Saturday, April 30, 2016
ဒသမတန်း ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ငွေဆောင်) ဖွင့်လှစ်

ငွေဆောင် ဧပြီ ၂၉
၂ဝ၁၆ ခုနှစ် ဒသမတန်း ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ငွေဆောင်)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီက နှစ်သစ်တွင် အစိုးရအဖွဲ့သစ် ၏နွေးထွေးစွာ ကြိုဆိုမှုနှင့်အတူ ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့်ကာလအတွင်း ကျန်းမာရွှင်လန်းစွာ အပန်းဖြေနိုင်ပြီး ဒေသန္တရဗဟုသုတ များရကြပါစေကြောင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးကြပြီး နိုင်ငံတော်၏အကျိုးအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ပညာရေး ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများယုံကြည် မျှော်လင့်ထားသည့်အတိုင်း အောင်မြင်စွာ စွမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဘက်စုံပညာ ထူးချွန်တံဆိပ်များကို ကျောင်းသား ကျောင်းသူများအား ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် ဘက်စုံပညာထူးချွန်အပန်းဖြေစခန်း (ငွေဆောင်)စခန်းမှူး ဦးဝင်းမောင်က ဘက်စုံပညာထူးချွန် အပန်းဖြေစခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်သို့ ပေးအပ်ခဲ့သည်။ လူရည်ချွန် ဟောင်းများအဖွဲ့ကလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အမှတ်တရတံဆိပ်ပေးအပ်ခဲ့သည်။
ချင်းပြည်နယ် မင်းတပ်မြို့ အထက ကန်ပက်လက်မှ သုံးထပ်ကွမ်းလူရည်ချွန် မောင်ဟာရှိန်းကီးက ဘက်စုံထူးချွန် မောင်မယ်များကိုယ်စား ကျေးဇူးတင်စကားပြောကြား သည်။ ထို့နောက် အလက(၅)ပုသိမ်မှ ကျောင်းသားလေး တစ်ဦးက ကျွန်တော့်ရည်မှန်းချက်သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘက်စုံပညာ ထူးချွန်မောင်မယ်များက မြန်မာ့ကျောင်းသီချင်း၊ ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြု သီဆိုခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးပညာရေးဌာနမှ ဖွဲ့စည်းထားသော ပညာလင်္ကာတေးဂီတအဖွဲ့မှ တေးရေး ဟင်္သာတမြင့်ငွေ ရေးစပ်သီကုံးထားသည့် ''ဧရာဝတီရဲ့ အလှ'' သီချင်းဖြင့် သီဆိုကပြသရုပ်ဖော်ခဲ့ကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များသည် ဘက်စုံပညာထူးချွန် မောင်မယ်များနှင့်အတူ ခင်မင်ရင်းနှီးစွာဖြင့် ဂုဏ်ပြု နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြောင်းသိရသည်။
(သတင်းနှင့်ဓာတ်ပုံ - သီသီမင်း)
ဆူးရစ်တန်းကျေးရွာ ရေတွင်းများမှရေများ အရောင်ပြောင်းလဲ

မိတ္ထီလာ ဧပြီ ၂၉
မိတ္ထီလာမြို့အနောက်ဘက် မိုင် ၃ဝ ကျော်ခန့်ကွာဝေးသည့် ဇရပ်ကုန်း ကျေးရွာအုပ်စု ဆူးရစ်တန်းကျေးရွာ တွင် ကျေးရွာဒေသခံများ နှစ်ပေါင်းများစွာ အသုံးပြုလာသည့် ရေတွင်း သုံးတွင်းမှ ရေများ၏အရောင်မှာ ဧပြီ ၂၄ ရက် နံနက် ၆ နာရီခန့်တွင် ထူးဆန်းစွာ ပြောင်းလဲခဲ့သည်။
