Friday, January 1, 2016

နှစ်သစ်ကူးလက်ဆောင် မြို့ကြီးဘက်စုံရေလှောင်တမံ ယနေ့ဖွင့်လှစ်မည်




The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၃၁

ယနေ့တွင် နှစ်သစ်ကူးလက်ဆောင်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် အကျိုးပြုမည့် မြို့ကြီးဘက်စုံရေလှောင်တမံကို ဖွင့်လှစ်မည်ဖြစ်သည်။ မြို့နာမည်ရွာ၊ ရွာနာမည်မြို့ဖြစ်နေသည်မှာ မြန်မာပြည်တွင် တစ်နေရာတည်းသာရှိသည်။ ယင်းမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရွာငံမြို့နယ် မြို့ကြီးကျေးရွာပင်ဖြစ်သည်။ ယင်းမြို့ကြီးကျေးရွာအနီးတွင် တည်ဆောက်ထားသောကြောင့် မြို့ကြီးရေလှောင်တမံဟု ခေါ်တွင်ခြင်းဖြစ်သည်။ အဆိုပါမြို့ကြီးရေလှောင်တမံမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိသည်။

ရေလှောင်တမံအမျိုးအစားမှာ မြေသားတမံ(ဇုန်အမျိုးအစား)ဖြစ်ပြီး အလျား ၂၄၆၁ ပေ၊ အမြင့် ၂၅၈ ပေရှိသည်။ ရေပိုလွှဲအမျိုးအစားမှာ သံကူ ကွန်ကရစ်ဖြစ်ပြီး အကျယ် ၂၉၅ ဒသမ ၃ ပေရှိသည်။ တမံတွင် ရေလွှဲဥမင်နှင့် ရေအားလျှပ်စစ်ဥမင်တို့ရှိမှာဖြစ်ပြီး ရေအားလျှပ်စစ်ဥမင်မှာ အချင်းပေ ၂ဝ၊ အလျား ၁၆၄၄ ပေရှိသည်။

ရေအားလျှပ်စစ်စက်ရုံအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အလျား ၁၃၅ ပေ၊ အနံ ၈၄ ပေ၊ အမြင့် ၈ ပေဖြစ်သည်။ ရေအားလျှပ်စစ်တာဘိုင် မှာ ဖရန့်ဆစ်တာဘိုင်အမျိုးအစားဖြစ်ပြီး ရေအားလျှပ်စစ်တပ်ဆင်ဓာတ်အား ၃ဝ မဂ္ဂါဝပ်၊ ၁၅ မဂ္ဂါဝပ် x ၂လုံး ဖြစ်သည်။ ၎င်းမှ နှစ်စဉ်ပျမ်းမျှလျှပ်စစ် ဓာတ်အား ၁၃၅ ဒသမ ၇ဝ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်ပေးနိုင်မှာဖြစ်သည်။

ရေပေးဝေရေးမြောင်းမကြီး နှစ်ခုရှိပြီး အမှတ်(၁)မြောင်းမကြီးမှာ ၁၁ ဒသမ ၄ မိုင်ရှည်ပြီး မြောင်းမကြီး(၂)မှာ ၁ဝ မိုင်ရှည်လျားသည်။ မြို့ကြီးဘက်စုံ ရေလှောင်တမံသည် ယနေ့နှစ်သစ်ကူး ၁ ရက်တွင် ဖွင့်လှစ်လိုက်သဖြင့် ၎င်းမှတစ်ဆင့် ကျောက်ဆည်ခရိုင်အတွင်းရှိ လက်ရှိဇော်ဂျီဆည်ရေသောက် ဧရိယာဧက ၈၂ဝဝဝ အား ရေပိုမိုပေးဝေနိုင်မည်ဖြစ်ပြီး ပူပြင်းခြောက်သွေ့သည့် မိတ္ထီလာလွင်ပြင်အတွင်းရှိ ရေသောက်ဧရိယာဧက ၃၃ဝဝဝ ခန့်တို့ကို ဆည်ရေဖြင့် သီးနှံများပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်သည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားနှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၃၅ ဒသမ ၇ဝ ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်သစ်ကူးလက်ဆောင်အဖြစ် မြို့ကြီးဘက်စုံရေလှောင်တမံကို ယနေ့ ဖွင့်လှစ်ပေးလိုက်ခြင်းပင်ဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ
သန်းဦး(လေးမျက်နှာ)

ပိုးသတ်ဆေးဥပဒေကြမ်း၊ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်း အတည်ပြု





နေပြည်တော် ဒီဇင်ဘာ ၃၁


ပထမအကြိမ် အမျိုးသားလွှတ် တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်း အဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ မေးခွန်း(၂)ခု မေးမြန်းဖြေကြားခြင်း၊ ပြည်သူ့လွှတ်တော်က ပြင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေကြမ်း (၂)ခုအား အတည်ပြုခြင်း၊ အစီရင် ခံစာ(၃)ခု အတည်ပြုခြင်းနှင့် အစီရင် ခံစာ(၂)ခု တင်သွင်းခြင်းတို့ကို ဆောင် ရွက်ကြသည်။


အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးဆွေအောင်၏ နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးအတွက် ဆော-လောင်းရှည်-စေတုတ္တရာ လမ်းဖောက် လုပ်ရာတွင် နှစ်ပေါင်းများစွာ ဓားမဦး ချလုပ်ကိုင်ခဲ့သော လယ်ယာမြေများ ပျက်စီးဆုံးရှုံး နစ်နာရခြင်းအတွက် ဥပဒေအရ ထိုက်သင့်သော လျော် ကြေးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်နှင့် ဂန့်ဂေါခရိုင်အတွင်း တွင်ရှိသည့် ပဒါန်း-ငဖဲ-စေတုတ္တရာ-လောင်းရှည်-သီးကုန်း-ဆောလမ်း ဖောက်လုပ်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်း၍ ပါဝင်သွားသည့် ဆော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅) အုပ်စုမှ တောင်သူ (၂၄)ဦး၏ လယ်ယာမြေ ၇ ဒသမ ၄၅ ဧက အတွက် မြေယာလျော်ကြေးနှင့် သီးနှံနစ်နာကြေးအတွက် ငွေကျပ် (၁၃၇၆၅ဝဝဝ)အား ပေးလျော်ခဲ့ပြီး ဖြစ်ပါကြောင်း။


ထို့ပြင် အဆိုပါ လမ်းဖောက်လုပ် ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်း သည့်အတွက် ပါဝင်သွားခဲ့သော ဦးသိန်းထွန်းအောင်ပါ တောင်သူ(၄) ဦးနှင့် ဒေါ်သိန်းရီတို့၏ လယ်ယာ မြေများအတွက် နစ်နာကြေးများအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့်၏ အတည်ပြု ချက်ရရှိပါက မြေယာလျော်ကြေး အမြန်ဆုံး ပေးချေနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ဖြေကြားသည်။



ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့ လာသည့် ပိုးသတ်ဆေးဥပဒေကြမ်း၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီ၊ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီနှင့် အမျိုးသားလွှတ်တော် မဟာဗျူဟာ လေ့လာရေးနှင့် သုတေသနကော်မတီ တို့၏ ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးကာလ များအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။


ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ နှင့် အမျိုးသားလွှတ်တော်တိုင်းရင်း သားရေးရာ ပဋိပက္ခဖြေလျှော့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီ တို့၏ ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးကာလ များအတွင်း ကော်မတီ၏လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာများကို ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က လွှတ်တော်သို့ ဖတ်ကြားတင် သွင်းကြရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌ က ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။



(သတင်းစဉ်)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြု


 


