Tuesday, March 31, 2015

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး



 

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း လွှတ်တော်က အတည်ပြု

နေပြည်တော် မတ် ၃ဝ
ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၅)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သမ္မတထံမှပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၈)ဦး ထပ်မံခန့်အပ် တာဝန်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နောက်ဆက်တွဲ-၁(က)ပါ လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် ကျန်ရှိသည့် လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က လွှတ်တော်ကတိကဝတ်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူလတင်ပြစဉ်က ကျန်ရှိနေသည့် ကတိကဝတ် များထဲတွင် ပြည်သူများလတ်တလော အကျိုးဖြစ်ထွန်းစေ မည့်လုပ်ငန်းနှင့် နှစ်ချင်းပြီး ဆောင်ရွက်နိုင်မည့်လုပ်ငန်းတို့ အပေါ်အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီတို့ ညှိနှိုင်းစိစစ်၍ ဆောင်ရွက်ရမည့်ကတိကဝတ် (၃၄၆)ခုကို နောက်ဆက်တွဲ-၁(က)၌ စုစုပေါင်းဝန်ကြီးဌာန(၈)ခုရှိပြီး ဘဏ္ဍာငွေ ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် ဦးစားပေးထည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းတစ်ရပ်လုံးကိုအတည်ပြုရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့သည်။
၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေး၏ ပထမနေ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ က အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်တို့ တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်(၂၉)ဦးက မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ၂ဝ၁၅ ခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး မတ်လ ၉ ရက်တွင် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းအလိုက် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာဥပဒေကြမ်းပါ သာမန်အသုံးစရိတ် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေနှင့် ဒေါက်တာမြတ်ဥာဏစိုးတို့က အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ သည်။ (သတင်းစဉ်)

စာကြည့်တိုက်ဝန်ဆောင်မှုများ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေး



ဆိပ်ဖြူ မတ် ၃ဝ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ၏ ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ နိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ အသင်းတို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကို အထက(ဆိပ်ဖြူ) နဝရတ်ခန်းမ၌ မတ် ၂၇ ရက်က ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဝင်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးတင့်၊ အတွင်းရေးမှူး ဦးဥာဏ်အောင်နှင့် ရပ်ကွက်ကျေးရွာစာကြည့်တိုက်မှူးများက မိမိတို့ရပ်ကွက်ကျေးရွာအတွင်းရှိ စာကြည့်တိုက်များတွင် စာဖတ်သူတိုးပွား လာစေပြီး ပြည်သူများအသိပညာတိုးပွားလာစေရန်အတွက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များမှ စာကြည့်တိုက်မှူးများတက်ရောက်ခဲ့ကြသည်။ စိုးလင်းနိုင်(iprd)

ရွေ့လားဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေဖော်ထုတ်မှု အရှိန်မြှင့်ဆောင်ရွက်



မလှိုင် မတ် ၃ဝ

ပြည်သူများအတွင်း တီဘီရောဂါဝေဒနာရှင်များကို အရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ကုသနိုင်ရေးအတွက် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ နယ် လှည့်စစ်ဆေးခြင်း အစီအစဉ်အဖြစ် ရွေ့လျားဓာတ်မှန်စက်ဖြင့် နယ်လှည့် ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းလုပ်ငန်းကို အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း(အထက်မြန်မာပြည်) တီဘီတိုက်ဖျက်ရေးဌာနက မန္တလေးတိုင်းဒေသကြီးအတွင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာမှ ပြည်သူများအတွင်း တီဘီရောဂါဝေဒနာရှင်များ ရှာဖွေဖော်ထုတ်ခြင်းကို ကျေးရွာအထကကျောင်း၌ မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည်။ နယ်လှည့်ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းလုပ်ငန်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာချမ်းမြေ့ကျော်၊ ဒေါက်တာ မြတ်ကျော်သူ(အထမ တီဘီ)နှင့် ဒေါက်တာဖုန်းဆုခိုင် (အထမ တီဘီ)တို့ ဦးဆောင်သော ဆရာဝန် ခုနစ်ဦးပါအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပန်းအိုင် ကျေးရွာအုပ်စုရှိ ကူကြီး၊ ကံဦး၊ မြစ်ကျင်း၊ ထနောင်းကျင်းကျေးရွာများမှ ပြည်သူများအား ရောဂါရှာဖွေစစ်ဆေးခဲ့သည်။
တီဘီသံသယလူနာ ၁၄၄ ဦးကို ဓာတ်မှန်ရိုက်စစ်ဆေးပေးခဲ့ပြီးလူကြီးတစ်ဦးနှင့် ကလေးတစ်ဦးကို ဆေး ကုသပေးခဲ့ကာ စောင့်ကြည့်လူနာ ၁၂ ဦးကိုလည်း သလိပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တီဘီရောဂါရှာဖွေစစ်ဆေးမှုအပြင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူ ၂၄ဝ ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ရွေ့လျားဓာတ်မှန်စက်ဖြင့် နယ်လှည့် ကွင်းဆင်း၍ တီဘီလူနာရှာဖွေကုသခြင်းကို မလှိုင်မြို့နယ်အတွင်း ကျေးရွာ ငါးရွာ၌ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အောင်ဌေး(မလှိုင်)