ရေတွင်းများမှ ရေများအရောင် ပြောင်းလဲသည့် ဆူးရစ်တန်းကျေးရွာသို့ မိတ္ထီလာမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၏ အစီအစဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းသည့် အဖွဲ့ဖြင့် ဧပြီ ၂၈ ရက် နံနက်ပိုင်းကလိုက်ပါ၍ လေ့လာဖြစ်ခဲ့သည်။
သောက်သုံးရေလာရောက်လှူဒါန်းသည့် အဖွဲ့တွင်ပါလာသည့် လူငယ်များနှင့် ကျေးရွာဒေသခံလူငယ်၊ လူကြီးများက မော်တော်ယာဉ်ပေါ်ရှိ ရေပုံးများမှ ရေများကို ကျေးရွာဒေသခံ များ၏ ရေပုံး၊ ရေအိုးများထဲသို့ လှယ်ထည့်ပေးပါသည်။
မိမိအနီးရှိ ကျေးရွာဒေသခံတစ်ဦးဖြစ်သည့် ဦးဂျပန်ဆိုသူအား ရွာမှရေတွင်းများ အရောင်ပြောင်းလဲသည့် အကြောင်းရင်းကို မေးမြန်းကြည့်ခဲ့သည်။
''ဧပြီလ ၂၃ ရက်ည ၇ နာရီ ၊ ၈ နာရီလောက်အထိကို ရေတွင်းတွေက ရေတွေ အရောင်မပြောင်းသေးဘူး။ အဲဒီအချိန်အထိ ရေခပ်တဲ့သူတွေရှိသေးတယ်။ မနက်စောစောအချိန်ရောက်တော့မှ ရွာထဲက ကလေးငယ်တွေ ရေသွားခပ်ကြမှ အလယ်ရေတွင်းက ရေတွေ အရောင်ပြောင်းနေတာတွေ့ရတယ်။ အရောင်က နီကြန့်ကြန့်အရောင်ဖြစ်နေတာတွေ့တော့ ရွာကလူကြီးတွေကို လာပြောတယ်။ ကျေးရွာက လူကြီးတွေအားလုံး သွားရောက်စစ်ဆေး ကြည့်တော့ အလယ်တွင်း၊ ကန်ဖျားကတွင်းနဲ့ အောက်တွင်း စုစုပေါင်း ရေတွင်းသုံးတွင်းစလုံးကရေတွေ အရောင်ပြောင်းလဲနေတာတွေ့ရတယ်။ ဒါကြောင့် အန္တရာယ်ဖြစ်မှာစိုးလို့ ရေတွင်းတွေကို ဆူးခတ်တွေနဲ့ ကာရံပြီးတော့ ဘယ်သူမှ မသုံးစွဲဖို့ သတိပေးတားမြစ်ထားတယ်။ပြီးတော့ မြို့က တာဝန်ရှိတဲ့သူတွေကို လှမ်းပြီးအကြောင်းကြားတယ်။ သူတို့ရောက်တော့ ဆိတ်နှစ်ကောင်ကို အရောင်ပြောင်းနေတဲ့ ရေတွေတိုက်ကြည့်တယ်။ နည်းနည်းပဲသောက်တယ်။ ဆိတ်တွေတော့ ဘာမှမဖြစ်ဘူး။ ရေတွင်းသုံးတွင်းစလုံးက ရေတွေအရောင်ပြောင်းသွားတာထူးခြားမှုရှိတယ်ဆိုပြီး တာဝန်ရှိသူတွေက သေသေချာချာ စစ်ဆေးတော့ ကန်ဖျားက ရေတွင်းနံရံတွေမှာ ဆေးစက်တွေ ပေကျံနေတာကိုတွေ့ရတယ်။ ရေတွင်းတွေထဲ ရေအရောင်က နီကြန့်ကြန့်အရောင်နဲ့ ဝါကြန့်ကြန့်အရောင်တွေ ဖြစ်ပြီးတော့ အနံ့အသက်က ဝါဆေး ( ပိုးသတ်ဆေး) လိုမျိုးအနံ့အသက်ရတယ်။ ခုတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ အဲဒီ အရောင်ပြောင်းရေတွေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေတယ်။ ဒီနေ့အထိတော့ အဖြေမထွက်သေးဘူး''ဟု ဦးဂျပန် အသက် (၅၉) နှစ် ခန့်က ပြောသည်။
ဆူးရစ်တန်းကျေးရွာဒေသခံများ သောက်သုံးရေအခက်အခဲဖြစ် နေသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံး ရေများလှူဒါန်းသကဲ့သို့ မိတ္ထီလာမြို့ပေါ်မှ မြတ်နိုးပီတိလူမှုရေးအသင်း၊ ဒေသခံ စေတနာရှင်များ၊ ရေအရင်းအမြစ်ဌာနမီးသတ်ဦးစီးဌာန၊ ရွာတန်းရှည်ကျေးရွာ ဒေသခံများအပြင် ကျောက်ပန်းတောင်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာမှ စေတနာရှင်အလှူရှင်များကလည်း မော်တော်ယာဉ်ဖြင့် သောက်သုံးရေများ သယ်ဆောင်ကာ ကျေးရွာအရောက် နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိ ကြောင်းသိရသည်။
