Friday, November 10, 2017

ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(ဗဟို)ကြီးကြပ်ရေးအဖွဲ့ ပဉ္စမအကြိမ် အစည်းအဝေးကျင်းပ

Image may contain: people sitting, table and indoor
ရန်ကုန် နိုဝင်ဘာ ၉
ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(ဗဟို)ကြီးကြပ် ရေးအဖွဲ့ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ဗဟို)ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဥာဏိန္ဒက အဖွင့်သြဝါဒကထာမြွက်ကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း(ဗဟို)ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး သာသနာ တော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက စတုတ္ထအကြိမ် အစည်းအဝေးဆောင်ရွက် ပြီးစီးမှု အခြေအနေများကို လျှောက်ထားတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးကြပြီး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ် ချက်များ ချမှတ်ကြသည်။
ယင်းနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း (ဗဟို)ကြီးကြပ်ရေးအဖွဲ့ဝင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဒွိပိဋကဓရဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မက သြဝါဒကထာ မြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် တာဝန်ရှိသူများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်

ပြန်လည်ရောက်ရှိလာမည့်သူများကို လက်ခံစစ်ဆေးမည့်စခန်းမြေနေရာများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့ မြေပြင်ကွင်းဆင်းကြည့်ရှု

Image may contain: 2 people, people standing, tree, outdoor and nature
မောင်တော နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်း အဖွဲ့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မောင်တော ဒေသ မြောက်ပိုင်းဒေသများဖြစ်သော ငါးခူရစခန်း မြေနေရာများနှင့် တောင်ပြိုလက်ဝဲမြေနေရာများ၌ ပြန်လည်ရောက်ရှိလက်ခံမည့်သူများအား လက်ခံစစ်ဆေး မည့်စခန်းမြေနေရာများကို မြေပြင်ကွင်းဆင်းကြည့်ရှုသည်။
ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြောက်ပိုင်းဒေသမှ မူလနေရာ ချောင်းတစ်ဖက်ကမ်းသို့ ပြောင်းရွှေ့ပေးမည့် မြဝတီ(မြို)ကျေးရွာမြေနေရာအနေအထားနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ပေးလျက် ရှိသော သစ်တုံးနားခွဆုံကျေးရွာအုပ်စု ခုံတိုင်(မြို) ကျေးရွာသစ် တည်ဆောက်မှုအခြေအနေများကို မြေပြင် ကွင်းဆင်းလိုက်လံကြည့်ရှုသည်။
ထို့နောက် ARSA အစွန်းရောက်အကြမ်းဖက်သမား များကြောင့် မီးလောင်ပျက်စီးသွားသော အိုးထိန်း(ဟိန္ဒူ)ကျေးရွာသစ် ပြန်လည်တည်ဆောက်ပေးမည့် မြေနေရာ အနေအထားနှင့် လမ်းဖောက်လုပ်ပေးမည့် လမ်းအူကြောင်း မြေနေရာအား အကောင်အထည်ဖော် တည်ဆောက်ပေး မည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုင်ပင်ဆွေးနွေးသည်။ အဆိုပါ အိုးထိန်း(ဟိန္ဒူ)ကျေးရွာတွင် အိမ်ထောင်စု ၇၂ စုရှိပြီး မိသားစုများနေထိုင်နိုင်ရန် အနံပေ ၄ဝ နှင့် အလျား ပေ ၆ဝ ရှိနေအိမ်များ တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိသော ခုံတိုင်(မြို) ကျေးရွာသစ်တည်ဆောက်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တည်ဆောက်လျက် ရှိသော တာဝန်ရှိသူများနှင့် ဒေသခံမြိုတိုင်းရင်းသားများ နှင့်တွေ့ဆုံရာတွင် လုပ်ငန်းခွင်အနေအထားအခက်အခဲများ နှင့်ပတ်သက်၍လည်းကောင်း၊ သတ်မှတ်ကာလအမီ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးနှင့် လုပ်ငန်းခွင်အလုပ် သမားအခက်အခဲဖြစ်ပေါ်ပါက ဒေသခံမြိုတိုင်းရင်းသား များအား လုပ်ခနှုန်းထားသတ်မှတ်ပေးကာ လုပ်ကိုင်စေလို ကြောင်း၊ မြိုတိုင်းရင်းသားများအနေဖြင့်လည်း မူလနေရာ ဟောင်းမှ မြိုကျေးရွာသစ်တည်ဆောက်မည့်နေရာသို့ ပြောင်းရွှေ့လုပ်ကိုင်စေလိုကြောင်းနှင့် မိမိတို့နေထိုင်မည့် ကျေးရွာသစ်တည်ဆောက်ရာတွင် အားတက်သရော ပါဝင် ဆောင်ရွက်ကြရန် အထူးမှာကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ARSA အစွန်းရောက်အကြမ်းဖက်သမားများ ကြောင့် ကျေးရွာများ မီးလောင်ပျက်စီးသွား၍ တစ်ဖက် နိုင်ငံသို့ ရောက်ရှိသွားသော မိသားစုများပြန်လည်လက်ခံ နိုင်ရန် စိစစ်နေရာချထားပေးမည့် စခန်းနေရာများဖြစ်သော တောင်ပြိုလက်ဝဲမြို့နှင့် ငါးခူရစခန်းနေရာများကို အသေးစိတ်လိုက်လံကြည့်ရှုကာ အကောင်အထည်ဖော် တည်ဆောက်ပေးမည့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးသည်။
သတင်းအဖွဲ့၊ ဓာတ်ပုံ-မင်းထက်

ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

Image may contain: 4 people, people standing and text
နေပြည်တော် နိုဝင်ဘာ ၉
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တပ်မတော်စစ်သင်္ချိုင်းနယ်နိမိတ် ဧရိယာအတွင်း ပါဝင်နေသော အိမ်ထောင်စု ၅၉ စုအား တပင်ရွှေထီးရပ်ကွက်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ယခင်စာရင်းရှိ အိမ်ထောင်စု ၅၉ စုကို နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ၏ ချမှတ်ပေးထားသည့် ပေ (၄ဝx၆ဝ) မြေကွက်နှင့်အတူ စနစ်တကျရွှေ့ပြောင်းရာတွင် တရားဝင်ဖြစ်စေရန် အိမ်ထောင်စုဇယား၊ အိမ်ခြံ မြေဂရန်များ၊ နယ်မြေများအတွက် လိုအပ်သည့် အခြားအထောက်အပံ့ပစ္စည်း များကို နေပြည်တော်ကောင်စီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနများမှ အပြည့်အစုံကြိုးစားဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အခြားဆက်လက်ကူညီရမည့် အကူအညီများကိုလည်း နေပြည် တော်ကောင်စီက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြောင်းရွှေ့ရ သည့် အိမ်ထောင်စု ၅၉ စုအနေဖြင့်လည်း များစွာကျေနပ်ဝမ်းသာသည်ဟု သိရှိရ၍ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအချက်တစ်ချက်ဖြစ်သည့် ကျောင်းသား ကျောင်းသူများ၏ ပညာရေးအတွက်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အနီးကပ်ဆုံးနေရာတွင် ရှိသည်ဟုသိရသဖြင့် များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ထို့နောက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ရွှေ့ပြောင်းအိမ်ထောင်စုများအား ထောက်ပံ့ ပစ္စည်းပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ပြောကြားပြီး ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အိမ်ထောင်စု ၅၉ စုအား ရွှေ့ပြောင်းနေရာချထားရေး ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်အောင်နှင့် အလှူရှင်များက ရွှေ့ပြောင်းအိမ်ထောင်စု ၅၉ စုထံသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ခြင်းအပေါ် ရွှေ့ပြောင်းအိမ်ထောင်စုများကိုယ်စား ရပ်မိရပ်ဖ ဦးမြင့်မောင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင် နှင့် တာဝန်ရှိသူများသည် ရွှေ့ပြောင်းအိမ်ထောင်စုများ၏ နေအိမ်များကို လိုက်လံကြည့်ရှုပြီး မိသားစုဝင်များနှင့် တွေ့ဆုံသည်။