နေပြည်တော် ဒီဇင်ဘာ ၃၁


ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အပါအဝင် ဥပဒေ ကြမ်းနှစ်ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း(၄)ခုမေးမြန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေး၌ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦး၏ နိုင်ငံတော် တွင် ကျူးကျော်နေထိုင်သူများအပါအဝင် များစွာသော ပြည်သူတို့မှာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားသက်သေခံလက်မှတ် ထုတ်ပေးနိုင်ခြင်း မရှိသေးသဖြင့် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၍ ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမြင့်က ရွှေ့ပြောင်းသွားလာ နေသူများ၏ အိမ်ထောင်စုအလိုက် လူဦးရေစာရင်းများ အနီးစပ်ဆုံး ရရှိနိုင်ရေး အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခင်နေထိုင်ခဲ့သည့် မြို့နယ်များတွင် စာရင်း ရှိ၊ မရှိ စိစစ်ခြင်း၊ မှန်ကန်ပါက စာရင်းပယ်ဖျက်၍ အမြဲအခြေချနေထိုင်မည့် မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးပြီးပါက မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံသား ဥပဒေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ တွေ့ကြုံနေရသည့် အခက်အခဲများမှာ ဥပဒေ၊ နည်းဥပဒေများကြောင့် မဟုတ်ကြောင်း၊ အတည်တကျနေထိုင်ခြင်းမရှိဘဲ မကြာခဏရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ¤င်းတို့၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထားများ တင်ပြနိုင်မှု အခြေအနေများအပေါ်မူတည်၍ ခက်ခဲနေ ခြင်းဖြစ်၍ လက်ရှိကျင့်သုံးနေသော ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင် ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းပြောကြားသည်။


ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်း ရေးတွင် လူထုမှ ပူးပေါင်းပါဝင်နိုင်ရေးအတွက် နိုင်ငံတော်မှ မူဝါဒချမှတ်ထား ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြည်သူလူထုကို မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂ဝဝ၇ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်တို့တွင် (၅)ကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မဟာဗျူဟာနှစ်ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်နှင့် လုပ်ငန်းစဉ် (၅)ရပ်တို့ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။


နိုင်ငံတော်အစိုးရမှ ၁၉၉၉ -၂ဝဝဝ ခုနှစ်မှ ၂ဝ၁၃ -၂ဝ၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၄ - ၂ဝ၁၅ မှ ၂ဝ၁၈ - ၂ဝ၁၉ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး (၅)နှစ် စီမံကိန်းထပ်မံရေးဆွဲ၍ ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက် ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်မှ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သည့် ဆေးဝါးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ပြီး မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင် လူထုမှပူးပေါင်းပါဝင်ရေးအတွက် နိုင်ငံတော် မှ မူဝါဒချမှတ်ခဲ့ပါကြောင်း၊ အဆိုပါမူဝါဒနှင့်အညီ နှစ်ရှည်စီမံကိန်း၊ နှစ်စဉ်စီမံ ကိန်းများရေးဆွဲလျက် ပြည်သူလူထုနှင့် ပြည်တွင်းရှိ NGO, INGOs အဖွဲ့ အစည်းများ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)အဖွဲ့များ ပူးပေါင်းပါဝင်လျက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။


ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးကြပြီး ပြင်ဆင်ချက်(၁၈)ချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်း သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုကြသည်။


ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ ကျင်းပမည့်နေ့ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ် ကြောင်း သိရသည်။


(သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး




ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကြမ်းနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြု
==============================================


နေပြည်တော် ဒီဇင်ဘာ ၃၁



ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းပရာ လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် ဥပဒေကြမ်း(၂)ခုအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခြင်း ဆောင်ရွက်သည်။



အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲ သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကြမ်းနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည် ပြုခဲ့သည့် အချက်များအပါအဝင် လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့် အမှတ်စဉ်များကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်း ပြန်လည်ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးသည်။



ယနေ့အစည်းအဝေးကို မွန်းလွဲ ၂ နာရီ ၂၅ မိနစ် တွင် ရပ်နားလိုက်ပြီး အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပရန်လျာထားကြောင်း သိရသည်။



(သတင်းစဉ်)

ဆောင်းရာသီတွင် မြေအောက်ရေအသုံးပြုကာ ပန်းစိုက်သူများကြောင့် ပန်းဝယ်ရောင်းသည်များ နေ့စဉ်အပိုဝင်ငွေရရှိ




တပ်ကုန်း ဒီဇင်ဘာ ၃၁


နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆောင်းရာသီ၌ မြေအောက်ရေကိုအသုံးပြု၍ ပန်းစိုက်ပျိုးသည့် တောင်သူတို့ စိုက်ပျိုးထားသည့် ပန်းများ ဈေးကောင်းရနေကြောင်းသိရပြီး ယခုအချိန်တွင် ပန်းစိုက်တောင်သူများ၏ ပန်းခင်းထဲတွင် လက်ကား ရောင်းချခြင်းအပြင် တပ်ကုန်းမြို့မဈေး၌ လက်လီရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ စီးပွားရေးအတွက် အဆင်ပြေ ကြောင်း တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာမှ မြေအောက်ရေဖြင့် မေမြို့ပန်းစိုက်ပျိုးရောင်းချ သည့် ဒေသခံများထံမှ သိရသည်။


