Sunday, March 1, 2015

ပြဋ္ဌာန်းရန်နှင့် ပြဋ္ဌာန်းပြီးဥပဒေများသည် တရားမျှတပြီး အများပြည်သူ အမှန်တကယ် လိုက်နာနိုင်မည့် ဥပဒေများဖြစ်စေရန် ဆောင်ရွက်လျက်ရှိ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
သတင်းထုတ်ပြန်ချက်အမှတ်(၃/၂ဝ၁၅)
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်
၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၁ဝ ရက်
၁။ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် ရောက်ရှိနေသော သပိတ်ပင်မစစ်ကြောင်း ဆန္ဒပြအဖွဲ့မှ မောင်ကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ မောင်မိုးထက်နေ၊ မောင်မင်းသွေးသစ်၊ မောင်ရဲရင့်ကျော်၊ မဟန်နီဦး၊ မောင်အောင်မှိုင်းဆန်း၊ မောင်နန္ဒစစ်အောင်၊ မောင်အောင်နေပိုင်တို့ (၉)ဦးက လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်လိုပါသဖြင့် တွေ့ဆုံခွင့်ပြုပေးပါရန် ¤င်းတို့ကိုယ်စား အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က တင်ပြလာပါသည်။
၂။ အဆိုပါရည်ရွယ်ချက်ကောင်းကောင်းနှင့် တင်ပြချက်အပေါ်တွင် ပြည်ထောင်စုလွှတ်တော်က စေတနာပါပါဖြင့် လွှတ်တော်တွင်ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော ဥပဒေကြမ်းကော်မတီမှ လက်ခံတွေ့ဆုံစေ၍ လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ၂၇-၂-၂ဝ၁၅ ရက်နေ့တွင် တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
၃။ ၄င်းနောက် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပုံများကိုလည်း ကြည့်ရှုလေ့လာခွင့်ပြုခဲ့ပါသည်။ ဤသို့ တွေ့ဆုံလေ့လာခွင့်ရရှိစေခဲ့သည့် အတွက် ဥပဒေပြုလွှတ်တော်များ၏ ဥပဒေပြုလုပ်ငန်းစဉ်နှင့် လွှတ်တော် များ၏ ဆောင်ရွက်နေမှုကို သိမြင်ခွင့်ရရှိစေခဲ့ပါသည်။
၎။ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ဥပဒေပြု လွှတ်တော်များသည် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည် နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသော၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ဥပဒေများပြဋ္ဌာန်းရန်နှင့် ပြဋ္ဌာန်းပြီးဥပဒေများသည် တရားမျှတပြီး အများ ပြည်သူ အမှန်တကယ်လိုက်နာနိုင်မည့် ဥပဒေများဖြစ်စေရန် ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် အဆိုပါဥပဒေများသည် မိမိတို့နိုင်ငံက လက်ခံကျင့်သုံးလျက်ရှိသော နိုင်ငံတကာ Convention များ၊Treaty များနှင့် ညီညွတ်စေရန်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုလွှတ်တော်ရုံး

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ပိတ်ပွဲ တက်ရောက်ဆုချီးမြှင့်




