Friday, January 1, 2016

ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကြီး တရုတ်နိုင်ငံ၌ တည်ဆောက်လျက်ရှိ



The Mirror Daily's photo.


ပေကျင်း ဒီဇင်ဘာ ၃၁

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် တလျံမြို့၌ ပြည်တွင်း နည်းပညာဖြင့် ဒုတိယမြောက်လေယာဉ်တင်သင်္ဘောတစ်စင်းကို တည်ဆောက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်ဟု ဒီဇင်ဘာ ၃၁ ရက် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

တန်ချိန် ၅ဝဝဝဝ ရှိလေယာဉ်တင်သင်္ဘောကြီးသည် ဂျေ-၁၅ တိုက်လေယာဉ်များ နှင့် အခြားအမျိုးအစားလေယာဉ်များအတွက် အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြု နိုင်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ယွင်းက လစဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောမှ ပျံတက်မည့် လေယာဉ်များသည် မတ်စောက်သော ပြေးလမ်းကို အသုံးပြုကာ ပျံတက်ရမည်ဟု ၎င်းက ပြောကြားသည်။

တရုတ်ရေတပ်တွင် လေ့ကျင့်ရေးနှင့် သုတေသနလုပ်ငန်းအတွက်အသုံးပြုနေသည့် ပထမဆုံးသော လေယာဉ်တင်သင်္ဘောကြီး လျောင်နင်း၏ အတွေ့အကြုံများကို အခြေခံကာ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို ပုံစံထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်၏ ပထမဆုံးသောလေယာဉ်တင်သင်္ဘောကြီးကို ရုရှားနိုင်ငံက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ပြန်လည်၍ မွမ်းမံပြင်ဆင်ခြင်းနှင့် စက်ကိရိယာများ တပ်ဆင်ခြင်းတို့ပြုလုပ်ခဲ့သည်။ ယင်းလေယာဉ်တင်သင်္ဘောကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် လက်ခံရရှိခဲ့သည်။
ဆင်ဟွာ။

ယူကရိန်းနိုင်ငံ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဇန်နဝါရီလအစောပိုင်းထိ ဆက်လက်တည်မြဲရေး သဘောတူညီမှုရရှိ




The Mirror Daily's photo.


မော်စကို ဒီဇင်ဘာ ၃၁

ယူကရိန်းနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဇန်နဝါရီလ အစောပိုင်းအချိန်ထိ ဆက်လက်တည်မြဲရေးအတွက် ပြင်သစ်၊ ဂျာမနီ၊ ယူကရိန်းနှင့် ရုရှား နိုင်ငံ ခေါင်းဆောင်များက ဒီဇင်ဘာ ၃ဝ ရက် က သဘောတူညီခဲ့ကြောင်း သိရသည်။

နိုင်ငံခေါင်းဆောင်များက တယ်လီဖုန်း လိုင်းများမှတစ်ဆင့် အဆိုပါသဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများက ဇန်နဝါရီလ တတိယပတ်ခန့် တွင် ယူကရိန်းနိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းတပ်မတော်နှင့် ရုရှားထောက် ခံသည့် ယူကရိန်းခွဲထွက်ရေးသမားများသည် အရှေ့ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့သည်။ သို့သော် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်။

ယူကရိန်းတပ်ဖွဲ့နှင့် ရုရှားထောက်ခံ သော ယူကရိန်းခွဲထွက်ရေးသမားတို့အကြား ငြိမ်းချမ်းရေးသဘောတူညီမှုရရှိခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ခြင်း အပြင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အရှေ့ ပိုင်းဒေသတွင် ဒေသန္တရရွေးကောက်ပွဲများ ကျင်းပပေးခြင်းတို့ကြောင့်ဖြစ်သည်။

ရုရှားထောက်ခံသော ယူကရိန်းခွဲထွက် ရေးသမားများ၏ ဆန့်ကျင်မှုများကြောင့် ယူကရိန်းအစိုးရအနေဖြင့် နိုင်ငံအတွင်း မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးလုပ်ဆောင် ချက်များ လုပ်ဆောင်ရန်အတွက် ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။ အင်န်အိတ်ခ်ျကေ။

