Tuesday, January 1, 2019

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပုဂံနေဝင်ဆည်းဆာကြည့် တောင်ကုန်းများ၌ ကြည့်ရှုသူများပြား

Image may contain: 2 people, crowd and outdoor
ပုဂံ ဒီဇင်ဘာ ၃၁

နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရား ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက် အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများ များပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်း ဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုသူများ တိုးမပေါက် အောင် များပြားနေသည်။

ပုဂံ-ညောင်ဦးဒေသသို့ လာရောက် လည်ပတ်သူများအနေဖြင့် ချမ်းအေးသည့် ဆောင်းရာသီကို ခံစားရင်း စေတီပုထိုး များကြား မြင်းလှည်းငှားစီးသည့် ဘုရားဖူး ဧည့်သည်များ၊ စက်ဘီးဖြင့်သွားသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ၊ ကားကြီး၊ ကားလေး၊ E-Bike ဘက်ထရီဘီးစီးပြီး ရှေးဟောင်းစေတီ ပုထိုး၊ သာသနိက အဆောက်အုံများ လေ့လာ ကြသည့် ပြည်ပဧည့်သည်များ၊ ပြည်တွင်း ဘုရားဖူးများ အထူးစည်ကားနေကြောင်း သိရသည်။

ယခင်ကဆိုလျှင် ပြည်တွင်းဘုရားဖူးများ သမိုင်းဝင်အထင်ကရ ဘုရားများဖြစ်သည့် စွယ်တော်လေးဆူ၊ မဟာငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ အာနန္ဒာ ဘုရား၊ ဗူးဘုရား၊ စူဠာမဏိ၊ သဗ္ဗညု၊ ဓမ္မရံကြီး ဘုရားများလောက်သာ လူစည်ကားရာမှ ယခုအခါ နာမည်မကြီးသည့် စေတီပုထိုးများ၊ ကဗ္ပည်းရေး ထိုးမထားသည့် အုတ်ပုံများ၊ ချုံနွယ်ကြားမှဘုရားများပါ စိတ်ဝင်စားလာကြသည် မှာပုဂံရှေးဟောင်းယဉ်ကျေး မှုဇုန်ကို တန်ဖိုးထားလာသည်ဟု မြင်မိကြောင်း ရန်ကုန်မြို့မှ နှစ်သစ်ကူးရုံး ပိတ်ရက်ဘုရားဖူး လာရောက်သည့် မနွယ်နွယ်က ပြောပြ သည်။

ပုဂံတွင် နေဝင်ဆည်းဆာ ကြည့်ရှုရန် အတွက် မြေသားကုန်းမြင့်များ ပြုလုပ်ပေးထားပြီးစူဠာမဏိ ဘုရား မြောက် ဘက်တွင် ညွှန်လက်တစ်ဖက်ကုန်းမြင့်၊ စူဠာမဏိဘုရားတောင်ဘက်ရေကန်ထိပ်တွင်ကိုမောက်ကြီး ကုန်းမြင့်နှင့် မင်းနန်သူကျေးရွာ ရေကန်ထိပ်တွင် နေဝင်ဆည်းဆာကြည့်ရန် ကုန်းမြင့်(တု)များ ပြုလုပ်ပေးထား ကြောင်း သိရပြီး နှစ်သစ်ကူးရုံးပိတ်ရက်တွင် ထိုကုန်းမြင့်များမှ နေဝင်ဆည်းဆာကြည့်ရှု သူများဖြင့် အထူးစည်ကား နေကြောင်း ဘုရားဖူးဧည့်သည်များက ပြောပြသည်။
ကိုထိန်(ငါ့သရောက်)


