Friday, November 10, 2017

ဆီးရီးယားနိုင်ငံအရှေ့ပိုင်း၌ အိုင်အက်စ်အဖွဲ့၏ နောက်ဆုံးခြေကုပ်စခန်းမြို့ လွတ်မြောက်ပြီ

Image may contain: 1 person
ဒမတ်စကတ် နိုဝင်ဘာ ၉
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့၏ နောက်ဆုံးအမာခံ ခြေကုပ်စခန်းတည်ရာ အယ်လ်ဘူကာမဲလ်မြို့ကို အစိုးရ တပ်ဖွဲ့များနှင့် မဟာမိတ်တိုက်ခိုက်ရေးသမားများက နိုဝင်ဘာ ၈ ရက်တွင် သိမ်းပိုက်လိုက်ပြီး ယင်းမြို့ကို အိုင်အက်စ်တို့လက်အောက်မှ လွတ်မြောက်စေခဲ့ကြောင်း အစိုးရလိုလားသည့် အယ်လ်အာရေးဗီးယား ရုပ်မြင် သံကြားဌာနက နိုဝင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန် သည်။
ယင်းမြို့ကို အိုင်အက်စ်များ လက်ဝယ်မှ သိမ်းပိုက် လိုက်ပြီးနောက် ဗုံးရှင်းလင်းရေးအဖွဲ့များက မြို့တွင်းရှိ ဗုံးများကို ပိုက်စိပ်တိုက် ရှင်းလင်းလျက်ရှိကြောင်း ရုပ်မြင် သံကြားသတင်းတွင် ဖော်ပြသည်။
အီရတ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့ကို ဆီးရီး ယားအစိုးရတပ်ဖွဲ့များက အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ယင်းမြို့၌ အောင်ပွဲရရှိခဲ့ ခြင်းဖြစ်သည်။
ဒီရာအယ်လ်ဇောပြည်နယ်၏ ကျေးလက်ဒေသတွင် ရှိသည့် အယ်ဘူကာမဲလ်မြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယားအစိုးရတပ်ဖွဲ့များက အီရတ်နိုင်ငံနယ်စပ်ရှိ ယင်းမြို့ကို သိမ်းယူရရှိခဲ့သည်။
ယင်းဖြစ်ပေါ်တိုးတက်မှုနောက်ပိုင်း ဆီးရီးယား အစိုးရတပ်ဖွဲ့များနှင့် အီရတ်အစိုးရတပ်ဖွဲ့များ နယ်ခြား တွင် တွေ့ဆုံခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
အယ်လ်ဘူကာမဲလ်မြို့သည် အိုင်အက်စ်တို့အတွက် အလွန်အရေးပါသည့်ဒေသဖြစ်သည်။ အီရတ်အစိုးရ တပ်ဖွဲ့များနှင့် မဟာမိတ်များက ယင်းဒေသကို မကြာ သေးမီက ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
ဆီးရီးယားနိုင်ငံတွင်း၌ အိုင်အက်စ်အဖွဲ့က ၄င်းတို့၏ အမာခံနယ်မြေများအားလုံး ဆုံးရှုံးခဲ့ရပြီး လတ်တလော၌ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် နေရာအနည်းငယ် ကိုသာ ထိန်းသိမ်းထားရှိနိုင်သည်။
အမေရိကန်၏ ထောက်ခံသည့် ဆီးရီးယား ဒီမို ကရက်တစ်တပ်ဖွဲ့များက နိုင်ငံမြောက်ပိုင်းရှိ ရက်ကာမြို့ကို လွန်ခဲ့သည့်လအတွင်းက သိမ်းပိုက်နိုင်ခဲ့သည်။ ရက်ကာ မြို့သည် အိုင်အက်စ်အဖွဲ့က ၄င်းတို့၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သော မြို့လည်းဖြစ်သည်။
ဆင်ဟွာ။

ဈေးကွက်ဖွင့်လှစ်ပေးရေးနှင့် မဟာဗျူဟာမြောက်ကိစ္စရပ်များ အေပက်ဝန်ကြီးများက အချိန်တိုး၍ ဆွေးနွေးခဲ့ကြရ