''ကျွန်တော်က ကျောက်ပန်းတောင်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာကနေ ဆူးရစ်တန်းကျေးရွာကို သောက်သုံးရေလာရောက်လှူဒါန်းနေတာပါ။ အင်တာနက်စာမျက်နှာပေါ်ကနေတစ်ဆင့် ဇရပ်ကုန်းကျေးရွာအုပ်စု ဆူးရစ်တန်း ကျေးရွာမှ ဒီလိုသောက်သုံးရေအခက်အခဲဖြစ်နေတဲ့အကြောင်း ဖတ်မိရာကနေ နေ့စဉ် သောက်သုံးရေလာရောက်လှူဒါန်းနေတာပါ။ နောင်လည်း အခုလို သောက်သုံးရေအခက်အခဲဖြစ်တယ်ဆိုရင် ဆက်လက်လှူဒါန်းဦးမှာပါ''ဟု ကျောက်ပန်းတောင်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာမှ ရေအလှူရှင် ဦးစိုးသိန်းက ပြောသည်။
ဆူးရစ်တန်းကျေးရွာရှိ ရေတွင်းသုံးတွင်းမှ ရေများအရောင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းဆောင်က ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။ ''အဲဒီနေ့က ည ၇ နာရီ ၈နာရီလောက်အထိ ရေတွင်းကရေတွေ အရောင်မပြောင်းဘဲ မနက်စောစောကျမှ အရောင်ပြောင်း တာတွေ့ရတော့ တော်တော်ထူးခြားတယ်ဆိုပြီး ရေတွင်းသုံးတွင်းလုံးမှ ရေကို ကျေးရွာဒေသခံတွေ မသုံးစွဲဖို့ တားမြစ်ခဲ့ပါတယ်။ ပြီးတော့ မြို့နယ်က တာဝန်ရှိသူတွေကိုလှမ်းပြီးတော့ အကြောင်းကြားပါတယ်။
အရောင်ပြောင်းတဲ့ရေတွေထဲကို ဘုန်းကြီးကျောင်းရေကန်ထဲက ငါး (၅) ကောင် ထည့်ကြည့်တာ။ နှစ်ကောင်က ချက်ချင်းသေသွားပါတယ်။ သုံးကောင် ကတော့မသေဘူး။ ဆိတ်နှစ်ကောင်ကို အဲဒီရေတိုက်ကြည့်တော့ ဘာမှမဖြစ်ပါဘူး။ အခုတော့ ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်နဲ့ ကျေးရွာလူငယ် တွေစုပေါင်းပြီး ရွာတန်းရှည်ကျေးရွာက ပေးပို့ကူညီတဲ့ ရေစုပ်စက်နဲ့ ရေတွင်း သုံးတွင်းထဲ ရေတွေကို စုပ်ယူလှယ်ထုတ်နေပါပြီ။ ရေတွေရဲ့အရောင်ကလည်း တဖြည်းဖြည်း မူလအရောင်နီးပါးပြောင်းလဲနေပါပြီ ''ဟု ပြောသည်။
ဆူးရစ်တန်းကျေးရွာဒေသခံများအနေဖြင့် နေ့စဉ်သုံးသောက်ရေလာရောက် လှူဒါန်းပေးပို့သည့် ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင် များကို များစွာ ကျေးဇူးတင်လျက်ရှိကြောင်းလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
''အခုလို ဆူးရစ်တန်းကျေးရွာကို နေ့စဉ် သောက်သုံးရေ လာရောက်လှူဒါန်း သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဌာနဆိုင်ရာ တွေရော ၊ ရပ်နီးရပ်ဝေးက စေတနာရှင်အလှူရှင်တွေရော အားလုံးကို ကျေးဇူး တင်ပါတယ်ရှင်''ဟု ယင်း အမျိုးသမီးက သောက်သုံးရေ လာရောက်သယ်ဆောင်ရင်း ပြောသည်။
