Wednesday, May 31, 2017

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး

Image may contain: 3 people, people smiling

ပြုံယမ်း မေ ၃ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းသည် တိကျသေချာသော လမ်းòန်မှု စနစ်ဖြင့် တိုက်ချင်းပစ် ဒုံးကျည်သစ်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီးနောက်တွင် မဟာ ဗျူဟာမြောက်ပြီး စွမ်းအားကြီးမားသည့်လက်နက်များကို ပိုမိုထုတ်လုပ်ရန် အမိန့် ပေးအပ်လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယားဗဟိုသတင်း အေဂျင်စီက အင်္ဂါနေ့ သတင်းတွင် ဖော်ပြခဲ့သည်။
တနင်္လာနေ့က စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် ယခင်ထုတ်လုပ်ခဲ့သည့် ဗားရှင်းဖြစ်သည့် ဟွာဆောင်းဒုံးကျည်နှင့်နှိုင်းယှဉ်လျှင် နည်းပညာအဆင့်မြှင့်တင် ထားပြီး လူအစားစက်ကို အစားထိုးသုံးကာ ကြိုတင်ပစ်ခတ်နိုင်သည့် အစီအစဉ် တပ်ဆင်ထားကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြထားသည်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်သည့် တာလတ်ပစ်ဒုံးကျည်သည် မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းပေါ်တွင် ကျရောက်ခဲ့ပြီး ယင်းပစ်ခတ်မှု သည် နိုင်ငံတကာက ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများ ပိုမိုကျရောက်လာမည့် ခြိမ်းခြောက်မှုများကို စိန်ခေါ်လိုက်သည့် မြန်နှုန်းမြင့် ဒုံးကျည်စမ်းသပ်မှုဖြစ်သည်ဟုဆိုသည်။
မြောက်ကိုရီးယားခေါင်းဆောင်က မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်၏ ရန်မှကာကွယ်သွားနိုင်ရန်အတွက် စွမ်းအားကြီးမားသည့် လက်နက်အမြောက်အမြား ကို အချိန်နှင့်တစ်ပြေးညီ ကြိမ်ဖန်များစွာ ပိုမိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်က ပြုလုပ်လျက်ရှိသည့် စစ်ရေး လေ့ကျင့်မှုမှန်သမျှကို စစ်ပွဲအတွက်ဟန်ပြင်နေမှုအဖြစ် မှတ်ယူလျက်ရှိသည်။
(ရိုက်တာ)

ဇင်ဘာဘွေနိုင်ငံ၌ ရွှေတွင်းပြိုကျ ရှစ်ဦးသေဆုံး

Image may contain: outdoor

ဟာရာရီ မေ ၃ဝ

ဇင်ဘာဘွေနိုင်ငံအတွင်းရှိ ရွှေတွင်းတစ်ခုပြိုကျမှုဖြစ်ပွားပြီးနောက် အဆိုပါရွှေတွင်း၌ အလုပ်လုပ်နေသော တရားမဝင်ရွှေတူးဖော်ရေးသမား ရှစ်ဦးသေဆုံးခဲ့ကြောင်း ဇင်ဘာဘွေ ရဲတပ်ဖွဲ့က မကြာသေးမီက ပြောခဲ့သည်။
ရွှေတွင်းပြိုကျမှုသည် ညပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြိုကျချိန်တွင် ရွှေတူးဖော်သမားကိုးဦး ရွှေများတူးဖော်နေကြောင်း သိရသည်။ ရွှေတွင်းပြိုကျ ပြီးနောက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေတွင်းသည် အစိုးရဌာန၏ ခွင့်ပြုချက်မရဘဲ တရားမဝင်ရွှေတူးဖော် ခြင်းဖြစ်ကြောင်း သိရသည်။ ဇင်ဘာဘွေနိုင်ငံတွင် တရားမဝင်ရွှေတူးဖော်ရေး လုပ်ငန်းများ ပြုလုပ်လေ့ရှိပြီး အသက်အ္တရာယ်လုံခြုံမှုမရှိဘဲ ရွှေတူးဖော်ရေးသမားများ မကြာခဏ သေဆုံးမှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
(ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့၌ ပျက်စီးမှုများဖြစ်ပေါ်