Image may contain: 4 people, people smiling, people standing and text
ဒါနန်း နိုဝင်ဘာ ၉
အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်သော ပစိဖိတ်နှုတ်ခမ်းသတ်နိုင်ငံ များ၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်)ဒေသဆိုင်ရာ ထိပ်သီးညီလာခံ အကြိုဆွေးနွေး ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော်လည်း ဆွေးနွေး ညှိနှိုင်းမှုများ ပြီးပြတ်ခြင်းမရှိသဖြင့် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။
ဈေးကွက်များ ဖွင့်လှစ်ပေးရေးနှင့် မဟာဗျူဟာ မြောက်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ ကြရာတွင် နိုင်ငံများ၏ ရပ်တည်ချက်များအလိုက် သဘော ထားကွဲလွဲမှုများ ရှိနေသဖြင့် ဆွေးနွေးပွဲကို တစ်ရက်တိုး၍ ပြုလုပ်ခဲ့ရကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသော်လည်း ဆွေးနွေးပွဲပြီးဆုံးခြင်း မရှိသေးသဖြင့် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ကနဦးအနေဖြင့် အေပက်ဝန်ကြီးများ၏ သတင်း စာရှင်းလင်းပွဲကို နိုဝင်ဘာ ၈ ရက်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့ရာတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြီးပြတ်ခြင်း မရှိသဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် အစီအစဉ် ကို ဖျက်သိမ်းခဲ့ရသည်။ နိုဝင်ဘာ ၁ဝ ရက်တွင် စတင် ဖွင့်လှစ်မည့် အေပက်ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေး ပွဲအပြီး ထုတ်ပြန်မည့် ပူးတွဲကြေညာချက်အတွက် ကြေညာ ချက်မူကြမ်းကို အတည်ပြုနိုင်ရန် အေပက်ဝန်ကြီးများက ဆက်လက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြရကြောင်း ဗီယက်နမ် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီး ထရန်တွန်အန်းက ပြောကြားသည်။
ကမ္ဘာ့စီးပွားရေးတွင် လျင်မြန်စွာ ဖြစ်ပေါ်ပြောင်းလဲ မှုများနှင့် မရေရာမသေချာမှုများကို မိမိတို့နိုင်ငံများ ရင်ဆိုင်နေကြရကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့အရ လွတ်လပ်ခွင့်များ ရရှိလာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်ချမှတ်ပုံကို ထင်ဟပ်သည့် သတင်းစကား မိမိတို့ပါးလိုကြောင်း ဝန်ကြီးအန်းက ပြောကြားသည်။
ပြောင်းလဲလာမည့် အခြေအနေများအရ အေပက် နိုင်ငံများ၌ အခွင့်အလမ်းများရော စိန်ခေါ်မှုများပါ ရင်ဆိုင်နေကြရကြောင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ထူမှုများ ခိုင်မြဲမှုရှိသော်လည်း စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ နိမ့်ကျနေဆဲ ဖြစ်ကြောင်း၊ အေပက်ဒေသဆိုင်ရာ နိုင်ငံများသည် စက်မှု နည်းပညာမှတစ်ဆင့် ထုတ်လုပ်မှုတိုးတက်အောင် ကြိုးပမ်း နေကြသော်လည်း အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း အေပက်ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်လှစ်ရာတွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်းက ကိုယ်စား လှယ်များအား ပြောကြားခဲ့သည်။
ရိုက်တာ။

ကန်ဒေါ်လာ ၂၅ဝ ဘီလီယံတန်ဖိုးရှိ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်များ အမေရိကန်နှင့်တရုတ် ချုပ်ဆို