ဇရပ်ကုန်းကျေးရွာအုပ်စု ဆူးရစ်တန်းကျေးရွာတွင် အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၆၅ဝ ခန့်နှင့် နွား၊သိုး၊ဆိတ် တိရစ္ဆာန်ကောင်ရေ ၅ဝဝဝ ကျော်ရှိသည့် အတွက် ယခုကဲ့သို့ သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့သည့်အခါ လူများအတွက် သောက်သုံးရေထက် တိရစ္ဆာန်များအတွက် သောက်သုံးရေက ပိုမိုအရေးကြီးလိုအပ်ကြောင်း ကျေးရွာဒေသခံများက ပြောသည်။ ''ကျွန်တော်တို့ ဆူးရစ်တန်းကျေးရွာမှာ ပုံမှန်နှစ်တွေဆို ဒီအချိန်မှာ ရေတွင်းသုံးတွင်းက မြေအောက်စိမ့်ရေတွေကို ခပ်ယူသုံးစွဲလို့ ရနေတုန်းဖြစ်ပါတယ်။ အခုလို ရေတွင်းတွေထဲက ရေတွေအရောင်ပြောင်းအောင် ပြုလုပ်တဲ့အတွက် ရေတွင်းသုံးတွင်းက ရေတွေက အလဟဿ ဖြစ်သွားပြီး အလွန်နှမြောစရာကောင်းပါ တယ်။ အခုတော့ ရေတွင်းသုံးတွင်းစလုံးကရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ် ဖယ်ရှားနေပါတယ်။ ရေအရောင်ကလည်း ပုံမှန်နီးပါးတော့ ပြန်ဖြစ်သွားပါပြီ'' ဟု ကျေးရွာဒေသခံ ကိုနေဝင်းက ပြောသည်။
ဆူးရစ်တန်းကျေးရွာမှ အပြန်လမ်းတွင် ဆူးရစ်တန်းကျေးရွာ ဒေသခံများ၏ ဘိုးစဉ်ဘောင်ဆက်တူးဖော်ပြုပြင်အသုံးပြုခဲ့သည့် ရွာဦးရေကန်ကြီးသည် ရေများခန်းခြောက်လျက် ရေအိုင်ငယ်တစ်ခုအသွင် ရေအနည်းငယ်ကျန်ရှိနေသည် ကိုလည်းကောင်း၊ ၎င်း ရေအနည်းငယ်အား ကျေးရွာဒေသခံများမွေးမြူထားသည့် နွားများထဲမှ နွားကြီးနွားငယ်တချို့ လာရောက်သောက်သုံးနေသည်ကိုလည်းကောင်း၊ မိမိတို့ကျေးရွာတွင် နေထိုင်သူများအသုံးပြုသည့် ရေတွင်းသုံးတွင်းထဲမှ ရေဆိုးများအား ဖယ်ရှားရှင်းလင်းနေသော ရွာဦးကျောင်းဆရာတော်နှင့် ကျေးရွာသားများအားလည်းကောင်း၊ ဆူးရစ်တန်းကျေးရွာသို့ ရပ်နီးရပ်ဝေးမှ သောက်သုံးရေလာရောက်လှူဒါန်းထောက်ပံ့သူများနှင့် ရေအလှူခံကျေးရွာသူကျေးရွာသားများအားလည်းကောင်း ကြည့်ကာ ဝမ်းနည်းခြင်း၊ဝမ်းသာခြင်း၊ ပီတိဖြစ်ခြင်း၊စိတ်မကောင်းဖြစ်ခြင်း စသည့် စိတ်ခံစားမှုများဖြစ်မိပါသည်။ ထိုအတူ ဆူးရစ်တန်းကျေးရွာဒေသခံများ ကြုံတွေ့နေရသည့် သောက်သုံးရေ အခက်အခဲများ အမြန်ဆုံးအဆင်ပြေပြီး ကျေးရွာဒေသခံများနှင့် နွား၊သိုး၊ဆိတ် စသည့် တိရစ္ဆာန်များသည်လည်း သောက်သုံးရေရှားပါးမှုဒဏ်မှ ကင်းလွတ်ပါ စေကြောင်း ဆန္ဒပြုမိပါသည်။ ။
ချမ်းသာ (မိတ္ထီလာ)
စည်းလုံးညီညွတ်မှုအင်အား တစ်နိုင်ငံလုံး ပါဝင်ပြသကြရမည့်အချိန်

(နန္ဒဝန်)
လာမည့် တစ်လ၊ နှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) အဖွဲ့ဝင် များနှင့် ဧပြီ ၂၇ ရက်က တွေ့ဆုံ ဆွေးနွေးရာတွင် တိုက်တွန်းခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် တိုင်းရင်းသားသွေးစည်း ညီညွတ်မှု၏ အမြင့်ဆုံးအမှတ် သင်္ကေတအဖြစ် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူညီသော 'ပင်လုံစာချုပ်'ကြီးကို အောင်မြင်စွာလက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းသည် ကျွန်ုပ်တို့နိုင်ငံသမိုင်း ၏ အထင်ကရမော်ကွန်းမှတ်တမ်းဖြစ် ခဲ့လေသည်။ဤနေရာတွင် သမိုင်းဝင်မော်ကွန်း တင်ခဲ့သော 'ပင်လုံစာချုပ်'နှင့်ပတ် သက်၍ မျိုးဆက်သစ်တို့သိစေနိုင်ရန် သမိုင်းကြောင်းနှင့်ယှဉ်တွဲနေသော ဗဟုသုတကို မျှဝေလိုပါသည်။သမိုင်းကြောင်းကို ချုံ့ကြည့်လျှင် ၁၉၄၅ ခုနှစ်အရောက်တွင် အင်္ဂလိပ် အစိုးရစစ်တပ်များ မြန်မာနိုင်ငံ အတွင်းသို့ပြန်ဝင်လာခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။ စက္ကူဖြူစာတမ်း အရ မြန်မာပြည်ကို ဒိုမီနီယန်အဆင့် အတန်းပေး၍ အုပ်ချုပ်ရန် မြန်မာ ပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်(Sir Dormansmith) စီစဉ်နေချိန်ဖြစ်သည်။သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဖ၊ ဆ၊ ပ၊ လ အဖွဲ့ကြီး (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ် မြောက်ရေးအဖွဲ့)သည် ပြည်သူ့ အင်အား လူထုလှုပ်ရှားမှုများဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ယင်းနောက်တွင် ဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) မြန်မာပြည်သို့ ရောက်ရှိလာသည်။ မကြာမတင်မှာပင် ပုလိပ် သပိတ်ကြီးပေါ်ပေါက်လာခဲ့သည်။ ယင်းသပိတ်ကြီးသည် မကြုံစဖူး ထူးခြားလှသောကန့်ကွက်ဆန္ဒပြမှုဖြစ်ခဲ့ပြီး မရှေးမနှောင်းမှာပင် ကြေးနန်းနှင့် စာတိုက် အမှုထမ်းများ၏သပိတ်၊ အစိုးရစာပုံနှိပ်စက် အလုပ်သမားများ ၏သပိတ်၊ အစိုးရအမှုထမ်းပေါင်းစုံ သပိတ်စသည်ဖြင့် သပိတ်များဆင့်ကဲ ဆင့်ကဲ ပေါ်ပေါက်ခဲ့လေသည်။ အကျိုးရလဒ်အဖြစ် အစိုးရယန္တရား ကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် ဆာဟူးဘတ်ရန့်စ်သည် ဖ၊ ဆ၊ ပ၊ လ ခေါင်းဆောင်ကြီးများအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့ကို ဖွဲ့စည်းစေခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော အဖွဲ့ အစည်းပေါ်ပေါက်လာရာ အစိုးရ အဖွဲ့ကိုထောက်ခံသည့်အနေဖြင့် သပိတ်လှန်ခဲ့ကြသည်။ ယင်းနောက်တွင် မြန်မာကိုယ်စား လှယ်အဖွဲ့ လန်ဒန်သို့ထွက်ခွာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် တွင် လန်ဒန်မြို့၌ အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ ကြလေသည်။ယင်းစာချုပ်၏အခြေခံစည်းကမ်းသတ်မှတ်ချက်တစ်ရပ်အဖြစ် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပေါင်းရန် သဘောတူရမည်ဖြစ်သည်။ ပြည်မ၊ တောင်တန်းပူးပေါင်းထားသော မြန်မာပြည်ကို လွတ်လပ်ရေး ပေးမည်ဟု အင်္ဂလိပ်အစိုးရက သဘောတူခဲ့လေသည်။ ဤတွင် ပြည်မနှင့်တောင်တန်း ပူးပေါင်းရေးကို အစွမ်းကုန်ဆောင် ရွက်နိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသောခေါင်းဆောင်များက လုံ့လဥဿဟပြုကြလေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်များ၏ ညီညာဖြဖြ အား ထုတ်မှုကြောင့် ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။
