပြီး နောက်ဆက်တွဲပြဿနာအနေနှင့် သွေးတိုး၊ ဆီးချို စသည့် မကူးစက်တတ်သောရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပြီး ရေရှည်၌ထည့်သွင်းစဉ်းစားရမည့် ကျန်းမာရေးပြဿနာ တစ်ခုအဖြစ် တွေ့မြင်လာရကြောင်း။
အန္တရာယ်ရှိသည့် အပြုအမူ
အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖြစ်ပွားမှု အခြေအနေနှင့် အန္တရာယ်ရှိသည့် အပြုအမူကျင့်သုံးမှုအခြေအနေများ ပုံမှန် ဆန်းစစ်ခြင်း(IBBS- 2017) စစ်တမ်းအရ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူပေါင်း ၉၃၀၀၀ ခန့်ရှိပြီး ၂၀၁၇ စစ်တမ်းအရ မူးယစ်ဆေးဝါး အကြောတွင်းထိုးသွင်းသူများ တွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်း ၃၄ ဒသမ ၉ ရာခိုင်နှုန်း အထိရှိကြောင်း။
ကိုယ်ဝန်ဆောင်မိခင်များတွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားမှု နှုန်းသည် ၂၀၁၁ ခုနှစ်တွင် သုည ဒသမ ၈၄ ရာခိုင်နှုန်းရှိခဲ့ ရာမှ ၂၀၁၈ ခုနှစ်တွင် သုည ဒသမ ၅၇ ရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာ နိုင်ငံအနေနှင့် လာမည့် ၂၀၂၅ ခုနှစ်တွင် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုလုံးဝကင်းစင်ပပျောက်သွားသည် အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းလည်း အသိပေးပြောကြားလိုကြောင်း။
လုံးဝပပျောက်သွားစေရန်
ယနေ့အခမ်းအနားတွင် အထူးမှာကြားလိုသည်မှာ အမျိုးသမီးလိင်လုပ်သားများ (FSW)နှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ (MSM)၊ ပြည်သူလူထု အခြေပြုအဖွဲ့ အစည်းများအပါအဝင် ပြည်သူများကိုယ်တိုင် ဦးဆောင်ပြီး အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရန် အထူးအရေးကြီး ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်မှ လုံးဝပပျောက် သွားစေရန်အတွက် လူတိုင်းအသိစိတ်ဓာတ်ရှိစွာဖြင့် ပြည်သူလူထုအားလုံး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြား ခြင်း၊ UNAIDS အဖွဲ့မှ Country Director, Mr. Oussama Tawil က UNAIDS မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ U.S Embassy မှ Deputy Chief of Mission, Deborah C. Lynn က ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်သော အမှာစကား ပြောကြားခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှ ပေးပို့ သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ အိပ်ချ်အိုင်ဗွီရောဂါ နှင့် နှီးနွှယ်ခံစားနေရသော လူထုကိုယ်စား မြန်မာနိုင်ငံ အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာဝင်း က ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိပ်ချ်အိုင်ဗွီကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွ လှုပ်ရှားမှုထူးချွန်ဆုရ မြို့နယ်များအား လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်း အဆင့် ပန်းချီ ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား လည်းကောင်း၊ ဉာဏ်စမ်းဗဟုသုတ ပြိုင်ပွဲများတွင် ထူးချွန်ဆုရ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းဝင်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ အား လည်းကောင်း၊ ပညာပေးပြခန်း အကောင်းဆုံးပြင်ဆင် နိုင်မှုဆုအား လည်းကောင်း ချီးမြှင့်ပေးခဲ့ကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက်လာသော ဧည့်သည်တော်ကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းငယ် များအား လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံ အိပ်ချ်အိုင်ဗွီ နှင့်နေထိုင်နေသူများ၊ ဦးတည်အုပ်စုများဖြစ်သော အမျိုးသားချင်း လိင်တူချစ်သူများ၊ အမျိုးသမီးလိင်လုပ် သားများနှင့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများအား အားပေးစကားများ ပြောကြားခဲ့သည်။
ဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗဟန်း မြို့နယ်ရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအက်စ်ကျော်လှနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ တွင် အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသား အဖြစ်ခံယူထားသော မူလမြန်မာနိုင်ငံဖွား အထူးကု ဆရာဝန်များနှင့် ဆရာဝန်များနှင့်ပတ်သက်သော ကန့်သတ် အထွေထွေဆေးကုသခွင့်လိုင်စင်နှင့် ကန့်သတ်အထူး ဆေးကုသခွင့်လိုင်စင်များ ဖြေလျှော့ပေးနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး
မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အက်စ်ကျော်လှက ပြည်ထောင်စုဝန်ကြီး လွှတ်တော်တွင် ဖြေကြားခဲ့သည့်အတိုင်း အမြဲနေထိုင်ခွင့်(PR) ရရှိပြီးသူ များနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသော မူလမြန်မာ နိုင်ငံဖွားဆရာဝန်များကို ဆေးကုသခွင့်လိုင်စင်များ ထုတ်ပေးရာတွင် ပြည်ထောင်စုဝန်ကြီး ပြည်သူ့လွှတ်တော် တွင် ရှင်းလင်းဖြေကြားထားသကဲ့သို့ ဖြေလျှော့မှုများကို ဆောင်ရွက်ပေးသွားရန် မိမိတို့ အလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် အစည်းအဝေးပြုလုပ်၍ သဘောတူ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုင်စင်ကြေးနှုန်းထား သတ်မှတ်ချက်များကို လျှော့ချ၍ ကောက်ခံသွားမည့်အပြင် ယခင်ကကဲ့သို့ တစ်ကြိမ်လျှင် သုံးလစာ စုပေါင်းသွင်းရခြင်း မျိုးမဟုတ်ဘဲ တစ်လချင်း လိုအပ်ချက်နှင့်အညီ ပေးသွင်း သွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် မိမိတို့ ကောင်စီအနေဖြင့် လူနာဘေး ကင်းလုံခြုံရေးနှင့် ပြည်သူများ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ရည်ရွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်

