Sunday, November 1, 2015

ဆီးရီးယားနိုင်ငံသို့ အမေရိကန်စစ်သား ၅ဝ နီးပါး စေလွှတ်မည်



The Mirror Daily's photo.
ဝါရှင်တန် အောက်တိုဘာ ၃၁

ဆီးရီးယား နိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ရေးဆင်နွှဲနေသော အစိုးရဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များအား စစ်ဆင်ရေးနှင့်ပတ်သက်သည့် အကြံဥာဏ်ပေးရန် အမေရိကန် စစ်သား ၅ဝ နီးပါးကို စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီဖြစ်သည်။

ယင်းအစီအစဉ်နှင့်ပတ်သက်ပြီး သမ္မတအိုဘားမား အတည်ပြုခဲ့ကြောင်းကို အောက်တိုဘာ ၃ဝ ရက် တွင် အိမ်ဖြူတော်ပြောရေးဆိုခွင့် ရှိသူ ဂျွန်အန်းနက်စ်က ထုတ်ဖော် ပြောကြားခဲ့သည်။

စေလွှတ်မည့် အမေရိကန်စစ်သားများသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းနေသည့် အစိုးရဆန့်ကျင်သည့် လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရေး အကြံဥာဏ်များပေးမည်ဖြစ်သည်။

သို့သော် တိုက်ခိုက်ရေးတွင် မည်သို့မျှ ပါဝင်ပတ်သက်ခြင်းရှိမည် မဟုတ်ဟု ဂျွန်အန်းနက်စ်က ဆက်လက်ပြောသည်။

ယင်းကဲ့သို့ အမေရိကန်စစ်သားများ ဆီးရီးယားနိုင်ငံကို စေလွှတ်ခြင်းသည် အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းရာတွင် အမေရိကန်အစိုးရ၏ ပါဝင်ပတ်သက်မှုကို ပေါ်လွင်စေရန်ရည်ရွယ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား ချေမှုန်းရေးနှင့် ပတ်သက်ပြီး အီရတ်စစ်သားများအား စစ်ရေးလေ့ကျင့်ပေးရန်အတွက် အမေရိကန်စစ်သားများကို စေလွှတ်ခဲ့ပြီးဖြစ်သည်။

ယခုလအစောပိုင်းတွင် ဆီးရီးယား နိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းရေးအတွက် အစိုးရဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များကို အိုဘားမားအစိုးရက လေကြောင်းမှ လက်နက်များ ထောက်ပံ့ပေးခဲ့သည်။
အင်န်အိတ်ခ်ျကေ။

တရုတ်-ကိုရီးယား-ဂျပန် သုံးနိုင်ငံထိပ်သီးအစည်းအဝေးတက်ရန် တရုတ်ဝန်ကြီးချုပ် ဆိုးလ်သို့ရောက်ရှိ




The Mirror Daily's photo.
ဆိုးလ် အောက်တိုဘာ ၃၁

တရုတ်-ကိုရီးယား-ဂျပန် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်းသည် အောက်တိုဘာ ၃၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်သို့ ရောက်ရှိလာခဲ့ကြောင်း ယနေ့ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

တရုတ်ဝန်ကြီးချုပ်သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ ဖိတ်ကြားမှုဖြင့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာခြင်းဖြစ်ပြီး တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း ဦးတည်လာရောက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်၏ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် လာရောက်သည့် ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံသမ္မတပက် အပါအဝင် တောင်ကိုရီးယားနိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်မှာ တရုတ်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံအကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ယဉ်ကျေးမှုဆိုင်ရာဖလှယ်ရေးတို့ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သတင်းတွင်ဖော်ပြသည်။

တရုတ်-တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ ထိပ်သီးအစည်းအဝေးတွင် လွန်ခဲ့သည့် သုံးနှစ်ခွဲတာကာလအတွင်း ကြားဖြတ်ပြတ်တောက်ခဲ့မှုများအား သုံးနိုင်ငံခေါင်းဆောင်များက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများ၏ အပြောင်းအလဲများနှင့် သုံးနိုင်ငံ အကျိုးတူပူးပေါင်း ဆွေးနွေးသွားကြမည်ဖြစ် သည်။

တရုတ်-ကိုရီးယားနှင့် ဂျပန်နိုင်ငံများမှ ထိပ်သီးဆွေးနွေးမှုများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြီးမားသော အလှည့်အပြောင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်သူများက ပြောကြားကြသည်။

တရုတ်-ကိုရီးယား-ဂျပန် နိုင်ငံမှ ထိပ်သီးများ၏ အစည်းအဝေးကို ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့သည်။ ဆင်ဟွာ။

ခရီးသည် ၂၂၄ ဦးလိုက်ပါလာသည့် ရုရှားလေယာဉ်တစ်စင်း ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျ



The Mirror Daily's photo.