'ပင်လုံစာချုပ်' နိုင်ငံ့ဂုဏ်ဒြပ်'ပင်လုံစာချုပ်'သည် ကျွန်ုပ်တို့နိုင်ငံ ၏ ဂုဏ်ဒြပ်ကိုထည်ဝါစေခဲ့သည်။ တိုင်းရင်းသားသွေးစည်းညီညွတ်မှု၏ အထူးခြားဆုံးအမှတ်သင်္ကေတလည်း ဖြစ်သည်။ ရှမ်းဘာသာစကားဖြင့် 'ပန်လုံ'သည် 'လွင်ပြင်ကြီး'ဟုအဓိပ္ပာယ်ရရှိပြီး ပင်လုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)လဲချားစော်ဘွားအပိုင် နယ်အတွင်း၌တည်ရှိသည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြု သော မြန်မာကိုယ်စားလှယ်များသည် 'ပင်လုံစာချုပ်'ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ဗြိတိသျှတို့ သွေးခွဲခြေထိုးခဲ့လင့်ကစား သမိုင်းဝင်စာချုပ်ကြီးကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့ ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွား ကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့သည် သဘော တူညီချက်တွင် လက်မှတ်ရေးထိုးနိုင် ခဲ့ကြလေသည်။ပင်လုံမြို့၌ကျင်းပခဲ့သော အစည်းအဝေးကြီးတစ်ရပ်တွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်း ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့ သည် လွတ်လပ်ရေးကို လျင်လျင် မြန်မြန် ရရှိလာလိမ့်မည်ဟု သဘော တူညီခဲ့ကြလေသည်။ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဖ၊ ဆ၊ ပ၊ လ အစိုးရသည် လွတ်လပ်တော့မည်ဖြစ်သော မြန်မာပြည်ကို ပြည်မသား၊ တောင်တန်းသားတို့၏ဆန္ဒနှင့်အညီ မည်သို့ဖွဲ့စည်းသင့်သည်၊ အုပ်ချုပ်သင့်သည်ကို ပြည်မဒေသ၊ တောင်တန်းဒေသတို့မှ ပြည်သူ့ကိုယ် စားလှယ်များနှင့် ဆွေးနွေးနိုင်ရန် ထိုနှစ် ဧပြီလတွင် တိုင်းပြည်ပြုလွှတ် တော်အတွက် ရွေးကောက်ပွဲကျင်းပ ပေးခဲ့သည်။ရွေးကောက်ပွဲအပြီးတွင် ပြည်သူများရွေးကောက်တင်မြှောက်လိုက်သော ပြည်မ၊ တောင်တန်း ကိုယ်စား လှယ်အမတ်များပါဝင်သည့် တိုင်း ပြည်ပြုလွှတ်တော်ကို ခေါ်ယူနိုင်ခဲ့ ပေသည်။ ထိုစဉ်က တိုင်းပြည်ကိုတရား ဥပဒေနှင့်အညီသာ အုပ်ချုပ်ရန် ရည်မှန်းဆောင်ရွက်ခဲ့ကြသည်။ ကချင်၊ ကယား၊ ကရင်၊ ရှမ်း တိုင်းရင်း သားလူမျိုးများသည် ပြည်နယ်အသီး သီးကိုဖွဲ့စည်းကာ ပြည်မနှင့်ပူးပေါင်း ၍ ပြည်ထောင်စုမြန်မာနိုင်ငံတည် ထောင်ရန် ရည်မှန်းခဲ့ကြသည်။ငါးနှစ်သက်တမ်းရှိ သမ္မတကို ရွေးချယ်တင်မြှောက်ကာ သမ္မတနိုင်ငံ အဖြစ်ထူထောင်ရန် မျှော်မှန်းခဲ့ကြသည်။တောင်သူလယ်သမားများနှင့် အလုပ်သမားများအပါအဝင် နိုင်ငံ သားအားလုံး၏ အကျိုးစီးပွားအလို့ ငှာ ပြည်သူ့ဆန္ဒနှင့်အညီ နိုင်ငံကို အုပ်ချုပ်ရန် မျှော်မှန်းခဲ့ကြသည်။ ဤမျှော်မှန်းချက်များကို ထင်ဟပ် လျက်ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို အများ သဘောတူဆုံးဖြတ်ချက်နှင့်အညီ ရေးဆွဲခဲ့ကြလေသည်။နိုင်ငံတော်အလံ၊ နိုင်ငံတော် သီချင်း၊ နိုင်ငံတော်တံဆိပ်တို့ကိုလည်း အများဆန္ဒဖြင့် သတ်မှတ်ခဲ့ကြလေ သည်။ ပြည်ထောင်စုအခြေခံဥပဒေကို ရေးဆွဲနေစဉ်ကာလအတွင်း ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ မသမာသူ တို့၏လက်ချက်ဖြင့် အသက်ပေး လှူခဲ့ကြရရှာသည်။