နေပြည်တော် ဖေဖော်ဝါရီ ၂၈
စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားရုံ၌ ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အားပေးချီးမြှင့်သည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အမျိုးသားအားကစား ပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်းနှင့် ကရင်ပြည်နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ဒုတိယသမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိမ်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြ များ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယဆုရ ပဲခူးတိုင်းဒေသကြီးအသင်းမှ အားကစား သမားများအား ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကလည်းကောင်း၊ ဒုတိယဆုရ ကရင်ပြည်နယ်အသင်း အားကစားသမားများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက လည်းကောင်း၊ ပထမဆုရ မန္တလေးတိုင်းဒေသကြီးအသင်း အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်သည်။
ယင်းနောက် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၌ တတိယ တံခွန်စိုက်ဆုရ ပဲခူးတိုင်းဒေသကြီးအသင်းအား ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က လည်းကောင်း၊ ဒုတိယတံခွန်စိုက်ဆုရ မန္တလေးတိုင်းဒေသကြီးအသင်းအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က လည်းကောင်း၊ ပထမတံခွန်စိုက်ဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်းကောင်း တံခွန်စိုက်ဆုဖလားများကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် စစ်တီးဝိုင်းမှဦးဆောင်၍ အလံချအဖွဲ့နှင့် အလံသယ်အဖွဲ့တို့သည် ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူပြီး ပြိုင်ပွဲဝင်အားကစားသမားများ ဆက်လက် နေရာယူကြသည်။
ထို့နောက် ဒုတိယသမ္မတက အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအထိမ်း အမှတ် အမှာစကားပြောကြားရာတွင် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ကျင်းပခဲ့ သည့် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်၏ ပြိုင်ပွဲတစ်လျှောက်လုံးတွင် ပြိုင်ပွဲဝင် အားကစားသမားများသည် သန့်ရှင်းစင်ကြယ်သည့် အားကစားစိတ်ဓာတ် များနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့ ကိုယ်စားပြုသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၏ ဂုဏ်ရောင်ကို အားကစားဖြင့် ထွန်းပြောင် စေခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း။
ယခုအားကစားပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဆုံစည်းမှုသည် သာမန်ဆုံစည်းမှု မဟုတ်ဘဲ သန့်ရှင်းမွန်မြတ်သည့် အားကစားစိတ်ဓာတ်ကို အခြေခံပြီး တရားမျှတ သည့် ယှဉ်ပြိုင်မှုများနှင့် ရင်းနှီးချစ်ကြည်စွာ ဆုံစည်းမှုပင်ဖြစ်ပါကြောင်း၊ အားကစားသဘာဝအရ အရှုံးနှင့် အနိုင်ဆိုသည်မှာ အမြဲဒွန်တွဲရှိနေတတ်သော် လည်း နယ်ပယ်အသီးသီးက အားကစားအဖွဲ့အားလုံး ရရှိလိုက်သည့် အားကစား အပေါ်တွင် အခြေခံသည့် ညီရင်းအစ်ကို မောင်နှမစိတ်ဓာတ်နှင့် တစ်ယောက် အတွက် အများ၊ အများအတွက် တစ်ယောက်ဆိုသည့် စည်းလုံးညီညွတ်မှုများသည် တန်ဖိုးမဖြတ်နိုင်သည့် အမြတ်အဖြစ် ထာဝရကျန်ရစ်ခဲ့မည်ဖြစ်ပါကြောင်း။
ယခုပြိုင်ပွဲဖြစ်မြောက်အောင်မြင်ရန် ကဏ္ဍအသီးသီးက ကြီးကြပ်ဆောင်ရွက် ပေးကြသည့် ပုဂ္ဂိုလ်များ၊ အားကစားပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ကြသော အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒိုင်များ၊ ဂျူရီများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ကစားသမားများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းကို မှတ်တမ်းတင်ပြောကြားလိုကြောင်း။
စင်ကာပူနိုင်ငံတွင် မကြာမီကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲနှင့် (၈) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ယခုအမျိုးသားအားကစားပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည့်အတွက် ရည်ရွယ်ချက်များအတိုင်း ပေါက်မြောက်အောင်မြင်ရန် အရှိန်အဟုန်မပြတ် ဆက်လက်လေ့ကျင့်ပြင်ဆင်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
လေ့ကျင့်သားပြည့်ဝမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု၊ ကာယကြံ့ခိုင်မှု၊ ဥာဏ်ရည်ထက်မြက်မှု၊ စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လရှိမှု၊ စည်းကမ်းလိုက်နာမှု၊ စာရိတ္တကောင်းမွန်မှု စသည့် အားကစားသမား ဂုဏ်ရည်များနှင့် ပြည့်စုံသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ် အကျော်အမော်များအဖြစ် အောင်မြင်မှု များ ဆွတ်ခူးနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း။
ယခုပြိုင်ပွဲမှ ရရှိခဲ့သည့် သွေးစည်းညီညွတ်ရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စု တစ်နံတစ်လျားက တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ယခုထက်ပိုမိုသည့် စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်မှု၊ နွေးထွေးသည့် ချစ်ကြည်ရင်းနှီးမှု၊ ပွင့်လင်းသည့် အမြင်ချင်းဖလှယ်မှုများဖြင့် အားကစားကဏ္ဍမှသည် မြင့်မားသည့် လူမှုအသိုက်အဝန်းဆီသို့ လှမ်းချီရင်း နိုင်ငံတော်၏ဂုဏ်ကို အားကစားနှင့် အစွမ်းကုန်မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေဟုဆန္ဒပြုရင်း စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား အောင်မြင်စွာ ပိတ်သိမ်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အားကစားဝန်ကြီးဌာန အလံချအဖွဲ့က စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော်အလံကို တိုင်ထိပ်မှချ၍ အလံသယ်အဖွဲ့က ကွင်းအတွင်းမှ ပြန်လည်သယ်ဆောင်သည်။
ဆက်လက်၍ တေးသံရှင် ချမ်းချမ်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာ ရှင်များ၊ အားကစားသမားများက ဂီတစာဆိုဟင်္သာတမြင့်ငွေရေးသားသော သွေးချင်းတို့ရေ နှုတ်ဆက်သည်သီချင်းဖြင့် ကပြဖျော်ဖြေသီဆိုခဲ့သည်။
(သတင်းစဉ်)
 