မော်စကို အောက်တိုဘာ ၃၁

ခရီးသည် ၂၂၄ ဦး လိုက်ပါစီးနင်းလာသည့် ရုရှားလေယာဉ်တစ်စင်းသည် အောက်တိုဘာ ၃၁ ရက်က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် အလယ်ပိုင်းတစ်နေရာတွင် ပျက်ကျသွားခဲ့ကြောင်း အီဂျစ်လေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရုရှားလေကြောင်း ကိုဂယ်လျန် အဗီရာလေကြောင်းလိုင်းမှ အဲဘတ်စ် အေ ၃၂၁ လေယာဉ်သည် ဆိုင်းနိုင်းပင်လယ်နီအပန်းဖြေစခန်း ရှီရန် အယ်-ရှီးခ်မှ ရုရှားနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် စိန့်ပီတာဘက်သို့ ဦးတည်ပျံသန်းနေခဲ့ပြီး ဆိုင်းနိုင်းကျွန်းဆွယ် အလယ်ပိုင်း တောင်တန်းထူထပ်သည့် နေရာတွင် ပျက်ကျသွားခဲ့ကြောင်း လေကြောင်း ပျံသန်းမှုဝန်ကြီးဌာနက ပြောသည်။

လိုက်ပါစီးနင်းသူ အများစုမှာ သေဆုံးနိုင်ဖွယ်ရှိသည်ဟု လေယာဉ် ပျက်ကျသွားခဲ့သည့် နေရာသို့ ရောက်ရှိခဲ့သော လုံခြုံရေးအရာရှိ တစ်ဦးကဆိုသည်။

''လေယာဉ်ပျက်ကျတဲ့နေရာကို ရောက်တော့ ထိုင်ခုံတွေမှာ ခါးပတ်ပတ်ပြီး သေနေတဲ့ ခရီးသည်တွေ အများကြီးကို တွေ့ရတယ်' 'ဟု အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆိုသည်။

''လေယာဉ်က မီးလောင်ပြီး ပျက်စီးနေတယ်။ ကျောက်ဆောင်တစ်ခုနဲ့ ဝင်တိုက်ထားပုံရတယ်။ လေယာဉ်ထဲမှာ သေနေတဲ့ ခရီးသည် ၁ဝဝ ကျော်လောက်ကို ဆွဲထုတ်ခဲ့ရတယ်။ လေယာဉ်ထဲမှာ လူတွေရှိနေ သေးတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ဆိုင်းနိုင်းကျွန်းဆွယ် ဒေသသည် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေးအတွက် စစ်သွေးကြွများ၏ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် နေရာလည်းဖြစ်သည်။ ယင်းဒေသတွင် အီဂျစ်စစ်သားများနှင့် လုံခြုံရေးအရာရှိ ရာပေါင်းများစွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ယခင်လများက အစပြုပြီး စစ်သွေးကြွများက ယင်းဒေသသို့ရောက်ရှိလာသည့် အနောက်နိုင်ငံသားများကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။

စက်တင်ဘာ ၃ဝ ရက်မှစပြီး ရုရှားအစိုးရက ဆီးရီးယားနိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်ရေး ဆင်နွှဲခဲ့သည်။

လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေညာရန် အချိန်စောလွန်း နေသေးကြောင်း လေကြောင်းပျံသန်းမှုဝန်ကြီး မိုဟာမက် ဟိုဆန်ကီမယ်လ်က အစိုးရထုတ်ပြန် ချက်တစ်ရပ်တွင် ပြောကြားထားသည်။

လေယာဉ်တွင် လက်နက်ဖြင့် ပစ်ခတ်ထားသည့်နေရာ မည်သည့် နေရာမှ မတွေ့ရှိရကြောင်း အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိနေကြသည့် လုံခြုံရေးအရာရှိများက ဆိုသည်။
ရိုက်တာ။

ရေကြီးမှုကြောင့် ပျက်စီးသွားသော နန့်ခင့်-အင်းတော်ချောင်းကူးတံတား ပြန်လည်တည်ဆောက်ပြီးစီး



The Mirror Daily's photo.
အင်းတော် အောက်တိုဘာ ၃၁

ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာနှင့် အင်းတော်မြို့ဆက်သွယ်သည့် နန့်ခင့်-အင်းတော်ချောင်းကူး တံတားကို အသစ်ပြန်လည်တည် ဆောက်ခဲ့ရာ အောက်တိုဘာ၂၁ ရက် က တည်ဆောက်ပြီးစီးခဲ့သဖြင့် ဒေသ ခံများဆက်သွယ်သွားလာရေးအဆင် ပြေလျက်ရှိကြောင်း သိရသည်။

