Thursday, June 1, 2017

မိုရာမုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


Image may contain: tree, plant, sky, outdoor and nature
နေပြည်တော် မေ ၃၁
မေ ၂၉ ရက်က တိုက်ခတ်ခဲ့သော မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ဒေသအချို့တွင် သစ်ပင်များပြိုလဲခြင်း၊ လူနေအိမ်များ ပြိုလဲပျက်စီးခြင်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် ဘာသာရေးအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ ပြိုကျခြင်း၊ အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်၊ အမှတ်(၃၆)ရဲတပ်ရင်း၊ ဆတ်ရိုးကျရပ်ကွက်၊ ဘောဒူဖနှင့်သဲချောင်းကျေးရွာရှိ နေရပ်စွန့်ခွာနေထိုင်သူ စခန်းများ၊ ရွှေပြားရပ်ကွက်၊ ကြီးတောရပ်ကွက်များရှိ လူနေအိမ်များ ပြိုလဲပျက်စီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ ပျက်စီးမှုစာရင်း အတိအကျရရှိပြီး ရပ်ကွက်များတွင် ပြည်သူများထံသို့ တိုက်ရိုက်ထောက်ပံ့မှုများ ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ကျောင်းနှင့် စိတ္တသုခ ကမ္မဋ္ဌာန်းတိုက်များတွင် ခေတ္တနေထိုင်လျက်ရှိသော ပြည်သူများကို ကြည့်ရှုအားပေးပြီး လတ်တလော စားသုံးရန်အတွက် တစ်ပတ်စာ ရိက္ခာဖိုးငွေကို ထောက်ပံ့ပေးအပ်ကာ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲခရိုင်များရှိ မြို့နယ် ၁၁ မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ငွေကျပ် ၃၄၆ ဒသမ ၆ သိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။
မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် မောင်တောဒေသတွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိပြီး အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နေရပ်စွန့်ခွာနေထိုင်သူများ၏ စခန်းများတွင်လည်းပျက်စီးမှုများကို စနစ်တကျစိစစ်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆောင်ရွက်သွားမည်ဖြစ်သည်။
(သတင်းစဉ်)