သင်္ကြန်ကာလအတွင်း ဖြစ်ပွားနိုင်သော မှုခင်းများကာကွယ်ရေးနှင့် အသိပညာပေးဟောပြော



မန္တလေး မတ် ၃ဝ

သင်္ကြန်ပွဲတော်ကာလအတွင်း ဖြစ်ပွား နိုင်သော မှုခင်းများကာကွယ်ရေးနှင့် အသိ ပညာပေးခြင်းကို မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်၊ မဟာအနောက်ရပ်ကွက်၊ ငြိမ်းအေး ချမ်းသာဓမ္မာရုံတွင် မတ် ၂၈ ရက် နံနက် ၁ဝ နာရီက မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှ ကျင်းပရာ တက်ရောက်လာကြသည့် ရပ်ကွက် ပြည်သူများအား တာဝန်ရှိသူများက အသိ ပညာပေး ဟောပြောသည်။

ရှေးဦးစွာ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးသန်းထွဋ်က စိတ်ကြွ ရူးသွပ်မူးယစ်ဆေးများအကြောင်း ဟောပြောသည်။ထို့နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၅၆)တပ်ဖွဲ့စုမှူး ဒုရဲမှူး သိုက်နိုင်ထွန်းက ယာဉ်စည်းကမ်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ပေါင်း ၃၆ဝ တွင် ဒဏ်ရာသူ ၉၁၇ ဦးနှင့် သေဆုံးသူ ၉၄ ဦးရှိခဲ့ကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)

မည်းသင်းမြို့နယ်အတွင်း ဒေသအချို့တွင် နွားစာရှားပါးနေ



ရမည်းသင်း မတ် ၃ဝ

မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်အတွင်းရှိ ဒေသအချို့ တွင် နွားစာကောက်ရိုးများ ရှားပါး နေ၍ အခြားကျေးရွာများမှ ကောက် ရိုးများဝယ်ယူကျွေးမွေးနေရကြောင်း သိရသည်။
ယခင်နှစ်က မိုးနှောင်းကာလတွင် မိုးရွာသွန်းမှု နည်းသောကြောင့် ရမည်းသင်းမြို့နယ်အတွင်းရှိ မိုးရေ ကို အားကိုး၍ စပါးစိုက်ပျိုးသော ဒေသအချို့တွင် စပါးအောင်မြင် ဖြစ်ထွန်းမှုနည်းပါးခဲ့ရာ စပါးနှင့် ကောက်ရိုးထွက်ရှိမှုလည်း နည်းပါး ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စပါး အောင်မြင်ဖြစ်ထွန်းသော ဆည်ရေ သောက်စပါးစိုက်သည့် ဒေသများမှ ကောက်ရိုးများကို ဝယ်ယူနေရခြင်း ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ကောက်ရိုးဝယ်သူ နည်းသော်လည်း ယခုနှစ်တွင် နွား စာရှားပါးမှုကြောင့် အနယ်နယ် အရပ်ရပ်မှ လာရောက်၍ ကောက်ရိုး ဝယ်ယူသူများရှိနေကြောင်း၊ မိုးမကျ မီ အချိန်အထိ နွားစာရှားပါးနေမည် ဖြစ်ရာ ကောက်ရိုးဝယ်ယူမှုရှိနေနိုင် ကြောင်း အင်ကြင်းကန်အုပ်စုမှ ကောက်ရိုးရောင်းချနေသူ တောင်သူ တစ်ဦးက ပြောသည်။

စပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် အင်ကြင်းကန်အုပ်စု၊ ကတင် အုပ်စု၊ သက်ကယ်ခြံကျေးရွာစသည့် ဒေသများမှ ကောက်ရိုးများကို ဝယ်ယူနေကြရခြင်းဖြစ်ပြီး လှည်း တစ်စီးအပြည့်ကို ငွေကျပ် ၁ဝဝဝဝ၊ ကားဖြင့်တင်ပါက ကားအကြီး အသေးအပေါ်မူတည်၍ ငွေကျပ် ၂ဝဝဝဝ မှ ၆ဝဝဝဝ ဝန်းကျင်အထိ ဈေးပေးဝယ်ယူရကြောင်း သိရသည်။
အတ်ကလေး(ရမည်းသင်း)

မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ အပြိုင်ခေါ်ယူဖို့ ကြိုးစားနေတဲ့ အဲဗာတန်ကြယ်တစ်ပွင့်



အဲဗာတန်အသင်းရဲ့ နာမည်ကြီးကစားသမား ရော့စ် ဘာကလေကို ပရီမီယာလိဂ်ထိပ်သီး ချယ်လ်ဆီးနဲ့ မန်စီး တီးတို့က အပြိုင်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါ တယ်။ ရော့စ်ဘာကလေကို ပေါင်သန်း ၅ဝ အထိ ဈေး ပေးပြီး ခေါ်ယူဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။ မန်စီးတီး က မူလပထမတွင် ပေါင်သန်း ၃ဝ ပေးပြီး ကမ်းလှမ်းခဲ့ပြီး နောက်ထပ်ပေါင်သန်း ၂ဝ ထပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အဲဗာတန်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က တော့ ရော့စ်ဘာကလေကို ရောင်းထုတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ဆိုပါတယ်။ နောက်တန်းကစားသမား ရော့စ်ဘာကလေကတော့ အသင်းကြီးတွေ ခေါ်ယူဖို့ ကြိုးစားနေပေမယ့် သူ့အနေနဲ့ အဲဗာတန်မှာပဲ ကစားသွား ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ကောင်းမြတ်သူ-စုစည်းသည်

UPWC နှင့်NCCT တို့၏ (၇)ကြိမ်မြောက် ဆွေးနွေးပွဲ သတ္တမမြောက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တွင် ပါဝင်သောအချက်များအားလုံး သဘောတူညီမှုရရှိ





ရန်ကုန် မတ် ၃ဝ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ချုပ်ဆိုနိုင်ရေးအတွက် (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ သတ္တမရက်မြောက်နေ့ တွင်NCA စာချုပ်၏ နောက်ဆုံးမူကြမ်းတွင်ပါဝင်သည့် အချက်များအားလုံးကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီဖြစ် ကြောင်း အစည်းအဝေးအပြီး နှစ်ဖက်ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA) ချုပ်ဆို နိုင်ရေးအတွက် UPWC နှင့် NCCT တို့၏ မတ် ၁၇ ရက်တွင်ပြုလုပ်သည့် (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေး မှုကို မတ် ၂၂ ရက် ဆွေးနွေးပွဲ ဆဋ္ဌမမြောက်နေ့အပြီးတွင် ခေတ္တရပ်နားခဲ့သည်။