မန္တလေးအသင်း ပင်နယ်တီဖြင့် ချန်ပီယံဖြစ်



အမျိုးသားအားကစားပွဲတော်၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် မန္တလေး နှင့် ကရင်အသင်း တို့သည် ယနေ့ညနေ ၄ နာရီက ဝဏ္ဏ သိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ကစားရာ မန္တလေးအသင်းက ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲ သွားသည်။
မန္တလေး-ငါးဂိုး
ကရင်-လေးဂိုး
အုပ်စုတွင်း တွေ့ဆုံစဉ် တစ်ဂိုးစီ သရေကျခဲ့သည့် မန္တလေးနှင့် ကရင် အသင်းတို့မှာ ယခုပွဲတွင်လည်း မိနစ် ၉ဝ အတွင်း အရှုံးအနိုင်မပေါ်ခဲ့ဘဲ ပင်နယ်တီကျမှ အဖြေပေါ်ခဲ့ခြင်းဖြစ် သည်။
ကရင်အသင်းမှာ အောင်မြင်မှု နှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မန္တလေး အသင်းကသာ ချန်ပီယံဆုရခဲ့ခြင်း ဖြစ်သည်။
ပွဲအစနှစ်မိနစ်မှာပင် စောဟန်ဝင်း တို့က ကရင်အတွက် ဂိုးစတင်သွင်းယူ ခဲ့၍ မန္တလေးအသင်း နောက်မှလိုက် ကစားခဲ့သော်လည်း ပုံစံကောင်းကို ဆက်လက်ပြသနိုင်ခဲ့သည်။ မန္တလေး အသင်းမှာ ဂိုးပေးခဲ့ရသော်လည်း ကစားကွက်မိမိဖြင့် ကစားနိုင်ခဲ့ပြီး ၁၇ မိနစ်တွင် အောင်ဘိုဘိုဆန်းက ချေပဂိုး ပြန်သွင်းခဲ့သည်။ မိနစ် ၉ဝ ပြည့်သည်အထိ ဂိုးမသွင်းနိုင်သော ကြောင့် အချိန်ပိုအစား ပင်နယ်တီ ဖြင့် တိုက်ရိုက်ဆုံးဖြတ်ခဲ့သည်။ ပင်နယ်တီငါးလုံးစီ ကန်ရာတွင် မန္တလေးက လေးဂိုးဝင်ပြီး ကရင်က သုံးဂိုးသာ ဝင်သောကြောင့် မန္တလေး အသင်းက စုစုပေါင်း ငါးဂိုး-လေးဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အမျိုးသားဘောလုံးပြိုင်ပွဲအပြီးတွင် မန္တလေးအသင်းက ပထမ၊ ကရင်က ဒုတိယ၊ ပဲခူးအသင်းက တတိယ ရရှိခဲ့သည်။
သတင်းနှင့်
ဓာတ်ပုံ
ရှိုင်းထက်ဇော်

တူညီသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ပြည်သူများ ပူးပေါင်းပါဝင်အကောင်အထည်ဖော်ရန် လိုအပ်



နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်စည်ပင်သာယာခန်းမတွင် ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖြူးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်၍ နယ်မြေ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့််ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများမှ တာဝန်ရှိ သူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယကက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နေကြရသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် မိမိတို့၏တာဝန်၊ လုပ်ပိုင်ခွင့် များကို သေသေချာချာ နားလည်သဘောပေါက်ပြီး ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပို၍ပို၍ စည်ပင်သာယာလာအောင် မှန်မှန်ကန်ကန် စနစ် တကျ အသုံးချရမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်ကာလ သည် ယခင်ကထက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် သည့် အခွင့်အလမ်းများရှိပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ပြည်သူများကရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ မိမိရပ်ကွက်၊ ကျေးရွာကို မှန်ကန်မျှတစွာ စီမံအုပ်ချုပ်ရန် လိုအပ်ပါ ကြောင်း။
မြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် မိမိဇာတိ၊ မိမိမွေးရပ်မြေကဲ့သို့ သဘောထားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ဆောင် ရွက်ကြရန်လိုအပ်ပါကြောင်း၊ မြို့နယ်အတွင်းတွင် ဖွဲ့စည်း ထားသည့် မြို့နယ်အထောက်အကူပြုကော်မတီ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများလည်းရှိပါကြောင်း၊ မိမိမြို့နယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အောက်ခြေကိုအခြေခံပြီး ဖွဲ့စည်း ထားသည့် ကော်မတီများကလည်း ဆောင်ရွက်နေကြပါ ကြောင်း၊ နိုင်ငံသားများသည် နိုင်ငံတော်ကိုသစ္စာစောင့်သိ ရမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေးတွင် လည်း ပါဝင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတို့ကို၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထား ပါကြောင်း၊ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံ သားများထံမှ ဆင်းသက်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသား တိုင်းသည် မိမိနိုင်ငံ ကာကွယ်ရေးအတွက် တာဝန်ရှိပါ ကြောင်း၊ ထို့အတူ နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် ဝန်ထမ်းများသည်လည်း မိမိတာဝန်ကို တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တာဝန်ယူဆောင်ရွက်ရာတွင်လည်း စိတ်ကောင်း စေတနာထား၍ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ မိမိရပ်ကွက်၊ ကျေးရွာအတွင်းတွင်ရှိသည့် ပြည်သူများ၏ လိုလားချက်များကို အဆင့်ဆင့်တင်ပြ ကူညီဖြေရှင်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူများ၏ လိုအပ်ချက်၊ ဆန္ဒသဘော ထား၊ အခွင့်အရေးကိုရယူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုအခါ အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ရေးဆိုသည့် တူညီသည့်ရည်မှန်းချက်များ ထားရှိ ဆောင်ရွက်နေချိန်ဖြစ်ပါကြောင်း၊ မိမိတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများပြဋ္ဌာန်းပြီး ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်ကို တည်ဆောက်နေပါကြောင်း၊ တူညီ သည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် နိုင်ငံ တော်အစိုးရနှင့် လွှတ်တော်တို့တွင် တာဝန်ရှိသည်မဟုတ်ဘဲ ပြည်သူများ ပူးပေါင်းပါဝင် အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း။
ပြည်သူများ၏လိုအပ်ချက်များကို လွှတ်တော်များတွင် တင်ပြတောင်းဆိုနိုင်ပါကြောင်း၊ မိမိမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွက် ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် တူညီသည့်ရည်မှန်းချက်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်မည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာ ပါကြောင်း၊ ဖြူးမြို့နယ်သည် ရေခံမြေခံကောင်းသော မြို့နယ်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ တက်ကြွစွာပါဝင် ဆောင်ရွက်ကြပါကြောင်း၊ လူမှုရေးဘက်တွင်လည်း နိုးကြားမှုရှိပါကြောင်း၊ စီးပွားရေးဘက်တွင်လည်း သဟဇာတဖြစ်ပါကြောင်း၊ လူဦးရေ နှစ်သိန်းငါးသောင်း ကျော်ရှိသည့် မြို့ဖြစ်ပြီး မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတကောင်းမွန်သည့် နေရာဒေသတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဒေသကို မှန်မှန်ကန်ကန် ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြည်သူ့ဆန္ဒကို အလေးထား၍ စေတနာ၊ မေတ္တာ၊ သစ္စာတရားတို့ဖြင့် မိမိဒေသကို ဥပဒေ နှင့်အညီ အုပ်ချုပ်ရန်နှင့် စေတနာမှန် လုပ်နည်းလုပ်ဟန် မှန် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုလွှတ်တော်နာယကက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ပြည်ထောင်စုလွှတ်တော်နာယကသည် ဖြူးမြို့ မြို့မအနောက်ရပ်ကွက်ရှိ ဖြူးမြို့နယ်ခန်းမတည်ဆောက် ရေးစီမံကိန်းရှင်းလင်းဆောင်သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။
ယင်းနောက် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့သို့ ရောက်ရှိကာ အောင်တော်မူပိဋကတ်တိုက် တည်ဆောက် မည့် မြေနေရာနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ကြည့်ရှုပြီး ငါးထပ်ကြီးဘုရားအား ဝင်ရောက်ဖူးမြော် ကြည်ညိုသည်။
(သတင်းစဉ်)


