Sunday, March 1, 2015

ဆိုမာလီပင်လယ်ဓားပြများက ဖမ်းဆီးခံ ထိုင်းလူမျိုးရေလုပ်သားများအား လွှတ်ပေး



နိုင်ရိုဘီ ဖေဖော်ဝါရီ ၂၈
ဆိုမာလီ ပင်လယ်ဓားပြများ လက်ဝယ်၌ ငါးနှစ်နီးပါးမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် ထိုင်းလူမျိုး ရေလုပ်သားများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည်လွှတ်ပေးလိုက် ကြောင်း ဆိုမာလီယာ အာဏာပိုင်များ က ပြောကြားသည်ဟု ဘီဘီစီသတင်း တွင် ဖော်ပြသည်။
ထိုင်းနိုင်ငံသား လေးဦးအား ဝေးလံသီခေါင်သောဒေသတစ်နေရာမှ မိမိတို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ဆိုမာလီနိုင်ငံ အလယ်ပိုင်း ဂယ်လူ မက်ဒက် ပြည်နယ်အုပ်ချုပ်ရေးမှူး အိုမာဘာကစ်အလီက ပြောကြား သည်။
၂ဝ၁ဝ ပြည့်နှစ် ဧပြီလအတွင်းက တရုတ်(တိုင်ပေ) အလံလွှင့်ထူထား သည့် ငါးဖမ်းယာဉ်ကို ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲရာ၌ ရေယာဉ်ဝန်ထမ်း ၂၄ ဦးအနက် ထိုင်းလူမျိုး ရေလုပ်သားလေးဦးလည်း ပါဝင်သည်။ ၄င်းတို့သည် ပင်လယ် ဓားပြများလက်ဝယ်၌ ငါးနှစ်နီးပါးမျှ ကြာမြင့်စွာ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ကြရသူများဖြစ်သည်။
ဆိုမာလီ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသည့် ထိုင်းလူမျိုး ရေလုပ်သားများသည် ၄င်းတို့၏ မိသားစုများနှင့် ဆွေမျိုး သားချင်းများထံ တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီး ထပ်တလဲလဲ ငိုကြွေးနေခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။
ဘီဘီစီ။

1.3.2015(ကြေးမုံ ကာတွန်း)

အတွေးမှန်မှ ဘဝဟန်မည်




အတိတ်မှအတွေးသည် ပစ္စုပ္ပန်၏ လုပ်ငန်းရပ်ကို ဖြစ်ထွန်းစေပြီး အနာဂတ်အတွက်မူကား အကျိုးတရားကို ဆိုက်ရောက်စေသည်။ ယင်းသို့ ဆိုက်ရောက်စေရာတွင် မိမိတွေးခေါ်သောအတွေး မှန်ကန်ရေးအတွက် မှန်ကန်သောအသိအမြင်ကိုသာ ရှာဖွေအပ်သည်။ ထိုသို့ရှာဖွေနိုင်မှသာ ဘဝဟန်မည်ဖြစ်ပြီး မိမိအတွေးတော်ကာ ဘဝတွင်နေပျော်မည်ဖြစ်ပါ သည်။
ထို့ကြောင့် ဘဝအစုံစုံ၊ လုပ်ငန်းအဖုံဖုံ၊ ကြိုးစားမှုအထွေထွေ၊ လေ့လာမှု အများအပြားတို့ဖြင့် အောင်မြင်ကျော်ကြားလာကြသော အများအသိ အမှတ်ပြုထားသည့် ထင်ရှားကျော်ကြားသူများ၏ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေး၊ အချစ်ရေးမှအစ ကောင်းမြတ်သော အတွေးများကို လေ့လာ ဆန်းစစ်ပြီး အတုယူသင့်သည်များကိုယူ၊ မှတ်သားသင့်သည်များကို မှတ်သား လိုက်နာကြရင်းဖြင့် မိမိတို့ဘဝကို ပိုမိုကောင်းအောင် တည်ဆောက်ကြရ မည်ဖြစ်သည်။
ဆန့်ကျင်ဘက်အကျိုးဆက်အားဖြင့် မိမိတို့၏အတွေးအမြင် နုနယ်ချိန်၌ လွဲမှားသောအတွေးများကို မယူမိဖို့လိုသည်။ အတွေးမှားလျှင် အလုပ်မှားကာ အမှားသံသရာတွင် ချာချာလည်ပြီး မိမိဘဝ၊ မိမိ မိသားစုတစ်ခုလုံးအတွက်ပါ နစ်နာဆုံးရှုံးစေနိုင်ပါသည်။ အတွေးမှား အလုပ်မှားသဖြင့် သံသရာတစ်ခုလုံး မှောက်မှားကြရသူများလည်းမနည်းရှိမည်။
အတွေးမှန်၊ အလုပ်မှန်စေရန်အတွက် အတွေးကောင်း၊ အလုပ်ကောင်း တို့ကို နည်းနာယူသင့်ကြသည်။ အတုယူစံထားထိုက်သူသည် ၄င်းဖြတ်သန်းခဲ့ရာ ဘဝတစ်လျှောက်လုံး အမှားကိုပယ်ကာ အတွေးကောင်း၊ အလုပ်ကောင်းတို့ကို မျိုးစေ့ချလာနိုင်ခဲ့၍ စံပြုထိုက်သူဖြစ်လာရသည်။ ထိုသူမျိုးကို နေ့ချင်းညချင်း ကြီးပြင်းအောင်လုပ်ယူ၍မရ၊ သူ၏ဘဝကို သူ၏အတွေ့အကြုံနှင့် သူကိုယ်တိုင် အကောင်းဆုံးအချိန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