ယင်းတံတားကို သစ်တားတိုင် ၃၄ တိုင်နှင့် သစ်သားရက်မ၊ သစ်သား ကြမ်းခင်းများဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး တံတားအရှည်မှာ ၁၈၇ ပေ၊ အကျယ် ၉ ပေ၊ အမြင့် ၁၂ ပေရှိ ပြီး ငွေကျပ် ၇၅ သိန်းအကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားအသစ် ပြန်လည်တည် ဆောက်ပြီးစီးသွား၍ နန့်ခင့်ကျေးရွာ ရှိ အိမ်ခြေ ၁၅ဝ၊ အိမ်ထောင်စု ၁၅ဝ မှ လူဦးရေ ၇၇၈ ဦးတို့၏ ဆက်သွယ်သွားလာရေး အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ကြပြီးဖြစ်ကြောင်း သိရသည်။ ကိုမင်း(အင်းတော်)

1.11.2015...ကြေးမုံ စာတည်းရှုထောင့်



မှန်မှန်ကန်ကန်လှုပ်ရှားဆောင်ရွက်

မျက်မှောက်ကာလတွင် တစ်တိုင်းပြည်လုံးရှိ ပြည်သူများအနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၌ အရေးကြီးသည့်လုပ်ငန်းစဉ်ဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းကို မဲပေးရွေးချယ်နိုင်ရန်အတွက် အသင့်ဖြစ်နေလောက်ပြီဟု မျှော်လင့်ပါသည်။

ဆန္ဒမဲပေးခြင်းသည် မိမိတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မိမိတိုင်းပြည် နှင့်လူမျိုးအကျိုးအတွက် အမှန်တကယ်အကောင်အထည်ဖော်နိုင်မည့်သူကိုသာ ရွေးချယ်ခြင်းဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများကလည်း မိမိတို့အနိုင်ရရှိရေးအတွက် ပြည်သူတို့အား အစွမ်းကုန်စည်းရုံးကြမည်ဖြစ်သည်။

မဲပေးခြင်းနှင့်စည်းရုံးခြင်း လုပ်ငန်းစဉ်နှစ်မျိုးကိုဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာပြီး ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ ဥပဒေ၊ စည်းကမ်းနှင့်မလျော်ညီသော တစ်ဖက်သားနစ်နာအောင်ပြုလုပ်မှု၊ အသရေဖျက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ဆူပူမှု၊ အကြမ်းဖက်မှုများကို မပြုလုပ်မိရန် အရေးကြီးပါသည်။

ထိုနေရာတွင် ပါတီများကလည်း သတ်မှတ်ထားသော ပါတီစည်းရုံးရေး စည်းကမ်းများကို လိုက်နာရန် လိုအပ်ပြီး ကိုယ်စားလှယ်လောင်းများကလည်း ပြည်သူများအား မှန်မှန်ကန်ကန်စည်းရုံးကြဖို့လိုအပ်ပါသည်။ ပြည်သူများကလည်း စည်းကမ်းတကျပါဝင်လှုပ်ရှားကြရန်လိုအပ်ပြီး နိုင်ငံ့ဝန်ထမ်းများကလည်း ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် အသိတရားနှင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တတစ်ပတ်သာလိုတော့သည့် ယနေ့ အချိန်ကာလအထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲအကြိုဆောင်ရွက် မှုများနှင့် ပတ်သက်၍ အချို့နေရာအနည်းငယ်၌သာ စည်းကမ်းနှင့်မလျော်ညီသည့် ပြုမူဆောင်ရွက်မှု၊ အကြောင်းမဲ့နှောင့်ယှက်ဖျက်ဆီးမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့သာ ဖြစ်ပွားခဲ့သည်ကို တွေ့မြင်ရသဖြင့် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်စဉ် ကောင်းမွန်နေသေးသည်ဟု ဆိုရမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာ၌ အများဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်၍ အများဆန္ဒနှင့်အညီ စနစ်ကျစည်း ကမ်းရှိစွာဖြင့် လှုပ်ရှားဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့ ဆောင်ရွက်မှုများသည် နိုင်ငံ၏ဂုဏ်သိက္ခာ၊ နိုင်ငံ၏အကျိုးစီးပွား မထိခိုက်ဖို့အထူးလိုအပ်ပါသည်။ မည်သည့် ရွေးကောက်မှုတွင်မဆို အနိုင်နှင့်အရှုံး နှစ်မျိုးသာရှိမည်ဖြစ်၍ နိုင်လျှင်လည်း ပြုံးပြုံး၊ ရှုံးလျှင်လည်း ပြုံးပြုံးနေတတ်ဖို့ လိုအပ်ပါသည်။