ဓာတ်ဆီအရောင်းဆိုင်များအနေဖြင့် နှာခေါင်းစွပ်(mask)များကို မမေ့မလျော့အသုံးပြုသင့်





မကွေး ဒီဇင်ဘာ ၃၁


မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီ ရောင်းချသည့် ဝန်ထမ်းများမှာ လုပ်ငန်းခွင်အတွင်း ဓာတ်ဆီအငွေ့ကို တိုက်ရိုက်မရှူရှိုက်နိုင်သော နှာခေါင်း စွပ်(mask)များကို တပ်ဆင်မှုနည်းပါး သဖြင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရမည်ကို စိုးရိမ်ဖွယ်ရာ ရှိကြောင်း မကွေးမြို့ခံ ဆရာဝန် တစ်ဦးက ပြောသည်။


''ပုဂ္ဂလိက ဓာတ်ဆီအရောင်းဆိုင်၊ ပန့်ဆိုင်တွေက အရောင်းဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်အတွင်း ဓာတ်ဆီ ဖြည့်ချိန်မှာ နှာခေါင်းစွပ် (mask)တွေကို မမေ့မလျော့ တပ်ဆင်ထား သင့်တယ်။ ဆိုင်ရှင်တွေကလည်း ဒါကို စည်းကမ်းတစ်ရပ်အနေနဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ဆောင် ရွက်သင့်တယ်။



ဓာတ်ဆီအငွေ့၊ အဓိက အားဖြင့် (Octane) အငွေ့တွေကို နေ့စဉ် ရှူရှိုက်မှုများလာရင် အာရုံကြော ရောင်တဲ့ ရောဂါဖြစ်နိုင်တယ်။ ဦးနှောက်နဲ့အာရုံကြောတွေ ပျက်စီး နိုင်တဲ့အထိဖြစ်နိုင်တယ်။ အထူးသဖြင့် ခေါင်းကိုက်၊ ခေါင်းမူး၊ မအီမသာဖြစ် တာတွေခံစားရပြီး အကိုက်အခဲပျောက် ဆေးတွေသောက်လည်း မထူးတာ မျိုးတွေ ဖြစ်လာတတ်တယ်''ဟု ၄င်း က ဆက်လက်ပြောပြသည်။


မကွေးတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးလာ သည်နှင့်အမျှ အဝေးပြေးလမ်းမကြီးများတစ်လျှောက်တွင် ပုဂ္ဂလိက ဓာတ်ဆီဆိုင်များ အများအပြားဖွင့် လှစ်လာပြီး ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်း ပွင့်လင်းလာ သည်မှာ မှန်သော်လည်း ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိများ နည်းပါး နေသေးကြောင်း၊ အဆိုပါ ဓာတ်ဆီ ဆိုင်များအနေဖြင့် အရောင်းဝန်ထမ်း များ၏ ကျန်းမာရေးအတွက် ဓာတ်ဆီဖြည့် လုပ်ငန်းခွင်အတွင်း နှာခေါင်းစွပ် (mask)များ တပ်ဆင် ခြင်းကို လိုက်နာကျင့်သုံးစေရန် လုပ်ငန်းစည်းကမ်းတစ်ရပ်အနေဖြင့် ကြပ်မတ်ဆောင်ရွက်သင့်ပါကြောင်းသိရသည်။



ကျော်စွာ(မကွေး)

1.1.2016...ကြေးမုံ ကာတွန်း


မန္တလေးမြို့နှင့် ကျေးလက်ဒေသများသို့ပြေးဆွဲသော မရမ်းခြံဆိပ်မှမော်တော်များ ခရီးသည်ရရှိမှုနည်းပါးလာ



The Mirror Daily's photo.