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ၏ ၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးမျှော်လင့်ချက်နှင့် နှစ်သစ်ဆုတောင်းစကား
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း 
Image may contain: 1 person, sitting
(ဒုတိယဥက္ကဋ္ဌ)
ချင်းအမျိုးသားတပ်ဦး (VNF)
၂၀၁၉ ခုနှစ်ဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် ငြိမ်းချမ်းတဲ့နှစ်၊ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်း ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ၂၀၁၉ ခုနှစ်မှာ အနည်းဆုံး ကျွန်တော်တို့အနေနဲ့ ဖက်ဒရယ်အခြေခံမူကို တော့ သဘော တူနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ အထူးသဖြင့် ဖက်ဒရယ်အခြေခံမူကို ကျွန်တော်တို့အားလုံး သဘော တူနိုင်ပြီဆိုရင် လွယ်သွားပါပြီ။ အဲဒီအတွက်လည်း အစိုးရဘက်ကကော ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဘက်ကကော ဝိုင်းပြီးတော့ကြိုးစားပေးဖို့ ကျွန်တော်မေတ္တာရပ်ခံ ပါတယ်။
ပြည်သူလူထု တစ်ရပ်လုံးကလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ဖို့ အတွက်၊ ဖက်ဒရယ်စနစ်ကို အခြေ ခံတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးကို ထူထောင်နိုင်ဖို့ အတွက်၊ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းနိုင်ဖို့အတွက် အားလုံးဝိုင်းပြီး ဆုတောင်းကြရအောင်။ ဒါဟာ ကျွန်တော့်ရဲ့ နှစ်သစ် ငြိမ်းချမ်းရေး ဆုတောင်းချက်ဖြစ်ပါတယ်။
နိုင်ဟံသာ (ဒုတိယဥက္ကဋ္ဌ)
မွန်ပြည်သစ်ပါတီ (NMSP)
လာမယ့် ၂၀၁၉ နှစ်သစ်မှာ ကျွန်တော် တို့နိုင်ငံအတွင်း နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ကြီးရပ်စဲပြီး တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုများကြား အမုန်း တရားကင်းစင်ပြီး အတူတကွ ချစ်ကြည်ညီညွတ်စွာ ရေရှည် နေထိုင်သွားကြဖို့၊အမျိုးတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်တည်ဆောက် နိုင်ပါစေ။ ပြည်သူတစ်ရပ်လုံး ကန့်သတ် ချုပ်ချယ်ခံရမှုများ ကင်းစင်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ ဒီမိုကရေစီ နိုင်ငံ အမြန်ပေါ်ပေါက်တည်ဆောက်နိုင်ပါစေ။ မိမိတို့ မြို့ရွာအိုးအိမ်တွေကိုစွန့်ပြီး တောတောင်ထဲမှာ ပြေးလွှားပုန်း အောင်းနေကြရတဲ့ ပြည်တွင်းစစ်ဘေးဒုက္ခသည်များ အာမခံ ချက်ရှိရှိနဲ့ မိမိတို့မြို့ရွာများမှာ ပြန်လည် အခြေချနေနိုင်ကြပါစေ။ အိမ်နီးချင်းနိုင်ငံ အချို့ရဲ့နယ်စပ်ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ မျက်နှာ ငယ်နဲ့ ခိုကပ်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာလည်း အာမခံချက်အပြည့်နဲ့ မိမိတို့မြို့ရွာကို ပြန်လာ နိုင်ကြပါစေ။ သူတစ်ပါးနိုင်ငံမှာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ပြီး အလုပ်လုပ်နေကြရတဲ့ ကာယလုပ်သားအလုပ်ကြမ်း သမားတွေလည်း မိမိတို့ နိုင်ငံကို ပြန်လာပြီး အေးချမ်းစွာရပ်တည် လုပ်ကိုင်စားသောက်နိုင်ပါစေ။
စစ်မြေပြင်မှာ နိုင်ငံအတွက်၊ လူမျိုး အတွက် ဒုက္ခမျိုးစုံခံပြီး တိုက်ပွဲဝင်နေကြရတဲ့ မျိုးချစ်ပြည်ချစ် ရဲဘော်၊ အရာရှိများလည်း မိမိတို့မိသားစုနဲ့အတူ အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်ကြပါစေ။ စီးပွားရေးအရ နှစ်ပေါင်း များစွာ အောက်ကျနောက်ကျ ဖြစ်နေရတဲ့ ဘ၀ကနေ ပြောင်းလဲပြီး သူတစ်ပါးနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ်ကိုလည်း အစပျိုးပြောင်းလဲလာနိုင်ပါစေ။ ဒီလို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက် ဦးဆောင်ကြတဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများအကြား နားလည်မှု၊ ယုံကြည်မှု၊ သဘောတူညီမှု အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဦးလှမောင်ရွှေ (အတွင်းရေးမှူးအဖွဲ့ဝင်)