စံပြုထိုက်သူတို့ကို စံနမူနာထားကာ အတွေးကောင်း၊ အလုပ်ကောင်းတို့ကို တည်ဆောက်ကြသင့်သည်။ အတွေးကောင်း၊ အလုပ်ကောင်း လုပ်ဆောင်နိုင်မှ တင့်တယ်သောဘဝ၊ တင့်တယ်သောဝန်းကျင်ကောင်းကို တည်ဆောက်နိုင် မည်ဖြစ်သည်။ မင်း(အစိုးရ)မရှိသည့် တိုင်းပြည်၊ ရေကြည်မရှိသည့် မြစ်၊ သစ်ပင်မရှိသည့် တောခြောက်၊ အတောက်မရှိသည့် မီး၊ စည်းမရှိသည့် ရွာ၊ ကြာမရှိသည့် ကန်၊ အောင်လံမတင်သည့် ရထား၊ လင်သားမရှိသည့် မိန်းမ ဤရှစ်မျိုးသည် မတင့်တယ်သောအရာများဖြစ်သည်ဟု ပညာရှိများက ဆိုထား သကဲ့သို့ မိမိတို့ဘဝ၊ မိမိတို့ဝန်းကျင်ကိုလည်း တင့်တယ်အောင် အားထုတ် ဆောင်ရွက်သင့်၏။
တင့်တယ်သော အတွေးကောင်း၊ အလုပ်ကောင်းများရရန် အသိပညာ၊ အတတ်ပညာများကို ငယ်စဉ်ကတည်းက ဆည်းပူးရ၏။ လေ့လာရ၏။ အားထုတ်ရ၏။ မိမိတို့ငယ်စဉ်က လေ့လာဆည်းပူးခဲ့ရသော ကျောင်းပညာ များမှာ မျိုးစေ့ငယ်မျှသာဖြစ်၏။ ထိုမျိုးစေ့ငယ်လေးများ ပေါက်ဖွားရှင်သန် ကြီးမားရင့်သန်လာအောင် ဘဝတက္ကသိုလ်တွင် ကောင်းသောအတွေး၊ ကောင်းသောအမြင်များရအောင် ဆက်လက်လေ့လာဆည်းပူး အားထုတ် အပ်၏။ ဘဝတက္ကသိုလ်ပညာသည် သင်ယူ၍မကုန်နိုင်သော ကျောင်းတော် ကြီးဖြစ်၏။
လူ့ဘောင်လောကလူတို့၌ မိမိထက်သာသော ကောင်းကွက်တစ်ခုစီ ရှိချိမ့်မည်ဖြစ်၏။ အတွေ့အကြုံများပြားရင့်ကျက်သူများ၊ ပညာရှိများ၊ အရိယာသူတော်ကောင်းများ၌မူ ဆိုဖွယ်ရာမရှိချေ။ ထို့ကြောင့် မိမိတို့၏ ဘဝခရီး၌ မိမိတို့ထက်ကောင်းသည့်အချက်များ လူတို့တွင်ရှိသည်ဟု မှတ်ယူလိုက်လျှင်ပင် ကောင်းသော မနသိကာရကိုဖြစ်စေ၏။ မိမိတို့၏ ရှည်လျားသောဘဝခရီးအတွက်မူ ကောင်းသောအတွေး၊ ကောင်းသော အမြင်များကို ကောင်းသောသူများထံမှ ရယူသင့်ပေ၏။
မိမိတို့တွင်အတွေးမှား၊ အမြင်မှားများရှိသည်ဟု ကောင်းသောသူတို့က ဝေဖန်ထောက်ပြလျှင်လည်း လက်ခံရမည်သာဖြစ်၏။ မိမိအတွေးသာ မှန်သည်ဟုထင်လျှင် တရားအလိုရ သက္ကာရဒိဋ္ဌိ(အတ္တများသူ)ဟု ထင်မြင်မိ ပါ၏။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ကောင်းသောဘဝခရီးအတွက် ကောင်းသောသူတို့ထံမှ ကောင်းသောအမြင်၊ ကောင်းသောအတွေးများကို ရယူကြဖို့လိုသည်ဟု ရှုမြင်သုံးသပ်မိပါသည်။ ။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ



ရန်ကုန် ဖေဖော်ဝါရီ ၂၈
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
ကြိုဆိုနှုတ်ဆက်
ဒုတိယသမ္မတနှင့် ဇနီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးH.E.Mr. Pisanu Suvanajata နှင့် ဇနီး၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ပြန်လည်လိုက်ပါ
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာဝင်းမြင့်၊ ဦးထင်အောင်၊ ဒေါက်တာစိုင်းကျော်အုန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိုင်းနိုင်ငံရှိ မြဘုရားနှင့် GRAND PALACE တို့သို့ သွားရောက်ကြည့်ရှုလေ့လာ



ဗန်ကောက် ဖေဖော်ဝါရီ ၂၈
တရားဝင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့ဒေသ စံတော်ချိန် နံနက် ၁၁ နာရီက မြဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညို ကာ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ယခင်ထိုင်းဘုရင်များ စံမြန်း ခဲ့ကြသည့်Grand Palace သို့ ရောက်ရှိပြီး ယဉ်ကျေးမှုအနုပညာ လက်ရာများ၊ အဆောက်အအုံများနှင့် ထီးသုံးနန်းသုံးပစ္စည်းများ လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြ သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ သည် အဖွဲ့ဝင်များနှင့်အတူ BHUMIRA JANAGARINDRA KIDNEY INSTITUTE ဆးရုံသို့ ရောက်ရှိပြီး ဆေးရုံ၏ အခန်းများ ဖွဲ့စည်းထားရှိမှု၊ ခေတ်မီဆေးရုံသုံး စက်ပစ္စည်းကိရိယာများ တပ်ဆင်ထား ရှိမှုနှင့် ဝေဒနာရှင်များအား ဆေးဝါး ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက် သည်။