Image may contain: tree and outdoor
နေပြည်တော် မေ ၃ဝ
ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါမုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့တွင် အောင်မင်္ဂလာရပ်ကွက်၊ ကုန်းတန်းရပ်ကွက်၊ မင်းဂံရပ်ကွက်၊ ရွှေပြားရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်တို့၌ နေအိမ်များ ပျက်စီးပြီး လွှတ်တော်ရုံး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စုပေါင်းရုံး၊ ပြည်နယ်ကျေးလက်ဦးစီးဌာနရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှူးရုံး၊ ကျောက်တန်းကျန်းမာရေးဌာနတို့မှ အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
ထို့အတူ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ မောင်တောမြို့နယ်တို့တွင်လည်း သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ နေအိမ်များ၊ စာသင်ကျောင်းများ ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့သည့်အပြင် သောက်သုံးရေကန်များ ကျိုးပေါက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၌လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ငပုတောမြို့နယ်တို့တွင်လည်း ဝန်ထမ်းအိမ်ရာများ၊ လူနေအိမ်ရာများ ပြိုကျပျက်စီးမှုရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း နေအိမ်နှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆက်လက်စိစစ်ဆဲဖြစ်ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကြေးမုံ)

MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ဆက်လက်ကျင်းပမည်



Image may contain: 2 people, people playing sports, people standing, stadium and outdoor
ရန်ကုန် မေ ၃ဝ
၂ဝ၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၆)ကို ဇွန် ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီးအဆင့် ရပ်တည်မှုပြောင်းလဲနိုင်သည့် ပွဲများ ပါဝင်နေသည်။
ပွဲစဉ်(၁၆)အဖြစ် ဇွန် ၁ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ အောင်ဆန်းကွင်း၌ GFA အသင်းနှင့် ဧရာဝတီအသင်း၊ ဇွန် ၂ ရက်တွင် အောင်ဆန်းကွင်း၌ ဇွဲကပင် အသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ နေပြည်တော်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇွန် ၃ ရက်တွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ပွဲစဉ်(၁၅)အပြီး တွင် ရန်ကုန်အသင်းက ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်က ၃၅ မှတ်၊ ရတနာပုံက ၃၄ မှတ်၊ ဧရာဝတီနှင့် ရခိုင်က ၂၃ မှတ်စီ၊ မကွေးက အမှတ် ၂ဝ၊ Southern နှင့် ဟံသာဝတီတို့က ၁၅ မှတ်စီ၊ ဇွဲကပင် က ၁၄ မှတ်၊ နေပြည်တော်က ၁၂ မှတ်၊ ချင်းယူနိုက်တက်နှင့် GFA တို့က ၁ဝ မှတ်စီရထားသည်။
ပွဲစဉ်(၁၅)တွင် လက်ရှိချန်ပီယံ ရတနာပုံအသင်းကို အဝေးကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ပြီး ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည့် ရန်ကုန်အသင်းသည် ယခုတစ်ပတ်တွင် ပွဲကျပ်ထပ်မံကစား ရမည်ဖြစ်ကာ ခြေစွမ်းတက်နေသည့် မကွေးအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။ ရန်ကုန်အသင်းသည် ယခုပွဲ တွင် ထပ်မံခြေချော်ပါက ထိပ်ဆုံး နေရာမှ ဖယ်ပေးရဖွယ်ရှိနေသည်။ ဒုတိယနေရာမှ ရှမ်းယူနိုက်တက် အသင်းသည် နေပြည်တော်နှင့်ပွဲကို အဝေးကွင်းအစား ကြားကွင်း၌ ကစားရမည်ဖြစ်သောကြောင့် အခွင့်အရေး ပိုသာဖွယ်ရှိနေပြီး လက်ရှိချန်ပီယံ ရတနာပုံအသင်းမှာမူ အိမ်ကွင်း ထပ်မံကစားရမည်ဖြစ်သည်။
ယခုတစ်ပတ်ပွဲစဉ်အပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း၏ အာရှဖလား ခြေစစ်ပွဲနှင့်မြန်မာ ယူ-၂၂ အသင်း၏ နိုင်ငံတကာပြိုင်ပွဲကြောင့် သုံးလကျော် ရပ်နားမည်ဖြစ်ပြီး စက်တင်ဘာလမှ သာပြန်လည်ကျင်းပမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ဖိုးသော်ဇင်

ဆယ်လ်ဖီတုတ်တံအသုံးပြုအောင်ပွဲခံခဲ့သည့်ဟက်ဒါဖီးလ်ဒ်ကစားသမားများကို ပရိသတ်များဒေါသထွက်