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ ( UPDJC )
၂၀၁၈ တစ်နှစ်လုံးမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေမှာ အောင်မြင် တိုးတက်မှုတွေ အများကြီးရှိသလို ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းရပ်တွေလည်း အများကြီး ကျန်ပါသေးတယ်။ ၂၀၁၈ မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံတတိယအစည်းအဝေးကို ကျွန်တော်တို့ ကျင်းပနိုင်ခဲ့ပါတယ်။ နောက် အောက်တိုဘာလမှာ သီးသန့်အစည်းအဝေးတစ်ခုကို တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် တာဝန်ရှိတဲ့ သူတွေကြားထဲမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၈ တစ်နှစ်လုံးမှာ ပုံမှန်အစည်းအဝေးတွေ ကျင်းပနိုင်သလို အလွတ်သဘောအစည်း အဝေးတွေလည်း ကျွန်တော်တို့ ကျင်းပနိုင်ခဲ့ ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အားလုံး အတည်ပြုပြီးသားဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထနဲ့ ပဉ္စမ အစည်းအဝေးတွေကို ကျွန်တော်တို့ အကောင် အထည်ဖော်နိုင်ဖို့ ကြိုးစားပါမယ်။
၂၀၁၈ ဒီဇင်ဘာလထဲမှာ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့တဲ့ ကြေညာ ချက်နဲ့ NRPC က ထုတ်ပြန်တဲ့ ထုတ်ပြန် ကြေညာချက်တွေလည်း ကျွန်တော်တို့ ဆက်ပြီးအကောင်အထည်ဖော်ရပါဦးမယ်။ ၂၀၁၈ ခုနှစ်မှာ NCAလက်မှတ်ရေးထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပေါ်ပေါက်ခဲ့ပြီး ၂၀၁၉ မှာ နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွေ ဆက်လက်အကောင်အထည်ဖော်ပြီးတော့ ၂၀၁၉ ထဲမှာပဲ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့အဖွဲ့တွေ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ( ၂၁) ရာစုပင်လုံကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ ဆက် လက်ကြိုးစားရပါဦး မယ်။ မိဘပြည်သူများလိုချင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကတော့ အားလုံးက ပူးပေါင်း ဆောင်ရွက်မှ မြန်မြန်ရောက်နိုင်မယ်လို့ တင်ပြ လိုပါတယ်။ ၂၀၁၉ မှာ ကျွန်တော် တို့အားလုံးက အစွမ်းရှိသလောက် ဝိုင်းဝန်းဆောင်ရွက် ခြင်းဖြင့် ကျွန်တော်တို့နိုင်ငံအတွက် ပိုကောင်း တဲ့ လူ့အဖွဲ့အစည်း၊ ပိုကောင်းတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရရှိနိုင်မယ်လို့လည်း မြင်ယောင် မိပါတယ်။ မိဘပြည်သူများအားလုံး ၂၀၁၉ ခုနှစ်ကစပြီး လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။
ခွန်မြင့်ထွန်း(ဒုတိယဥက္ကဋ္ဌ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO )
သက်ဆိုင်သူအားလုံးအနေနဲ့ လာမယ့်နှစ်သစ်မှာ မိမိတို့ရဲ့အမျိုးသားအဖွဲ့အစည်း အကျိုးစီးပွားထက် ပြည်ထောင်စုရဲ့အကျိုးစီးပွား ကို စဉ်းစားပြီး ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ၂၀၁၉ မှာ ဖက်ဒရယ်အခြေခံမူတွေရနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အချိန်ကာလ ကန့်သတ်ချက်တွေကို အခြေခံပြီး အကျေအလည်ဆွေးနွေးဆောင်ရွက်သွား ပါမယ်။
ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

