Saturday, April 1, 2017

မြေကိစ္စများဖြေရှင်းဆောင်ရွက်ရာတွင် ဝိရောဓိဖြစ်စေနိုင်သည့် ကိစ္စရပ်များကို လွယ်လင့်တကူ ဖြေရှင်းနိုင်ရန် ''မူ'' (၁ဝ)ချက် ထပ်မံချမှတ်ပြီးဖြစ်


Image may contain: 4 people, people sitting, table and indoor
နေပြည်တော် မတ် ၃၁
မြေသိမ်းဆည်းခံရမှုကြောင့် နစ်နာသူပြည်သူများ၏ ရေရှည်ဘဝ ရပ်တည် နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်အနေဖြင့် အလေးထားဆောင်ရွက် သွားရန် လိုအပ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု များ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောကြားလိုက်သည်။
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်ကျင်းပသည့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ (၁/၂ဝ၁၇)လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒုတိယသမ္မတက နိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်နေသော လယ်ယာ မြေများ၊ တောင်သူလယ်သမားများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေ သဖြင့် နိုင်ငံတော်၏ Image ဖြစ်သော မြေယာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ရာတွင် ပြန်လည်သုံးသပ်၍ အရှိန်ကောင်းကောင်းဖြင့် ဆက်လက်တွန်းအား ပေးဆောင်ရွက်သွားရန်လိုကြောင်း။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှဲပြောင်းပေးပို့လာသည့် တိုင်ကြားစာအမှုတွဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပေးပို့လာသည့်အမှုတွဲများအနေဖြင့် စတင် ဖွဲ့စည်းချိန်မှ ယနေ့အထိ တိုင်ကြားစာ အမှုတွဲ စုစုပေါင်း ၃၉၈ဝ မှုရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများသို့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် အကြောင်းကြားထား ပြီးဖြစ်ကြောင်း၊ အမှုတွဲများမှ စိစစ်ဖြေရှင်းပြီး အမှုတွဲ ၂၁၂ မှုရှိပြီး စိစစ်ဖြေရှင်း ဆဲ အမှုတွဲ ၃၇၆၈ မှုရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မျှော်မှန်းထားသော အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်းကို သုံးသပ်မိကြောင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတက ဗဟိုကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း အထူးကိစ္စရပ်များအနေဖြင့် ဖြေရှင်းရန်လိုအပ်သော မြေကိစ္စများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပေါင်းစပ် ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးက ပထမဆုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အတွက် တိုးတက်မှုများရရှိခဲ့ပြီး ကချင်၊ ကယား၊ ချင်း၊ ပဲခူးတိုင်းဒေသကြီးတို့ကလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု ကြောင့် တိုးတက်မှုများရရှိခဲ့ကြောင်း။
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေး ကော်မတီများအနေဖြင့် ယခင်အစိုးရလက်ထက် စိစစ်ဖြေရှင်းရန် ကျန်ရှိ နေသော အမှုတွဲများကိုလည်း ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးတက်မှုအမှုတွဲများအား လစဉ်ပုံမှန်ပြန်တမ်းဖြင့် ပြန်လည်တင်ပြရန် လိုအပ် ကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ စီမံကိန်းအလို့ငှာ ရယူထားသောမြေများတွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့် မြေများကို နိုင်ငံတော် နှင့် ဒေသခံပြည်သူလူထုအကျိုးအတွက် မြေစီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်သိမ်းဆည်းနိုင်ရန်အတွက် ညွှန်ကြားထားပြီးဖြစ်သည့်အတွက် ဆောင်ရွက်မှုအခြေအနေများ တင်ပြ သွားရန်လိုအပ်ကြောင်း။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေး ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိနိုင်ရေး နိုင်ငံပိုင်သတင်း မီဒီယာများတွင် ဖော်ပြနိုင်ရန်အတွက် သတင်းထုတ်ပြန် ကြေညာချက်အား ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီမှ မြေကိစ္စများ ဖြေရှင်းဆောင်ရွက်ရာတွင် ဝိရောဓိဖြစ်စေနိုင်သည့် ကိစ္စရပ်များကို လွယ်လင့်တကူဖြေရှင်းနိုင်ရန် ''မူ'' (၁ဝ)ချက်ကို ထပ်မံချမှတ်ပြီး ဖြစ်သည့်အတွက် အတည်ပြုသွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဗဟိုကော်မတီအနေဖြင့် တိုင်ကြားစာများအပေါ် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက မြေယာကိစ္စရပ်များ လွယ်လင့်တကူဖြေရှင်းနိုင်ရေး ကိစ္စရပ်များ၊ မြေယာများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုမရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးတင်ပြကြပြီး ဒုတိယ သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)