''ကျွန်မတို့ကျေးရွာက တောင်သူတွေ မြေအောက်ရေကိုအသုံးပြုပြီး တစ်ပိုင်တစ်နိုင် ပန်းစိုက်ပျိုးကြတာကြောင့် ရွာထဲက နေ့စား အလုပ်သမားတွေလည်း လုပ်အားခတွေ ရရှိနေကြ သလို ပန်းသည်တွေနဲ့ ပန်းလှူသူအကြိုက်များပြီး ရောင်းအားကောင်းနေတဲ့ မေမြို့ပန်းတစ်မျိုး တည်းကိုသာ စိုက်ပျိုးပါတယ်။ ပန်းဝယ်လှူသူများ ကလည်း မေမြို့ပန်းကို အသုံးများလို့ ပန်းခင်း အလျား တစ်တောင်ကို ကျပ် ၇ဝဝ နဲ့ဝယ်ယူပြီး ပန်းသုံးပင်၊ လေးပင်တစ်စည်းကို ကျပ် ၂ဝဝ နဲ့ ပြန်ရောင်း ချရတာကြောင့် ဝယ်/ရောင်းတွေလည်း နေ့စဉ် အပိုဝင်ငွေရရှိတယ်''ဟု ဒဟတ်ကုန်း ကျေးရွာမှ ပန်းတစ်ဆင့်ခံ ဝယ်ယူရောင်းချသူ မညွှန့်ရွှေက ပြောသည်။

တင်စိုးလွင် (ပြန်/ဆက်)

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး




နေပြည်တော် ဒီဇင်ဘာ ၃၁


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန်ကွန်ဂရက်မှ အထက်လွှတ်တော်အမတ် မစ္စတာ သောမတ်စ် ကော်တွန်နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးပုံစံသစ်ဖြင့် လျှောက်လှမ်းနေမှုတွင် တပ်မတော် ၏ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ- အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများအား ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး မစ္စတာ သောမတ်စ် ကော်တွန် နှင့်အတူ အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


(မြဝတီ)

ညီညီညွတ်ညွတ် နားလည်မှုရှိစွာဖြင့် ၂ဝ၁၆ နှစ်သစ်ကို ကြိုဆို




၂ဝ၁၅ ခုနှစ်သည် မြန်မာနိုင်ငံ အတွက် သမိုင်းဝင် နှစ်တစ်နှစ်ပင် ဖြစ်ခဲ့သည်။ လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကာ အတည်ပြု နိုင်ခဲ့သည်။


ဆက်လက်၍လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေး ဆက်လက်လျှောက်လှမ်းရန် လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည်။ အလားတူ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှု၊ ကဏ္ဍစုံမှ ပြုပြင် ပြောင်းလဲမှုနှင့် အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများနှင့်အတူ နိုင်ငံတကာ၏ ယုံကြည်လေးစားလာ မှုကိုပါ ရရှိလာကာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍတွင်လည်း တိုးတက် လာခဲ့သည်။


အောင်မြင်မှုများစွာ၊ သမိုင်း မှတ်တိုင်များစွာ ရှိခဲ့သော်လည်း မအောင်မြင်သေးသည့် ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စများစွာလည်း ကျန်ရှိနေသေးသည်။ ထို့အပြင် ၂ဝ၁၅ ခုနှစ်အတွင်း သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရပြီး ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှုတို့အပြင် ဖားကန့်ဒေသ မြေစာပုံပြိုကျမှု၊ စစ်ဘေးအန္တရာယ်နှင့် စစ်ဘေးရှောင် ပြည်သူများ၏ ဘဝအခက်အခဲ များစွာ၊ အလုပ်ရှင် အလုပ်သမား အရေး၊ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား များအရေး၊ ထိုင်းနိုင်ငံတွင် သေဒဏ် ချမှတ်ခံထားရသော မြန်မာလုပ်သား နှစ်ဦးအရေး၊ ဆန္ဒပြသူများနှင့် ဖမ်းဆီးခံကျောင်းသားများအရေး စသည်ဖြင့် အခက်အခဲ အကျပ် အတည်းများစွာကလည်း ကျန်ရှိနေ သေးသည်။