ပုဇွန်တောင်မြို့နယ်အတွင်း ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း စတင်အကောင်အထည်ဖော်

Image may contain: 6 people, people standing, sky and outdoor

ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ် (၃)ရပ်ကွက် အောက်ပုဇွန်တောင်လမ်းမကြီးရှိ ပြည်တော် သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း မင်္ဂလာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ မိနစ် ၂၀ က အဆိုပါ စီမံကိန်းဝင်းအတွင်းကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးသည်။
တက်ရောက်
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ Yangon Metropolitan Development Co.,Ltd(YMD)နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူ များက ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း မင်္ဂလာပိုင်တိုင်ကို စက်ခလုတ်နှိပ်၍စိုက်ထူ ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
အရေးပါတဲ့ စီမံကိန်းဖြစ်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက "၂၀၁၉ ခုနှစ် ရည်မှန်းချက်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်မှသာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးကို ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ် အသီးသီးကို ဆောင်ရွက်ရာမှာ ပြည်တော်သစ်အိမ်ရာစီမံကိန်းက အရေးပါတဲ့ စီမံကိန်းဖြစ်ပါတယ်။ ရန်ကုန်မြို့ ပြန်လည်ဖွံ့ဖြိုးရေး ကဏ္ဍနယ်ပယ်များကိုလည်း အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်"ဟု ပြောသည်။
ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းတည်ထောင်ထားသည့် Yangon Metropolitan Development Co.,Ltd(YMD) မှ အကောင်အထည်ဖော်ခဲ့ပြီး M.K.T construction Co.,Ltd က ဆောက်လုပ်ခွင့် တင်ဒါရရှိခဲ့ကြောင်း သိရသည်။
ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းမြေနေရာသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ခန့်က အစိုးရက ခြောက်ခန်းတွဲ ခြောက်ထပ် အဆောက်အအုံများ ဆောက်လုပ်ပြီး အငှားအိမ်ရာ အဖြစ် ချထားပေး ခဲ့ကြောင်း၊ ယခုအခါ တိုက်ဟောင်း များ နေရာတွင် ခေတ်မီတိုက်သစ်များ ဆောက်လုပ်ရန်အတွက် စီမံကိန်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
"တိုက်ဟောင်းတွေနေရာမှာ အဆင့်မြင့်တိုက် သစ်တွေဖြစ်လာတဲ့အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်မှု လည်းရှိ လာမယ်။ အရင်တိုက်ဟောင်းတွေမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ နေရတဲ့အနေအထားကနေ တိုက်သစ် တွေမှာ နေရတဲ့အတွက် လူတွေရဲ့စိတ်တွေပါ ပြောင်းလဲလာမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။
နှစ်နှစ်ခန့်ကြာမည်
မြေလေးဧကကျော် ကျယ်ဝန်းသည့် ပြည်တော် သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်မည့်နေရာတွင် ကနဦးအနေ ဖြင့် ၁၂ ထပ်ခွဲတိုက် အဆောက်အအုံတစ်လုံးကို စတင် ဆောက်လုပ် သွားမည်ဖြစ်ပြီး ဆောက်လုပ်ချိန် နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ အဆိုပါ လူနေအဆောက်အအုံ ဆောက်လုပ်ပြီးပါက ဈေးဆိုင်ခန်း များ၊ ရုံးခန်းများနှင့် ကားပါကင်ပါ အဆောက် အအုံများကို ဆက်လက် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်မည့် တိုက်ဟောင်းများတွင် နေထိုင်ကြ သူများအား နစ်နာမှုမရှိစေရန်အတွက် ယာယီပြောင်းရွှေ့နေထိုင်စရိတ်များထုတ်ပေးခဲ့ပြီး အဆောက်အအုံဆောက်လုပ်ပြီး စီးပါက ပြန်လည် နေရာချထားပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် တိုက်ဟောင်းများနေရာတွင် ခေတ်မီတိုက်သစ်များ ဆောက်လုပ်ရန် အတွက် စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း နည်းတူ လမ်းမတော်အိမ်ရာစီမံကိန်းကိုလည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကြို့ကုန်းအိမ်ရာနှင့် ရန်ကင်းအိမ်ရာများကိုလည်း ဆက်လက် အကောင်အထည်ဖော် သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA )၊ဓာတ်ပုံ-နေလင်း



ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြားသည့်၂၀၁၉ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား

Image may contain: 1 person


တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အတွင်း   မှီတင်းနေထိုင်ကြ သော ပြည်ထောင်စုဖွား တိုင်းရင်း သား  ညီအစ်ကို  မောင်နှမများ      အားလုံး  ၂၀၁၉ ခုနှစ်၊  နှစ်သစ်အခါသမယမှာ   ကျန်းမာချမ်းသာပြီး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ ကြောင်း ဆုမွန်ကောင်းတောင်း လျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။
နှစ်သစ်မှာ   တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး     မျှော်လင့် တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို အမြန်ဆုံးရရှိပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀များ အဘက်ဘက်က မြင့်မားတိုးတက်ကြပါ စေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
တိုင်းရင်းသားပြည်သူများအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။






ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားသည့်၂၀၁၉ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား

Image may contain: 1 person, closeup
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံ ကြပါ စေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
၂၀၁၈ ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၁၉ ခုနှစ် နှစ်သစ်ကို စတင် ရောက်ရှိချိန်မှာ တိုင်းရင်းသား မိဘညီအစ်ကို မောင်နှမများအားလုံး မျှော်လင့် တောင့်တတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး အတွက်အရေးပါတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးနဲ့ တရား ဥပဒေစိုးမိုးရေးတို့ကို အားကြိုးမာန်တက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြု အပ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ တွေ့ကြုံကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေ၊ အခက် အခဲတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲကာ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံပြီး စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်း သွားကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းလိုပါတယ်။
နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်မှာ အောင်မြင်တိုးတက်မှု ရလဒ် ကောင်းများ ရရှိပိုင်ဆိုင် နိုင်ကြပါစေ။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နှစ်သစ်ကူးအခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား
Image may contain: 1 person, standing

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား-
နှစ်သစ်မင်္ဂလာ အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်အတွက် အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်းလာစေဖို့ မပြတ်သောသတိ မလျော့သောဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါတယ်။ ယခုမှသည် နောင် လာမယ့် နှစ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍများမှ အခွင့်အလမ်းကောင်းများ ပိုမိုရရှိ လာမယ်ဆိုတဲ့ အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထား
မိမိတို့နိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းသာယာအောင်၊ နိုင်ငံသူ နိုင်ငံသားများရဲ့ဘ၀ ချမ်းမြေ့ပျော်ရွှင်အောင် နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းမွန်တဲ့ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းများကိုလည်း အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းဖြင့် ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ပိုမိုပူးပေါင်းဆောင်ရွက်
မိဘပြည်သူများအနေနဲ့လည်း နိုင်ငံတော်အစိုးရရဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက် ပေးကြပါရန် ပန်ကြားအပ်ပါတယ်။
မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ် ပါတယ်။
ဒီမိုကရေစီဖက်ဒရယ် ရှေ့ခရီးကို ဆက်လက်တက်ကြွစွာ ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။



လောကဓာတ်ကြီးတစ်ခုလုံး သစ်လို့မို့ ...