Sunday, December 1, 2019

အချက်အလက်ခိုင်မာမှ ယုံကြည်မှုမြင့်မား

အယ်ဒီတာ့အာဘော်
-------------------

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စာရင်းအင်းအချက်အလက် တိကျမှန်ကန်ရေးသည် အလွန်အရေးပါသောကိစ္စဖြစ်သည်။ အထူးသဖြင့် ရုန်းကန်အားယူနေရသော မဖွံ့ဖြိုးသေးသောနိုင်ငံများ ပြန်လည်ဖွံ့ဖြိုးတိုးတက် လာရေးတွင် တိကျမှန်ကန်ခိုင်မာသော စာရင်းအင်းအချက်အလက်များဖြင့် ရေရာသေချာသောလုပ်ငန်းများကို ပြုပြင်ပြောင်းလဲလုပ်ကိုင်မှသာ ခရီးရောက် မည်ဖြစ်သည်။
အချက်အလက်မှန်ကန်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် သာမက လုပ်ငန်းကဏ္ဍနယ်ပယ်အသီးသီး ရှေ့သို့တက်လှမ်းနိုင်ရေးအတွက် အရေးပါသောကိစ္စဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ "လူမှုအဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်ဖို့ စာရင်းအင်းဆိုင်ရာအသိပညာမြှင့်တင်စို့" ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ သော မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၉)ဖွင့်ပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ ပြောကြားချက်ကို မှတ်သားရပါသည်။
စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေး သည် နိုင်ငံတစ်နိုင်ငံ၏ပုံရိပ်ကိုဖော်ပြနိုင်ပြီး တစ်ဖက်တွင်လည်း အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား ယုံကြည်မှု တိုးမြှင့်စေနိုင်ပါကြောင်း၊ စာရင်းအင်းအချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းမော်ကွန်းမှတ်တမ်းများအတွက် အခြေခံအလွန်ကျပါကြောင်း သိရှိရသည်။ မှန်ကန်သောစာရင်းအင်းအချက်အလက်များသည် အစိုးရနှင့် ပြည်သူ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံသမိုင်းမှတ်တမ်းများအတွက် အရေးပါသော အချက်အလက်များဖြစ်သည်။
စာရင်းအင်းအချက်အလက်သည် မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်အတွက် အထောက်အကူပြုလျက်ရှိသလို အစိုးရ၊ ပြည်သူ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် ယုံကြည်မှုတည်ဆောက်ရာ၌ အထူးလိုအပ်သည်။ နိုင်ငံသမိုင်းများရေးထိုးရာ၌ တိကျခိုင်မာသောမှတ်တမ်းများဖြင့် မော်ကွန်း တင်နိုင်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အတွက် သမိုင်းသင်ခန်းစာများနှင့် လုပ်နည်းလုပ်ဟန်အသစ်များ ဖော်ထုတ်နိုင်သည်။ ထို့ကြောင့် ကုလသမဂ္ဂ စာရင်းအင်းကော်မရှင်က ကမ္ဘာ့စာရင်းအင်းနေ့အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ငါးနှစ်တစ်ကြိမ်စာရင်းအင်းဖိုရမ်များ ကျင်းပလျက်ရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ အခြေခံဖြစ်သည့် စာရင်းအင်းအချက်အလက် များသည် ရှေ့နောက်ညီညွတ်မှုရှိရန်လိုအပ်သည်။ ‌ရှေ့နောက်ညီညွတ်စေရေး ၌ မြေပြင်အချက်အလက်များနှင့် စာရင်းဇယားများကိုက်ညီမှုရှိစေရေး ဖြစ်ပြီး စာရင်းအင်းများအချိန်မီပေါ်ထွက်ရေးနှင့် ယုံကြည်ကိုးကားနိုင်သည့် ခိုင်မာသောစာရင်းအင်းအချက်အလက်များဖြစ်ဖို့ လိုအပ်သည်။ အထူးသဖြင့် နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များကို ထင်ဟပ်ဖော်ထုတ်နိုင်သည့် လက်တွေ့ကျသောအချက်အလက်များ ဖြစ်ရန်လည်း လိုအပ်သည်။
စာရင်းအင်းဆိုသည်ကို ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တစ်မျိုးသာ မမှတ်ယူသင့်ဘဲ နယ်ပယ်ကဏ္ဍများအားလုံးအတွက် စဉ်ဆက်မပြတ် မှတ်တမ်းတင်ထားသော အချက်အလက်များဖြစ်သင့်သည်။
မြန်မာနိုင်ငံ၏ အနေအထားတွင် ဘဏ္ဍာရေးဆိုင်ရာစာရင်းအင်းများ၌ တိကျခိုင်မာစွာ ရေးဆွဲလေ့ရှိပြီး အခြားနယ်ပယ်ကဏ္ဍများတွင်မူ ခန့်မှန်းခြေစာရင်းအင်း အချက်အလက်များဖြစ်နေသည်ကို တွေ့ရသည်။ နယ်ပယ်ကဏ္ဍတိုင်းတွင် တိကျခိုင်မာ မှန်ကန်သော အချက်အလက်များ တည်ဆောက်ထားနိုင်ခြင်း မရှိသောအခါ အကြောင်းကိစ္စပေါ်ပေါက်သောအခါ သေချာရေရာစွာ ရှင်းလင်းထုတ်ဖော်နိုင်ခြင်းမရှိသည်ကိုတွေ့ရသည်။
ယခုအခါ အထူးဦးစားပေးလုပ်ငန်းဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်အညီ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိ သည်။
အကောင်အထည်ဖော်ရာ၌ တိုးတက်မှု၊ ထိရောက်မှုများကို စောင့်ကြည့် အကဲဖြတ်နိုင်ရန်အတွက် အမျိုးသားအညွှန်းကိန်းမူဘောင်တစ်ရပ် ပေါ်ထွက် လာစေရန် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံကိုပြုပြင် ပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရာတွင် နယ်ပယ်ကဏ္ဍ အသီးသီး၏ရည်မှန်းချက်များ ထိရောက်စွာ ရှေ့သို့ တက်လှမ်းဆောင်ရွက်နိုင်ရန် အတွက် မှန်ကန်တိကျခိုင်မာသော စာရင်းအင်းအချက်အလက်များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ အဖွဲ့အစည်းအလိုက် ရေးဆွဲပြုစုသမိုင်းမှတ်တမ်း ရေးထိုးထားရမည်ဖြစ်ပါကြောင်း။ ။