အဆိုပါ ရွှေ့ပြောင်းအိမ်ထောင်စု ၅၉ စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တစ်အိမ်ထောင်လျှင် လူသုံး ကုန်ပစ္စည်း ၁ဝ မျိုး၊ ခုနစ်ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၉၈၄၁ နှင့် အိမ်ဆောက် စရိတ်ငွေကျပ်တစ်သိန်းကိုလည်းကောင်း၊ နေပြည်တော်ကောင်စီက တစ်အိမ် ထောင်လျှင် ငွေကျပ်တစ်သိန်းနှင့် အခြားအိမ်ဆောက်ပစ္စည်း လိုအပ်ချက်များ ကိုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီက တစ်အိမ် ထောင်လျှင် ဆန်တစ်အိတ်၊ ဆီနှစ်ပိဿာ၊ ဆားနှစ်ပိဿာနှင့် ကုလားပဲငါးပိဿာ ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင် ရာ ဝန်ထမ်းများက တစ်အိမ်ထောင်လျှင် ရေလီတာ၂ဝ ဆံ့ ရေသန့်ဘူးတစ်ဘူး ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က တစ်အိမ်ထောင်လျှင် ပလတ်စတစ်ရေပုံးတစ်ပုံးကို လည်းကောင်း၊ တပ်ကုန်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဆန်ငါးအိတ်၊ ဆီတစ်ပိဿာ ဘူး ၅၉ ဘူးနှင့် ခေါက်ဆွဲခြောက်တစ်ဖာကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကShelter Tool Kitနှင့် Hygiene Kit များကိုလည်းကောင်း၊ ဝါးပင်အိမ် လုပ်ငန်းမိသားစုက တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့်ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂ဝ၁၇)ကျင်းပ

Image may contain: 5 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၉
အမျိုးသားလွှတ်တော် အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီရေးရာ အဆောင် (၂ဝ) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး၊ ကော်မတီ ဝင်များ၊ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ က အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးတွင် အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များ ဖြစ်ပေါ် ခဲ့သည့် မေးခွန်းနှင့်အဆိုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးချက်များ အပေါ် ကော်မတီအတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးပြီး ကော်မတီဥက္ကဋ္ဌ က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting
နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုလွှတ်တော် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးH.E. Mr.Hong Liangအား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်သံအမတ် ကြီးက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံရေးတို့အတွက် တရုတ် နိုင်ငံက အပြုသဘောဖြင့် မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိနေပါ ကြောင်း ဆွေးနွေးခဲ့ပြီး ကော်မရှင် ဥက္ကဋ္ဌက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် နယ်မြေပိုင်ဆိုင်မှုတို့အပေါ် ကောင်းစွာအလေးထားသည်ကို သိရှိ ပါကြောင်း၊ မြန်မာနိုင်ငံအပေါ် မျှတ စွာ ရပ်တည်ဆောင်ရွက်နေမှုကို အသိ အမှတ်ပြုပါကြောင်း၊ ထို့အပြင် တရုတ် နိုင်ငံသည် ကမ္ဘာ့တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင် ရွက်နေမှုများကိုလည်း တန်ဖိုးထားပါ ကြောင်း ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်

UNFC အဆိုပြုထားသည့် အချက်များအနက် သဘောတူရန် ကျန်ရှိနေသည့် အချက်များကို ဆွေးနွေးရာ ရလဒ်ကောင်းများထွက်ပေါ်၊ နှစ်ဖက်ခေါင်းဆောင်များထံ တင်ပြပြီး ဆက်လက်ဆွေးနွေးမည်

Image may contain: 3 people, table and indoor
ရန်ကုန် နိုဝင်ဘာ ၉
ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမ အကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ရန်ကုန်ရုံး၌ ဆက်လက် ကျင်းပသည်။
အဆိုပါ အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်မှ ၉ ရက်အထိ ကျင်းပရာတွင် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရထံသို့ အဆိုပြုထားသည့် အချက်ကိုးချက်အနက် သဘောတူရန် ကျန်ရှိနေသည့် အချက်များနှင့်ပတ်သက်၍ နှစ်ဖက် ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးရာတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ တပ်နေရာချထားမှုများ၊ ကြားကာလဆောင်ရွက်ချက်ကိစ္စ များ၊ နိုင်ငံခြားသား ပါဝင်မှုအခန်းကဏ္ဍ ကိစ္စများနှင့် ပတ်သက်သည့်JMCလုပ်ငန်း ကိစ္စများ၊ NCA လက်မှတ် ရေးထိုးနိုင်ရေးကိစ္စများနှင့် အထွေထွေကိစ္စရပ်များကို ခေါင်းစဉ်အလိုက် ဆွေးနွေးကြရာ ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် သတ္တမအကြိမ် မြောက် အစည်းအဝေးများနှင့်ပတ်သက်၍ နောက်ဆုံး ရလဒ်များအပေါ် ငြိမ်းချမ်းရေးကော်မရှင်(PC)၏ ကိုယ်စား လှယ်ဖြစ်သူ ဦးဇော်ဌေးက ''PC နဲ့DPN တို့ နှစ်ရက်တာ ဆွေးနွေးခဲ့တဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းနဲ့ အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါတယ်၊ မနေ့ကဆိုရင် အထူးသဖြင့် စစ်ဘက် ဆိုင်ရာကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်၊ အခုကျွန်တော် တို့ တော်တော်များများကို ဆွေးနွေးနိုင်ခဲ့တယ်၊ အခြေ အနေပြောရရင်တော့ နှစ်ဖက်စလုံးက မျှော်မှန်းတဲ့အတိုင်း တော်တော်လေးကို နီးစပ်လာတယ်၊ ကျွန်တော်တို့ နောက်ထပ် အပြီးသတ်ဆွေးနွေးရမယ့်အချက် သိပ်မများ တော့ပါဘူး၊ တစ်ချက်လောက်ပဲ ကျန်တော့တယ်၊ ကျန်တဲ့ ဟာကို ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးသွားမှာပါ၊ အပြီး သတ် ဆွေးနွေးမယ်ဆိုတာကတော့ အခုရရှိထားတဲ့ ဆွေးနွေးချက်ရလဒ်တွေကို နှစ်ဖက်ခေါင်းဆောင်တွေထံ ပြန်လည်တင်ပြရဦးမှာဖြစ်တယ်၊ ဘယ်အချက် တစ်ချက် သာကျန်တော့တယ်၊ ဘယ်အကြောင်းအရာ ဆိုတာကိုတော့ အခုအခြေအနေမှာ ပြောလို့မရသေးပါဘူး၊ နှစ်ဖက်ခေါင်း ဆောင်တွေဆီ ပြန်တင်ပြပြီး နောက်တစ်ကြိမ် တွေ့ဆုံပြီး အပြီးသတ် ဆွေးနွေးဖို့ပဲ ကျန်ပါတော့တယ်၊ ဆွေးနွေးမှု တွေဟာ ပန်းဝင်တော့မယ့် အချိန်လို့ပြောရမှာပါ၊ ဒီအပြီး
သတ် ဆွေးနွေးမှုကိုတော့ ယခုနိုဝင်ဘာလရဲ့ ရက်သတ္တ တစ်ပတ်၊ နှစ်ပတ်အတွင်းပဲ ဖြစ်မှာပါ''ဟု မီဒီယာ များကို ပြောကြားသည်။
အလားတူ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ် က ''ဆွေးနွေးမှုတွေက ပြောရရင် ပွင့်ပွင့်လင်းလင်းရှိပါ တယ်၊ ကျွန်တော်တို့ကတော့ အသုံးအနှုန်းလေးတွေ၊ ဝေါဟာရလေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါတယ်၊ သဘောတူဖို့လည်းရှိပါတယ်၊ နောက်ပြီးတော့ ကျွန်တော် တို့ နှစ်ဖက်သက်ဆိုင်ရာ ခေါင်းဆောင်တွေကိုလည်း ပြန်လည်တင်ပြဖို့ရှိပါတယ်၊ အဲဒီအခါကျမှပဲ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး အဆုံးသတ်ဖို့ရှိပါတယ်၊ လောလော ဆယ်မှာတော့ ပြောစရာမရှိပါဘူး၊ ဆွေးနွေးမှုပုံစံ တွေကတော့ အားလုံးကောင်းကောင်းမွန်မွန်ရှိပါတယ်၊ ကျွန်တော်တို့ရဲ့တင်ပြချက် ရှစ်ချက်နဲ့ပတ်သက်လို့ အခုကတော့ နောက်ဆုံးအခြေအနေကို ရောက်ဖို့နီးနေပါပြီ၊ အဆိုပြုချက် အချက်နံပါတ် (၅)နဲ့ ပတ်သက်တဲ့ တပ်ပိုင်း ဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာကိစ္စတွေကိုလည်း အသေးစိတ် ဆွေးနွေးပြီးဖြစ်ပါတယ်၊ ရှေ့ဆက်ပြီး ဘယ်လိုသွားမယ် ဆိုတာလည်း ဆွေးနွေးပွဲကနေချမှတ်ပြီး ဖြစ်ပါတယ်၊ ဒီအပိုင်း တွေရဲ့ ဆုံးဖြတ်ချက်တွေကိုတော့ နောက်ဆုံးဆွေးနွေးမှု တွေရဲ့ အဆုံးသတ်မှာ ဘယ်လိုဆိုတာ ပြောပြလို့ရမှာပါ၊ ဆွေးနွေးချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေဆီ ပြန်တင်ပြ ပြီးရင် NCAလက်မှတ်ရေးထိုးနိုင်မယ်လို့