Image may contain: 1 person, suit
ပေကျင်း နိုဝင်ဘာ ၉
အမေရိကန်သမ္မတ၏ ပထမအကြိမ် အာရှခရီးစဉ်အတွင်း တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိမှုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ် များအပါအဝင် မြောက်ကိုရီးယားအရေးတို့ကို ဆွေးနွေးခဲ့ ပြီးနောက် နိုဝင်ဘာ ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
သမ္မတထရန့်က မြောက်ကိုရီးယား၏ နျူကလီးယား ဖွံ့ဖြိုးမှုအစီအစဉ်နှင့်ပတ်သက်ပြီး ခိုင်မာသော ရပ်တည် ချက်ထားရှိကာ ကိုင်တွယ်ထိန်းချုပ်နိုင်ရန် သမ္မတရှီအား တိုက်တွန်းပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားဖွံ့ဖြိုးမှုအစီအစဉ် ကို ပယ်ဖျက်နိုင်ရေးအတွက် အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သမ္မတထရန့်က ဆိုသည်။
မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံ၏ ရပ်တည်ချက်သဘောထားကို သမ္မတရှီက ဖွင့်ဟ ပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း နျူကလီးယားလက်နက်ပပျောက်ရေးအတွက် ကတိပြုပါ ကြောင်းနှင့် နျူကလီးယားလက်နက်ကင်းစင်ရေး ကမ္ဘာ တစ်ဝန်းကြိုးပမ်းမှုတွင်လည်း ပါဝင်ကူညီမည်ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။
ထို့ပြင် ကုလသမဂ္ဂဖြေရှင်းချက်များကို ဆက်လက် လိုက်နာရန် လိုအပ်ကြောင်းနှင့် ပြုံယမ်း၏ နျူကလီးယား အရေးကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာသင့်ကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့သည်။
သမ္မတထရန့်၏ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ဝ ဘီလီယံတန်ဖိုးရှိ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုစာချုပ်များကို ချုပ်ဆိုခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး အမေ ရိကန်အနေဖြင့် မျှတပြီး အပြန်အလှန်ဖြစ်သော ကုန်သွယ်မှု ဆက်ဆံရေးကို အလိုရှိပါကြောင်း သမ္မတထရန့်က ပြော ကြားခဲ့သည်။
သမ္မတထရန့်သည် နိုဝင်ဘာ ၁ဝ ရက်တွင် ပေကျင်း မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ ခရီးဆက်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးအား နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ခံတွေ့ဆုံ

Image may contain: 1 person, sitting
နေပြည်တော် နိုဝင်ဘာ ၉
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာအား နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေး၊ စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေ နှင့် လူငယ်များ အလုပ်အကိုင်ရရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ရောက်ရှိ

Image may contain: 1 person, standing
နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ်၏ ဖိတ်ကြားချက်အရ ဒါနန်းမြို့တွင် ကျင်းပမည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ဝင် နိုင်ငံခေါင်းဆောင် များ သီးသန့်တွေ့ဆုံပွဲနှင့် ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာ အမျိုးသားလေကြောင်းလိုင်း အထူး လေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံ ဒါနန်း မြို့သို့ ထွက်ခွာသွားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့်ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန် ရှိသူများက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ တွင် ရောက်ရှိကြရာ ဒါနန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး CHU NGOC ANH၊ ဒါနန်းမြို့ ပြည်သူ့ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့်ဇနီး၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် ဒါနန်းမြို့ရှိ Premier Village Resort သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ အဖွဲ့ဝင်အဖြစ် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ကျန်အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးကျော်ဝင်းတို့သည် နိုဝင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံ လိုက်ပါသွားကြမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

သစ်တောမြေအတွင်း မှီတင်းနေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာလုပ်ပိုင်ခွင့်တိုးတက်စေခြင်း စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