ယင်းနောက် ဆေးရုံအစည်းအဝေး ခန်းမ၌BHUMIRAJANAGAR- INDRA KIDNEY INSTITUTE HOSPITALမှ ညွှန်ကြားရေးမှူး Prof. Teerachai Chantaro- janasiri, MD နှင့် တာဝန်ရှိသူများ က ဆေးရုံဆိုင်ရာ အချက်အလက်များ၊ ဝေဒနာရှင်များအား ဆေးဝါးကုသ ပေးနေမှု၊ ဆေးရုံ၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက် ရှိကြပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်ချစ်ဆွေ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ သံရုံး မိသားစုများနှင့် ထိုင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
(သတင်းစဉ်)

မျိုးဆက်သစ်လူငယ်များအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်များဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းလျက်ရှိ နိုင်ငံတော်သမ္မတကြီး ပြောကြားသည့် ရေဒီယိုမိန့်ခွန်း (၂ဝ၁၅ ခုနှစ် မတ်လ)




မိဘပြည်သူများခင်ဗျား-
ကျွန်တော့်အနေနဲ့ ဒီလမိန့်ခွန်းမှာ ယခုနှစ် ပြည်ထောင်စုနေ့မှာရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်နဲ့ စပ်လျဉ်းပြီး အစပြုပြောကြားလိုပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးအရယူဖို့ အပြီးသတ် ကြိုးပမ်းနေတဲ့ကာလများမှာ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များဟာ ကမ္ဘာ့အလယ်မှာ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနဲ့ တန်းတူရည်တူရှိတဲ့ ပြည်ထောင်စုကြီးတစ်ရပ် ပေါ်ထွက်လာဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ရပ်ကို ပင်လုံမြို့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နေ့ကို အစွဲပြုပြီး ပြည်ထောင်စုနေ့အဖြစ် နှစ်စဉ် ပုံစံ အမျိုးမျိုးနဲ့ ကျင်းပလာခဲ့ကြပါတယ်။
ယခုနှစ် (၆၈)ကြိမ်မြောက် ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားဟာ ယခင်နှစ်များထက်ပိုမိုပြီး ထူးခြားမှု၊ အနှစ်သာရပြည့်ဝမှုနဲ့ အဓိပ္ပာယ်ရှိမှုများစွာ ပြည့်နှက်နေ တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အကြောင်းအရင်းကတော့ ယခုနှစ် ပြည်ထောင်စုနေ့မှာ နိုင်ငံတော်အစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တချို့သော ခေါင်းဆောင်များဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို လက်မှတ် ရေးထိုး
နိုင်ခဲ့ကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များရဲ့ နက်နဲသိမ်မွေ့မှုကြောင့် အချိန်ယူဖြတ်ကျော်နေရတဲ့ အခိုက်အတန့်မှာ ပြည်သူအများစုရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် စိုးရိမ်စိတ်တွေ လျော့ပါးစေရေးနဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်များ လျော့ပါးမသွားစေဖို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ခေါင်းဆောင်များအနေနဲ့ ခိုင်မာတဲ့ ကတိကဝတ်ပေးဖို့လိုအပ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်အချို့က ကျွန်တော့်ကို အကြံပြုခဲ့ကြပါ တယ်။ ကျွန်တော့်အနေနဲ့ တိုင်းရင်းသားခေါင်းဆောင် များရဲ့ အကြံဥာဏ်ကို အလေးအနက် လက်ခံစဉ်းစားပြီး အခုလို ကတိပြုချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီကတိပြုချက် ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အရေးကြီးအဆင့်များဖြစ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို အပြီးသတ် ညှိနှိုင်းနိုင်ရေး၊ နိုင်ငံ ရေးဆွေးနွေးပွဲမူဘောင်များ ရေးဆွဲနိုင်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကို ၂ဝ၁၅ ခုနှစ်အတွင်းမှာ အမြန်ဆုံး စတင်နိုင်ရေး စတဲ့ လုပ်ငန်းစဉ်များကို ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ခေါင်းဆောင်များအားလုံးက တာဝန် ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး ဆောင်ရွက်သွားမယ်ဆိုတာကို ပြည်သူများထံ အလေး အနက်ကတိပြုတဲ့အနေနဲ့ လက်မှတ်ရေးထိုးခြင်းဖြစ်ပါ တယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အားလုံးပြည့်စုံလုံလောက်တဲ့အဆင့်မှာ မရှိသေးဘူးဆို တာကို ကျွန်တော်တို့အားလုံး လက်ခံထားကြရမှာဖြစ် ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ကျော်လွှားနိုင်ဖို့အတွက် ပေါ်ပေါက်လာတဲ့ အခွင့်အလမ်း များ၊ ရေရာသေချာမှုများကို ခိုင်မာစေဖို့ဆိုတဲ့ စေတနာနဲ့ ကျွန်တော်ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ရှင်သန်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေးဆိုတဲ့ စိတ်ရင်းစေတနာမှန်ကို ထပ်လောင်း အတည်ပြုလိုတဲ့အတွက် ရေးထိုးရခြင်းလည်း ဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်း နဲ့သာ ဖြေရှင်းရေးဆိုတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်အပေါ် ကျွန်တော်တို့အစိုးရရဲ့ အလေးအနက်ထား မှုကို သက်သေထူခြင်းလည်းဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တို့ရဲ့ အစည်းအဝေးများကိုလည်း မတ်လအလယ် လောက်မှာ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက် လျက်လည်း ရှိပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ တိုင်းရင်းသားများရဲ့ အမျိုးသားနေ့အထိမ်းအမှတ်များ၊ အခမ်းအနားများ ရှိပါတယ်။ တိုင်းရင်းသားရိုးရာဓလေ့များနဲ့ ကြန်အင် လက္ခဏာတွေ ပြန်လည်ဖော်ကျူးနိုင်ဖို့၊ တိုင်းရင်းသား များရဲ့ အမျိုးသားနေ့များကို ဂုဏ်သိက္ခာရှိစွာ ပြန်လည် ကျင်းပနိုင်ခြင်းဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များကနေ ပေါ်ထွက်လာတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ အဖြစ် ရှုမြင်ရမှာလည်းဖြစ်ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းလင်း ပြောကြားလိုပါတယ်။ အချုပ်အခြာအာဏာ၊ ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်ထောင်စုရဲ့ သွေးစည်းညီညွတ်မှုဆိုတဲ့ ကိစ္စများကို လက်နက်ကိုင် အကြမ်းဖက်တဲ့နည်းလမ်းနဲ့ ထိပ်တိုက်ရင်ဆိုင်လာမှုကို တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အစည်းများအနေနဲ့ အလျင် အမြန် တုံ့ပြန်ကာကွယ်မှုများ ပြုလုပ်ခဲ့ရပါတယ်။
တိုက်ပွဲများဖြစ်ပွားရာဒေသများက ပြည်သူလူထု တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ အလွန်အရေးကြီးတာဖြစ်တဲ့အတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒေသခံပြည်သူလူထုများကို တတ်အားသရွေ့ ဝိုင်းဝန်းကူညီပေးကြတဲ့ တာဝန်သိ ပြည်သူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ နိုင်ငံသား ကောင်းပီသမှုကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက် အသိအမှတ်ပြုကြောင်းပြောကြားလိုပါတယ်။ ကိုးကန့် ဒေသမှာ အသက်စွန့်တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် တစ်ဦးချင်းအပေါ်မှာ ပြည်သူများရဲ့မေတ္တာထားရှိမှု၊ အားပေးထောက်ခံမှု၊ ပံ့ပိုးကူညီမှုများကို တွေ့ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အားတက်ဝမ်းမြောက်မိကြောင်းလည်း ပြောကြားလိုပါတယ်။ အသက်ခန္ဓာ စွန့်လွှတ်အနစ်နာခံပြီး တိုင်းပြည်ကာကွယ်သွားကြတဲ့၊ သက်စွန့်ဆံဖျားတိုင်းပြည် တာဝန်များကို ထမ်းဆောင်လျက်ရှိကြတဲ့ တပ်မတော်သားများ အားလုံးအတွက်လည်း နိုင်ငံတော်သမ္မတအနေနဲ့ လေးစား ဂုဏ်ယူကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ တစ်ချိန်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူများ ကို မွန်မြတ်တဲ့ စိတ်စေတနာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ကို စွန့်စွန့်စားစားလုပ်ဆောင်ခဲ့ကြတဲ့ ကြက်ခြေနီအဖွဲ့များ ကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါတယ်။
ကိုးကန့်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံတော်အစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့အကြားမှာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး အတွက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘော တူညီထားပြီးဖြစ်ပါတယ်။ ကာလရှည်ကြာရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ တန်းတူရည်တူ အပြန်အလှန်လေးစားသမှု ရှိရေးနဲ့ တစ်နိုင်ငံရဲ့နယ်မြေကိုအသုံးချပြီး အခြား တစ်နိုင်ငံရဲ့အကျိုးစီးပွားကို ထိပါးစေမယ့် အဖျက်အမှောင့် လုပ်ငန်းတွေကို နှစ်နိုင်ငံလုံးက ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ နားလည်မှုမျိုးလည်း နှစ်နိုင်ငံကြားမှာ ရှိထားပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းဖို့ ပြည်သူများနဲ့တစ်သားတည်းရှိတယ် ဆိုတာကိုလည်း အလေးအနက်ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကိုးကန့်ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လည်း အစီအမံများ စီစဉ်ထားရှိပြီးဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရတာဝန်ယူပြီးနောက်မှာ ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ ကဏ္ဍစုံပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များအနက် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု၊ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်းပဲ နှစ်ပေါင်းများစွာ ယိုယွင်း ခဲ့တဲ့ ကိစ္စရပ်တစ်ခုကို ပြင်ဆင်ဖို့ကြိုးပမ်းတဲ့အခါ လိုအပ် ချက်တွေ၊ စိန်ခေါ်မှုတွေရှိတာဟာလည်း သဘာဝကျတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေမှာလည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာကျောင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ တိုင်ပင်ပြီး ပြည်သူများရဲ့ လိုအပ်ချက်များနဲ့အညီ ပြင်ဆင် နိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပြီး အခုဆိုရင် လွှတ်တော်မှာ အသေးစိတ်ဆွေးနွေးလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အထူးပြုပြီးပြောချင်တာကတော့ ဒီလိုပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းတဲ့အခါမှာလည်း မြန်မာ နိုင်ငံရဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုခိုင်မာရေးနဲ့ ပွင့်လင်းလွတ်လပ်ပြီး ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေး အတွက် မောင်းနှင်အားဖြစ်လာမယ့် ပညာရေးစနစ်တစ်ခု အောင်မြင်စွာ ပေါ်ပေါက်လာဖို့အတွက် ရေတိုရေရှည် အစီအမံများ၊ လွှမ်းခြုံစဉ်းစားမှုများနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြဖို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အသီးသီးကို တိုက်တွန်းပြောကြားလိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးများအနက် အခြေခံအကျဆုံးကိစ္စရပ်တစ်ခုဖြစ်တဲ့ အနိမ့်ဆုံးလုပ်ခ လစာ သတ်မှတ်နိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ လုပ်ငန်းရှင်များရဲ့ ကိုယ်စားလှယ်များ ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုကြိုးပမ်းကြတဲ့အခါမှာ အလုပ်ရှင်၊ အလုပ်သမား ဘက်ပေါင်းစုံအတွက် မျှတတဲ့နှုန်းထားများ ပေါ်ပေါက်လာ ရေးကို ဒေသချင်းမတူညီမှု၊ အလုပ်ရုံစက်ရုံချင်းမတူညီမှု အပေါ်မှာ စနစ်တကျ လေ့လာခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို လုပ်ငန်းစဉ် အဆင့်ဆင့်အနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက် လျက်လည်း ရှိပါတယ်။
အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ် နိုင်ရေးဟာ ဆောလျင်စွာလုပ်ဆောင်ရမယ့် ကိစ္စဖြစ်သော် ငြားလည်း မျှတတဲ့နှုန်းထားတစ်ခု ပေါ်ပေါက်ဖို့အတွက် လုံလောက်တဲ့ပြင်ဆင်မှုများ၊ လေ့လာမှုများ၊ ဆွေးနွေး ညှိနှိုင်းမှုများကို အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီး ထားပြီး သည်းခံစိတ်ရှည်မှုနဲ့ ဆွေးနွေးကြဖို့တိုက်တွန်း ပြောကြားလိုပါတယ်။ အဓိကအကျဆုံးကတော့ မလိုလား အပ်တဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းနဲ့ အင်အားသုံး ဖြေရှင်းရခြင်းဆိုတဲ့ နည်းလမ်းများကို ရှောင်လွှဲနိုင်ရေးပဲဖြစ် ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ အလုပ် သမားရေးရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာမှာ ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းများကို ရှောင်ရှားပြီး အစိုးရ၊ အလုပ်သမားအဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ် များနဲ့ လုပ်ငန်းရှင်ကိုယ်စားလှယ်များ အကျေအလည် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် လိုအပ်ချက်တွေကို အောင်မြင် အောင် ညှိနှိုင်းနိုင်ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။ ဒါကြောင့် အလုပ်ရှင်၊ အလုပ်သမားများအကြား လိုအပ်ချက် တွေ ဖြေရှင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ ဖြေရှင်းဆောင် ရွက်သွားကြရမှာဖြစ်ပါတယ်။
လက်ရှိပေါ်ပေါက်နေတဲ့ အလုပ်သမားဆိုင်ရာ အငြင်းပွားမှု များမှာလည်း အစိုးရအနေနဲ့ အလုပ်ရှင်နဲ့အလုပ်သမား နှစ်ဦး နှစ်ဖက်တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ ဖြေရှင်း ဆွေးနွေးကြဖို့ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဝှိုက်ကတ်လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်များနဲ့ ပတ်သက်ပြီး ပြည်သူများအနေနဲ့ မေးခွန်းများပေါ်ပေါက် နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုပါတယ်။ ဒီဝှိုက်ကတ်ကိုင်ဆောင်ထားသူတွေရဲ့ နိုင်ငံသားဖြစ်မှု ရေရာသေချာစွာ စိစစ်နိုင်ဖို့ မကြာခဏဆိုသလို အခက် အခဲတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် လူတစ်ဦး နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်နေဆဲကာလမှာ အသိအမှတ်ပြုအထောက် အထားတစ်ခုအနေနဲ့သာ ယာယီထုတ်ပေးထားခြင်းဖြစ်ပါ တယ်။ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ကိစ္စများကိုလည်း ဥပဒေနဲ့အညီ လိုအပ်သလို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ယာယီသက်သေခံလက်မှတ်များရဲ့ သက်တမ်းဟာ လာမယ့် မတ်လအကုန်မှာ ကုန်ဆုံးမှာဖြစ်တယ်လို့လည်း တရားဝင် ကြေညာထားပြီးဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ဆဲ ကာလအတွင်းမှာလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေး မဆုံးရှုံးဖို့ အစိုးရ၊ အဖွဲ့အစည်းအသီးသီးက အကူအညီများ ပေးအပ်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရတာဝန်ယူချိန်ကစလို့ မြန်မာ့လူ့ အဖွဲ့အစည်းအတွက် လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်များဟာ ပြည်သူလူထုလိုလားတဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင် မယ်ဆိုတဲ့ အခြေခံစဉ်းစားမှုများနဲ့ စတင်ခဲ့တာဖြစ်ပါ တယ်။
ပထမဦးစွာ ဒီလုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာဖို့ လိုအပ်တဲ့ဖြေလျှော့မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာ အနာဂတ်ကာလများမှာ လက်ရှိမျိုးဆက်တွေရဲ့ တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ကြမယ့် လူငယ် များရဲ့ အခန်းကဏ္ဍကိုလည်း အလေးအနက်ထား စဉ်းစား ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ လူငယ်များရဲ့အခန်းကဏ္ဍနဲ့ တာဝန်ကျေပွန်မှု အစဉ်အလာ ကို အစဉ်အလေးထားပါတယ်။ ဒါ့ကြောင့် လက်ရှိ မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များမှာ လူငယ်များ ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်ရေးကိုလည်း လျစ်လျူရှုခြင်းမပြု ခဲ့ဘဲ အားပေးကူညီခဲ့ပါတယ်။ နိုင်ငံရေးအရ ဖြေလျှော့မှု တွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ယနေ့လူငယ် တွေအနေနဲ့ တစ်ချိန်က အထီးကျန်ဆန်ခဲ့ရတဲ့ တိုင်းပြည် အခြေအနေကြောင့် ကမ္ဘာကြီးနဲ့ မျက်ခြည်ပြတ်ခဲ့ရတဲ့ အခြေအနေကနေ ကမ္ဘာကြီးနဲ့ လွတ်လပ်စွာ ကူးလူးဆက်ဆံ လာနိုင်ခြင်းဆိုတဲ့ အခွင့်အလမ်းများကို ရရှိလာခဲ့ပါတယ်။ လွတ်လပ်စွာ လှုပ်ရှားလုပ်ဆောင်နိုင်ခွင့်နဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အသစ်၊ အသစ်တွေကို သင်ယူလာနိုင်တာနဲ့ အမျှ အတွေးအခေါ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများလည်း တိုးတက်ရရှိလာနေတာကို တွေ့ရပါတယ်။
ဒါဟာ အနာဂတ်ကာလမှာ ခေါင်းဆောင်မှုပေးနိုင်ရန် ပညာတတ်သော၊ အရည်အချင်းပြည့်ဝသော၊ ဂုဏ်သိက္ခာ ရှိသော လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးရာရောက်တဲ့ ပထမခြေလှမ်းလို့ ဆိုရမှာဖြစ်ပါတယ်။ လူငယ်များအနေနဲ့ လည်း ပွင့်လင်းလာတဲ့ အခြေအနေများကို အမိအရ အသုံးချပြီး မိမိတို့အတွက် အတွေ့အကြုံ၊ ဗဟုသုတ၊အတွေး အမြင်များ တိုးတက်ဖို့ ပြင်ဆင်လုပ်ဆောင်ကြရမှာဖြစ်ပါ တယ်။ ဒီလို ပြင်ဆင်မှုတွေရှိမှသာလျှင် ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်ကို လွှဲပြောင်းပေးချိန်မှာ တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက် သွားနိုင်မှာဖြစ်တဲ့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်း ပြင်ဆင်ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။