Image may contain: 3 people
မေလဲ့သင်း
ဟက်ဒါဖီးလ်ဒ်အနေဖြင့် ပရီမီယာလိဂ်တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ရက်ဒင်းအသင်းကို အနိုင်ရရှိပြီး တန်းတက်ခွင့်ရရှိခဲ့သော်လည်း ကစားသမားများက ကွင်း အတွင်း ဆယ်လ်ဖီတုတ်တံများဖြင့် ဓာတ်ပုံရိုက်အောင်ပွဲခံမှုကြောင့် ပရိသတ်များ၏ အမျက် သင့်ခံနေရကြောင်း သိရသည်။ ပရီမီယာလိဂ်ထိပ်တန်းအသင်းများဖြစ်သည့် အာဆင်နယ်၊ စပါးနှင့် မန်ယူအသင်းတို့သည် ကွင်းအတွင်း ဆယ်လ်ဖီတုတ်တံ အသုံးပြုဓာတ်ပုံရိုက်ကူးမှုကို တားမြစ်ထားသည်။
ဝင်ဘလေကွင်းတွင် ကစားခဲ့သည့် ယင်းပွဲစဉ်တွင် အောင်ပွဲခံနိုင်ခဲ့သည့် ဟက်ဒါဖီးလ် အသင်းမှ ကစားသမားများက ဆယ်လ်ဖီတုတ်တံများအသုံးပြုကာ ဓာတ်ပုံရိုက်ကူးခဲ့ကြ ရေးကိုသာ ဦးစားပေးခဲ့၍ ပရိသတ်များက အမျက်သင့်ကာ တန်းပြန်ဆင်းရသည်နှင့်ပင် ထိုက်တန်ကြောင်း တွစ်တာ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဒေါသတကြီး ဝေဖန် ခဲ့ကြသည်။ ပရိသတ်အများစု၏ မှတ်ချက်များတွင် ကစားသမားများရဲ့အောင်ပွဲကို ဂုဏ်ပြု ခြင်းထက် ဆယ်လ်ဖီတုတ်တံအသုံးပြုမှုကိုသာ အဓိကထားဝေဖန်ခဲ့ကြသည်ကို တွေ့ရသည်။

အိုဇေးလ်နှင့် ဆန်းချက်ဇ်နှစ်ဦးပေါင်းကို တစ်နှစ်လုပ်ခ ပေါင်သန်း ၃ဝ ဖြင့်ကမ်းလှမ်းရန် အာဆင်နယ်ပြင်ဆင်လာပြန်

Image may contain: 1 person
မေလဲ့သင်း
အာဆင်နယ်အနေဖြင့် သက်တမ်းတိုးစာချုပ် လက်မှတ်ထိုးနိုင်ခြင်းမရှိသေးတဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့နှစ်ဦးပေါင်း အတွက် တစ်နှစ်လုပ်ခပေါင်သန်း ၃ဝ ပေးချေမည်ဟူသော ကမ်းလှမ်းချက်အသစ်ကို ထပ်မံကမ်းလှမ်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၂၇၅ဝဝဝ၊ အိုဇေးလ်ကို တစ်ပတ်လုပ်ခ ၂၈ဝဝဝဝ ဖြင့် ၂ဝ၂ဝ အထိ နှစ်နှစ်စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်းမည်ဖြစ်သည်။ သူတို့နှစ်ဦး ၏ လက်ရှိစာချုပ်မှာ ၂ဝ၁၈ နွေရာသီ မှာပင် ကုန်ဆုံးမည်ဖြစ်ရာ ကလပ် အသင်းဘက်မှ နောက်ထပ် ကမ်းလှမ်းချက်အသစ်တစ်ရပ်ကို အလျင်အမြန် ဖော်ဆောင်ခဲ့ခြင်းဖြစ် သည်။
အိုဇေးလ်၏ ကိုယ်စားလှယ် ဖြစ်သူက သူ့ကစားသမားအတွက် တစ်ပတ်လုပ်ခပေါင် ၃၅ဝဝဝဝ အထိ တောင်းဆိုထားသော်လည်း ပေါင် ၂၈ဝဝဝဝ ဖြင့်သာ ကမ်းလှမ်းမှု ပြုခဲ့ ခြင်းဖြစ်သည်။
ဆန်းချက်ဇ်ကိုလည်း အစောပိုင်း က တစ်ပတ်လုပ်ခပေါင် ၃ဝဝဝဝဝ ဖြင့် ကမ်းလှမ်းခဲ့သည်ဟု သတင်း ထွက်ခဲ့သေးပြီး ယခုမူ ၂၅ဝဝဝ လျော့ကျကာ ပေါင် ၂၇၅ဝဝဝ ဖြင့်သာ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သူတို့ နှစ်ဦးစာချုပ်ကိစ္စကို မေ ၃၁ ရက်တွင် ပြုလုပ်မည့် အာဆင်နယ်ဘုတ်အဖွဲ့ အစည်းအဝေးအတွင်း ဆွေးနွေးသွား မည်ဖြစ်သလို ဝင်းဂါးကို မူလက ကမ်းလှမ်းထားတဲ့ နှစ်နှစ်စာချုပ်ကို လည်း ပြန်လည်သုံးသပ်မည်ဖြစ်သည်။
ဆန်းချက်ဇ်မှာ လန်ဒန်လူနေမှု ဘဝကို နှစ်သက်သူဖြစ်သလို ယခု ကဲ့သို့ မူရင်းရရှိတဲ့ လစာနှုန်းထားထက် များစွာမြင့်မားတဲ့ လုပ်ခလစာ ထပ်တိုးကမ်းလှမ်းမှုကြောင့် အဆိုပါ ကမ်းလှမ်းမှုအသစ်ကို ဆန်းချက်ဇ် လက်ခံလိမ့်မည်ဟု အာဆင်နယ် ဘက်မှ မျှော်လင့်နေသည်။ သို့သော် မန်စီးတီးအသင်းကလည်း ဆန်းချက်ဇ် ကို သေချာပေါက် ခေါ်ယူနိုင်မည်ဟု မျှော်လင့်နေသလို ဘိုင်ယန်မြူးနစ် အသင်းကလည်း ဘိုင်ယန်၏ အောင်မြင်မှု အစဉ်အလာကြောင့် ဆန်းချက်ဇ်ရရှိရေးတွင် အခြား အသင်းထက် ခေါင်းတစ်လုံးသာသည့် အနေအထား ရောက်နေသည်ဟု ယုံကြည်ထားသည်။ ယခုနှစ် နွေဈေးကွက်အတွင်း အာဆင်နယ်မှ ဝီရှိုင်းယား၊ အော်စပီနာ၊ ကီရန်ဂစ် ဘ်စ်၊ ကမ်းဘဲလ်နှင့် ဆက်ဇနီတို့ ထွက်ခွာဖွယ်ရှိနေပြီး ကစားသမားသစ် အင်အားဖြည့်တင်းမှု များစွာကို ပြုလုပ်ရတော့မည်ဖြစ်သည်။