တော့ နားလည် ယုံကြည်ထားပါတယ်''ဟု ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်(PC)၏ ကိုယ်စား လှယ်ဖြစ်သူ ဦးဇော်ဌေးနှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်တို့က မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများ ကို ပြန်လည်ဖြေကြားခဲ့သည်။
ယခုအစည်းအဝေးမှ ဆွေးနွေးမှုရလဒ်များကို နှစ်ဖက်ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး ယခုလ အတွင်း အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ် ထားကြောင်း သိရသည်။ သတ္တမအကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲများကို အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင် လည်းကောင်း၊ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် လည်းကောင်း စုစုပေါင်း လေးရက်ကြာ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် ငြိမ်းချမ်ရေးကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ် စားလှယ်အဖွဲ့(DPN)တို့သည် NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် UNFC အဆိုပြုထားသော အချက် ကိုးချက်အား နှစ်ဖက်ခေါင်းဆောင်များအကြား(၁၅)လ ကျော်ကြာအတွင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု များစွာ ပြုလုပ်ခဲ့ပြီး ယခုနှစ်ဖက်ခေါင်းဆောင်များ၏ သတ္တမအကြိမ် လေးရက်ကြာ တွေ့ဆုံဆွေးနွေးပွဲများ၏ နောက်ဆုံး ရလဒ်များသည် ယခင် တွေ့ဆုံဆွေးနွေးမှုများနှင့် နှိုင်းယှဉ် လျှင် ရလဒ်ကောင်းများရရှိထားပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရရှိထားသော ရလဒ်ကောင်းများကို သက် ဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်များထံ အသိပေးတင်ပြကာ ဆုံးဖြတ်ချက် အသီးသီး ရယူပြီးသည်နှင့် နောက်ဆုံး အပြီး သတ် ဆွေးနွေးမှုကို ယခုလအတွင်း ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ထိုမှတစ်ဆင့် အဆိုပြုချက် ရှစ်ချက်အား သဘော တူညီမှုရရှိလျှင် အချက် နံပါတ် (၉)ဖြစ်သော NCAလက်မှတ်ရေးထိုးနိုင်ရေးကို ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ (EAOs)များက အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ယနေ့ ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ တပ်မ တော်သားကိုယ်စားလှယ်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ၊ ဒုတိယဗိုလ်ချုပ် ကြီး တင်မောင်ဝင်း၊ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်၊ ဦးနိုင်ငံလင်း နှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ၊DPNမှ အဖွဲ့ ခေါင်းဆောင်ခူဦးရယ်၊ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင် မငေးနှင့် အဖွဲ့ဝင်များ၊ လေ့လာသူများအဖြစ် NCA လက် မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း ၊ ရဲဘော်သံခဲတို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ အကျိုးဆောင်အဖွဲ့များ နှင့် နည်းပညာအထောက်အကူပြုအဖွဲ့များ တက်ရောက် ကြသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