ဖေဖော်ဝါရီလထဲမှာ ထူးခြားချက်တစ်ခုကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်နဲ့ တိုက်ဆိုင်ခဲ့ခြင်းပဲဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရည်များကို အောက်မေ့တဲ့၊ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ အားကျအတုယူဖွယ်ဖြစ် စေတဲ့ ဖော်ကျူးမှုတိုင်းကိုလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ အားလုံး တစ်ဦးချင်းစီဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်များ၊ ကိုယ်ကျင့် တရားနဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ အာဇာနည်စိတ်ဓာတ် ကို ချီးမွမ်းနေရုံ၊ လေးစားအားကျရုံ၊ ဖော်ကျူးရုံမျှနဲ့ တာဝန်ကျေပြီလို့ မယူဆကြဘဲ လိုက်နာလုပ်ဆောင်ဖို့ လိုကြောင်းကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ဗိုလ်ချုပ်ရဲ့ အဆိုအမိန့်များကို လက်တွေ့ကျင့်သုံးနိုင်ဖို့နဲ့ ဗိုလ်ချုပ် ရည်မှန်းခဲ့တဲ့ ဒီမိုကရေစီအရေး၊ တန်းတူရည်တူရှိရေးနဲ့ ကမ္ဘာ့အလယ်မှာတင့်တယ်တဲ့ ပြည်ထောင်စုကြီးတစ်ရပ် အဖြစ် ရောက်ရှိအောင် နိုင်ငံရေးခေါင်းဆောင်များအား လုံးနဲ့ နိုင်ငံသားတစ်ဦးချင်းစီက ကြိုးပမ်းတည်ဆောက် ခြင်းသည်သာလျှင် တာဝန်ကျေပြီး ကျေးဇူးဆပ်ရာရောက် တယ်လို့ ခံယူထားကြရမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် အနှစ် ၁ဝဝ ကို ရည်မှန်းကြည့်တဲ့အခါ ထိုအချိန်မှာရှိနေကြမယ့် တိုင်းပြည်ရဲ့အနာဂတ် လူငယ် တွေက တမ်းတကြ၊ လေးစားကြ၊ အားကျရတဲ့ခေါင်းဆောင် တွေဖြစ်စေဖို့ ဒီကနေ့ လူငယ်တွေအနေနဲ့ ကြိုးပမ်းကြ ဖို့လည်း တိုက်တွန်းအားပေးလိုပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒီမို ကရေစီအသွင် ကူးပြောင်းရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်တဲ့အခြေခံများကို ကြိုးပမ်းတည်ဆောက်နေတာဖြစ်ပါတယ်။ ဒီဖြစ်စဉ် တစ်ခုချင်းစီရဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်မယ့် အရေးကြီးတဲ့အချိန်ကာလများကိုလည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့်ကာလများမှာ ဒီ လုပ်ငန်းစဉ် သုံးရပ်အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ ဖြစ်စဉ်တစ်ခုရဲ့ တိုးတက်မှုဟာ အခြားဖြစ်စဉ်တစ်ခုရဲ့ ဖြစ်ထွန်းတိုးတက်မှုအတွက် အားဖြည့်ပေးရာရောက်ပြီး ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို ရောက်ရှိ သွားစေဖို့အတွက် နိုင်ငံရေးခေါင်းဆောင်များအားလုံးနဲ့ ပြည်သူလူထုတစ်ဦးချင်းစီက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကို အဆုံးအဖြတ်ပေးမယ့်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအင်အားစုအားလုံး အင်တိုက်အားတိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အထွေထွေရွေးကောက်ပွဲများကို ယခုနှစ် နိုဝင်ဘာလထဲမှာ ကျင်းပတော့မှာလည်းဖြစ်ပါ တယ်။
ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးအရ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုများရှိတာဟာ သဘာဝကျတဲ့ကိစ္စဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် အင်တိုက်အားတိုက် ယှဉ်ပြိုင်ကြတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ သဘောထားကြီးမှုများနဲ့ မိမိတို့ရဲ့ရည်မှန်းချက်ကို ရရှိဖို့ ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ အောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ လွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့


နေပြည်တော် မတ် ၁
၂ဝ၁၅ ခုနှစ် မတ် ၁ ရက်တွင်ကျရောက်သော ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါ သမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံသမ္မတ ဦးသျှောင်အဖွဲ့အကြီးအကဲ မစ္စတာ မာလေဒန် အိုင်ဗန်နစ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ သည်။
(သတင်းစဉ်)