မောင်တောခရိုင်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်


Image may contain: 3 people
မောင်တော မတ် ၃၁
မောင်တောခရိုင် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကျော်မောင်မောင် အောင်သိန်း ဦးဆောင်သော ခရိုင်/ မြို့နယ် ကျန်းမာရေးအဖွဲ့နှင့် ပြည်ပINGO အဖွဲ့တစ်ခုဖြစ်သည့် Malt- eser အဖွဲ့တို့ ပူးပေါင်း၍ မောင်တော ခရိုင်အတွင်းရှိ ဦးရှည်ကျ၊ ဒါးကြီးစား ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မတ် ၃ဝ ရက်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်ရာတွင် ဦးရှည် ကျကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန် ဆောင်မိခင် ၄၇ ဦးအပါအဝင် အမျိုး သား အမျိုးသမီး ၂ဝ၃ ဦးတို့အား လည်းကောင်း၊ ဒါးကြီးစားကျေးရွာ အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ခြောက်ဦးအပါအဝင် အမျိုးသား အမျိုးသမီး ၁၆၉ ဦးတို့အား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အနေဖြင့် မောင်တောခရိုင်အတွင်းရှိ အခြား သော ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းနှင့်ဓာတ်ပုံ
ရာမည၊ တင်စိုး

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အစည်းအဝေး (၇/၂ဝ၁၇) ကျင်းပ


Image may contain: 1 person
နေပြည်တော် မတ် ၃၁
မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အစည်း အဝေး (၇/၂ဝ၁၇)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ ရုံးအမှတ်(၁၈) နိုင်ငံတော်သမ္မတရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင် အစီရင်ခံစာပါအချက်များနှင့် စပ်လျဉ်း၍ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မောင်တောဒေသသို့ ကွင်းဆင်းသွားရောက်လေ့လာ စုံစမ်း မေးမြန်းခဲ့ကြောင်း၊ ထို့အပြင် မောင်တောဒေသဖြစ်စဉ် များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည် ဆိုသည့် ဒုက္ခသည်များကိုလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သွားရောက်တွေ့ဆုံမေးမြန်းမှုများဆောင်ရွက်ခဲ့ကြောင်း။
ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်အစီရင်ခံ စာပါ တမ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာများ နှင့် စပ်လျဉ်း၍ တပ်မတော်မှ တပ်မတော်စစ်ဆေးရေးအရာ ရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တို့က မောင်တောဒေသသို့ အသေးစိတ် သွားရောက် စုံစမ်းစစ်ဆေးခဲ့ကြကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက် အသေးစိတ်အစီရင်ခံစာ များသည် မိမိထံရောက်ရှိနေပြီဖြစ်ကြောင်း၊ ¤င်းစုံစမ်း စစ်ဆေးရေးအဖွဲ့များသည် သတ်မှတ်ထားသည့် လုပ်ထုံးလုပ် နည်းများနှင့်အညီ မြေပြင်သို့ကွင်းဆင်း၍ စနစ်တကျ စစ်ဆေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ကော်မရှင်၏ အစီရင်ခံစာ၌ စစ်ဆေးတွေ့ရှိချက်အားလုံးကို ခြုံငုံ၍ ပြည့်ပြည့်စုံစုံ သုံးသပ်တင်ပြနိုင်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေး၌ ကော်မရှင်အဖွဲ့ဝင်များက လွတ်လပ်စွာဆွေးနွေးကြရန် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေ က ကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေ အနေ၊ အပြီးသတ် အစီရင်ခံစာနှင့် အစီရင်ခံစာအကျဉ်းချုပ် ရေးသားခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးညွန့်ရွှေ၊ ဒေါက်တာလှမောင်၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ဦးသာဥာဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့က အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
(သတင်းစဉ်)

တစ်ပတ်ရစ်ဒုံးပျံယာဉ်ကို စပေ့စ်အိပ်(စ်)အောင်မြင်စွာလွှတ်တင် ဒုံးပျံယာဉ်၏ ဘူစတာဒရုန်းရေယာဉ်ပေါ် ပြန်လည်ဆင်းသက်