မန္တလေး ဒီဇင်ဘာ ၃၁

ဧရာဝတီမြစ် တစ်ဖက်ကမ်းနှင့် ဧရာဝတီမြစ်ဘေးမှ ကျွန်းရွာများသည် အစဉ်အဆက် ရေယာဉ်များဖြင့် ကုန်စည်သယ်ဆောင်မှုများ ပြုလုပ်ကြသည်။ မရမ်းခြံဆိပ်တွင် အများစုဆိုက် ကပ်လေ့ရှိသော မော်တော်များမှာ ရှိမ်းမကားမှလာသော မော်တော်များနှင့်အတူ သုံးဆယ်ပေး၊ ဆင်ကျွန်း၊ နန်းတော်ကျွန်း၊ စွန်းလွန်း၊ ဥဒေါင်း၊ သပြေသာ၊ ရွာသာအေး၊ကုန်းတန်း လေး၊ ကုန်းတန်းကြီးနှင့် အခြားကျေးရွာများမှ မော်တော်ရေယာဉ်များ အများဆုံး ဆိုက်ကပ်လေ့ရှိသည်။

ကျေးရွာများမှ မော်တော်များ နေ့စဉ်ထွက်ကာ မန္တလေးသို့ ကုန်ဝယ် လာခြင်းများ ပြုလုပ်လေ့ရှိသည်။ရေယာဉ်သယ်ယူပို့ဆောင်မှုတွင် ဝါဆို၊ ဝါခေါင်တွင် ခရီးသည်လိုက်ပါမှုနှင့်ကုန်စည်တင်ဆောင်မှုများပြားသည်။ရာသီချိန်တွင် မော်တော်တစ်စီးလျှင် ခရီးသည် အနည်းဆုံး လေးဆယ်မှ ငါးဆယ်အထိပါရှိကြောင်း သိရသည်။ရေယာဉ် စီးခနှုန်းများမှာ လူတစ်ယောက်လျှင် ငွေကျပ် ၅ဝဝ ဖြစ်ပြီး ကုန်ပစ္စည်းတစ်နိုင်ဆိုလျှင် ငွေကျပ် ၃ဝဝ ယူကြောင်း သိရသည်။

မော်တော်မောင်းနှင်မှုတွင် အဆန် ခရီးတွင် တစ်နာရီခွဲ မောင်းနှင်ရပြီး အစုန်ခရီးတွင် တစ်နာရီခန့်မောင်းနှင် ရသည်။ အစုန်၊ အဆန်ခရီးတွင် ဒီဇယ်သုံးဂါလန်ကျော် ကုန်ကျသည်။ မော်တော်ရေယာဉ် ပြေးဆွဲမှုတွင် တစ်နှစ်စာအတွက် လိုင်စင်ခ ငွေကျပ် လေးသောင်းကျော်နှင့်အတူ ဆိပ်ကမ်း ခွန်များပါ ပေးဆောင်ရသည်။ မော်တော်တစ်စီးတန်ဖိုးမှာ ငွေကျပ် သိန်း ၂ဝ ကျော်မှ ၂၅ သိန်းကျော်အထိ ပေးရသည်။ မော်တော်ရေယာဉ် ပြေးဆွဲမှုကို ဥပုသ်နေ့ တစ်ရက်သာ နားပြီး အခြားရက်များတွင် နေ့စဉ် ပြေးဆွဲပေးလျက်ရှိသည်။ လက်ရှိ ကာလပွင့်လင်းရာသီတွင် မော်တော် တစ်စီးလျှင် ခရီးသည် ၁၄ ယောက်မှ ၁၅ ယောက်နှင့် ကုန်စည်အနည်းငယ်သာ ရရှိသည်။

မော်တော်ရေယာဉ်များ ခရီးသည် ပါးရခြင်းမှာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ လိုက်ထရပ်ယာဉ်များ၊ ဆိုင်ကယ်များ အသုံးများလာပြီး ကုန်းလမ်းမှသွားလာမှု များလာခြင်းကြောင့်ပင်ဖြစ်သည်။ လက်ရှိကာလတွင် တစ်ခါတစ်ရံ ဆီဖိုးမျှသာ ရရှိသော နေ့ရက်များရှိနေသည်။လက်ရှိအခြေ အနေအရ မော်တော်ရေယာဉ်လုပ်ငန်းများမှာ ဝါဆို၊ ဝါခေါင်ရာသီချိန်မှလွဲလျှင် တွက်ခြေမကိုက်ကြောင်း မော်တော်ရေယာဉ်မောင်းသူတစ်ဦးက ပြောသည်။
(တိမ်တမန်)