မှော်ဘီမြို့နယ် တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ကျွန်းတောကုန်းဓာတ်အားခွဲရုံ၊ အဖျောက်မြို့ အဖျောက်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ



ရန်ကုန် နိုဝင်ဘာ ၃၀

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်း ဓာတ်အားခွဲရုံနှင့် အဖျောက်မြို့ အဖျောက်ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနား များကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မကြာမီကျင်းပတော့ မည့် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲမှု (၅၀)ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့တွင် 33/11 kV, 5 MVA ဓာတ်အားခွဲရုံများဖြစ်သည့် မှော်ဘီမြို့နယ် တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ကျွန်းတောကုန်းဓာတ်အားခွဲရုံနှင့် အဖျောက်မြို့ အဖျောက်ဓာတ်အား ခွဲရုံများအား ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။

ယခုအစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင် ဖွဲ့စည်းခဲ့ချိန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ရေအားလျှပ်စစ်၊ သဘာဝ ဓာတ်ငွေ့၊ နေရောင်ခြည်စွမ်းအင်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ပေးခြင်းဖြင့် လည်းကောင်း၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများကို ကေဗွီ ၂၃၀ မှ ၅၀၀ သို့ တိုးချဲ့ တည်ဆောက်၍ နိုင်ငံတော်ဓာတ်အားစနစ်ကို အဆင့်မြှင့်တင်ခြင်းဖြင့် လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊
လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်တွင် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ခွဲရုံများ စုစုပေါင်း မိုင် ၁၉၆၀၀ ကျော်နှင့် ၁၂၆၃၆ အမ်ဗွီအေအား ၂၀၁၆ ခုနှစ်မှ စတင်၍ သုံးနှစ်ခွဲကာလအတွင်း တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားစနစ်မှတိုးချဲ့၍ ကျေးလက်မီးလင်းရေးကို အရှိန် အဟုန်ဖြင့်ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်တွင် မြို့ပေါင်း ၃၆၈ မြို့နှင့် ကျေးရွာစုစုပေါင်း ၁၆၉၄၁ ကျော် ဓာတ်အားရရှိပြီးဖြစ်ကာ မကြာမီကာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ပေးနိုင် တော့မည်ဖြစ်ပါကြောင်း။

ဖြည့်ဆည်းပေးနိုင်ရေး

ဆက်လက်၍လည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ နှစ်မိုင်အတွင်းရှိ ကျေးရွာများ ဓာတ်အား ရရှိရေးဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့အသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ အားလုံး ၂၀၂၀ ပြည့်နှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၇၉၈ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှု သည် ၁၅၄၈ မဂ္ဂါဝပ်ခန့် ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးသုံးစွဲလျက်ရှိပါကြောင်း။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်(Demand)ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ အလုံ ဓာတ်အားပေးစက်ရုံစီမံကိန်း ၁၅၁ မဂ္ဂါဝပ် (Combined Circle Power Plant) သန်လျင် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်း မဂ္ဂါဝပ် ၃၅၀ နှင့် သာကေတ LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်း မဂ္ဂါဝပ် ၄၀၀ တို့ကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် မေလခန့်တွင် ပြီးစီးနိုင်ရေးကိုလည်းရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။