လူထုအစိုးရသစ်၏ ယုံကြည်ချက်အားမာန်

မြန်မာ့အလင်းအယ်ဒီိတာအာဘော်

လှူသမိုင်းဖြစ်စဉ်ကိုသုံးသပ်ပါက ရှေ့သို့တစ်ဆင့်တက် အောင်မြင်မှုရရှိ နိုင်ရန် ယုံကြည်ချက်ကိုသာအားပြု၍ ကြိုးပမ်းဆောင်ရွက်ကြရသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနာဂတ်သည် အာမခံချက်ပေးထားသော အရာမဟုတ်၊ ယုံကြည်ချက်၏ ပဲ့ကိုင်မှုဖြင့်သာ အကောင်အထည်ဖော်ရသည့် ကြိုးပမ်းမှုတို့၏ အသီးအပွင့်ဖြစ်ပါသည်။ အနာဂတ်ကို ပုံဖော်ထုဆစ်ရာ၌ မမျှော်လင့်သော အချိုးအကွေ့များ၊ အ္တရာယ်များ၊ ခြိမ်းခြောက်မှုများ နှင့် စိန်ခေါ်မှုများတို့ကို မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပါသည်။ ဤသို့သောအရာများကို တွန့်ဆုတ်နေပါက လှူသမိုင်း၏ တိုးတက်မှုတို့ ရပ်တန့်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ကို သုံးသပ်ပါက ဤသဘောကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ နှစ်ပေါင်း(၇ဝ)နီးပါး ကြာမြင့်ပြီဖြစ်သော မငြိမ်းချမ်းခဲ့သည့် အတိတ်သမိုင်းကို သုံးသပ် ပါက ပထဝီဝင်အနေအထား၊ တိုင်းရင်းသားလူမျိုးစုတို့ အခြေအနေနှင့် မတူကွဲပြားသော အတိတ်သမိုင်းတို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် အမျိုးမျိုးသော သဘောထားအမြင်တို့ရှိကြပါသည်။ သို့သော် မြန်မာလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံးက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဟူသော ပင်မရည်မှန်းချက်အပေါ် တစ်စိတ်တစ်ဝမ်းတည်း သဘောတူညီကြပါသည်။ ဤသည်မှာ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ခိုင်မာသောအုတ်မြစ်ကို ချမှတ် ပေးထားခြင်းဖြစ်ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ (ဒုတိယ အစည်းအဝေး) မကျင်းပမီအကြိုကာလ၌ မအောင်မြင်နိုင်ဟူသော ဝေဖန် ထိုးနှက်မှုများရှိခဲ့သည်ကို သတိပြုမိကြမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို သုံးသပ်ကြည့်ပါက မည်သည့်နိုင်ငံ၌မဆို အခက်အခဲများ ပြွမ်းတီးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤသဘောတရားနှင့်အညီ (၂၁) ရာစု ပင်လုံ (ဒုတိယအစည်းအဝေး) ၌ ပြည်နယ်တို့၏ ခွဲထွက် ပိုင်ခွင့်သည် ဘုံသဘောတူညီချက်မရရှိခဲ့သော အငြင်းပွားစရာအချက် အဖြစ် ပေါ်ထွက်ခဲ့ပါသည်။ သို့သော် (၂၁) ရာစု ပင်လုံ (ဒုတိယ အစည်း အဝေး)သည် အောင်မြင်မှုကင်းမဲ့သော ညီလာခံမဟုတ်ပါ။ (၂၁) ရာစု ပင်လုံ (ဒုတိယအစည်းအဝေး) ၌ နိုင်ငံရေးကဏ္ဍ ၂၁ချက်၊ စီးပွားရေး ကဏ္ဍ ၁ဝ ချက်နှင့် လူမှုရေးကဏ္ဍ ၄ ချက်အပါအဝင် မြေယာ၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတ ၆ ချက်တို့ကို ဆွေးနွေးခဲ့သည့်အနက် ၃၇ ချက်အား သဘောတူညီမှုရရှိနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဤသဘော တူညီချက်တို့ကို ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းများအဖြစ် လက်မှတ်ရေးထိုးခဲ့သည်ကို သိရှိတွေ့မြင်ပြီးဖြစ်ပါသည်။ ဤအချက်က လူထု အစိုးရသစ်၏ မြဲမြံသောယုံကြည်ချက်ကို မီးမောင်းထိုး ဖော်ပြခဲ့ ခြင်းဖြစ်၍ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အတွက် အားထား ယုံကြည်ကိုးစားနိုင်သော မျှော်လင့်ချက်တို့ရှိနေကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။