1.1.2016...ကြေးမုံ စာတည်းရှုထောင့်





နှစ်သစ်မင်္ဂလာ (၃)ဖြာ



ခရစ်နှစ် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြီ။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိရာတွင် မင်္ဂလာအပေါင်းနှင့် ခညောင်းစေရန် မြန်မာပြည်သူပြည်သားများအားလုံးသို့ ကြေးမုံမှ နှစ်သစ် ဆုတောင်းပေးပို့အပ်ပါသည်။

နှစ်ဟောင်းမှနှစ်သစ်ကူးပြောင်းရာတွင် မြန်မာတို့၏ မင်္ဂလာတရား များဖြစ်သည့် (၃၈)ဖြာ မင်္ဂလာသည် ကမ္ဘာ့မင်္ဂလာတရားများနှင့်လည်းကိုက်ညီပါသည်။ ထို့ကြောင့် နှစ်သစ်တွင် မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကောင်းကျိုးအဖြာဖြာပြည့်စုံစေရန် ထိုမင်္ဂလာတရားများနှင့်အညီ ပွားများအားထုတ် ကျင့်သုံးနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။

မင်္ဂလာတရားတွင်ပါရှိသည့် 'အသေဝနာစ ဗာလာနံ' လူမိုက်ကို ရှောင်ရှား၊ ပညာရှိကို အရှည်တွဲ၍ ဆည်းကပ်နည်းယူ၊ မိဘ၊ ဆရာသမား များကို ပူဇော်ခြင်းဖြင့် ချမ်းသာခြင်းကို ရရှိနိုင်ပါသည်။ 'ပတိရူပ' ကုသိုလ်၊ ပညာ၊ ဥစ္စာ ရရှိနိုင်ရေးအတွက် သင့်ရာဒေသတွင် အမြဲနေထိုင်သင့်ပါသည်။ ထိုသို့နေထိုင်ရာတွင် ကြိုတင်ပြုခဲ့ဖူးသော ကောင်းမှုများရှိရမည်ဖြစ်သလို လက်ရှိတွင်လည်း မိမိကိုယ်ကိုကောင်းအောင် မယိမ်းမယိုင်ထိန်းသိမ်း စောင့်ရှောက်ရပါမည်။ သို့မှသာ ကုသိုလ်၊ ပညာ၊ ဥစ္စာများ ရရှိနိုင်ပါသည်။

'ဗာဟုဿစ္စဉ္စ' တတ်ကောင်း တတ်ရာဟူသမျှတို့ကို ကြားမြင်သိရှိအောင် ပြုလုပ်ရပါမည်။ မိမိတို့၏ဝမ်းစာရေးအတွက် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားရပါမည်။ လူ့ကျင့်ဝတ်များကိုလည်း မှတ်သားနားလည် ထားသင့်ပါသည်။ မှန်ကန်သောစကား၊ ယဉ်ကျေးချိုသာသောစကားများကို ပြောဆိုတတ် ရပါမည်။ သို့မှသာ ဗုဒ္ဓတရား၊ ကမ္ဘာ့တရားများနှင့် ကိုက်ညီနိုင်မည်ဖြစ်ပါသည်။

'မာတာပိတု' မိဘများကို တာဝန်ကျေစွာဖြင့်ကောင်းစွာစောင့်ရှောက် ခြင်းဖြင့် ကျွေးဟောင်းကို ဆပ်ကြရပါမည်။ မိသားစုကို မြှောက်စားချီးမြှင့်ခြင်း တာဝန်ကို ကျေပွန်ခြင်းဖြင့် ကျွေးသစ်ကို ချနိုင်ရပါမည်။ မိမိ၏အလုပ်တာဝန်များကို မလစ်ဟင်းစေဘဲ အပြစ်ကင်းအောင်လုပ်ကိုင်ကြရပါမည်။ သို့မှသာ မင်္ဂလာတရားနှင့်ညီပါမည်။