ပနားမားအာဏာရှင်ဟောင်း နိုရေးဂါး အသက် ၈၃ နှစ်အရွယ်တွင် ကွယ်လွန်



Image may contain: 1 person, closeup
ပနားမားစီးတီး မေ ၃ဝ
ပနားမားနိုင်ငံ၏ အာဏာရှင်ဟောင်းဖြစ်သူ မင်နျူယယ်နိုရေးဂါးသည် မေ ၂၉ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ ၎င်းသည် ၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ ပနားမားနိုင်ငံအား အာဏာရှင်တစ်ဦးအဖြစ် အုပ်စိုးခဲ့သူဖြစ်ပြီး ကွယ်လွန် ချိန်တွင် အသက် ၈၃ နှစ်ရှိကြောင်း ယနေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ဆောင်ချက်များရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်တွင် ပနားမားနိုင်ငံအတွင်းသို့ အမေရိကန်စစ်တပ်က ကျူးကျော်ဝင်ရောက်ကာ မင်နျူယယ်နိုရေးဂါးအား ရာထူးမှ ဖယ်ရှားခဲ့သည်။ ၎င်းသည် ရာထူးမှ ဖယ်ရှားခြင်းမခံရမီ အမေရိကန်၏သူလျှိုတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အာဏာရချိန်အတွင်း နိုရေးဂါးသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)နှင့် နှစ်ပေါင်းရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်သည်။
အာဏာရှင်ဟောင်း နိုရေးဂါး ကွယ်လွန်သည့်သတင်းကို မေ ၂၉ ရက် ညပိုင်းတွင် ပနားမားသမ္မတ ကာလို့စ်ဗာရီလာက ၎င်း၏အင်တာနက် တွစ်တာတွင် ရေးသားခဲ့သည်။ နိုရေးဂါးကွယ်လွန်ခြင်းသည် အမေရိကတိုက်အလယ်ပိုင်းတွင် တည်ရှိသည့် ပနားမားနိုင်ငံ၏သမိုင်းတွင် ၎င်း၏အခန်းကဏ္ဍ နိဂုံးချုပ်သွား ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အာဏာရှင်ဟောင်း နိုရေးဂါးအား ရာထူးမှ ဖယ်ရှားရေးအတွက် ပနားမား နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ထိုစဉ်က အမေရိကန်သမ္မတ ဂျော့အိတ်ခ်ျဒဗလျူဘုရှ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ နိုရေးဂါးသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိသောငွေကြေးများကို ခဝါချခဲ့ပြီး ကိုကင်းမှောင်ခိုရောင်း ဝယ်မှုများကို ကိုလံဘီယာမှ မူးယစ်ဂိုဏ်းခေါင်းဆောင် ပါဘလိုအက်စ်ကိုဘာနှင့်အတူ လုပ်ဆောင်ခဲ့ဖွယ်ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။ ပနားမားအာဏာရှင် ဟောင်းသည် အမေရိကန်နိုင်ငံတွင် ၁၉၉၂ ခုနှစ်က ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး လူသတ်မှုကြောင့်ချမှတ်ခံရသော ထောင်ဒဏ်ကို ၎င်းကွယ်လွန်ချိန်အထိ ပနားမားနိုင်ငံ၌ ကျခံခဲ့ရသည်။
ရိုက်တာ။