သို့ရာတွင် ဖ၊ ဆ၊ ပ၊ လ ဒုတိယ ဥက္ကဋ္ဌဖြစ်သော ဦးနုက ဆက်လက် ဆောင်ရွက်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကို တည်ထောင်ပြီဟု ကမ္ဘာသို့ ကြေညာနိုင်ခဲ့သည်။
ထိုမှအစပြု၍ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုသားများ၏အချုပ်အခြာ အာဏာပိုင်စိုးသော လွတ်လပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဝင့်ဝင့်ထည် ထည် ပေါ်ထွန်းခဲ့ပေသည်။'ပင်လုံစာချုပ်'ပေါ်ထွန်းလာမှု (၆၉) နှစ်ပြည့်မြောက်ချိန် ယနေ့ကာလတွင် စည်းလုံးညီညွတ်မှု အင်အားကို တစ်နိုင်ငံလုံးက ပါဝင်ပြသကြရမည့် ၂၁ ရာစု ပင်လုံညီလာခံကြီး မကြာမီ ပေါ်ထွန်းလာတော့မည်ဟု ရဟန်း ရှင်လူပြည်သူအပေါင်းတို့က အလေး အနက် ယုံကြည်လျက်ရှိကြကြောင်း လေ့လာတင်ပြအပ်ပါသည်။ ။

ရည်ညွှန်း။ ။(၁) တို့ချစ်သည့် တို့နိုင်ငံတော်၊ ဒေါက်တာ ကျော်စိန်၊ ၁၉၉၃ ခုနှစ်၊ စာပေဗိမာန်။
(၂) မြန်မာ့စွယ်စုံကျမ်း(အတွဲ ၁ဝ)။
(၂) မြန်မာ့စွယ်စုံကျမ်း(အတွဲ ၁ဝ)။
ကိုရီးယားနွယ်ဖွား အမေရိကန်တစ်ဦးကို မြောက်ကိုရီးယားတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ဝ နှစ် ချမှတ်

ဆိုးလ် ဧပြီ ၂၉
အစိုးရအဖွဲ့အား အကြည်ညိုပျက်စေမှုဖြင့် ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးကို မြောက်ကိုရီးယား တရားရုံးချုပ်က ဧပြီ ၂၉ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း၊ နိုင်ငံခြားသားတစ်ဦးအား ယခုကဲ့သို့ အလုပ်ကြမ်းဖြင့် ထောင်ဒဏ်ချမှတ်သော နောက်ဆုံးဖြစ်စဉ်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာနက ဧပြီ ၂၉ ရက် တွင် သတင်းထုတ်ပြန်သည်။
အသက် (၆၂) နှစ်အရွယ်ရှိ ကင်ဒေါင်ချူးသည် ယမန်နှစ် အောက်တိုဘာလအတွင်း မြောက်ကိုရီးယားနိုင်ငံ၌ အဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ခိုးယူခဲ့မှုအပါအဝင် ခွင့်လွှတ်နိုင်ဖွယ် မရှိသော သူလျှိုလုပ်မှု ပြစ်ချက်များကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ ကေစီအန်အေ သတင်းဌာနတွင် အစောပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ၊ အစိုးရအဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို ရရှိနိုင်ရန် သူလျှိုပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ကျူးလွန်ခဲ့သည်ဟု ၎င်းကဝန်ခံခဲ့သည်ဆို၏။ ယင်းမှာ နိုင်ငံတော် အကြည်ညိုပျက်စေသော လုပ်ရပ်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားအစိုးရရှေ့နေများက ၎င်းအား ပြစ်ဒဏ် ၁၅ နှစ် ချမှတ်ရန် တောင်းဆိုခဲ့သည်။ တရားခံ၏ ရှေ့နေကမူ ၎င်း၏အသက်ကို ထောက်ထားညှာတာကာ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် လျှောက်လဲခဲ့သည်။