'ဒါနဉ္စ' အလှူအတန်းပေးဝေရာတွင် ဖြူစင်သော စေတနာသုံးတန်ဖြင့် လှူဒါန်းရပါမည်။ မမှားသော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ကောင်းသောတရားများကို ကျင့်သုံးရပါမည်။ မိမိ မိသားစုသာမက မိမိ ဆွေမျိုးများကိုလည်း သင်္ဂဟတရား ဖြင့် ချီးမြှောက်သင့်ပါသည်။ 'အာရတီဝိရတီ' မကောင်းမှုဟူသမျှတို့ကို မတွေ့ခင်က ရှောင်ကြဉ်ရပါမည်။ တွေ့ကြုံလာလျှင်လည်း မလွန်မကျူးဖို့ အထူးစောင့်ထိန်းဖို့လိုပါသည်။ အထူးသဖြင့် မှောက်မှားတတ်သော အရက်သေစာများကို မသောက်စားကြဖို့လိုပါသည်။

'ဂါရဝေါစ' မိမိထက် အသက်ကြီးသောသူ၊ ဂုဏ်ကြီးသောသူ၊ ဝါကြီးသောသူတို့ကို ဆည်းကပ်ခစား ရိုသေသင့်ပါသည်။ မိမိရှိသည့်ဂုဏ်ဖြင့် မာနမကြီးသင့်ပါ။ မိမိကိုယ်ကို အမြဲနိမ့်ချနေသင့်ပါသည်။ မတော်လောဘ နောက်သို့ မလိုက်သင့်ဘဲ မိမိရိုးသားစွာဖြင့် ရှာဖွေရရှိသော စည်းစိမ်ဥစ္စာဖြင့် ကျေနပ်သင့်ပါသည်။ မိမိအပေါ်ပြုဖူးသော သူတစ်ပါးကျေးဇူးကို အထူးသိတတ်ဖို့ လိုပါသည်။ သို့မှသာ ကောင်းကျိုးများသော တရားနှင့်ညီသည့်သူ ဖြစ်နိုင်ပါသည်။

'ခန္တီစ' ဝတ်ခြင်း၊ စားခြင်း၊ နေထိုင်ခြင်း စသည့်အရာများနှင့် ပတ်သက်လာလျှင် မိမိစိတ်ကို အလိုမလိုက်ဘဲ သည်းခံနိုင်လေ ကောင်းလေဖြစ်သည်။ မိမိအား တစ်စုံတစ်ဦးက ကျိုးကြောင်းညွှန်ပြ ဆုံးမစကားပြောကြား ခဲ့ပါလျှင်လည်း နာခံလွယ်ရပါမည်။ သူတော်ကောင်း ပုဂ္ဂိုလ်ကောင်းများအား မကြာခဏ တွေ့ဆုံသင့်ပါသည်။ ထိုပုဂ္ဂိုလ်များထံမှ သဘာဝကျသည့်အတွေး၊ မှန်ကန်သည့်အရေးများကို မပြတ်ဆွေးနွေးရပါမည်။

'တပေါစ' မေတ္တာတရား၊ ဗြဟ္မစိုရ်တရားများကို လက်ကိုင်ထားကာ အကျင့်မြတ်များကို ကျင့်ကြံအားထုတ်သင့်ပါသည်။ 'ဖုဋ္ဌဿ' ဆင်းရဲခြင်း၊ ချမ်းသာခြင်းတို့သည် လူတိုင်းကြုံတွေ့ရသည့် သဘာဝတရားဖြစ်ပါသည်။ ထိုအကောင်းအဆိုးတို့ကို လူတိုင်းတစ်လှည့်စီ ကြုံတွေ့တတ်သောကြောင့် လောကဓံတရားနှင့်ကြုံရပါက မတုန်လှုပ်ဖို့အားထုတ်ခြင်း စသည့်မင်္ဂလာ တရားများနှင့်အညီ နှစ်သစ်တွင် ကမ္ဘာသူ ကမ္ဘာသားများအားလုံး အားထုတ်ကြမည်ဆိုပါလျှင် မင်္ဂလာရှိသော ကမ္ဘာကြီးဖြစ်ပေါ်နေပါမည်။ ။