အသက်(၉ဝ)နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့မည်

Image may contain: 1 person
ရန်ကုန် မေ ၃၁
မြန်မာနိုင်ငံအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး၌ ရှိကြ သော အသက်(၉ဝ)နှင့်အထက် အဘိုး၊ အဘွားများအတွက် လူမှုရေး ပင်စင်ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများမှတစ်ဆင့် စစ်တမ်းများ ကောက်ယူကာ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကျိုက် ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်းဦးစီး ဌာနမှ သိရသည်။
''အသက်(၉ဝ)နှင့်အထက် အဘိုး၊ အဘွားတွေကို လူမှုရေးပင်စင် ပေးအပ်ဖို့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်ကစတင်ပြီး အကောင် အထည်ဖော်ဆောင်ရွက်နေပါတယ်။ အဘိုး၊ အဘွားတစ်ဦးကို တစ်လ ငွေကျပ် ၁ဝဝဝဝ နှုန်းနဲ့ သုံးလ တစ်ကြိမ် ပေးအပ်နိုင်ဖို့ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှတစ်ဆင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေ အဘိုး၊ အဘွားတွေရဲ့လက်ဝယ်ကို ပေးအပ် သွားမှာပါ။ လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့ ဝန်ထမ်းအင်အားအခက်အခဲ ရှိတာကြောင့် ရပ်ကွက်၊ ကျေးရွာတွေ အထိ ပေးအပ်နိုင်ဖို့ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မွန်မြတ်တဲ့အလုပ်ဖြစ်လို့ အားလုံး ဝိုင်းဝန်းကူညီပေးစေလိုပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၌ မေလ တတိယပတ်က ကျင်းပခဲ့သော လူမှုရေးပင်စင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လက်ရှိအနေအထားအရ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီး၌ အသက်(၉ဝ)နှင့် အထက် အဘိုး၊ အဘွား ၄၂ဝဝ ကျော်ရှိပြီး နိုင်ငံတစ်ဝန်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးအနေဖြင့် အသက်(၉ဝ)နှင့်အထက် အဘိုး၊ အဘွား ၃ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။
ယခုနှစ်အတွက် ပထမအကြိမ် လူမှုရေးပင်စင် ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်၏ ဘတ်ဂျက်ငွေ ကျပ် ၄ ဒသမ ၂ ဘီလီယံ ခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ရေးပင်စင် ပေးအပ်ခြင်းသည် လူမှုဝန်ထမ်းဦးစီး ဌာန၏Social Protection ရှစ်ခု၌ သက်ကြီးပင်စင် ပေးအပ်ခြင်းသည် တစ်ခုအပါဝင်ဖြစ်ကြောင်း သိရ သည်။
ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့မှ အဘိုး၊ အဘွား ဦးရေစာရင်းများအား ပြုစုကာ ယခုနှစ် ဧပြီလမှ စတင် ပေးအပ်သွားမည်ဖြစ်ရာ ဇွန်လတွင် သုံးလပြည့် လူမှုရေးပင်စင်ပေးအပ် နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရား လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ ရေးနှစ်က တစ်နှစ်လုံးစာအဖြစ် အသက်(၉ဝ)နှင့်အထက် အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၈ဝဝဝ၊ အသက်(၁ဝဝ)နှစ်အထက် တစ်ဦး လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် လည်း အသက်(၉ဝ)နှင့်အထက် အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၅ဝဝဝ၊ အသက်(၁ဝဝ)နှင့် အထက် တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းတို့ဖြင့် လစဉ် လူမှုရေး ပင်စင်ထောက်ပံ့ငွေအဖြစ် ပေးအပ် နိုင်ခဲ့ကြောင်း သိရသည်။
စိုးဝင်း(MLA)

ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်မည့်စီမံကိန်းများအား အကြံဥာဏ်ရယူဆွေးနွေး

Image may contain: one or more people and indoor
ဖြူး မေ ၃၁
ကမ္ဘာ့ဘဏ်အကူအညီဖြင့် ပထမ ၁၈ လအတွင်း ဆောင်ရွက်မည့် ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း များအား အကြံဥာဏ်ရယူဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် စည်ပင်သာယာခန်းမ၌ မေ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ညှိနှိုင်းအကြံဥာဏ်ရယူဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်း၊ ခရိုင်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်သန်းလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ ငတိုးခင်၊ ကျေးပင်ပေါက်၊ ပျဉ်းမပင်၊ ကင်ပွန်းခြုံ၊ သစ်ပတ်ကျေးရွာ ငါးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်နှင့် ခရိုင်ဦးစီးမှူး ဦးအောင်သန်းလွင်တို့က အမှာစကားပြောကြားကြပြီး မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးနိုင်က အကြံဥာဏ်ရယူဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(ဖြူး မြင့်ဦး)