ထပ်မံသုံးစွဲခွင့်ရရှိသွားမည်

ယနေ့ဖွင့်လှစ်နိုင်ခဲ့သည့် ခွဲရုံများကြောင့် မှော်ဘီမြို့နယ်တွင် အိမ်ထောင်စု ၄၂၆၆၈ စု ရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း ၁၄ ရွာ၊ အိမ်ထောင်စု ၁၅၂၀ အား ဓာတ်အားစနစ်မှ တည်ငြိမ်သောလျှပ်စစ်ဓာတ်အားဖြင့် ထပ်မံ သုံးစွဲခွင့်ရရှိသွားမည်ဖြစ်ပါကြောင်း၊ အလားတူ ဥက္ကံမြို့တွင်လည်း အိမ်ထောင်စု ၁၉၅၉၇ စု ရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း ၅၀၊ အိမ်ထောင်စု ၃၈၀၃ စု ဓာတ်အားစနစ်မှ ထပ်မံဓာတ်အားသုံးစွဲခွင့်ရရှိသွားမည် ဖြစ်ပါကြောင်း၊ ယင်းအပြင် အဖျောက်မြို့တွင်လည်း အိမ်ထောင်စု ၈၈၇၁ စုရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း နှစ်ရွာ၊ အိမ်ထောင်စု ၂၅၄ စု ဓာတ်အားစနစ်မှ ထပ်မံဓာတ်အားသုံးစွဲခွင့်ရရှိသွားမည် ဖြစ်ပါကြောင်း။

ထိုသို့ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှ ငွေကျပ်သန်း ၂၈၉၀ ခန့် ကုန်ကျခဲ့ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံများမှတစ်ဆင့် အနီးဝန်းကျင်ဒေသရှိ မြို့ပြနှင့် ကျေးလက်နေပြည်သူများ
အကျိုးစီးပွားဖြစ်ထွန်းအောင် လျှပ်စစ်ဓာတ်အားကို ပိုမို ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါကြောင်း၊ ယင်းသို့ လျှပ်စစ်ဓာတ်အား ကို ဒေသတစ်ဝန်းသုံးစွဲနိုင်ခြင်းကြောင့် ပြည်သူတို့၏ လူနေမှုဘဝများသည်လည်း တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါကြောင်း။

ဦးစားပေးဆောင်ရွက်လျက်ရှိ

ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းဖြင့် တိုးချဲ့ဓာတ်အားပေးမည့် ကျေးရွာများသာမက အနီးပတ်ဝန်း ကျင်ဒေသရှိ မြို့နှင့် ကျေးရွာများသည်လည်း ဗို့အားပြည့်ဝ စွာ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ဓာတ်အားလိုင်းများ၏ Losses များကိုလည်း လျှော့ချသွားနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ အကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ နိုင်ငံတော် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲ နိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့်အပြင် လျှပ်စစ် ဓာတ်အားတိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့် ဒေသ များကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ပြည်သူများမှလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မှော်ဘီမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်နှင့် တပ်ကြီးကုန်းကျေးရွာ ရပ်မိရပ်ဖ ဦးကိုကြီး တို့က ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူး တင်စကားများ ပြန်လည်ပြောကြားသည်။

ယင်းနောက် 33/11 kV၊ 5 MVA တပ်ကြီးကုန်း ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားမုခ်ဦးကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ 33/11 kV၊ 5 MVA တပ်ကြီးကုန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကမ္ပည်းကျောက်စာ မော်ကွန်းကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဆက်လက်၍ 33/11 kV၊ 5 MVA ကျွန်းတောကုန်းဓာတ်အားခွဲရုံနှင့် အဖျောက်ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား မုခ်ဦးများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးလွင် စိုးမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဓာတ်အား ခွဲရုံများ၏ ကမ္ပည်းကျောက်စာမော်ကွန်းများကို ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြပြီး ဓာတ်အားခွဲရုံများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်