နှစ်သစ်ကူးလက်ဆောင် မြို့ကြီးဘက်စုံရေလှောင်တမံ ယနေ့ဖွင့်လှစ်မည်




The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၃၁

ယနေ့တွင် နှစ်သစ်ကူးလက်ဆောင်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် အကျိုးပြုမည့် မြို့ကြီးဘက်စုံရေလှောင်တမံကို ဖွင့်လှစ်မည်ဖြစ်သည်။ မြို့နာမည်ရွာ၊ ရွာနာမည်မြို့ဖြစ်နေသည်မှာ မြန်မာပြည်တွင် တစ်နေရာတည်းသာရှိသည်။ ယင်းမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရွာငံမြို့နယ် မြို့ကြီးကျေးရွာပင်ဖြစ်သည်။ ယင်းမြို့ကြီးကျေးရွာအနီးတွင် တည်ဆောက်ထားသောကြောင့် မြို့ကြီးရေလှောင်တမံဟု ခေါ်တွင်ခြင်းဖြစ်သည်။ အဆိုပါမြို့ကြီးရေလှောင်တမံမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိသည်။

ရေလှောင်တမံအမျိုးအစားမှာ မြေသားတမံ(ဇုန်အမျိုးအစား)ဖြစ်ပြီး အလျား ၂၄၆၁ ပေ၊ အမြင့် ၂၅၈ ပေရှိသည်။ ရေပိုလွှဲအမျိုးအစားမှာ သံကူ ကွန်ကရစ်ဖြစ်ပြီး အကျယ် ၂၉၅ ဒသမ ၃ ပေရှိသည်။ တမံတွင် ရေလွှဲဥမင်နှင့် ရေအားလျှပ်စစ်ဥမင်တို့ရှိမှာဖြစ်ပြီး ရေအားလျှပ်စစ်ဥမင်မှာ အချင်းပေ ၂ဝ၊ အလျား ၁၆၄၄ ပေရှိသည်။

ရေအားလျှပ်စစ်စက်ရုံအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အလျား ၁၃၅ ပေ၊ အနံ ၈၄ ပေ၊ အမြင့် ၈ ပေဖြစ်သည်။ ရေအားလျှပ်စစ်တာဘိုင် မှာ ဖရန့်ဆစ်တာဘိုင်အမျိုးအစားဖြစ်ပြီး ရေအားလျှပ်စစ်တပ်ဆင်ဓာတ်အား ၃ဝ မဂ္ဂါဝပ်၊ ၁၅ မဂ္ဂါဝပ် x ၂လုံး ဖြစ်သည်။ ၎င်းမှ နှစ်စဉ်ပျမ်းမျှလျှပ်စစ် ဓာတ်အား ၁၃၅ ဒသမ ၇ဝ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်ပေးနိုင်မှာဖြစ်သည်။

ရေပေးဝေရေးမြောင်းမကြီး နှစ်ခုရှိပြီး အမှတ်(၁)မြောင်းမကြီးမှာ ၁၁ ဒသမ ၄ မိုင်ရှည်ပြီး မြောင်းမကြီး(၂)မှာ ၁ဝ မိုင်ရှည်လျားသည်။ မြို့ကြီးဘက်စုံ ရေလှောင်တမံသည် ယနေ့နှစ်သစ်ကူး ၁ ရက်တွင် ဖွင့်လှစ်လိုက်သဖြင့် ၎င်းမှတစ်ဆင့် ကျောက်ဆည်ခရိုင်အတွင်းရှိ လက်ရှိဇော်ဂျီဆည်ရေသောက် ဧရိယာဧက ၈၂ဝဝဝ အား ရေပိုမိုပေးဝေနိုင်မည်ဖြစ်ပြီး ပူပြင်းခြောက်သွေ့သည့် မိတ္ထီလာလွင်ပြင်အတွင်းရှိ ရေသောက်ဧရိယာဧက ၃၃ဝဝဝ ခန့်တို့ကို ဆည်ရေဖြင့် သီးနှံများပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်သည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားနှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၃၅ ဒသမ ၇ဝ ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်သစ်ကူးလက်ဆောင်အဖြစ် မြို့ကြီးဘက်စုံရေလှောင်တမံကို ယနေ့ ဖွင့်လှစ်ပေးလိုက်ခြင်းပင်ဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ
သန်းဦး(လေးမျက်နှာ)