မျှော်မှန်းရလဒ်များအပေါ် အခြေခံသည့် ဘတ်ဂျက်စနစ်ကို တဖြည်းဖြည်း ပြောင်းလဲနိုင်မည်ဖြစ်

Image may contain: 1 person, sitting
နေပြည်တော် နိုဝင်ဘာ ၉
SID ကို ကိုင်ဆောင်သည့် သင်္ဘောသားများအတွက် သင်္ဘောတက်ရောက်ခြင်း၊ ကမ်းတက်ခြင်း၊ အရေးပေါ် ဆေးကုသရန် ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ခြင်း၊ တာဝန် ထမ်းဆောင်ရမည့် သင်္ဘောသို့သွားရောက်ရာတွင် ခရီးစဉ် ကူးပြောင်းခြင်း၊ နေရပ်ပြန်ပို့ခြင်းများအတွက် သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်ဝင်ခွင့်ဗီဇာမလိုအပ်ဘဲ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင်SID ကို အခြားအဖွဲ့ဝင်နိုင်ငံများ နှင့်တန်းတူ ထုတ်ပေးနိုင်မည်ဖြစ်ပြီး ငွေကြေးထည့်ဝင်မှု ပြုလုပ်ရန်မလိုအပ်ခြင်း၊ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများ၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့ စေခြင်းများကြောင့် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု များ ရရှိမည်ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောသားများ၏ သက်သေခံအထောက်အထားများ ဆိုင်ရာကွန်ဗင်းရှင်း(ပြင်ဆင်ချက်) ၂ဝဝ၃၊ နံပါတ် (၁၈၅)တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးရေးကိစ္စ နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ထိုသို့ရှင်းလင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောများမှ မောင်းဆီ(လောင်စာဆီ) ယိုဖိတ်မှုကြောင့် ညစ်ညမ်းပျက်စီးခြင်းအတွက် တရားမ ကြောင်းအရ ပေးလျော်ရန်တာဝန်ရှိမှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (၂ဝဝ၁)တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် သို့ ရှင်းလင်းတင်ပြသည်။
ယင်းကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ဆက်လက်၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါ မူ၊ အခြေခံသဘောတရားများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူ၊ အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး များနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းကြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစီရင်ခံစာ အပိုဒ် ၁၂ တွင် ဖော်ပြ ထားသော ဖြည့်စွက်ခွင့်ပြုငွေကို အတတ်နိုင်ဆုံး စိစစ် ခွင့်ပြုရန် သုံးသပ်ချက်နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့် ပတ်သက်သည့် အမှာစာထုတ်ပြန်ရာတွင် ဌာန၊ အဖွဲ့ အစည်းများအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းကို မဖြစ်မနေပေးချေရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေ ခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လိုအပ်လာသည့် အသုံးစရိတ်၊ အမှန် လိုအပ်သော လစာစရိတ်၊ ခရီးစရိတ်၊ ပင်စင်နှင့်အတိုးပေး ငွေတို့ကိုသာ တောင်းခံရန်၊ ငွေလုံးငွေရင်း အသုံးစရိတ်များ အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေတွင်ပါဝင်ပြီး ရန်ပုံငွေမလုံလောက်သည့် ကိစ္စများ နှင့် ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးနိုင်သည့် ကိစ္စများ၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးတို့က ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရန် ခွင့်ပြုထား သည့်ကိစ္စများကိုသာ တောင်းခံကြရန် ထည့်သွင်းဖော်ပြ၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အတတ်နိုင်ဆုံး