လွန်ခဲ့သည့်နှစ်များအတွင်းက မြောက်ကိုရီးယားအစိုးရသည် လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှု စံချိန်တင်ခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။ ယင်းနိုင်ငံက အမေရိကန်နိုင်ငံသားများကို ဖမ်းဆီးချုပ်နှောင်မှုများရှိခဲ့သည်။ မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှာ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်း မရှိပေ။
မြောက်ကိုရီးယားနိုင်ငံတွင် ထောင်ဒဏ်ကျခံရသူ နိုင်ငံခြားသားများအား ၎င်းတို့အပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်များ ကုန်ဆုံးချိန်မတိုင်မီတွင် ပြန်လည်လွှတ်ပေးလေ့ရှိသည်။ ယခုပြစ်ဒဏ်ချမှတ်ခံရသူ အပါအဝင် နိုင်ငံခြားသားခြောက်ဦး ပြစ်ဒဏ်စီရင်ချမှတ်ခံခဲ့ရာတွင် တောင်ကိုရီးယားနိုင်ငံသား သုံးဦးပါဝင်သည်။
ရိုက်တာ။
ဂျီ-၇ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ကျိုတို ဧပြီ ၂၉
ဂျီ-၇ နိုင်ငံများမှ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီးများက (၄၂)ကြိမ်မြောက် ဂျီ-၇ ထိပ်သီးအစည်းအဝေးမတိုင်မီ နှစ်ရက်ကြာအစည်းအဝေးတစ်ရပ်ကို တာကာမတ်ဆု မြို့တွင် ယနေ့ကျင်းပခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်အရသိရသည်။
အဆိုပါအစည်းအဝေးတွင် အင်တာနက်အခြေခံသည့် ခေတ်မီနည်းပညာများအသုံးပြုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်နည်းလမ်းကောင်းများကို ဝန်ကြီးများက တိုင်ပင်ဆွေးနွေးခဲ့သည်။
ယင်းအစည်းအဝေးကို ဂျပန်ပြည်ထဲရေးနှင့်ဆက် သွယ်ရေးဝန်ကြီး ဆာနေးတာကိုင်ချီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မိုတူးဟာရာရှီလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အင်တာနက်အခြေပြု ခေတ်မီနည်းပညာများသည် ယနေ့ခေတ် လူမှုစီးပွားလုပ်ငန်းမူဘောင်များတွင် အခြေခံကျသည့်နေရာမှ ပါဝင်ပတ်သက်လာပြီဖြစ်ကြောင်း ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဆာနေး တာကိုင်ချီက ဆိုသည်။
ပြည်သူ့အကျိုးစီးပွားများ ပိုမိုတိုးတက်မြင့်မားရေးအတွက် ခေတ်မီနည်းပညာများကို မည်သို့အသုံးချရ မည်ဆိုသည့် နည်းလမ်းကောင်းများကို တက်ရောက်လာသော ဝန်ကြီးများက တိုင်ပင်ညှိနှိုင်းပြီး အဖြေရှာနိုင်မည်ဟု ယုံကြည်ပါကြောင်း တာကိုင်ချီက ဆက်လက် ပြောကြားသည်။
နည်းပညာအခြေခံသည့် စုံစမ်းထောက်လှမ်းမှုများနှင့်ပတ်သက်သော နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရေးအတွက် တာကိုင်ချီက ဝန်ကြီးများအား တိုက်တွန်း ပြောကြားခဲ့သည်။
(၄၂) ကြိမ်မြောက် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို မေ ၂၆-၂၇ ရက်တွင် ဂျပန်နိုင်ငံ ကာရှီကိုကျွန်းရှိ ရှီးမားကန်ကို ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။
Subscribe to:
Posts (Atom)