Image may contain: sky and outdoor
ဝါရှင်တန် မတ် ၃၁
အမေရိကန်အခြေစိုက် အာကာသနည်းပညာကုမ္ပဏီဖြစ်သော စပေ့စ်အိပ်(စ်)ကုမ္ပဏီသည် တစ်ပတ်ရစ် ဖယ်လ်ကွန်-၉ အမျိုးအစား ရော့ကတ်ဒုံးပျံယာဉ် တစ်စင်းကို အာကာသအတွင်းသို့ ပထမဆုံးလွှတ်တင်ခဲ့ကြောင်း၊ ယင်းနောက် တွင် ဖယ်လ်ကွန်-၉ ဒုံးပျံယာဉ်၏ ပထမအဆင့် ဘူစတာသည် အတ္တလန္တိတ် သမုဒ္ဒရာတွင်းရှိ ဒုံးပျံယာဉ်ပြန်လည်ဆင်းသက်နိုင်သော အာကာသဆိပ်ကမ်း ဒရုန်းရေယာဉ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်ခဲ့ကြောင်း၊ စပေ့စ်အိပ်(စ်)ကုမ္ပဏီအတွက် သမိုင်းဝင်ဆောင်ရွက်ချက်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
လူဇင်ဘတ်နိုင်ငံ အခြေစိုက် ဂြိုဟ်တုဝန်ဆောင်လုပ်ငန်းကုမ္ပဏီ အက်စ်အီးအက်စ်အတွက် ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ် လမ်းကြောင်းအတွင်းသို့ လွှတ်တင်ပေးရန် စပေ့စ်အိပ်(စ်)ကုမ္ပဏီက တစ်ကျော့ပြန် ထုတ်လုပ်ထားသော ဒုံးပျံယာဉ်ကို အသုံးပြုခဲ့သည်။ နှစ်ဆင့်ပေါက် ဒုံးပျံယာဉ် ဖြစ်သော ဖယ်လ်ကွန်-၉ ဒုံးပျံယာဉ်ကို မတ် ၃ဝ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၇ မိနစ်တွင် ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းမှ ပစ်လွှတ်ခဲ့သည်။
ဒုံးပျံယာဉ်လွှတ်တင်အပြီး ၁ဝ မိနစ်ခန့်အကြာတွင် ဒုံးပျံယာဉ်၏ ပထမ အဆင့်(ဘူစတာ)သည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရပ်တန့်ထားသော ''Of Course I Still Love You''အမည်ရှိ အာကာသဆိပ်ကမ်း ဒရုန်းရေယာဉ် ၏ ပလက်ဖောင်းပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။
ယနေ့သည် မိမိတို့အတွက် မယုံနိုင်ဖွယ်ရာ အောင်မြင်မှု ရရှိသောနေ့ရက် ဖြစ်ကြောင်း စပေ့စ်အိပ်(စ်)ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အယ်လွန်မတ်က ပြောကြားသည်။
ဆင်ဟွာ။

ဆီးရီးယား စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် ငါးသန်းခန့်ရှိပြီဖြစ်


Image may contain: one or more people, people standing, hat, beard and outdoor
ဒမတ်စကတ် မတ် ၃၁
ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားမှု ခြောက်နှစ် တာကာလအတွင်း အခြားသော ဘေးပတ်ဝန်းကျင် နိုင်ငံများသို့ ထွက်ခွာသွားသည့် စစ်ဘေးရှောင် ပြည်သူများ အရေအတွက်သည် ငါးသန်းခန့်ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ယနေ့ပြောကြားခဲ့ သည်။
တူရကီ၊ အီရတ်နှင့် အီဂျစ်နိုင်ငံများကဲ့သို့သော ဘေးပတ်ဝန်းကျင်နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် သွားသူအရေအတွက်မှာ ၅ ဒသမ ၁၈ သန်းရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုသည်။ ဥရောပနိုင်ငံများနှင့် အခြားသောနိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများစာရင်းကိုပါ ထည့်သွင်းတွက်ချက် မည်ဆိုပါက ယင်းအရေအတွက်ထက် ကျော်လွန် မည်ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ပြန်လည် နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာမှ အလှူငွေများလိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုသည်။
တူရကီနှင့် အီရတ်နိုင်ငံများကဲ့သို့သော နိုင်ငံပေါင်းခုနစ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွား သည့် ဒုက္ခသည်များအတွက် ဒေါ်လာ ၅ ဒသမ ၅၂ သန်းကို ဂျပန်နိုင်ငံက ပေးလှူမည်ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ဒုက္ခသည် အမျိုးသမီးများနှင့် လူငယ်များအတွက် အသက်မွေးမှုသင်တန်းများကို ဂျပန်နိုင်ငံက ဖွင့်လှစ်ပေးမည်ဖြစ်ပြီး အဓိက အားဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများတွင် အလုပ်အကိုင်များ ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။
မတ် ၃ဝ ရက်က သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့ရှိ ကုလသမဂ္ဂရုံးတွင် ဒုက္ခသည်များအား အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဂျပန်ကိုယ်စားလှယ် တစ်ဦးနှင့် ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြ သည်။
ဒုက္ခသည်များ နေသားတကျဖြစ်စေရန် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ ပေးရန် အရေးကြီးကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် ယင်းအကူအညီများကို တတ်အားသမျှ ပေးစွမ်းမည် ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီး မတ်ဆူရူ ကီတာနို က ဆိုသည်။
အင်န်အိတ်ခ်ျကေ။

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးအား ဆိုးလ်ခရိုင်တရားရုံးတော်က ဖမ်းဝရမ်းထုတ်