စိစစ်ခွင့်ပြုရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၄ ပါ ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးငွေများ တစ်နှစ်ထက်တစ်နှစ် တိုးတက်ရရှိရန် လျာထားသော်လည်း နှစ်စဉ်လျာထားချက်ကို ပြည့်မီအောင် ရယူသုံးစွဲနိုင်မှုမရှိကြောင်း ဖော်ပြချက်နှင့်ပတ်သက်၍ ချေးငွေပေးအပ်သည့် အဖွဲ့အစည်း၏ လုပ်ထုံးလုပ်နည်း၊ မြန်မာနိုင်ငံ၏ လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာမှု များရှိသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း။
ထို့ပြင် တစ်ပြေးညီလိုက်နာရမည့် စံနှုန်းသတ်မှတ် ချက်များကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပြီး နောင် ဘဏ္ဍာနှစ်များတွင် ပြည်ပအကူအညီရငွေ၊ ချေးငွေများ ထုတ်ယူသုံးစွဲမှု ပိုမိုမြန်ဆန်လာစေရေးကို ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၂၅ ပါ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေကို လျှော့ချနိုင်ရန်နှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအောက်ရှိ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိသော ယာယီရပ်ဆိုင်းထားသည့် စက်ရုံ ၄၄ ရုံအနက် စီးပွားရေးရာကော်မတီ၏ ခွင့်ပြုချက်ဖြင့် စက်ရုံ ၂၈ ရုံကို ဆက်လက် ဆောင်ရွက်ရန် သင့်၊ မသင့် လေ့လာသုံးသပ် နိုင်ရန် သီးခြားလွတ်လပ်သော ကျွမ်းကျင်ပညာရှင်များ၊ အစိုးရအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော လေ့လာသုံးသပ်ရေးအဖွဲ့ ၂ ဖွဲ့ဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနတွင်လည်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ သုံးသပ်ဆောင်ရွက် လျက်ရှိပါကြောင်း။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရမှု အများဆုံးဖြစ်နေရခြင်းမှာ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အတိုးအသုံးစရိတ်၊ ထောက်ပံ့ငွေအသုံးစရိတ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အခွန်ဝေစုခွဲဝေပေးခြင်း အသုံးစရိတ်၊ ကြွေးးမြီအသုံးစရိတ် စသည်ဖြင့် နိုင်ငံတော်တစ်ရပ်လုံးနှင့် သက်ဆိုင်သော အသုံးစရိတ်အတွက် ၇၈ ဒသမ ၂၈ ရာခိုင်နှုန်း တောင်းခံခဲ့ ရပြီး မိမိဝန်ကြီးဌာနအတွက် ၂၁ ဒသမ ၇၂ ရာခိုင်နှုန်းသာ တောင်းခံခြင်း ဖြစ်ပါကြောင်း။
လက်ရှိအခြေအနေတွင် ဘတ်ဂျက်ရေးဆွဲရာ၌ မူဝါဒကို အခြေခံသောဘတ်ဂျက်စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာကျင့်သုံးမှုစနစ် များအရ မူဝါဒကိုအခြေခံသောဘတ်ဂျက်စနစ်၊ စွမ်းဆောင် ရည်ပြည့်ဝမှုကို အခြေခံသောဘတ်ဂျက်စနစ်နှင့် လုပ်ငန်း အောင်မြင်မှုရှိမှသာ ဘတ်ဂျက်ခွဲဝေချထားပေးသောစနစ် ဟူ၍ အမျိုးမျိုးကျင့်သုံးကြသည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း ဘတ်ဂျက်ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် သုံးသပ်၍ ကူးပြောင်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် ရေရှည်တွင် မျှော်မှန်း ရလဒ်များအပေါ်အခြေခံသည့် ဘတ်ဂျက်စနစ်ကို တဖြည်းဖြည်း ပြောင်းလဲနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနသည် မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများအား ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက် ၂၃ဝ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို ADB ချေးငွေဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း။