အိန္ဒိယရထားလုပ်ငန်း ခေတ်မီတိုးတက်ရေး အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံသုံးစွဲမည်



နယူးဒေလီ ဖေဖော်ဝါရီ ၂၈
အိန္ဒိယနိုင်ငံသည် ရထားလုပ်ငန်း ခေတ်မီတိုးတက်ရေး အစီအစဉ် အတွက် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း ရထား လုပ်ငန်းဝန်ကြီး ဆူရပ်ဘရာဘူက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြား သည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ရထားလမ်း ကွန်ရက် ခေတ်မီတိုးတက်ရန်လိုအပ် ကြောင်း၊ လာမည့်ငါးနှစ်တာ ကာလ အတွင်း ရထားလမ်းကွန်ရက် ခေတ်မီတိုးတက်စေရေးအတွက် ရူပီး ၈ ဒသမ ၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၃၇ ဘီလီယံ) သုံးစွဲရန် လျာထားကြောင်း ရထားလုပ်ငန်း ဝန်ကြီးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၏ ရထားခရီးစဉ်များ ဘေးအန္တရာယ်လုံခြုံမှုကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် မည်ဟု ၄င်းက ကတိပြုသည်။
ရထားလမ်းများကို တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်ပြီး အဓိကကျသော ရထားလမ်းများကို အသုံးပြုသည့် ခရီးစဉ်များအတွက် ခုတ်မောင်းသည့် အမြန်နှုန်းကို မြှင့်တင်သွားနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ဘူတာရုံ များတွင် ရထားစီးခရီးသည်များ ဝိုင်ဖိုင် အင်တာနက်ဆက်ကြောင်း အသုံးပြုနိုင်စေရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၄င်းက ပြောကြား သည်။
ရထားခရီးစဉ်များ တိုးတက် ကောင်းမွန်စေမည်ဖြစ်သော်လည်း ရထားခကို တိုးမြှင့်ကောက်ခံမည် မဟုတ်ကြောင်း ¤င်းက ပြောကြား သည်။
ပီတီအိုင်။