အားကစားစကားနှင့်ပြောမည်ဆိုလျှင် အရှုံး၊ အနိုင်သည် ပဓာနမဟုတ်၊ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်သည်ဟူသော ဆိုစကားနှင့်လည်း ပြောချင်ပါသည်။ ဘောလုံးပွဲတစ်ပွဲ ယှဉ်ပြိုင်ကြသည့် နှစ်ဖက်အသင်းတို့ ခြေရည်တူ၊ ခြေရည်ကွာဟမှုရှိကြမည်ဖြစ်သော်လည်း နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အကွက်ကျကျ အကောင်းဆုံးနှင့် အသန့်ရှင်းဆုံးကစားနိုင်သော အသင်းကိုသာ ပရိသတ်များက အားပေးကြမည်ဖြစ်သည်။

ပရိသတ်များအနေဖြင့်လည်း မိမိတို့အသင်းအောင်နိုင်ရေးအတွက် အင်တိုက်အားတိုက် အားပေးကြမည်ဖြစ်ပြီး အကွက်ကျကျအကောင်းဆုံးကစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရှုံးနိမ့်ခဲ့ရပါက ကျေနပ် နှစ်သိမ့်ကြသကဲ့သို့ အားပေးကြရမည်ဖြစ်သည်။ ပြီးခဲ့သည့်ကာလက နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သော မြန်မာလက်ရွေးစင်ဘောလုံးအသင်း ရှုံးသည့်ပွဲဖြစ်စေ၊ နိုင်သည့်ပွဲဖြစ်စေ မြန်မာပရိသတ်က အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် တစ်ခဲနက်အားပေးခဲ့ကြပုံမှာ အတုယူစရာဖြစ်သည်။

ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ထိုကဲ့သို့ပင် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်မှုကို အားပေးကြစေချင်ပါသည်။ မြန်မာနိုင်ငံသားအားလုံးတို့သည် မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက် စေလို သောဆန္ဒဖြင့် လှုပ်ရှားဆောင်ရွက်နေကြသည်မှာ အမှန်ဖြစ်သည်။ သို့ဖြစ်ရာ မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ကောင်းစားရေးကို ရှေးရှု၍ စည်ကမ်း စနစ်ကျနစွာဖြင့် မှန်မှန်ကန်ကန်လှုပ်ရှားဆောင်ရွက် ရွေးချယ်တတ်စေရန် တိုက်တွန်းအပ်ပါသည်။ ။

1.11.2015... ကြေးမုံ ကာတွန်း


တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းဖြင့်ထွက်ခွာပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးသို့ သွားရောက်ကြရာ ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လောကမာရဇိန်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့ပြအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုးသားလေကြောင်းဖြင့် ကော့သောင်းမြို့ သို့ရောက်ရှိရာ ကော့သောင်းလေဆိပ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ကော့သောင်းမြို့ရှိ ပြည်တော်အေးဘုရားသို့ သွားရောက်ကြရာ ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်တော်အေးဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဒေသခံပြည်သူ တစ်ဦးက မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားချိတ်ဆက်ရရှိရေး၊ ကွန်ကရစ်ဆိပ်ခံတံတားသစ်တစ်စင်း တည်ဆောက်ပေးရေးနှင့် စက်မှုအထက်တန်းကျောင်း တည်ဆောက်ပေးရေးတို့ကိုတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ကော့သောင်းမြို့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ဘုရင့်နောင်ကုန်းမြေရှိ ဘုရင့်နောင်မင်းတရားကြီးရုပ်တုနှင့် ကုန်းမြေသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မြန်မာအမျိုးသားလေကြောင်းဖြင့် ဘုတ်ပြင်းလေဆိပ်သို့ရောက်ရှိကြရာ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လေဆိပ်ဧည့်ခန်းမ၌ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား လွတ်လပ်၍တရားမျှတမှုရှိစေရေး၊ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဒေသခံပြည်သူများက တင်ပြသည့် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသော လမ်းများ အဆင့်မြှင့် တင်ပေးရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

နိုင်ငံတော်သမ္မတသည် ထားဝယ်နှင့် ကော့သောင်းမြို့နယ်တို့မှ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့မှု၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မိမိတို့အစိုးရ လက်ထက်၌ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီး တစ်ဆင့် စနစ်တကျဖြင့် တည်ငြိမ် အေးချမ်းစွာ ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး စသည့်ကဏ္ဍများတွင် တိုးတက်မှု များစွာ ရရှိနေပြီ ဖြစ်ပါကြောင်း၊ ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအား တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်အောင် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြန်မာအမျိုးသားလေကြောင်းဖြင့် မြိတ်လေဆိပ်သို့ ညနေပိုင်းတွင်ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ကင်းထောက် လူငယ်များက တစ်ခဲနက် ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)