Image may contain: 2 people, people sitting, table, text and indoor
နေပြည်တော် နိုဝင်ဘာ ၉
အကျိုးသက်ဆိုင်သူများ အားလုံး ပူးပေါင်းပါဝင်၍ မူဝါဒ၊ ဥပဒေနှင့် ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်ခြင်း ဖြင့် သစ်တောမြေအတွင်း မှီတင်းနေ ထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ် ဆိုင်ရာ လုပ်ပိုင်ခွင့်တိုးတက်စေခြင်းစီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက အမရာဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် ပြောင်းလဲလာသည့် နိုင်ငံရေး၊ လူမှုစီးပွားရေး အခြေအနေ များနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ များအတွက် အကျိုးရှိရှိ ထိရောက်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို ပြည်သူများ ထိရောက်စွာ ပါဝင်နိုင် စေရန်အတွက် မူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သည် လက်ရှိ အနေအထားထက် ပိုမိုအားကောင်းစွာ ဖြစ်ထွန်းတည်ရှိ စေရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ထည့်သွင်းပြောကြားသည်။
သစ်တောမူဝါဒ၏ ပဓာနကျသည့် အခြေခံအချက် (၆)ချက်အနက် အမှတ် စဉ်(၅)တွင် ပြည်သူတို့က ပူးပေါင်း ပါဝင်လာကြစေရန် ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ၁၉၉၅ ခုနှစ် သစ်တော မူဝါဒတွင် နိုင်ငံဧရိယာ၏ ၃ဝ ရာခိုင်နှုန်းကို ကြိုးဝိုင်းတောများ၊ ၁ဝ ရာခိုင်နှုန်းကို ဘေးမဲ့တောနှင့် သဘာဝတော နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရန်၊ ၂ဝ၃ဝ ပြည့်နှစ်တွင် အဆိုပါ ရည်မှန်းချက်ကို ပြည့်မီနိုင်စေ ရန်နှင့် လက်ရှိတွင် အမြဲတမ်းသစ်တော နယ်မြေ ၂၄ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅ ဒသမ ၇၉ ရာခိုင်နှုန်းကို ဖွဲ့စည်းပြီးဖြစ် သည်။
FAO, Forest Resources Assessments (FRA2015) အရ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ရှိသဖြင့် သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးနှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင် ရေး (၁ဝ)နှစ်စီမံကိန်းကို ရေးဆွဲပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှ စတင် ကာ အကောင်အထည်ဖော်လျက်ရှိ သည်။
၂ဝ၁၃ ခုနှစ် ကြိုးဝိုင်းကျူးကျော်မှု စာရင်းများအရ ကျူးကျော်နေထိုင်သူ ၁ ဒသမ ၃ သန်းကျော်နှင့် ရွာမြေ၊ သာသနာနှင့် အများပိုင်မြေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများမှာ ဧက ၁ ဒသမ ၈ သန်းကျော်ခန့်ရှိသည်။ ကြိုးဝိုင်း တိုးချဲ့ဖွဲ့စည်းသည့်အခါ ဆိုင်ရာ ဆိုင်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့်တို့ အား ပြန်လည်ဆန်းစစ်ပေးခြင်း၊ ဒေသခံများ၏ မြေနှင့် သစ်တော သယံဇာတ အသုံးပြုခွင့်များအပေါ် ဥပဒေအရ အသိအမှတ်ပြုမှုရရှိစေ ရေး ဒေသခံပြည်သူများနှင့် ဆွေးနွေး ညှိနှိုင်းရေးလုပ်ငန်းစဉ် လွယ်ကူစေ ပြီး သစ်တောမြေများ တိုးချဲ့ဖွဲ့စည်း နိုင်ရေး အထောက်အကူပြုစေနိုင် မည်ဖြစ်သည်။
ယခုကဲ့သို့ ဆွေးနွေးပွဲများမှ ရရှိ လာသောရလဒ်များသည် သစ်တော မူဝါဒနှင့် ဥပဒေများကို သုံးသပ် ဆောင်ရွက်ချိန်တွင် ထည့်သွင်းအသုံး ပြုသွားနိုင်မည်ဖြစ်ပြီး စကားဝိုင်း ဆွေးနွေးပွဲမှ ကျွမ်းကျင်ပညာရှင်များ၏ အမြင်များကို သုံးသပ်ကာ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်ကို ဖော် ထုတ်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန် ပြည်ထောင်စုဝန်ကြီး က တိုက်တွန်းပြောကြားသည်။
စကားဝိုင်း ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ဦးစားပေး ခေါင်းစဉ် ငါးခုကို ရွေးချယ်ပြီး အဖွဲ့ ငယ်အလိုက် ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးခြင်း၊ ဆွေးနွေးသုံးသပ်ချက် များအပေါ် အခြေခံ၍ နောက် တစ်ဆင့် လုပ်ငန်းစဉ်များ ဖော်ထုတ် ခြင်း၊ ဆွေးနွေးမှုအနှစ်ချုပ်အား ပြန်လည်သုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ကြသည်။
ဆွေးနွေးပွဲသို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီး ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေတိုင်းဦးစီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်သမ္မတတို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေး

Image may contain: 2 people, people smiling, people standing and suit
ဒါနန်း(ဗီယက်နမ်) နိုဝင်ဘာ ၉
အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ်နှင့် ယနေ့ ညနေ ၆ နာရီတွင် ဒါနန်းမြို့ရှိ ဒါနန်း Administration Center ဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာ တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား အစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်၊ ကုန်သွယ်ရေးတိုးမြှင့်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်သမ္မတနှင့်အတူ ဗီယက်နမ်အစိုးရအဖွဲ့ရုံး ဝန်ကြီး မစ္စတာ ဒါအော့ဗီယက်ကျုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒန်းဒင့်ကွီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒေါ့ထန်ဟိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်