ရေးမြို့အား ဓာတ်အားဆောလျင်စွာ ဖြန့်ဖြူးပေး နိုင်ရန်အတွက် ၆၆ ကေဗွီ သံဖြူဇရပ်-ရေး ဓာတ်အားလိုင်း စီမံကိန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ စတင်အကောင် အထည်ဖော်တည်ဆောက်ရန် လျာထားပါကြောင်း။
ADBနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့များသည် စီမံကိန်းအကြိုလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ်အတွင်း ချေးငွေသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း၊ စီမံကိန်းများအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဖြည့်စွက် တောင်းခံငွေများကို ထိရောက်အကျိုးရှိစွာ သုံးစွဲသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဝန်ကြီးဌာနအနေဖြင့် ဖြည့်စွက်တောင်းခံငွေမှာ မူလခန့်မှန်းခြေ၏ ၁ဝ ရာခိုင်နှုန်း ကျော်လွန်နေရခြင်းသည် ယခုနှစ်အတွင်း မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် ပို့ကုန်၊ သွင်းကုန်ယာဉ်စစ်ကွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တရုတ်အစိုးရ၏ ယွမ်သိန်း ၁ဝဝ အထောက်အပံ့ဖြင့် ဆောင်ရွက်ပေးခဲ့သည့်အတွက် စာရင်းသဘောအရ ငွေလုံးငွေရင်း (Budget) စာရင်း ဝင်စေရန် ရငွေနှင့်အသုံးစရိတ် နှစ်ဖက်စလုံး၌ ယွမ်သိန်း ၁ဝဝ နှင့် ညီမျှသောငွေကျပ် သန်း ၁၉၅ဝ အား ထည့်သွင်း လျာထားခဲ့သဖြင့် မူလခန့်မှန်းခြေပမာဏ၏ ၁ဝ ရာခိုင်နှုန်းထက် ကျော်လွန်တောင်းခံသကဲ့သို့ ဖြစ်ပေါ်ရ ခြင်း ဖြစ်ပါကြောင်း။
ဖော်ပြပါ ပြည်ပအကူအညီရငွေ ကျပ်သန်း ၁၉၅ဝ ကို ချန်လှပ်၍ တွက်ချက်မည်ဆိုပါက ဖြည့်စွက်တောင်းခံ ငွေမှာ ကျပ် ၃၈၆ ဒသမ ၇ဝ၂ သန်းသာဖြစ်ပြီး ထပ်မံ တောင်းခံငွေသည် ဝန်ကြီးဌာနတစ်ခုလုံး၏ မူလခွဲဝေ ချထားငွေ၏ ၂ ဒသမ ၉၁ ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ အခြားဖြည့်စွက် တောင်းခံငွေသည်လည်း ယခုဘဏ္ဍာ နှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များ ဖြစ် သည့် မောင်တောကုန်သွယ်ရေးစခန်း လုံခြုံရေးအတွက် အုတ်တံတိုင်းကာရံခြင်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အုတ်တံတိုင်းကာရံခြင်း စသည်တို့ပါဝင်ပါကြောင်း။
၂ဝ၁၆- ၂ဝ၁၇ ခုနှစ်မှာ မြန်မာနိုင်ငံသားများဘဏ်၏ အသားတင်အမြတ်သည် ယမန်နှစ်ကထက် တိုးလာပြီး ကျပ် ၇ ဒသမ ၈၂ ဘီလီယံဖြစ်လာပါကြောင်း၊ သို့သော် လည်းInternational Banking တွင် အခြားဘဏ်များနှင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံသားကျွမ်းကျင် ပညာရှင်များ ငှားရမ်းအသုံးပြုရခြင်း၊Infrastructureအဆင့်မြှင့်တင်စရိတ်များ ပိုမိုသုံးစွဲခဲ့ရခြင်း၊ CORE Banking လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံး စရိတ်များ သုံးစွဲရခြင်းတို့ကြောင့် အမြတ်ဝေစုကို ကျပ် ၃ ဒသမ ၁၂ ဘီလီယံသာ ခွဲဝေပေးနိုင်ခဲ့ပါကြောင်း။
ထို့ပြင်listed Company ဖြစ်လာချိန်မှစ၍ အစု အပေါ် အမြတ်ဝေစုခွဲဝေမှုကို ရှယ်ယာနည်းသူက ပိုယူ၍ မရတော့ဘဲ တစ်ပြေးညီခွဲဝေပေးရမည်ဖြစ်သည့်အတွက် ယခုနှစ်အတွင်း အစုများအပေါ် အညီအမျှ ၆ ရာခိုင်နှုန်း ခွဲဝေပေးရန် ဘဏ်၏နှစ်ပတ်လည် အထွေထွေအစည်း အဝေးမှ အတည်ပြုဆုံးဖြတ်ခဲ့သည့်အတွက် မြန်မာ နိုင်ငံသားများပိုင်ဘဏ်တွင် ထားရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အစုရှယ်ယာများ အပေါ် အမြတ်ခွဲဝေရငွေများ ကျဆင်းခဲ့ခြင်း ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါ မူနှင့် အခြေခံသဘောတရားများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘောဆွေးနွေးခြင်း များအပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
သတင်းစဉ်