မြန်မာ့အလင်းအယ်ဒီတာအာဘော်


နှစ်သစ်ကူးပြီ။
နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးခဲ့ပြီ။
၂ဝ၁၈ ဟူသည့် နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးခဲ့ပြီး ၂ဝ၁၉ ဟူသည့် နှစ်သစ်တစ်နှစ်ဆီသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် ပြက္ခဒိန်အဟောင်းတစ်ခု ကုန်ဆုံး ပစ်လွှင့် လိုက်ရပြီဖြစ်ပြီး ပြက္ခဒိန်အသစ်တစ်ခုကို စတင်အသုံးပြုရတော့မည် ဟုဆိုရမည်သာ။ သို့သော်လည်း လူများစု၏ ရင်တွင်းမှာ ဒါက သာမန် အပြောင်းအလဲဟု မထားမိ။ နှစ်ဟောင်းတစ်ခုကုန်ဆုံးပြီးနောက် နှစ်သစ် တစ်ခုကို စတင်ချိန်ဟု အလေးအနက် နှလုံးသွင်းမိကြပြီး နှစ်ဟောင်းက အမှားအယွင်းများကို ပြန်လည်စိစစ်ကာ နောက်တစ်ကြိမ် ထပ်မံမမှားရေး၊ လာမည့်နှစ်သစ်တွင် ပိုမိုကောင်းမွန်သည်များ ပိုမိုမှန်ကန်သည်များ တို့ကိုသာ ဂရုပြုကြံစည် ဆောင်ရွက်ရေးစသည့် အတွေးများ၊ ရည်မှန်း ချက်များဖြင့် ဆုတောင်းကြ သန္နိဋ္ဌာန်ပြုကြဖြင့် နှစ်ဦးကို ကြိုဆိုကြသည်။
အများအားဖြင့် နှစ်သစ်ကူး သန္နိဋ္ဌာန်များ ဆုံးဖြတ်ချက်များ ရည်မှန်း ချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်သည်ဟူ၍ မရှိလှသော် လည်း ရည်မှန်းချက်ထားခြင်း၊ သန္နိဋ္ဌာန်ပြုခြင်း၊ မှန်ကန်သော လုပ်ငန်း စဉ်များ ချသည်ဆိုခြင်းကပင်လျှင် အရေးကြီးသော နှစ်ဦးအဆုံးအဖြတ် များ မဟုတ်ပါလား။
လူတို့၏ သဘာဝအရ စိတ်ဆန္ဒနှင့် စိတ်စေတနာက ဦးစွာရှိဖို့က အရေးကြီးဆုံး။ သို့မှသာ ထိုရှိသည့် စိတ်ဆန္ဒနှင့် စိတ်စေတနာအတိုင်း ပြောဆိုပြုမူ လုပ်ဆောင်ဖို့အတွက် အခြေခံတွန်းအားဟူ၍ ဖြစ်လာသည် မဟုတ်ပါလား။
ထို့ကြောင့်ပင် မူလ စဉ်းစားမျှော်မှန်းချက်၊ ဆုံးဖြတ်ချက်နှင့် သန္နိဋ္ဌာန် ပြုချက်တို့က မှန်ကန်သည့် စဉ်းစားမျှော်မှန်းချက်၊ လက်တွေ့နှင့် နီးစပ် သည့် စိတ်ကူးအိပ်မက်တို့ဖြစ်ရန် လိုအပ်သည် မဟုတ်ပါလား။ ယင်းသို့ အားဖြင့် အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်ရေးအတွက် အင်အား ကြီးမားသော တွန်းအားဖြစ်ပါမည်။
မြန်မာပြည်သူလူထုအဖို့မူ နိုင်ငံရေးအပြောင်းအလဲကြီးတစ်ခုကို မျှော်လင့်ကြပြီး ပြည်သူလူထုတို့၏ နေ့စဉ် စီးပွားရေးဘဝများ ချောမွေ့ ပြေလည်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတိုးတက်မြင့်မား ခိုင်မာရေး၊ ပြည်သူတို့ဘဝ လုံခြုံငြိမ်းချမ်းရေး၊ နိုင်ငံတိုးတက် ဖွံ့ဖြိုးရေး တို့အတွက် စစ်မှန်သော အမှန်တကယ် ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးက နှစ်ဦးနှစ်ကူးအတွက် အပြင်းပြဆုံး ဆုတောင်းဖြစ်ပါသည်။
မြန်မာပြည်သူလူထုကြီး၏ မျှော်မှန်းချက် ဆုမွန်များပြည့်ဝစေရေး အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သတင်းနှင့် မီဒီယာ အစရှိသည့် အဓိကကျသော မဏ္ဍိုင်ကြီးများအားလုံး အင်အားပြည့်ပြည့်၊ အဂတိကင်းကင်း မတရားမှု ရှင်းရှင်းဖြစ်ကြစေ၊ ပြည်သူလူထု၏ အကျိုး စီးပွားကိုသာ ဦးထိပ်ထားသည့် စိတ်စေတနာ၊ အမှန်တရားအတွက် ပြည်သူ့အတွက် လုပ်စရာရှိသည့် လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ် ဆောင်ရွက်နိုင်သည့် သတ္တိနှင့်အင်အား၊ ပြည်သူလူထုနှင့် ပတ်သက်လျှင် သဘောထား နူးညံ့သက်ညှာစွာ ဆက်ဆံနိုင်ကြသည့် နှလုံးသားများဖြင့် ပြည်သူ့အတွက် ပြည်သူ့အတွက် ပြည်သူ့အတွက်သာဟူ၍ အမှန်တကယ် အားထုတ် ကြိုးပမ်းဆောင်ရွက်ကြသူများ ဖြစ်ကြပါစေဟု နှစ်သစ်ကူး ဆုမွန်ခြွေ အပ်ပါသတည်း။ ။