Image may contain: 1 person
ဆိုးလ် မတ် ၃၁
တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို မတ် ၃၁ ရက် အစောပိုင်းက ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း၊ မြို့တော်ဆိုးလ် ခရိုင်တရားရုံးက လာဘ်ပေးလာဘ်ယူ ပြုလုပ်မှု၊ အာဏာအလွဲသုံးမှု၊ အကျပ်ကိုင် အနိုင်အထက် ပြုမူမှုနှင့် အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားမှု စွဲချက် များအရ ပတ်အား ဖမ်းဆီးရန် ဝရမ်းထုတ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ယခုလအစောပိုင်းက နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး က ပတ်အား ပါလီမန်က စွပ်စွဲပြစ်တင်မှုကို အတည်ပြုပေး ခဲ့ရာ ၎င်းမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။ ရာထူးမှ ဖယ်ရှားခံရခြင်းနှင့်အတူ သမ္မတအဖြစ် တရားစွဲဆိုခံရခြင်း မှ ကင်းလွတ်ခွင့်လည်း ရုပ်သိမ်းခံခဲ့ရသည်။
ဆိုးလ်မြို့တော်ရှိ ခရိုင်တရားရုံးသည် မတ် ၃ဝ ရက် က မနားမနေ ကြားနာစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် အစိုးရရှေ့နေများ၏ လျှောက်ထားချက်ကိုလက်ခံကာ ပတ်အား ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့သည်။
ရာဇဝတ်ပြစ်မှုထိုက်သော စွပ်စွဲချက်များဖြစ်သဖြင့် သက်သေအထောက်အထားများအား ပတ်က ဖျက်ဆီးပစ် နိုင်မှုအတွက် စိုးရိမ်ပူပန်မှုများရှိနေသဖြင့် ၎င်းကို ဖမ်းဆီး သင့်သည်ဟု အစိုးရရှေ့နေများက တရားရုံးထံ တင်ပြခဲ့ကြ ကြောင်း တရားရုံးတော်၏ ကြေညာချက်တွင် ဖော်ပြထား သည်။
တရားသူကြီးများသည် မတ် ၃ဝ ရက်က ကိုးနာရီကြာ မျှ ကြားနာမှုပြုလုပ်ခဲ့ပြီးနောက် တရားရုံးတော်က ဖမ်းဝရမ်း ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ပတ်သည် တောင်ကိုရီးယားနိုင်ငံ၌ ထိန်းသိမ်းခံရ သည့် တတိယမြောက် ခေါင်းဆောင်ဟောင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး သမ္မတတစ်ဦးဖြစ်သူ ပတ်သည် ပါလီမန်၏ စွပ်စွဲပြစ်တင်မှုမှ တစ်ဆင့် ရာထူးမှဖယ်ရှားခံရသည့် ပထမဆုံးသော သမ္မတ တစ်ဦးလည်းဖြစ်သည်။
ရိုက်တာ၊ ဆင်ဟွာ။

ပါရှန်ပင်လယ်ကွေ့မှ အမေရိကန်ရေတပ်ထွက်သွားရန် အီရန်ကာကွယ်ရေးဝန်ကြီး တောင်းဆို


No automatic alt text available.
တီဟီရန် မတ် ၃၁
ပါရှန်ပင်လယ်ကွေ့အတွင်းမှ အမေရိကန်ရေတပ်ဖွဲ့များထွက်ခွာသွားရန် အီရန် ကာကွယ်ရေးဝန်ကြီးက မတ် ၃ဝ ရက်တွင် တောင်းဆိုလိုက်ကြောင်း တက်စ်နမ် သတင်းဌာနက ဖော်ပြသည်။
မည်သည့်လုပ်ငန်းကိစ္စဖြင့် ပါရှန်ပင်လယ်ကွေ့ဒေသသို့ အမေရိကန် ရေတပ်ဖွဲ့များ ရောက်နေသနည်းဟု အီရန်ကာကွယ်ရေးဝန်ကြီး ဟော့စ်စန် ဒက်ကွမ်က မေးခွန်းထုတ်လိုက်ပြီး ပါရှန်ပင်လယ်ကွေ့ဒေသအတွင်းရှိ နိုင်ငံများ နှင့် ပြဿနာမဖြစ်ပွားစေရန် အမေရိကန်ရေတပ်အနေဖြင့် ယင်းဒေသမှ ထွက်ခွာသွားခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပါရှန်ပင်လယ်ကွေ့ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်စစ်ရေယာဉ် များအား အီရန်ရေတပ်က ဒုက္ခပေးနှောင့်ယှက်နေသည်ဟု အမေရိကန်ရေတပ် တပ်မှူး၏ပြစ်တင်ပြောကြားမှု ထွက်ပေါ်လာပြီးနောက် အီရန်ကာကွယ်ရေး ဝန်ကြီးက ယင်းသို့ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
ဆင်ဟွာ။