သတ္တမမြောက်နေ့ဆွေးနွေးပွဲအဖြစ် မတ် ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင် ရေးလုပ်ငန်း ဗဟိုဌာန(MPC)၌ ကျင်းပခဲ့သည်။
ယနေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်NCA စာချုပ်အတွက် ဆဋ္ဌမနေ့ဆွေးနွေးပွဲအပြီးတွင် ညှိနှိုင်း ဆွေးနွေးရန်ကျန်ရှိခဲ့သည့် အခန်းတစ်ခုနှင့် အချက်သုံးချက် တို့ကို သဘောတူဆွေးနွေးနိုင်ခဲ့သည်။ NCA စာချုပ် နောက်ဆုံးမူကြမ်းတွင် ပါဝင်သည့် အခန်းပေါင်း(၇)ခန်း၊ အပိုဒ်ပေါင်း(၃၃)ပိုဒ်နှင့် အပိုဒ်ငယ်ပေါင်း(၈၆)ခု အားလုံးကို နှစ်ဖက်သဘောတူ
ဆွေးနွေးနိုင်ခဲ့သည်ဟု ယနေ့ဆွေးနွေးပွဲအပြီးတွင် NCCT အဖွဲ့မှ ဦးနိုင်ဟံသာ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့်MPC မှ ဦးလှမောင်ရွှေတို့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယနေ့ သဘောတူညီနိုင်ခဲ့သည့်NCAစာချုပ်နောက်ဆုံးမူကြမ်းပါ အချက်များအားလုံးကို မတ် ၃၁ ရက် နံနက် ၁ဝ နာရီတွင်NCCT နှင့် UPWC တို့မှ ပြန်လည်သုံးသပ်မှုပြုလုပ်ပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်များမှ ပဏာမသဘောတူညီမှုအဖြစ် လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။

MPC ၏ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက (၇) ကြိမ်မြောက် ဆွေးနွေးပွဲ (၇)ရက်မြောက်နေ့မှာ ကျန်ခဲ့တဲ့ အချက်အားလုံးကို သဘောတူတာဖြစ်တဲ့ NCA စာချုပ်ကြီးကို သဘောတူညီခဲ့ပြီးဖြစ်တာကို တင်ပြလိုပါတယ်။ ဒီနေ့ ဆွေးနွေးပြီး သဘောတူတာတွေကို မနက်ဖြန်မနက် ၁ဝ နာရီမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ပြန်တွေ့ပါမယ်။ မနက်ဖြန်မှာ ကျွန်တော် တို့ ခေါင်းဆောင်တွေအဆင့်မှာ ပဏာမသဘောတူညီချက်ကို UPWC နှင့် NCCT အဆင့်မှာ ပဏာမသဘောတူညီထားကြောင်းကို လက်မှတ်ရေးထိုးပါမယ်။ ပြီးရင် တစ်ဖက်ခေါင်းဆောင် သုံးဦးစီပါဝင်တဲ့ ခြောက်ဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါမယ်''ဟု ပြောသည်။

NCA စာချုပ် နောက်ဆုံးမူကြမ်း၏ သဘောတူညီချက်များအား NCCT ဘက်မှ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ၏ ထိပ်သီးညီလာခံတွင် ပြန်လည် တင်ပြရန်ကျန်ရှိနေပြီး UPWC ဘက်တွင်မူ အစိုးရဘက်မှ အတည်ပြုထားပြီဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ(UPCC )သို့ သတင်း ပို့ရန်သာ ကျန်ရှိတော့ကြောင်း UPWC မှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးနှင့် စပ်လျဉ်းပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက “NCCT အဆင့်နဲ့ အဆုံးအဖြတ် ပေးလို့ မရသေးဘူး။ ကျွန်တော်တို့က အဖွဲ့ပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ်ရမယ်။ အဲဒီမှာ တင်ပြရမယ်။ သူတို့ကနေပြီးမှ အဆုံးအဖြတ်ပေးရမယ်။ သူတို့ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာ ရှိကောင်းရှိနိုင် မယ်။ သူတို့ရဲ့ အတည်ပြုမှုကိုရပြီးတော့မှ တရားဝင်သူတို့ကိုယ်တိုင် လက်မှတ် ထိုးဖို့ ဖြစ်ပါတယ်''ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယနေ့ပြုလုပ်ခဲ့သော အစည်းအဝေးသို့ နိုင်ငံတကာမှလေ့လာသူကိုယ်စား လှယ်များအဖြစ် ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
(သတင်းစဉ်)