အာဖဂန်နစ္စတန် ဒေသအများအပြား၌ ရာသီဥတုဆိုးရွားမှုကြောင့် လူ ၂ဝဝ ကျော် သေဆုံး



ကဘူး ဖေဖော်ဝါရီ ၂၈
အာဖဂန်နိုင်ငံနယ်မြေ အများအပြားတွင် ဆီးနှင်းခဲ ပြိုကျမှုများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးရသူဦးရေ ၂ဝဝ ကျော်ရှိကြောင်း၊ ပြင်းထန်သော ဆောင်းဥတုဆက်လက်ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အခက်အခဲများရှိခြင်းကြောင့် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးလုပ်သားများနှင့် ကုလသမဂ္ဂတာဝန်ရှိ သူများက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားကြ သည်။
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းဒေသများ၌ ရက်ပေါင်းအတန်ကြာမျှ ရာသီဥတုဆိုးရွားလျက်ရှိကြောင်း၊ နိုင်ငံ၏ ပြည်နယ် ၃၄ ခု အနက် ၁၈ ခုထက်မနည်းတွင် ရာသီဥတုဆိုးရွားမှုကြောင့် လူပေါင်း ၂၂၉ ဦး သေဆုံးခဲ့ရသည်ဟု သတင်းပေးပို့မှု ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ရေးရာ ညှိနှိုင်းရေးရုံးက ပြောကြားသည်။
ဆီးနှင်းခဲများ ပြိုကျမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ လူ ရာပေါင်းများစွာ ရှိသည်။ ယခုရက်သတ္တပတ်အစောပိုင်းက ဆီးနှင်းမုန်တိုင်း တိုက်ခတ်မှုများဖြစ်ပွားခဲ့မှုကြောင့် လမ်းများပေါ်တွင် ဆီးနှင်းထုဖွဲ့စည်းဖြစ်ပေါ်နေပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရ သည်။
ပီတီအိုင်။

ဆိုမာလီပင်လယ်ဓားပြများက ဖမ်းဆီးခံ ထိုင်းလူမျိုးရေလုပ်သားများအား လွှတ်ပေး



နိုင်ရိုဘီ ဖေဖော်ဝါရီ ၂၈
ဆိုမာလီ ပင်လယ်ဓားပြများ လက်ဝယ်၌ ငါးနှစ်နီးပါးမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် ထိုင်းလူမျိုး ရေလုပ်သားများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည်လွှတ်ပေးလိုက် ကြောင်း ဆိုမာလီယာ အာဏာပိုင်များ က ပြောကြားသည်ဟု ဘီဘီစီသတင်း တွင် ဖော်ပြသည်။
ထိုင်းနိုင်ငံသား လေးဦးအား ဝေးလံသီခေါင်သောဒေသတစ်နေရာမှ မိမိတို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ဆိုမာလီနိုင်ငံ အလယ်ပိုင်း ဂယ်လူ မက်ဒက် ပြည်နယ်အုပ်ချုပ်ရေးမှူး အိုမာဘာကစ်အလီက ပြောကြား သည်။
၂ဝ၁ဝ ပြည့်နှစ် ဧပြီလအတွင်းက တရုတ်(တိုင်ပေ) အလံလွှင့်ထူထား သည့် ငါးဖမ်းယာဉ်ကို ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲရာ၌ ရေယာဉ်ဝန်ထမ်း ၂၄ ဦးအနက် ထိုင်းလူမျိုး ရေလုပ်သားလေးဦးလည်း ပါဝင်သည်။ ၄င်းတို့သည် ပင်လယ် ဓားပြများလက်ဝယ်၌ ငါးနှစ်နီးပါးမျှ ကြာမြင့်စွာ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ကြရသူများဖြစ်သည်။
ဆိုမာလီ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသည့် ထိုင်းလူမျိုး ရေလုပ်သားများသည် ၄င်းတို့၏ မိသားစုများနှင့် ဆွေမျိုး သားချင်းများထံ တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီး ထပ်တလဲလဲ ငိုကြွေးနေခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။
ဘီဘီစီ။