ဘီးလင်းတွင် လမ်းရေနုတ်မြောင်းဖွင့်ပွဲ ကျင်းပ

Image may contain: 3 people, people standing, text and outdoor
ဘီးလင်း မေ ၃၁
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဘီးလင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်းနှင့် ဒုတိယနှစ်စက်ဝန်းအတွက် လမ်းရေနုတ်မြောင်းဖွင့်ပွဲနှင့် လူထု စစ်ဆေးပွဲကို မေ ၂၇ ရက်က ရင်းအုံကျေးရွာအုပ်စု နယ်ခြားကျေးရွာ၌ ကျင်းပသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးက ဆက်လက်ဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများကိုလည်း အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာ ယူပြီး မိမိတို့ကျေးရွာဖွံ့ဖြိုးရန် အဖွဲ့အစည်းများအလိုက် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။ နယ်ခြားကျေးရွာတွင် လမ်းရေနုတ်မြောင်းအား လူထုဗဟိုပြုစီမံ ကိန်းမှ ထောက်ပံ့ငွေကျပ် သိန်း ၁ဝဝ ကျော်အကုန်အကျခံဆောက်လုပ်ခြင်း ဖြစ်ပြီး ကနဦး ပေ ၃ဝဝဝ ကျော် လျာထားရာမှ ကျေးရွာလူထုပါဝင်မှုဖြင့် ပေ ၄ဝဝဝ ပြီးစီးခဲ့ကြောင်း သိရသည်။ ရေနုတ်မြောင်းတူးခြင်းဖြင့် မိုးရာသီတွင် ရေကြီးရေလျှံမှု လျော့ကျမည်ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)

Wednesday, May 31, 2017

ကိုယ်ပိုင်ဘိုးရင်းလေယာဉ်ကို လေကြောင်းပြတိုက်သို့ဂျွန်ထရာဗော်တာ လှူဒါန်းမည်

Image may contain: 1 person
အေးပြည့်
ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားကြီး ဂျွန်ထရာဗော်တာက သူပိုင်ဆိုင်တဲ့ ကိုယ်ပိုင်လေယာဉ်တွေ အနက် ၇ဝ၇ လေယာဉ်တစ်စင်းကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မှာရှိတဲ့ လေကြောင်းပြတိုက်သို့ လှူဒါန်းသွားမှာဖြစ်ကြောင်း နယူးစ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ယင်းလေယာဉ်ကို သြစတြေးလျနိုင်ငံရဲ့မြို့တော် စစ်ဒနီရဲ့ တောင်ဘက် ၁၄၅ ကီလိုမီတာအကွာမှာရှိတဲ့ အယ်လ်ဘီယန်ပန်းခြံဆီသို့ မပျံသန်းမီ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဂျွန်ထရာဗော်ဒါရဲ့ နေအိမ်မှာ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် သမိုင်းဆိုင်ရာ လေယာဉ်ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းသို့ ပေးအပ်သွားမှာဖြစ်ပြီး ဒီလိုလှူဒါန်းသွားမယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေ ၂၈ ရက်မှာ ဂျွန်ထရာဗော်တာက တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ဂျွန်ထရာဗော်တာပိုင်တဲ့ ဘိုးရင်းလေယာဉ် သြစတြေးလျကို ရောက်ရှိမယ့်ရက်အတိအကျကိုတော့ လတ်တလော အချိန်အထိ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းနဲ့ ဒီလိုလေယာဉ်ကို ပျံသန်းသယ်ဆောင်ရာမှာလည်း ဂျွန်ထရာဗော်တာက အဖွဲ့ဝင်တစ်ဦးအဖြစ် ကိုယ်တိုင်ပါဝင်လိုတဲ့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။ လတ်တလော မှာတော့ ယင်းလေယာဉ်ဟာ သြစတြေးလျကို ပျံသန်းနိုင်ဖို့အတွက် ပြင်ဆင်မှုတွေလိုအပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
လေယာဉ်မောင်းရတာကို အလွန်ဝါသနာပါတဲ့အတွက် ဂျွန်ထရာဗော်တာရဲ့ နယူးယော့ခ်နေအိမ်ဟာ တကယ့်ကို အသုံးပြုနေတဲ့ လေယာဉ်ကွင်းတစ်ခုသဖွယ်ပြင်ဆင်ထားပြီး ပြေးလမ်းနှစ်ခုလည်း ပါဝင်နေကြောင်း သိရပါတယ်။

ပြတ်ပြတ်သားသားမရှိသေးတဲ့ အက်သလက်-ဂရစ်ဇ်မန်း-မန်ယူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း