မည်သို့ပင်ဖြစ်စေ အခက်အခဲ အကျပ်အတည်းများနှင့် စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားကာ အပြောင်းအလဲများနှင့် ကြိုစောင့် နေမည့် ၂ဝ၁၆ နှစ်သစ်ကို ကြိုဆို ရမည်ပင်ဖြစ်သည်။ ၂ဝ၁၆ သည် မြန်မာနိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲ စေမည့် နှစ်တစ်နှစ် ဖြစ်မည်လား ဆိုသည်မှာ နိုင်ငံတော်အစိုးရတွင် သာမက နိုင်ငံတော်တွင် မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထုအားလုံးတွင် တာဝန်ရှိ သည်။ နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်မည့် ခေတ်မီဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ထူထောင်ရန် အားယူနေရသည့်၊ ကြိုးစားနေရသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံမျိုးတွင် စိန်ခေါ်မှု၊ အခက်အခဲ အကျပ် အတည်းများစွာ ရှိမည်ပင်ဖြစ်ပြီး ယင်းတို့ကို ညီညီညွတ်ညွတ် ပေါင်းစု ကျော်ဖြတ်နိုင်မှသာ အပြောင်းအလဲ ကို လိုလားတောင့်တနေသော ပြည်သူ့ဆန္ဒ ပြည့်ဝနိုင်မည်ပင်ဖြစ် သည်။ အခက်အခဲများစွာကြားက စိန်ခေါ်မှုများနှင့် ပြည့်နှက်နေမည့် ၂ဝ၁၆ နှစ်သစ်ကို တစ်ကမ္ဘာလုံး ကသာမက မြန်မာနိုင်ငံအနှံ့က မိဘပြည်သူများကလည်း ကြိုဆို နေကြမည်ပင်ဖြစ်သည်။ မြန်မာ နှစ်သစ်မဟုတ်သော်လည်း တစ်ကမ္ဘာ လုံးကျင့်သုံးနေသည့် ခရစ်နှစ် ၂ဝ၁၆ ခုနှစ်ကို မြန်မာနိုင်ငံကလည်း ငြိမ်းချမ်းစွာဖြင့်ကြိုဆိုနေမည်ဖြစ်ရာ စီးပွားရေးမြို့တော် ရန်ကုန်၏ နှစ်သစ် ကြိုဆိုပွဲ၊ နှစ်သစ်ကူးနေ့ အထိမ်း အမှတ်အခမ်းအနားများကို လက်လှမ်း မီသလောက် ဖော်ပြပေးလိုက်ပါ သည်။


ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးများမှသည် ဟိုတယ် အငယ်များအထိ နှစ်သစ်ကူးပွဲတော် ကို ပါဝင်ဆင်နွှဲကြသည်။ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ချက်ထရီယမ် ဟိုတယ်တွင် နှစ်သစ်ကူးည အထူး အစီအစဉ်အနေဖြင့် နှစ်သစ်ကူး အကြို ညစာစားပွဲကို ဟိုတယ်ရေကူး ကန်ဘေးတွင် Bond is Black နာမည်ကျော် ဂျိမ်းစ်ဘွန်းပါတီအနေ ဖြင့်ကျင်းပခဲ့သည်။


နာမည်ကျော် အဆိုတော်များဖြစ်သည့် ချစ်ကောင်း၊ ဝေလ၊ နီနီခင်ဇော်၊ မိစန္ဒီတို့ကImmortal Band နှင့် တင်ဆက်ခဲ့ပြီးDJ Thaw Lay ၏ မြူးကြွဂီတဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့သည်။ အခြား ဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာကြီး များတွင်လည်း နှစ်သစ်ကူးအထူး အစီအစဉ်များ ကျင်းပခဲ့ကြသည်။