Image may contain: 1 person, standing
မေလဲ့သင်း
အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆုဖလားတွေ ကိုင်မြှောက်ချင်တဲ့ဆန္ဒကြောင့် အက်သလက်ကနေထွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့သလို အဲဒီမတိုင်မီ ပြင်သစ်ရုပ်သံတစ်ခုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မန်ယူကိုပြောင်းဖို့က ၆ဝ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီကြားကာလမှာ မန်ယူအသင်းဟာ ယူရိုပါလိဂ်ဖလားကို ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာကြောင့် အားလုံးက ဂရစ်ဇ်မန်းတစ်ယောက်တော့ မန်ယူကို လာမယ်ဆိုတာ ရာနှုန်းပြည့်နီးပါးလောက်ကို သေချာသွားပြီလို့ ကောက် ချက်ဆွဲခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ရက်မှာပဲ သူက အက်သလက်တီကိုမှာ ဆက်နေရင်းနဲ့ပဲ ဖလားတွေ ကိုင်မြှောက်ချင်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒီတော့ ဂရစ်ဇ်မန်း ရဲ့ စကားအသွားအလာအရ မန်ယူကို လာမှာလား၊ မလာဘူးလားဆိုတာ အခုထိ ဂဏနဃအဖြေမထုတ်နိုင်သေးဖြစ်နေတယ်။ မန်ယူက သူ့ကို ရဖို့အတွက် အက်သလက်နဲ့ သူ့အကြားထည့်ချုပ်ထားတဲ့ စာချုပ်အရ ယူရိုသန်း ၁ဝဝ လျော်ကြေးပေးရမှာဖြစ်ပေမယ့် မန်ယူက ဒီလောက်ပမာဏကို သုံးစွဲဖို့ အသင့်အနေအထားပါ။ ဂရစ်ဇ်မန်းကိုယ်တိုင်က သူပြောင်းရင် မန်ယူကိုသာ ပြောင်းမယ်လို့ အရင်ကတည်းက ဆုံးဖြတ်ထားပုံ ပေါ်သလို အက်သလက်ဘက်က ဂရစ်ဇ်မန်းနေရာ အစားထိုးဖို့ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို သဘောတူညီမှု ရယူထားပြီးဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဂရစ်ဇ်မန်းက ဘာကိုချင့်ချိန်ပြီး အခုလို တစ်ခါပြောတဲ့စကားနဲ့ နောက်တစ်ခါ ပြောတဲ့စကား ဘာလို့ မတူတာလဲဆိုတာတော့ ကာယကံရှင်သာအသိဆုံး ဖြစ်မှာပါ။ အားကစားရေးရာ ကျွမ်းကျင်သူ တော်တော်များများကလည်း ဂရစ်ဇ်မန်းလာရင် မန်ယူရဲ့ ကျောနံပါတ်(၇)ကို ဖယ်လိုင်နီဆီက လက်လွှဲရယူ မယ်လို့ တောင် သုံးသပ်နေကြတဲ့အထိ ဖြစ်နေပါတယ်။ဂရစ်ဇ်မန်းဟာ အင်တာဗျူးတစ်ခုမှာ တစ်မျိုး၊ နောက် အင်တာဗျူးတစ်ခုမှာ တစ်မျိုး ပြောနေတာကြောင့် ဘာကိုကြည့်ပြီး အဖြေထုတ်ရမှန်းမသိ မျက်စိလည် သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အက်သလက်တီကို ဥက္ကဋ္ဌ ကာရန်ဇိုကလည်း ဂရစ်ဇ်မန်းအနေနဲ့ အက်သလက်တီကိုမှာ လာမယ့်ရာသီ ဆက်ရှိမှာ သေချာပြီး ဘယ်အသင်းကိုမှ ပြောင်းမှာမဟုတ်ဘူးလို့ အတည်ပြုပြောခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဂရစ်ဇ်မန်း ဘယ်လိုဆုံးဖြတ်ထားလဲဆိုတာ လာမယ့် ရက်သတ္တသုံးပတ်လောက်အတွင်း သိရမယ့် ကိစ္စဖြစ်နေပြီး မန်ယူကို တကယ်ရောက်မရောက်ဆိုတာ ဇွန်လအတွင်း သိကြရတော့မှာဖြစ်ပါတယ်။