အလားတူ ရန်ကုန်မြို့ မိုင်ဒါကွင်း တွင်လည်း နာမည်ကျော် အဆိုတော် များက အစီအစဉ်များစွာပါဝင်မည့် နှစ်သစ်ကို ကြိုဆိုမည့် အစီအစဉ်ကို ည ၇ နာရီခွဲမှ ၂ဝ၁၆ ဇန်နဝါရီ ၁ ရက်ကို ကူးပြောင်းမည့်အချိန် အထိအစီအစဉ်များစွာဖြင့် ကြိုဆိုခဲ့ သည်။ အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် နှစ်စောင်နှုန်း ထုတ်ပေးခဲ့ပြီး နှစ်သစ် ကိုကြိုဆိုသူများကို ပါဝင်ဆင်နွှဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။


ယင်းအပြင် တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းတွင်လည်း နှစ်သစ် ကူးအထူးအစီအစဉ်များ၊ နာမည်ကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများဖြင့် နှစ်သစ်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြ သည်။ ပြည်သူ့ရင်ပြင်တွင်မူ နာမည် ကျော်Iron Cross တေးဂီတအဖွဲ့နှင့် အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့ဖြင့် ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည့် အပြင် နာမည်ကြီး ရော့ခ်ဂီတ တေးသံရှင် ဇော်ဝင်းထွဋ်နှင့်Emperor တေးဂီတအဖွဲ့ကလည်း မင်းဓမ္မလမ်းရှိMCCခန်းမ၌ နှစ်သစ် ကြိုဆိုခြင်း အထူးအစီအစဉ်ကို တင်ဆက်ခဲ့သည်။

ယင်းသို့ အစီအစဉ်များအပြင် ကိုယ်ပိုင်အစီအစဉ်များဖြင့် နှစ်သစ် ကို ကြိုဆိုခဲ့ကြသူများလည်းရှိပြီး အင်းလျားကန်ပေါင်၊ ကန်တော်ကြီး၊ ဗိုလ်တထောင်ဆိပ်ကမ်းအပါအဝင် အများပြည်သူဧရိယာများတွင် နှစ်သစ်ကိုကြိုဆိုခဲ့သူများ၊ ရပ်ကွက်၊ လမ်း၊ ကိုယ်ပိုင်အိမ်ခြံဝင်းများအတွင်း ကြိုဆိုသူများနှင့် ၂ဝ၁၆ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။


နှစ်သစ်ကို ကြိုဆိုသူများအတွက် လည်း နှစ်သစ်ကူးရက်မတိုင်မီကပင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ခရိုင်၊ မြို့နယ်အလိုက် လုံခြုံရေးကို လှည့်ကင်းများ၊ တာဝန်ချထားမှု များဖြင့် တာဝန်ယူဆောင်ရွက်လျက် ရှိပြီး လူစည်ကားများပြားရာနေရာ ဒေသများတွင် မလိုလားအပ်သော ကိစ္စရပ်များ၊ မင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်များ၊ ဥပဒေမဲ့ကျူးလွန်မှုများ မဖြစ်ပေါ်စေရန် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု သိရ သည်။


အပြောင်းအလဲ စိန်ခေါ်မှုများစွာ ကို ရင်ဆိုင်ကျော်ဖြတ်ရမည့် နှစ်သစ် ဖြစ်သည့်အတွက် လူတိုင်းသည် တာဝန်ယူမှု၊ တာဝန်သိမှုနှင့် မိမိ၏ လွတ်လပ်ပျော်ရွှင်မှုသည် အခြား သူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာ စေမည့်၊ အနှောင့်အယှက်ဖြစ်စေမည့် စည်းမဲ့ကမ်းမဲ့ ပျော်ရွှင်မှုမျိုး မဖြစ် စေဘဲ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်လျော်ကန်သော နိုင်ငံကြီး သား၊ မြို့ကြီးသား ပီသသည့် အပြုအမူ များဖြင့် နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆို ရင်း ရင်ဆိုင်ရမည့် အခက်အခဲများကို ညီညီညွတ်ညွတ် နားလည်မှုရှိစွာ၊ စုစည်းညီညာမှုများစွာဖြင့် ကျော်ဖြတ် သွားနိုင်ရန် လိုအပ်မည်ပင်ဖြစ် သည်။



(ဆုနှင်းလဲ့)